Monday, September 28, 2009

ကျွန်တော်နှင့် ကဗျာဆန်သော


ကျွန်တော့်မှာ အသက်လို ချစ်ရတဲ့ မိန်းကလေးတစ်ယောက် ရှိပါတယ် ....။ သူ့ နာမည်က ဝေ တဲ့ ....။ ကျွန်တော် က ချစ်တဲ့ဝေရေ လို့ ခေါ်တာပေါ့။ တကယ်တော့ ဝေက နတ်သမီးရှုံးအောင် လည်း မလှပါဘူး။ ဒါပေမယ့် ကျွန် တော် ဝေ့ကို “ချစ်တဲ့ဝေရေ” လို့ ခေါ်လိုက်လို့  ဝေ မော့ကြည့်လိုက်တာနဲ့  ဝေက နတ်သမီးလေး ဖြစ်သွားတယ် လေ။

ဝေက တော့ ကျွန်တော် သူ့ ကို သူ ချစ်သလောက် မချစ်ဘူးလို့  အမြဲထင်နေတာ။ ကျွန်တော်က ဝေ့ကို ဘယ် လောက် ချစ်ပါတယ် ဆိုတာကို ဖွဲ့ နွဲ့ ပြီးပြောမှ မပြောတတ်တာ။ ဒါပေမယ့် ကျွန်တော် ဝေ့ကို ချစ်တာပဲလေ။ ဘယ် လောက် ချစ်လဲ ဆိုတော့ ..... ဘယ်လောက်ချစ်လဲ ကျွန်တော်မှ မသိတာကို။ ဝေက အဲလို ပြောရင် မျက် နှာလေး အိုအို သွားတယ်.... ။ ပြောတတ်မှ အချစ်လား ဝေရယ်လို့ ပဲ ကျွန်တော် အမြဲ ပြန်ပြန်ပြောခဲ့တာပေါ့။ ဝေ က အဲလိုပြောတော့ ပြုံးတယ်ဗျ။ ဘာလို့ ပြုံးတာလဲလို့ တော့ မေးလို့ လည်း မရဘူး ပြောလည်း မပြောဘူး။ တစ်ခါ တစ်ခါ ဝေ့ အပြုံးတွေကို ကျွန်တော် အဓိပ္ပါယ်ဖော်ရင်း မောနေခဲ့ရတယ်ဗျာ။

ဝေက စကားသိပ်တတ်တယ် ။ စကားတွေ အများကြီးတော့ မပြောတတ်ပါဘူး။ ဒါပေမယ့် ဝေပြောတဲ့စကားတွေ က ကဗျာဆန်တယ်။ တစ်ခါတစ်ခါ ဝေပြောတဲ့စကားတွေ ကျွန်တော် နားမလည်ဘူးလေ။ နားလည်တဲ့အခါကျ ပြန်တာ့ ကျွန်တော် ရယ်နေရတော့တာ။ အဲဒီအခါ ဝေ က သိပ်စိတ်ဆိုးတာ။ မောင်က ဝေပြောတဲ့ စကားတွေကို ရယ်ပစ်ရက်တယ် ဆိုပြီးလေ။ ဝေ စိတ်မဆိုးအောင် ရင်ထဲမှာပဲ ပြုံးရယ်လိုက်ရတယ်ပဲ ဆိုကြပါစို့ ။

ကျွန်တော့်မှာ စကားတွေ သိပ်ဆင်းရဲတာပဲ။ ရင်ထဲရှိတဲ့ ပြောချင်တဲ့ စကားတွေကို တန်ဆာမဆင်တတ်တာလဲ ကျွန်တော်ညံ့တာပဲဖြစ်မှာပါ။ ဝေက စကားလှလှတွေ ပြောတတ်တယ် ... ကျွန်တော် တွေးတွေးပြီး ရယ်ရတဲ့ စကားတွေ လည်း ပြောတတ်တယ် ... ခက်တာက ကျွန်တော် တွေးတွေးပြီးရယ်ရင် ဝေက စိတ်ကောက်သွားတာ အတော်ဂွကျတယ် .... ။

************

“ မောင်က ဝေ့ကို အသက်လောက်ချစ်တယ်လို့ ပြောတယ်နော် .... ဝေကတော့ မောင့်အသက်ကို ဝေ့ အသက် ထက် ပိုချစ်တာ ....သိလား မောင်”

ကျွန်တော်က သိပ်တုံးတယ်။ ဝေအဲလို ပြောတော့ “အင်း” လို့  တစ်လုံးပဲ ပြန် ဖြေခဲ့တာလေ။ ဝေက ကျွန်တော် တစ်ခုခုများပြောမလားရယ်လို့  စောင့်နေသေးတယ်။ ကျွန်တော်ဘာမှ မပြော ဖြစ်လိုက်ပါဘူး။ ဝေ သိပ်ချစ်တာ ကျွန်တော်သိနေတာပဲကို။ အရင့်အရင်က မကျေနပ်ချက်တွေရော အဲဒီနေ့ အတွက်ပါ ပေါင်းပြီး ရေခဲတုံးကြီးလို့  ဝေက ကျွန်တော့်ကို ခေါ်လိုက်ပါတယ်။ ကျွန်တော်က ဝေ့ရဲ့ ရေခဲတုံးကြီးပါ ...။

“မောင် ဟိုမှာ ကြည့်စမ်း ပန်းလေးတွေ လှလားဟင် .... ဝေကလေ ပန်းကလေးဖြစ်မယ်ဆိုရင်တောင် မောင် ရဲ့ ဥယျာဉ်ကြီးထဲက တစ်ပွင့်တည်းသော ပန်းလေးပဲဖြစ်ချင်တယ် .....”

“မောင့်မှာသာဥယျာဉ်ရှိရင် ပန်းတစ်ပွင့်ဘယ်ကမလဲ ... အများကြီးကို စိုက်ပစ်မှာ .....”

ကျွန်တော့်စိတ်ထဲ ရှိတာကို ပြောလိုက်ပေမယ့် ဝေက ဘာမှ မှတ်ချက်ပြန်မပေးဘူးလေ။ ကျွန်တော့်ကို မူကြိုကျောင်းသားလေး တစ်ယောက်ကို ကြည့်သလို ပြန်ကြည့်တယ်။ ကျွန်တော်က ဝေ ဘာဆက်ပြောမလဲလို့ စောင့်နေခဲ့တာ ....။

***********

“မောင် ငိုတဲ့အခါ ဝေ လည်းလိုက်ငိုချင်တယ် မောင်ရယ်တဲ့အခါ မောင့်အပြုံးလေးတွေ ဖြစ်ချင်တယ် သိလား ....” ဝေက စာရွက်ပိုင်းသေးသေးလေး တစ်ခုပေါ်မှာရေးပြတာ။ ကျွန်တော် မငိုတတ်ဘူးဆိုတာ ဝေမသိများ မသိလို့ လား။

“မောင် မှ မငိုတတ်တာ ယောက်ျားကြီးငိုတာ ကြည့်မကောင်းပါဘူးဝေရာ ...” ကျွန်တော် အဲလို ပြောတော့ ဝေ က ကျွတ်ဆိုပြီး ကျွန် တော့်ပခုံးပေါ်တင်ထားတဲ့ သူ့ ခေါင်းလေးကို ပြန်ဆွဲသွားတယ်။ နောက်ကျွန်တော့်ကို ကြည့် ပြီးရယ်တယ် ...

“မောင်ကလေ .... တင်စားပြီးပြောလို့ ပြောမှန်းလည်း မသိ ဟဟ ..ဟ.... တကယ်တကယ် တုံးချက်က ရင်နင့် စရာပဲ ....”

“ဟောဗျာ .... တင်စားပြီးပြောတာလား ....မောင်က မသိပါဘူး .... ဟဟ စောရီး ..... ဟုတ်တယ်နော် မောင်က တုံးလိုက်တာ ....”

အဲဒီ နေ့  က ကျွန်တော့်ကို ...ဦးကိုကိုဝေး ... လို့ ခေါ်ပြန်တယ်လေ .... ရေခဲတုံးကြီးဦးကိုကိုဝေး ဖြစ်သွားတာပေါ့။ ဟုတ်ပါတယ် ကျွန်တော်ကလည်း တကယ် ဝေးလွန်းပါတယ်လေ။

***********

“ကဲ တော်ပါတော့ မောင်ရယ် မောင့် နမ်းရ တာ ဒူးရင်းသီးကြီး နမ်းရသလိုပဲ ... ”

ဘယ့်နှယ် ဒူးရင်းသီး ဖြစ်သွားရတာလဲဆိုတော့ နှုတ်ခမ်းမွှေးစူးလို့ တဲ့။ ဝေ ပြောလိုက်ရင် စကားတွေက အဆန်း ချည်းပဲ။ ရယ်လည်းရယ်ရတယ်။ ဝေ့ကို ကျွန်တော်သိပ်ချစ်တာပဲ ....။ ကျွန်တော် အမြဲ နှုတ်ခမ်းမွှေးရိတ်ဖို့  မပျင်း တော့ ဘူးလေ။

ခရီးနှစ်ရက်လောက်သွားပြီး ပြန်လာတော့ ဝေက ကျွန်တော့ကို ပြောတယ် ... “မောင် ရယ် လွမ်းလိုက်တာ မျှော်ရလွန်းလို့ မောလှပြီ ....” တဲ့ ..။

“အော်ဝေရယ် မောင်ပြန်လာမှာပဲကို ဘာလို့ အမောခံပြီး မျှော်နေရတာလဲ .... ”

“ဟာ... မောင်နော် ... ဝေက အကောင်းပြောနေတာကို ....” ဝေ့ နှုတ်ခမ်းလေး စူးသွားပုံကို ကျွန်တော်ချစ် လိုက် တာ။

“ဟော ဘာဖြစ်ပြန်တာလဲ ဝေ မောမှာ စိုးလို့ ပါ မောင်က ပြန်လာမှာပဲလေ ... ”

“မောင်ဟာလေ ... ဝေ့ကို ဒီနှစ်ရက်မှာ ဘယ်လောက်လွမ်းတယ် သတိရတယ် ဆိုတာပြောဖို့ နေနေသာသာ ဝေ က ပြောတာတောင် အရူးလုပ်နေတယ် ကြည့် သိပ်အသည်းယားတာပဲ .... ” ဝေက သူ လွမ်းတဲ့ အကြောင်း ပြော ချင်တာကိုး။ ကျွန်တော်က ဝေမျှော်လို့ မောနေမှာစိုးတာပါ။

“တော်ပြီကွာ.... ပြောရတဲ့သူက ရှက်တောင် ရှက်တယ် သွား လူအကြီး ....” ဟော အ သွားပြန်ပြီ။ ချစ်လို့ အ သွားတာလို့ ပြောဖို့ ပဲ။ တော်ကြာ ရှင်းမရမှာစိုးလို့  ဝေ့ ပါးကိုပဲ ဖွဖွ နမ်း လိုက်မိတယ်။ ဝေ့ပါးက သိပ်နွေးတာပဲ။

“ဒါမျိုးကျတတ်တယ် မောင်ကလေ အိပ်ချင်ယောင် ဆောင်နေတာလည်းမဟုတ်။ အိပ်နေတာလည်းမဟုတ်။ နိုး နေရက်နဲ့  ဂယောင် ကတမ်းပြောနေတာသိလား .....”

“မသိဘူးကွာ။ ဝေ စိတ်ကောက်ရင် မောင်မှ မချော့တတ်တာ။ အဲဒီတော့ ဝေ့ပါးကို နမ်းလိုက်တာပေါ့ ရွှတ်ကနဲ ဆို။ ဝေစိတ်ပြေမလားလို့ လေ ....။ ဒါပေမယ့် နိုးနေတဲ့သူက ဘယ်လို ယောင်မှာလဲ ဝေရဲ့ ..... မောင် နားမလည် ဘူး အဲ ဒါဘာပြောတာလဲ ....”

ဝေ့ အပြုံးက အတော်လှတယ် ...။ ဝေက ကျွန်တော့်ပါးနှစ်ဖက်ကို အတင်းဆွဲတယ်။ ပြီးတော့ရှင်းလည်း မပြဘူး လေ။ “ဦးလူအကြီး .... ချစ်တယ် ...” ဝေ့ အနမ်းက ချိုသလိုပဲ အဲဒီနေ့ က။

***********

“မောင် ... ဝေ့ အပြင်တခြားကောင်မလေးတွေ မြင်ရင် မောင့်စိတ်ထဲ ဘယ်လို နေလဲ ဟင် ....” ကျွန်တော် ဝေ့ မျက်နှာအသေအချာကြည့်ရတယ်။ ဝေ စိတ်ဆိုးမှာကြောက်လို့ ပါ။ ဒါပေမယ့် ဝေက အမှန်အတိုင်း ဖြေစေချင် တယ်လေ။

“ အင်း .... လှတဲ့ကောင်မလေးတွေ ဆိုရင်တော့ ကြည့်တယ်လေ .... သူတို့ ကကြည့်ရင်လည်း ပြန်ကြည့်လိုက် တာ ပေါ့ .... မလှတဲ့ကောင်မလေးတွေ ကျတော့သတိမထားမိဘူးပေါ့ ... ”

“ဟာ .... မောင်က ဝေ့ အပြင် မိန်းမကလေးတွေကို လိုက်ကြည့်တယ် .... ဟာ” ဝေက မျက်မှောင်ကြီးကို တွန့် ပြီး ချိုးထားလိုက်တာ။ ကျွန်တော် မှားပြန်ပြီထင်တယ်။ အမှန်အတိုင်းပြောတာပါပဲလေ။

“အင်းလေ လိုက်ကြည့်တာတော့ ဘယ်ဟုတ်မလဲ .... ရှေ့ ရောက်လာလို့ ကြည့်တာပါ .... ဒါပေမယ့် မောင်ချစ်တာ က ဝေလေ ...” ဒါလဲ ဝေက စိတ်မပြေပါဘူး။ အကြာကြီး ငြိမ်နေတယ်။ ကျွန်တော်လည်း ကြောက်ကြောက်နဲ့  ငြိမ်
နေလိုက်တာပေါ့။ နောက်တော့ဝေငို ပါလေရော .....။

“ချော့ မလားလို့ ။ မူ နေတဲ့သူ ကိုမှ အားမနာ ဒီအတိုင်းထိုင်နေတယ် .... အီးဟီး .....” သေပြီဆရာ လို့ ပဲ ကြိတ်ပြီး အော်လိုက်ရတယ်။ သူ စိတ်ဆိုးသွားတာကိုး။ ကျွန်တော်က ဘာများပြောမလို့ စဉ်းစားနေတာအောက်မေ့တာ။ ကျွန် တော် ဝေ့ ပခုံးကို အသာထွေးပြီး ဝေ့ခေါင်းလေးကို ရင်ခွင်ထည့်ပြီး ဖက်ထားလိုက်တယ်။

“ ဟုတ်ပါဘူး မောင်က အမှန်အတိုင်းပြောတာ .... ဘယ်လောက်ကြည့်ကြည့်ပါ။ ဝေ့ ကိုပဲ မောင်ချစ်တာပဲလေ။ သူတို့ ဘေးက ကျော်သွားရင် မောင်မေ့သွားတာပဲ ....။” ဝေက ပိုပြီးတောင် ငိုသေးတယ်။ ဘယ်လို ချော့ရပါ့မလဲ။
ဝေက ကျွန်တော့်ရင်ဘတ်ကို တဘုန်းဘုန်း ထုတယ် ....။

“ကျတဲ့ မျက်ရည်တောင် အားနာ တယ် သိလား .... မောင် ရှင် ဟာလေ အလိုက်ကို မသိဘူး .... တကယ်ပဲ .... မောင့် အတွက် ဝေက အလှဆုံးပါလို့ ပြောရတယ် ဦးကိုကိုဝေးရဲ့  သိပြီလား သိပြီလား ....ဘယ်လို လူမှန်းကို မသိ ဘူး ဟင့်ဟင့် ဝေ့ ချစ်သူလုပ်ပြီး ဝေ ဘာကြိုက်တတ်တယ် ဆိုတာမသိဘူး ... လှတယ် အပြောခံရဖို့ မျက်ရည် ကျ ပြတာတောင် မကြားရဘူး ....” အဲတော့မှ ကျွန်တော်လည်း ရယ်နိုင်တော့တယ်။ ဝေ ငိုပြီးရင် မျက်လုံးတွေက စိုစို လက်လက်နဲ့ သိပ်လှတာပဲ။ ဒါပေမယ့် အဲဒီစကားပြောကောင်းလား ကျွန်တော်မှမသိပါပဲကို။ ဝေက မျက်ရည် တွေ ကြားမှာ ရယ်လို့ ။

***********

“မောင့်ကို လိုက်ချစ်ရတာ ဝေတော့မောပါတယ် တကယ်ပဲ ....။ မောင်ကလေ တစ်ခါတစ်လေ သိပ်အတာပဲ ....။ မောင်သိလား ဝေ တစ်ယောက်ထဲ လဲပြိုရတဲ့ညတွေ မနည်းတော့ဘူး အဲဒါမောင့်ကြောင့် ....။ ” ကျွန်တော် ရယ် တာ ပေါ့။

“ဟဟ .... မောင်လည်းချစ်တာပဲကို ဝေလေးကလည်း။ လဲပြိုရတဲ့ညတွေ ဟဟ ကဗျာထဲက အတိုင်းပဲ ...ဟဟ .....ဟ ” ကျွန်တော် မျက်လုံးပျောက်အောင်ရယ်မိတယ်။ ဝေက မျက်လုံး လေးပြူးပြီး ရန်တွေ့ ပြန်တာပေါ့ .... ။

“ဝေက သိပ်ကဗျာဆန်တယ်လို့ ပြောမလို့ ပါ ..... စိတ်မဆိုးနဲ့ နော် ..... မောင်က စတာ စတာ .....” ဝေ ရှက်သွား ရင် ချစ်စရာသိပ်ကောင်းတယ်။ ဝေ လဲပြိုစရာမလိုပါဘူးဝေရယ်။ မောင်က ဝေ့ အနားမှာ ဖေးမနေမှာပေါ့။

“မောင် ..... ကဗျာတွေ စာတွေ မဖတ်ဘူးလား ဟင် ... ”

“ အင်း ဖတ်တော့ ဖတ်တယ် ဖတ်ပြီးရင် မေ့သွားရော တချို့ ဟာတွေကျ မောင်သိပ်နားမလည်ဘူး ဝေရဲ့  .... ”

“ ဟုတ်မှာပါ .... အချစ် နဲ့ တွေ့ တဲ့အခါ ကဗျာဆရာတွေ ဖြစ်သွားကြတယ်တဲ့ .... မောင့်ကျတော့ ကဗျာဆရာဖြစ် ဖို့ နေနေသာသာ တင်စားပြီးပြောတာတောင် ပြောရတဲ့သူက လိုက်ရှင်းပြနေရတာနဲ့ တင် ဖီးငုပ်တယ် .....”

“ဟဟဟ အဲတာ မောင်လေ ဝေ့ရဲ့ ဦးလူအကြီးလေ .....”

“ သိပါတယ် သိပါတယ် မဏ္ဍပ်တိုင် တက်ပြမနေပါနဲ့  ....ဟွန်း ” ဝေ မျက်စောင်းထိုးတဲ့ အခါ ကျွန်တော့ရင်ထဲ လှုပ်သွားတယ်။ ဒီလို ခံစားချက်မျိုးကို ပါးစပ်ကပြောပြတာ ကို ကဗျာဆန်တယ်ခေါ်တာဖြစ်မယ်။

“ဝေ့ မျက်စောင်းလေးကို မောင်သိပ်ချစ်တာပဲ ....” ဒီတစ်ခါတော့ ဝေက ကျွန်တော့်ကို မျက်လုံးလေးပြူးပြီး ကြည့် တယ်။

“ဟဟဟ ကြည့်စမ်း ကြည့်စမ်း .... မောင်စကားတွေ တတ်လာပြီ .... ဟဟဟ ” .....

ဝေရယ်ရင် ကျွန်တော် ပြုံးတာ သဘာဝ ဖြစ်နေပါပြီလေ။ ကဗျာဆန် တတ်လာတယ်ပေါ့။ ဝေက ကျွန်တော့်ကို သင် ပေးလိုက်တယ်ပြောရမယ်။ ခံစားချက်တွေကို စာလုံးလေးတွေ စီစီပြီး လှလှလေးပြောတတ်အောင်လို့ လေ။ ချစ်သူ နှစ်ယောက်ရဲ့ ခံစားချက်တွေ အသည်းနှလုံးတံတားကနေ စီးကူးသွားတယ်ပဲပြောရမယ်။ ဝေ့စကားလှလှ တွေ ကျွန်တော့်စကားဖြစ်လာတယ်လေ။ ဒီစာကို ဖတ်နေကြတဲ့ အချိန်မှာ ကျွန်တော် စကားအတော်တတ်နေပြီ လို့  ထင်ကောင်း ထင်ကြမှာပါ။

ဝေ့ ရေခဲတုံးကြီး အရည်ပျော်ပြီး အချစ်ရည်ရွှန်းတဲ့ စကားလုံးလှလှတွေ အဖြစ် စီးဆင်းသွားတာ ဖြစ်ကောင်းဖြစ် မှာပေါ့။ တစ်ချိန်က တုံးအ ဖူး တယ်ဆိုတဲ့ အကြောင်း ပြောချင်တာရယ်ကြောင့်ပါ။ အချစ်ဟာ တုံးအခြင်းတွေကို အဆုံး သတ်စေတယ် .... အ ချစ်ဟာ ကဗျာတစ်ပုဒ်ကို အသက်သွင်းစေတယ် ဆိုရမလားပဲ.... ။ကျွန်တော့်ကို ဝေက သားလေး တစ်ယောက် လက်ဆောင် ပေးတယ်လေ .... ။ သား ဟာ ဝေနဲ့ ကျွန်တော့်အတွက် ကဗျာ တစ် ပုဒ် ဖြစ်နေပါပြီ ......။

ပုံလေးကို ဒီက ယူပါတယ် :D


စာဖတ်လည်လာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ
ရန်ကုန်သား


Friday, September 25, 2009

နိုးလျှက်မက်သော အိပ်မက်ဆိုးများ (ဇာတ်သိမ်းပိုင်း)


“ညီညီ ..... ညီညီ..... ဟေ့ရောင် .... ”
ညီညီ့အခန်းတံခါးခေါက်ရင်း ခေါ်လိုက်သည်။ အိပ်ရာခပ်စောစော နိုးသဖြင့် ညီညီနှင့် အတူ အပြင်ထွက်ခါ မနက် စာသွားစားဖို့ စိတ်ကူးထားသည်။ အခန်းထဲမှာ ညီညီထွက်လာသည်။ သူ့ အခန်းထဲသို့ ဝင်စေ့ချင်ပုံမရပေ။ ညီညီ မျက်နှာက ညိုးမြဲညိုးနေ၏။ သာမန် အိပ်ရေးပျက်လို့  ပင်ပန်းလို့ ညိုးရော်သည့်ပုံမျိုးမဟုတ်။ နောက်သူ ရောက် နေ သော သုံးရက်အတွင်း ညီညီ အပြင်မထွက်။ အိမ်တွင် လည်း ဘာမှ မယ်မယ် ရရ လုပ်စရာရှိသည်မဟုတ်။ ညီညီ ဘာလို့ အပြင်မထွက်ရသလဲဟု ကိုကိုသိချင်နေသည်။

“ပြော ကိုကို ဘာလဲ ......”

“ဒေါ်အေးဝယ်ဝယ် ပို့ တဲ့ မနက်စာတွေ စားရတာ မမိုက်ပါဘူးကွာ လာ အဝတ်အစားလဲ ငါတို့ တစ်ခုခု သွားစားရအောင် ....” ညီညီက မဆိုင်းမတွဘဲ ခေါင်းခါပြီးငြင်းသည်။

“ဟင့်အင်း ငါဒေါ်အေးလာပို့ တာပဲ စားတော့မယ် ... မင်းပဲသွားပါ .... ညီ မလိုက်တော့ဘူး .....”

ကိုကို ညီညီ့ကို မျက်မှောင်ကုတ်ပြီး ကြည့်လိုက်သည်။ ညီအစ်ကို နှစ်ယောက် လက်ဖက်ရည်ဆိုင်သွား တစ်ခုခု စားသောက်ဖို့ ညီညီ ဘာလို့ ငြင်းရသနည်း။ ညီညီ့ကို အပါခေါ်ဖို့ ဆုံးဖြတ်လိုက်သည်။ မပါပါအောင် ခေါ်သွားမည်။

“လာပါကွာ မင်းကလည်း တို့ ညီကို နှစ်ယောက် လက်ဖက်ရည်ဆိုင်ထိုင်ပြီး စကားလေးဘာလေး ပြောရအောင်။ လာပါ.... မင်းကလည်း။ လုပ်လုပ်..... ပြောနေကြာတယ်။ အဝတ်အစားလဲ ..... မလဲဘူးလား မလဲရင် ငါလဲပေး
မှာနော် ညီညီ ....ဟဟဟ..... ဟေ့ကောင် လုပ် ....”

ကိုကို ကစနောက်နေသည့်တိုင် ညီညီ့ မျက်နှာပေါ်က မချိပြုံးကြီးက ပျောက်မသွား။ မသက်မသာဖြစ်သွားသော ညီညီမျက်နှာကို မသိကျိုးကျွံပြုလျှက် ကိုကို ညီညီ့လက်ကို အတင်းဆွဲကာ အခန်းထဲ ဝင်ဖို့ ပြင်သည်။ ညီညီက ကိုကို့  လက်ထဲမှ သူ့ လက်ကို အတင်းရုန်းသည်။ ပါးစပ်ကလဲ

“ လွှတ်လွှတ် .... ငါဖာသာ လဲမယ် လွှတ်လွှတ် .... လက်ကို ....”

ကိုကို ညီညီ့ကို ကြည့်ပြီး အံ့သြသွားပြန်သည်။ လက်ကို အတင်းဆွဲနေပုံမှာ တစ်ခုခုကို အကြောက်ကြီး ကြောက် နေပုံမျိုး ...။ ရုန်းလို့ လွတ်သွားတော့ လက်နှစ်ဖက်ကို ရင်ဘတ်နားတွင်ကပ်ထားသည်။ ကိုကို့ စိတ်ထဲ ဒေါသပင် ဖြစ်ချင်သွားသည်။

“မင်းက ဘာဖြစ်တာလဲ ... အထိကို မခံတော့ပါလား ..... ”

“ဘာမှ မဖြစ်ဘူး။ ကိုကို ငါ မလိုက်တော့ဘူးကွာ မင်းကလည်း ကိုယ့်ဖာသာသွားလို့ ရသားနဲ့ ကွာ .... နော် ညီညီ မလိုက်တော့ဘူး ....”

“အာ .. မရဘူး မင်းမလိုက်ရင် ငါအတင်းဆွဲ ခေါ်မှာနော် ... မင်းအိပ်ရာက ထလာတဲ့ပုံကို ကောင်မလေးတွေ မတွေ့ စေချင်ရင်လုပ် ... လုပ်လုပ် မြန်မြန် လုပ်ကွာ....ကြာတယ် လစ်မယ် ....လာ”

ကိုကို က ပြောလျှင် တကယ်လုပ်တတ်မှန်း ညီညီသိသည်။ ညီညီ စိတ်မသက်မသာနှင့် အခန်းထဲပြန်ဝင်သွား သည်။ ခဏနေတော့ သဘက်လေးကိုင်ပြီး ရေချိုးခန်းထဲ ဝင်သွားသည်။ ကိုကိုကတော့ ညီညီ့ကို ဧည့်ခန်းတွင် ထိုင်ကာ စောင့်နေရသည်။ ညီညီသည် ကိုကို့ အတွက် ပဟေဠိ တစ်ပုဒ် ဖြစ်လို့ နေပေပြီ။

************

ညီညီ မျက်နှာသစ်သည်ကို လေးဆယ့်ငါးမိနစ်တိတိ ကိုကို ထိုင်စောင့်ရသည်။ သူ့ နှင့်အတူ လိုက်မည်ဆို၍သာ ထိုမျှ စိတ်ရှည်စွာစောင့်နေခဲ့ခြင်းဖြစ်သည်။ နောက် .... ညီညီဘာလို့ အပြင်မထွက်ချင်ရသလဲ ဆိုသည်ကို သိချင် တာ လည်းပါသည်။ အိမ်ထဲကနေ ညီညီ တော်တော်နှင့်ထွက်မလာသေး အခန်းထဲကို ဝင်သွားလိုက် မီးဖိုဖက် ပြန် သွားလိုက်။ ထမင်းစားခန်းထဲ ပြန်ရောက်သွားလိုက် လုပ်နေသည်။ အတော်ကြာမှ ညီညီ အဝတ်အစားလဲ ပြီး ကိုကို့ နားသို့  ရောက်လာသည်။

“အင်း အဲလို လုပ်ပါ ညီညီရ လန်းတယ် လာလစ်မယ် ..... ”

“မင်းဖာသာ တံခါးပိတ် မင်းမှာ ငါပေးထားတဲ့ အိမ်သော့ ရှိတယ်မလား ....” ညီညီ့စကားကြောင့် အိမ်ထဲမှ ထွက်မည်ပြင်နေသော ကိုကိုနောက်ပြန်လှည့်ကြည့်သည်။ “ပိတ်လိုက်ပါကွာ ငါကားထုတ်လိုက်ဦးမယ်လေ .....”

“အာ.... မင်းပိတ်ပါဆိုကွာ ကိုကို ကလည်း ..... ” ဟုပြောကာ ကိုကို့ ကို ကျော်ပြီး အိမ်ပေါ်ကဆင်းသွားသည်။ ကိုကို ဟထသောတံခါးကို ခြေထောက်နှင့် အသာ တွန်းဖွင့်သွားသည်ကို ကိုကို သတိထားလိုက်မိသည်။ ညီညီ
ခြံထဲရောက် သွားသည်။ ကိုကို ကားထုတ်ပြီးတော့ ကားပေါ်မှ တစ်ခါ ပြန်ဆင်းကာ ညီညီ ပြောသည့်အတိုင်း တံခါးဆင်းပိတ်ရသည်။ ညီညီက အိမ်တံခါး နားတွင်ရစ်သီရစ်သီ လုပ်နေသည်။

“ကိုကို ငါမလိုက်တော့ဘူးကွာ မင်းဟာမင်းသွားတော့ ....” ညီညီ့စကားကြောင့် ကိုကိုဒေါသထွက်သွားသည်။

“ဟေ့ကောင် ခွီးထဲမှပဲ သွားကားပေါ်တက် ဘာလုပ်နေတာလဲ အဲဒီမှာ ..... အိမ်အပြင်ရောက်ပြီးမှ .... ”

ကိုကိုဟောက်လိုက်သဖြင့် ညီညီ ရှုံ့ မဲ့မဲ့ဖြင့် ခြံထဲမှ ထွက်လာသည်။ ညီညီက သူ့ လက်နှစ်ဖက်ကို အတင်းဆုပ် ထားသည်။ စိတ် လှုပ်ရှားနေချိန်တွင်ပြုလုပ်တတ်သော ပုံစံမျိုး။ ကိုကို ခြံတံခါးပိတ်သည်ကို အနားမှ သေချာ ကြည့် နေသည်။

“ကားပေါ်တက်လေ ... ဟာ ညီညီ မင်းဘာဖြစ်နေတာလဲ .... ဒီကောင် အူကြောင်ကြောင်နဲ့ .....”

ကားပေါ်ရောက်တော့ ညီညီ ထိုင်နေသည့်ပုံမှာ ကားပေါ်တွင် လူကြပ်၍ နေရာနည်းနေသလို သက်တောင့်သက် သာ မရှိ။ ညီညီ့ ပုံက ကျုံ့ ကျုံ့ လေးဖြစ်နေသည်။ ကား door lock ကို တင်လိုက်ချလိုက်လုပ်ပြီး ကိုကို့ ကို စောင့် သည်။ ညီညီ မျက်နှာက နေရောင်အောက်တွင် အုံ့ ဆိုင်းနေသည်ဟု ကိုကို ထင်သည်။ ဘယ်ဆိုင်ထိုင်ချင်သလဲ ဟု မေးသော်လည်း မေးမရ။ သိပ်အဝေးကြီး မသွားနှင့်ဆို၍ သုံးလမ်းကျော်လောက်က ထိုင်နေကျ လက်ဖက် ရည် ဆိုင်ကိုသာ မောင်းသွားလိုက်သည်။ ထိုဆိုင်ရောက်တော့လည်း လူတွေများလိုက်တာဟု ဆိုပြန်သည်။ သူတို့ ညီအစ်ကို လမ်းမနှင့်နီးသောထိုင်ခုံတွင် ထိုင်လိုက်ကြသည်။

“ကဲ ညီ မင်းဘာစားမလဲ ဘာသောက်မလဲ .... ”

“ဟင့်အင်း မင်းပဲစား ငါမစားချင်ဘူး ..... ”

“ဟာ ညီ မင်းငါ့ကို စိတ်ကောက်နေတာလား ..... စားပါကွာ တစ်ခုခု မုန့် ဟင်းခါးစားမလား ဒီဆိုင်မှာ ကောင်းတာပဲ .... ဆိတ်စွတ်သောက်မလား နံပြားနဲ့  .... ပဲအီကြာကော ...”

“မင်းကြိုက်တာမှာ......... ငါမစားချင်ဘူးကိုကိုရာ....” ကိုကို စိတ်ညစ်သွားသည်။ ညီညီက ထိုင်ခုံတွင် ကိုယ်လေးကို ခပ်ကျုံကျုံလုပ်ပြီးထိုင်နေသည်။

“တစ်ခုခု တော့သောက်ကွာ လိမ္မာပါတယ်ကွာ မင်းကလည်း ကျော့် ထက်ဆိုးနေပြီ ... ခက်တာပဲ .... ပေါ့ဆိမ့်ပဲမှာမယ်နော် ....” ကိုကို ညီညီ့သဘောတူညီချက် ယူမနေပဲ စားပွဲထိုးလေးကို ညီညီကြိုက်သော ပေါ့ဆိမ့်အပါအဝင် သူ စားချင်တာတွေမှာလိုက်တော့သည်။

“ပေါ့ဆိမ့်မသောက် ရရင် သေမလို ဖြစ်နေတဲ့ကောင် ခုကျတော့ လက်ဖက်ရည်မသောက်ချင်ဘူးတဲ့။ ငါတော့ အံ့တာပဲ ...။ ညီညီ မင်းနေမကောင်းဘူးလား ကိုကို့ ကို ပြောလေ .... ဟင် ...”

“ကဲ .... ကိုကို မင်းစားမှာသာစားပါကွာ မေးခွန်းတွေ မေးမနေပါနဲ့  ...စားစား ပြီးရင်ပြန်ရအောင် .....”

“ဟာ မင်းကလည်း ထိုင်တောင် မထိုင်ရသေးဘူး အေးဆေးပေါ့ ဘာတွေလောနေတာလဲ ....”

“ငါ အကြာကြီး မထိုင်ချင်လို့ ပေါ့ကွ။ ဒါတောင် မင်းကို အားနာလွန်းလို့ လိုက်လာတာ .....”

“ဟားဟား ခွေးကောင် ငါ့ကို အားနာစရာလား ..... အစ်ကိုနဲ့ ညီလက်ဖက်ရည်ဆိုင်ထိုင်တာ ဆန်းလားကွာ .... တကတည်းမှ .... ရော့ရော့သောက်သောက် .... ငါတော့ဆာပြီ ကြိတ်လိုက်ဦးမယ် ....”

“မင်းက သောက်စားကြီးကို ကြီးပါတယ် .... ” ညီညီက ရှုံ့ မဲ့မဲ့လုပ်ကာ ပြောနေပေမယ့် ထိုစကားကြောင့် ကိုကို နည်းနည်းပျော်သွားသည်။ ထိုစကားသည် ညီညီ သူ့ ကို အမြဲပြောနေကျစကားဖြစ်သောကြောင့်ပင်။ ကိုကိုက တော့ အာလူးပူရီ တစ်ပွဲ ပဲအီကြာတစ်ပွဲ အပြင် ပေါက်ဆီတစ်လုံးပင် ကုန်သွားသည်။ ညီညီကတော့ လက်ဖက် ရည်ခွက်ကို လုံးဝမထိပေ။ ညီညီ ဘယ်အချိန်လက်ဖက်ရည်သောက်မလဲ ဟုသာ ကိုကို အသာစောင့်ကြည့်နေ သည်။ ကိုကိုက စကားကို ဖောင် ဖွဲ့ အောင်ပြောနေသော်လည်း ညီညီက အင်း အဲသာလုပ်နေသည်။ ထိုင်ခုံတွင် ထိုင်နေရသည်မှာ လည်း အေးအေးသက်သာ ရှိပုံမရ ....။ လက်ဖက်ရည်ဆိုင်ထဲတွင်လည်း လူတွေ တစစ များ များလာသည်။ ညီညီ ကျောကို ကော့ လက် နှစ်ဖက်ကို ပေါင်ပေါ်တွင်တင်ကာ ဆုပ်လျှက် မသက်မသာ ဖြစ်နေ သည်။ လူတွေကလည်း ပိုတောင်များလာသေးတယ်ဟု ခပ်တိုးတိုးရေရွတ်နေသေးသည်။

“ညီ သောက်လေကွာ အေးကုန်ပြီ ... ” ကိုက်လက်စ ပေါက်ဆီလက်ကျန်ကို ပါးစပ်ထဲထည့်ရင်းကိုကိုက ညီညီ့ ကိုပြောသည်။ ညီညီ လက်ဖက်ရည်ခွက်ကို သူ၏ ဖွေးစွတ်နေသော လက်များဖြင့် ကိုင်လိုက်သည်။ ညီညီ လက် ဖက်ရည် ခွက်ကိုင်ဖို့ အဘယ့်ကြောင့် တွန့် ဆုတ်နေရသနည်း။ လက်ဖက်ရည်ကို သောက်တယ်ဆိုရုံကလေး သောက်ပြီး ချက်ချင်း ခွက်ကိုပြန်ချလိုက်သည်။ ကိုကို ကတော့ ဖန်စိမ့်ကို အရသာခံမသောက်နိုင်ပဲ ညီညီ့ကို အကဲခတ်နေသည်။ လက်ဖက်ရည် အနည်းငယ် သောက်အပြီးတွင် ညီညီ ငြိမ်ကျသွားသည်။ လက်ဖက်ရည်ခွက် ကို စိုက်ကြည့်နေ သော ညီညီ့ကို ကိုကို ရင်တထိတ်ထိတ်နှင့်ကြည့်နေမိသည်။ ညီညီ၏ ငြိမ်သက်မှုကို ကိုကို ထိတ်လန့် လာ သည်။

“ညီညီ ... ဟေ့ ...ညီ ဘာဖြစ်တာလဲ .....” ညီညီ အသက်ကို ပြင်းပြင်းရှုနေသည်။ ငြိမ်သက်နေရာက ဂနာ မငြိမ် ဖြစ်လာသည်။ တစ်ခုခုကို ချုပ်တီးထားရဟန်တူသည်။

“ကိုကို ငါပြန်တော့မယ် ....” ဗြုန်းဆို ထိုင်ရာမှ ထထွက်သွားသည်။

“ဟာ .... ဟေ့ ညီညီ ....ဟေး ....နေဦးခဏ.... ဟာ ဒီကောင် ....” ပိုက်ဆံပြန်အမ်းသည်ပင် မယူနိုင်တော့ဘဲ ကားပေါ်အတင်းတက်ပြီး ထွက်သွားသောညီညီ့ နောက်လိုက်ရသည်။ ညီညီ့ရှေ့ နားတွင်လွန်၍ ကားကို ရပ်ပြီးစောင့် နေလိုက်ရသည်။

“ကဲလာ တက်တက် မင်းနဲ့ တော့ ခက်တော့တာပဲ ....” တရှူးရှူး ဖြစ်နေသော ညီညီ ကားပေါ်တက်ထိုင်၍ တော် သေးသည်။ ဘာဖြစ်တာလဲ ဟုလည်း မေးလို့ မရ ....။

“ညီညီ အိုကေလား မင်းဘာဖြစ်တာလဲ .... ” ကိုကို ညီညီ့ကို ကြည့်ပြီး လန့် လာသည်။ ညီညီက သူ့ ကိုအားငယ် စွာ ကြည့်သည်။ တစ်ကိုယ်လုံးလည်း တုန်ရီနေသည်။

“ငါ .... ငါ .... အိမ်ပြန်မယ် ... ဘာမှ မဖြစ်ဘူး ..... အိမ်ပြန်ရအောင် ကိုကို ......”

“အေးအေး ပြန်မယ် ပြန်မယ် .... ” ကိုကို့ စိတ်တွေ မချမ်းမသာဖြစ်သွားရသည်။ ဘာဖြစ်နေမှန်းလည်း နားမ လည်။ မဖြစ်ပေ ညီညီ့ကို အိမ်ပြန်ပို့ ပြီးသည်နှင့် အန်ကယ်ဇော်ဝင်း ဆီသွားမှဖြစ်တော့မည်။ အန်ကယ် ဦးဇော် ဝင်း သည် မေမေ့ မောင်ဝမ်းကွဲ ဆရာဝန်ကြီးတစ်ယောက်ဖြစ်သည်။ ရောဂါဖြစ်နေတယ်ဆိုရင်လည်း စောစော စီးစီး ကုသမှဖြစ်တော့မည်။ ညီညီ့ကို အဆုံးရှုံးမခံနိုင်ပေ။ ခြောက်လနီးပါး ရန်ကုန်မရောက်ခင် အချိန်အတွင်း ညီညီ ဘာတွေဖြစ်ခဲ့သည်မသိ။ အိမ်ရှေ့ ရောက်သည်နှင့် ညီညီ ကားပေါ်မှ ကဆုန်ပေါက်ပြေး ဆင်းသွား သည်။ ခြံတံခါးကို သူ့ တွင်ပါလာသော သော့ ဖြင့်ဖွင့်ကာ အိမ်ထဲသို့ အတင်းပြေးဝင်သွားသည်။ ကိုကို ခြံတံခါးကို ဆင်း စေ့ပြီး အန်ကယ်ဦးဇော်ဝင်းထံသို့  မောင်း ထွက် ခဲ့လေတော့သည်။

************

ကိုကို အိမ်သို့ လေးလံသော စိတ်များဖြင့် ပြန်ရောက်လာသည်။ ညီညီ့အကြောင်းကိုသာ တွေးရင်းက ရင်တွေပူ နေ မိသည်။ အိမ်တံခါးကို သော့ဖွင့်လိုက်သည်။ ညီညီ့ အရိပ်အရောင်မတွေ့ ရ။ စိတ်ထဲ ဒိတ်ကနဲဖြစ်ပြီး ညီညီ့ အခန်းတံခါးကို ကဗျာကယာ ဖွင့်လိုက်သည်။ တံခါးက အလိုက်သင့်ပွင့်သွားပါသည်။ သို့ သော် ညီညီ အခန်းထဲ တွင်မရှိ။ ညီညီ ဘယ်ရောက်သွားလဲ။ ညီညီ .... ကိုကို ရင်တထိတ်ထိတ်နှင့် ရေချိုးခန်းဖက် အသော့ထွက်ခဲ့သည်။
ရေချိုးခန်းတံခါးပွင့်ဟ လို့ နေသည်။ ရေသံတွေလည်း ကြားနေရသည်။

“ဒီရောဂါ ရနေတဲ့သူတွေမှာ Suicide လုပ်တာမျိုးတွေ တွေ့ ရတတ်တယ်။ အဓိကအကြောင်းအရင်းကတော့ စိတ်ကျရောဂါ Depression ဝင်လာတာကြောင့်ပဲ။ Depression သိပ်ဆိုးဝါးလာရင် Suicidal tendency ကိုယ့် ကိုကိုယ် သတ်သေဖို့ အခြေအနေတွေ ပိုလာနိုင်တယ် .... မင်းပြောတဲ့ ပုံအရဆိုရင် ညီညီ့ ဆီမှာ Depression ကအတိုင်းအတာ တစ်ခုအထိ ဝင်ကောင်းဝင်နေပုံရတယ်.....”

အန်ကယ် ဦးဇော်ဝင်းစကားသံတွေကို ကိုကို ကြားယောင်လာမိသည်။ ညီညီ ... ဘုရားဘုရား .... ရေချိုးခန်းထဲသို့ ကိုကို အလောသုံးဆယ်ဝင်ရောက်လိုသည်။ ရေသံတွေ ရယ် ..... နောက်တော့ ညီညီရဲ့ တိုးဖွဖွ ရေရွတ်သံတွေ ရယ် ........ ညီညီ ......။ ရေချိုးကန်ဘေးတွင် ဆပ်ပြာဆီဘူးများ ဖရိုဖရဲပြိုလဲ ကျနေသည်ကို တွေ့ ရ၏။ ရေပန်းမှ ရေ တွေက ညီညီ ကျောပေါ်သို့ တဖွားဖွားကျနေသည်။ တစ်ကိုယ်လုံးကို တုန်လှုပ်ခြောက်ခြားစွာနှင့် ပွတ်တိုက် လျှက် ဆေးကြောနေသည်။ သူ့ လက်ထဲ၌ ပန်းကန်ဆေးရာတွင် အသုံးပြုသော ဖော့တုံးလေးကို ကိုင်လျှက် တစ် ကိုယ်လုံးကို ပွတ်သတ်ပြီး ဆေးကြောနေသည်။ လက်ဖက်ရည်ဆိုင်မှ အပြန် အန်ကယ်ဇော်ဝင်းရှိရာ ဆေးရုံ သို့  သွားသည်။ ခု ဆယ့်တစ်နာရီ ထိုး ပြီ ညီညီ ဘယ်အချိန်ကတည်းက ဒီရေချိုးခန်းထဲရောက်နေသနည်း။ နှစ်နာရီခန့် ရှိပြီ။ ဒုက္ခတွေတော့ရောက်ကုန်တော့မှာပဲ။

“ညီညီ ... ညီညီ ... ညီလေး တော်ပြီလေ တော်ပြီ အအေးတွေ ပတ်ကုန်မယ် ....တော်ပြီနော် ညီ ... ဟာ ......တစ်ကိုယ်လုံးပြာနေပြီ .... ”

“လူတွေ .... ကိုကို ငါ့တစ်ကိုယ်လုံး ပိုးမွှားတွေနဲ့  ဟီးဟီးအား .... ငါမဆေးလို့ မရဘူး ပိုးမွှားတွေ နဲ့  ..... ဟီးဟီးအီး ....ငါ.... ငါ ....” ညီညီ တစ်ကိုယ်လုံးတုန်ခါလျှက် ငိုသံတစ်ဝက်နဲ့  ပြောသည်။ ကိုကို့ ရင်တွေ အလွန်တရာနာကျင် သွားရလေသည်။

“အေး သန့် ပါပြီ ခုသန့် သွားပြီ ..... ကိုကို မှားတာပါ ညီ့ကို ကိုခေါ်သွားတာ ကိုကိုမှားတာ။ တော်တော့နော်.... လာပါညီညီရယ် လာပါကွာ အေးနေပြီ လာ .....”

ညီညီ ကိုကို့ ကို ကြည့်သည်။ ရေစက်တွေနဲ့ ညီညီ မျက်ရည်တွေ ရောထွေးနေသည်။ တအီးအီးနှင့် ကလေးငယ် လေး တစ်ယောက်လို ငိုကြွေးနေလေသည်။ ကိုကို မျက်နှာသုတ်ပဝါနှင့် ပုဆိုးပြေးယူရသည်။ ညီညီက ရေချိုးကန် ထဲတွင် တစ်ကိုယ်လုံးတုန်ရီစွာဖြင့် အော်ငို၍သာနေလေသည်။ အေးလွန်း၍ မေးတွေလည်း ရိုက်နေပြီ...။ ခြေ တွေ လက်တွေ လည်း ပဲကြီးရေလိုက်နေသည်။ လက်ပေါ်မှ အရေပြားတချို့ လည်းရိပြီး အသားနီတွေ လန်နေပြီ။

“ကိုကို ... ဟီးဟီး ....ငါ့ကို ကယ်ပါဦး ....အီး ဟီး .....ညီညီ့ကို ကယ်ပါဦး ကိုကို ရယ် အား ...............ဟီး..ဟီး....”

“အေးပါညီ ကိုကို ရှိတယ်လေ လာလာ အားမငယ်နဲ့ ညီ .... နော် အေးလာလာ .....”ညီညီ့ကို မျက်နှာသုတ်ပုဝါဖြင့် ထွေးကာ ကိုကို ဆွဲထူလိုက်သည်။ ညီညီ့တစ်ကိုယ်လုံး အေးစက်ပျော့ခွေလျှက်ရှိ၏။

“ပိုးတွေ ပိုးတွေ ငါ့တစ်ကိုယ်လုံးမှာ....ငါသေတော့မှာ ငါသေတော့မှာ ကိုကိုရ ...ဟီး ”

“မသေပါဘူး မသေရပါဘူး .... ဘာလို့ သေရမှာလဲ .... ခုမရှိတော့ဘူးလေ ကုန်သွားပြီလေ နော် သန့် သွားပြီ သန့် သွားပြီ ...လာလာ ညီလေး အေးအေးပါကွာ မငိုနဲ့ နော် ....”

ညီညီကို ကိုကို ပွေ့ ချီလိုက်ရသည်။ ညီညီ့၏ ရှိုက်ငင် တုန်ခါမှုသည် ကိုကို့ ရင်ကို ပင်ကူးစက်လာသည်။ အန် ကယ် ဦးဇော်ဝင်းပြောပြသော စကားသံကိုပြန်လည်ကြောင်းယောင်လာပြန်သည်။

“သူ တို့ စိတ်ထဲမှာ ပစ္စည်းတစ်ခုခုကို လက်နဲ့ ကိုင်လိုက်ရင် ပိုးမွှားတွေ နဲ့ ထိတွေ့ မယ်။ ဒါတွေကို ဆေးကြောမ ပြစ်ရင် ဒုက္ခရောက်မယ် တစ်ခုခု ဆိုးဆိုးရွားဖြစ်လာလိမ့်မယ် ဆိုတဲ့အတွေးက ထပ်ပြန်တလဲလဲဖြစ်နေတယ် .... ဒါကြောင့် သူတို့ ဟာ လက်ကို တစ်နေ့ မှာ အကြိမ်ပေါင်းများစွာဆေးနေကြရတာ ....။ သာမန်လူတစ်ယောက် အသန့် ကြိုက်လို့ လက်ဆေးသလို မျိုးမဟုတ်ဘူးကွ ကိုကို ရ ....။ သူ တို့ ခေါင်းထဲမှာ တစ်ယောက်ယောက်က လာပြောနေတာ တွန်းအားပေးနေသလို ခံစားနေရတာ။ မဆေးပဲ မနေ နိုင်အောင် လုပ်နေတာ ...။ အဲဒါကို Obsession လို့ ခေါ်တယ်ကွ ....။ သနားစရာ အံ့သြစရာ ကောင်းတာက ဒီအတွေးတွေဟာ မမှန်ဘူး သဘာဝ မ ကျဘူးဆိုတာ သူတို့ သိနေတယ်။ ဒါပေမယ့် သူတို့ ဘယ်လိုမှ အဲဒီဆေးကြောတာတွေကို ရပ်တန့် လို့ မရဘူး .... ဒါ့ကြောင့် တစ်နေ့ ကို အကြိမ်ပေါင်း ရာနဲ့ ချီပြီး သူတို့ လက်ကို ဆေးနေကြရတာပေါ့ ....”

ညီညီ့ကို အိပ်ယာပေါ်သို့ လှဲလျောင်းစေလိုက်သည်။ ညီညီက တအီအီ ငိုကြွေးနေလေသည်။ “ကိုကို ငါ ဒီလို ဖြစ် တာ ဘယ်သူ မှမပြောပါနဲ့ ကွာ နော် ... ငါ ...ငါ ကြောက်တယ် ရှက်လို့ ပါကွာ ..... ငါ အားဟား ......ငါ ရူးနေ ပြီထင် ပါတယ် ....ဟီးဟီး”

“ ငါက ဘယ်သူ့ ကိုပြောရမှာလဲ ....ပေါက်ပေါက်ရှာရှာကွာ မင်းမရူးပါဘူး ညီညီရာ .... နော် ညီညီ မငိုနဲ့ မငိုနဲ့ .... ကိုကိုလည်းဘေးနားမှာရှိတယ် မကြောက်နဲ့ နော် ..”

ညီညီတစ်ကိုယ်လုံးကို စောင်ခြုံပေးပြီး ခေါင်းကို ရေခြောက် အောင် သုတ် ပေးနေရင်းက ညီညီ့ကို အားပေးနေ ရသည်။ ညီညီ ကုတင်ခြေရင်းတွင် များစွာသော ဆပ်ပြာဆီ ဘူးများကို ကိုကို တွေ့ လိုက်ရသည်။ ထိုဘူးများ၏ နှုတ်သီးသဏ္ဌာန် ခေါင်းလေးများက ကုတင်ဘက်သို့ လှည့်ကာ တညီတညာတည်း စီထားသည်။ အခန်းနံရံကို ကပ်၍စီထားသော ဆပ်ပြာဆီဘူးများမှာ တစ်ရာလား နှစ်ရာလား ကိုကို မရေတွက်လိုက်နိုင်ပါ။ ဒီဆပ်ပြာဘူးတွေ ကြည့်ပြီး တစ်နေ့ တစ်နေ့ ညီညီ ဘယ်နှစ်ကြိမ်မျှ လက်ဆေး နေ သည်ကို ကိုကိုတွေးကြည့်မိသည်။ အန်ကယ်ဦး ဇော်ဝင်းပြောသလို အကြိမ်ပေါင်းများစွာရှိနေမည်သာဖြစ်သည်။ ညီညီ အခန်းထဲမှ စာကြည့်စားပွဲပေါ်တွင် စာ အုပ်များကို သပ်ရပ်စွာစီထားသည်။

မီးအုပ်ဆောင်း ကွန်ပျူတာ အရာအားလုံးသပ်ရပ်သန့် ရှင်းနေသည်။ ပွင့်ဟနေသော ဘီဒိုထဲတွင်အကျီ င်္များချိတ် ထားသော အကျီ င်္ချိတ်များမှာလည်း တစ်ခုနှင့် တစ်ခု အကွာဝေးတူညီစွာစနစ်တကျရှိနေသည်။ ညီညီ့ အခန်းထဲ မှ ရှိသမျှ ပစ္စည်းများအားလုံး သည် နေသားတကျရှိနေသော်လည်း ပုံမှန်မဟုတ်ပေ။ အားလုံးက တိကျသော အ ကွာအဝေး ဖြင့်စနစ်ကျလွန်းစွာ ညှိထားသလိုဖြစ်နေသည်။ ဒါကို ယခုတော့ ကိုကို နားလည်နေပြီဖြစ်သည်။

“သူ တို့ စိတ်ထဲမှာ အရာဝတ္တုတွေ နည်းနည်းကလေး မညီမညာဖြစ်နေတယ်ဆိုရင် အတင်းကို မညီ ညီအောင် လိုက်ညှိ တော့တာကွ ...။ ခုနပြောသလိုပေါ့ဒါတွေကို မညှိရင် တစ်ခုခု ဆိုးဆိုးဝါးဝါးဖြစ်တော့မယ်လို့ သူတို့ ထင် နေတာ။ တစ်ချို့ ကျတော့လည်း တစ်ယောက်ယောက်က ဓားနဲ့ ထောက်ပြီး သေနတ်နဲ့ ချိန်ပြီး လုပ်ခိုင်းနေတယ် လို့ ထင်နေတာ။ သူ တို့ ဟာ မညီညာတဲ့အရာတွေကို ညှိနေရင်းနဲ့ ထိတ်လန့် ကြောက်ရွံ့ နေကြရတယ်....။ ဒါကို လည်း အဓိပ္ပါယ်မရှိ ဘူး ဆိုတာ သိပေမယ့် သူတို့ ဘယ်လို မှ ရပ်တန့် လိုမရဘူး .....။ အဲလို ရပ်တန့် လို့ မရတဲ့ အပြုအမူတွေကို Compulsion လို့ ခေါ်တယ် ....။”

ညီညီ အနည်းငယ် ငြိမ်သွားသည်။
“ကိုကို ငါ ဆေးမသုံးပါဘူးကွာ ငါ .... ရှက်လည်းရှက်တယ် ကြောက်လည်းကြောက်တယ် ... မင်းငါ့ကို ရူးနေပြီလို့ ထင်နေပြီလား ....ဟင် ကိုကို .... ဒီအဓိပ္ပါယ်မရှိတဲ့ အတွေးတွေကို မတွေးဖို့  ငါဘယ်လောက် ကြိုးစားပြီး မေ့ပစ် မေ့ပစ် ဘယ်လိုမှ မေ့ဖြောက်ပစ်လို့ မရလို့ ပါကွာ .... ငါ.... လူတွေနဲ့ နေလို့ မရတော့ ဘူး ....အင့် ..ငါ ဘဝတော့ ဆုံးပြီထင်ပါတယ် .....ကိုကိုရယ် ဟီးဟီး .... ”

“မရူးပါဘူး ညီညီရယ် မင်းဘာတွေ ခံစားနေရလဲ ... ကိုကို ကိုပြောလေ မင်းနားမှာ ကိုကို ရှိတယ် ပြောလိုက် မင်းရင်ထဲ ပေါ့သွားအောင် ပြောလိုက်နော်....”

“မေမေ ရှိရင် သိပ်ကောင်းမှာပဲ ... မေမေ့ကို သတိရလိုက်တာကွာ .....”

“အော် ..... ညီညီ ရယ်...........”

“တစ်ချို့ ပညာရှင်တွေက ဒီရောဂါဟာ ပြင်းထန်တဲ့ စိတ်ဒဏ်ရာကြောင့် ဖြစ်တယ်လို့ စာတွေထဲတော့ပြောတယ် .... ငါ့အထင် မမဆုံး သွားတာ ကောင်လေး အတော် ထိခိုက်သွားတယ်ထင်တယ်ကွ .... ဒါဟာ အဖြစ်နိုင်ဆုံးပဲ က လေးက အမေကို တအားတွယ်တာတယ် မလား..... ဒီအသက် ဒီအရွယ်တွေမှာ မိသားစုကွဲကြပြဲကြတဲ့ ပြဿနာ တွေ၊ မိဘတွေ သေဆုံးသွားတာတွေ၊ သူတို့ နဲ့ သိပ်ရင်းနှီးချစ်ခင်တဲ့ သူတွေနဲ့  ဝေးကွာသွားရလို့ နာကျင် ကြေ ကွဲကြရတာတွေကြောင့် ဖြစ်တယ်လို့ ဆိုကြတယ်ကွ။ တစ်ချို့ ကလည်း ဒီလို အကြောင်းအရင်းတွေ မရှိပဲ ဖြစ်ကြ တယ်လို့ လည်း ပြောကြပြန်တယ် ....သူတို့ ကတော့ ဦးနှောက်ထဲမှာ ရှိတဲ့ Serotonin ဆိုတဲ့ ဓါတ်တစ်မျိုး က မောက်ကမ ဖြစ်တာကြောင့်လို့ လည်းဆိုကြတယ် ... တိတိ ကျကျတော့ မသိကြသေး ဘူးပေါ့ကွာ ”

ညီညီက တစ်ကိုယ်တည်း ပြောနေသလို တိုးတိုးကလေး ပြောနေသည်။ ညီညီ့နဖူးမှ ဆံပင်များကို ဖယ်ရှားပေး ရင်း ကိုကို ညီညီ့ စကားများကို နာကျင်စွာနားထောင်နေမိသည်။

“ငါ ညဘက်အိပ်လို့ မရဘူးကိုကို .... ငါအိမ်တံခါးတွေ ပိတ်ထားရဲ့ လား မီးဖိုတွေပိတ်ထားရဲ့ လားလို့ ငါပူပင် နေရ တာ၊ ငါမြဲထစစ်နေရတယ် ....။ ငါကိုယ်တိုင် တံခါးကို သေချာပိတ်ထားတယ်ဆိုတာ ငါသိပါတယ်ကွာ ။ ဒါပေမယ့် ငါမစစ် လို့ ရဘူး။ မစစ်ဘဲ မနေ နိုင်ဘူး ကိုကိုရာ .....။ တစ်ယောက်ယောက် ဝင်လာပြီး ငါ့ကို ဒုက္ခပေးမှာကို ကြောက်နေရတယ်။ ငါအိမ်က ထွက်သွားရင် အိမ်မှာတစ်ခုခု ဖြစ်လိမ့်မယ်လို့ ငါထင်နေတာ ... ပြီးတော့ လူတွေ နဲ့ တွေ့ ရင် သူတို့ ဆီကရောဂါပိုးတွေငါ့ဆီကို ကူးလာမှာလေ .... ငါ .... ငါ ကျောင်းတောင် မသွား နိုင်တော့ဘူး ..... ငါသိပ်စိတ်ဆင်းရဲတာပဲ ... ငါသေသွားရင်ကောင်းမယ် ကိုကိုရာနော် ....ငါသေသွားရင်ကောင်းမယ် ....”

“ဟာ ညီညီ ကလည်း နမိတ်မရှိ နမာမရှိတွေ မပြောစမ်းနဲ့  ...... ငါ အန်ကယ်ဇော်ဝင်းဆီသွားခဲ့ပြီ စိတ်မပူနဲ့  ...ဒါကုသလို့ ရတယ်တဲ့ကွ ...နော် .... ညီလေး မင်းဘာမှမဖြစ်ဘူး ကိုကို တစ်ယောက်လုံး မင်းနားမှာရှိပါတယ် ..... အဲလို မတွေးကောင်းတာတွေ မတွေး ရဘူး နော် .... မင်းမသေရဘူးဟုတ်လား ....ညီညီ”

ညီညီက မျက်နှာကြက်ကို အဓိပ္ပါယ်မဲ့စွာမော့ကြည့်ရင်း ငြိမ်သက်နေသည်။ သူ ခံစားနေရတာတွေကို ကိုကို့ ကို ပြောပြဖို့ ဆုံးဖြတ်လိုက်ဟန်တူလေသည်။ ဒီ့မတိုင်ခင်က ညီညီ ဘယ်လောက်ထိ ပင်းပန်းဆင်းရဲနေလိုက်မလဲ။ သူ သာ ရန်ကုန် ဆင်းမလာဖြစ်ခဲ့ရင် ညီညီသာ တစ်ခုခု ဖြစ်သွားခဲ့ရင် ....ကိုကို ဆက်မတွေးရဲတော့.....။ ညီညီကို ပစ်ထားခဲ့မိတဲ့ သူ သာလျှင်အပြစ်ရှိသည်ဟု ခံစားလာရသည်။ မေမေ ဆုံးကတည်းက ညီညီ ဘယ်လောက် အ ထီးကျန် နေခဲ့ မလဲ။ သူ အိမ်ထောင်ကျပြီးနောက်ပိုင်း ညီညီ့ကို ဂရုမစိုက်နိုင်ခဲ့တဲ့အတွက် လွန်စွာ စိတ်မကောင်း ဖြစ်ရလေသည်။

“ဒီရောဂါရဲ့  အစွယ်အပွားတွေ က အတော်များတယ်ကွ .... ညဘက် အိမ်တံခါးတွေ မီးခလုပ်တွေ အကြိမ် ပေါင်း များစွာ ထထ စစ်ဆေးတာ၊ ခြေသံတွေ လိုက်ရေတွက်တာ၊ စကားလုံးတွေ လိုက်ရေတွက်တာ၊ နံပါတ်တွေနဲ့ ပတ် သက် ပြီး အကြိမ်တွေနဲ့ ပတ်သက်ပြီး အစွဲအလန်းဖြစ်တာ ... ဥပမာကွာ လေးဂဏန်းက မကောင်းဘူးလို့ သူ ထင် တယ် သူ တံခါးကို လေးခါစစ်ပြီးရင် လေးဂဏန်းကမကောင်းဘူးလို့ သူယူဆတော့ ငါးခါပြည့်အောင် ထစစ်တယ် အဲဒါမျိုးပေါ့ တို့ အတွက်ကတော့ ဒါဟာ အဓိပ္ပါယ်မရှိဘူးပေါ့ကွာ ဒါပေမယ့် .... သူတို့ အတွက်က ဒါဟာ လေးနက် နေမယ်။ ဒီလိုမှမလုပ်ရင် မကောင်းတာတစ်ခုခု ဖြစ်လိမ့်မယ်လို့ သူတို့ ထင်နေတယ်။ တစ်ခါတစ်ရံ ကိုးဂဏန်း ရောက်မှ ကိုးကြိမ်ရောက်မှ စိတ်ထဲ နေသာသွားတာမျိုးပေါ့ ... မင်းစဉ်းစားကြည့်လေကွာ သူ့ ကို ပြောသမျှ စ ကားလုံးတွေကို စိတ်ထဲက လိုက်ရေတွက်နေရတဲ့လူတစ်ယောက်ရဲ့ ဒုက္ခဘယ်လောက်ကြီးလိမ့်မလဲ .... သူတို့ စာသင်ဖို့ လည်း အခက်အခဲဖြစ်လာတယ် လူတွေကိုလည်း ရှောင်ရှားလာတယ်ပေါ့ကွာ ....”

ညီညီပြောသမျှ အကြောင်းအရာတွေကို နားထောင်လိုက် အန်ကယ်ဇော်ဝင်းက သူ့ အားရှင်းပြလိုက်သော ညီညီ့ ရောဂါနှင့်ပတ်သက်သော အချက်အလက်များကို ကြားယောင်လိုက်ဖြင့် ကိုကို အတော်ကြီးတုန်လှုပ်နေမိသည်။ အချိန်မှီသာ သူ မသိခဲ့လျှင် မကုသနိုင်ခဲ့ရင် ......ညီညီ ဘဝရေတိမ်နစ်ရမည်သာဖြစ်သည်။ ညီညီသည် အလွန် သနားစရာကောင်းသော ရောဂါဝေဒနာ သည်တစ်ယောက်ဖြစ်လို့ နေသည်။ ညီညီ့ကို ဆေးသမားဟု ထင်ခဲ့မိ သည့် အတွက် ကိုကို အလွန်စိတ်မကောင်းဖြစ်နေမိသည်။ ကြောက်ရွံ့ ထိတ်လန့် နေသော ညီညီ့ကို လက်ဖက် ရေဆိုင် သို့ အတင်းခေါ်သွားခဲ့မိသည်။ ငါ မသိလို့ ပါ ညီလေးရယ် ဟု ကိုကို စိတ်ထဲမှ တောင်းပန်နေမိသည်။

“ငါဒီ အိပ်မက်ဆိုးတွေက နိုးချင်လှပါပြီ ကိုကိုရာ ...။ ငါ ပင်ပန်းလှပြီ .... ငါကျောင်းပြန်တက်ချင်လိုက်တာ .....။ သူ ငယ်ချင်းတွေနဲ့ အတူ သာမန်လူတစ်တွေလို နေချင်လိုက်တာ....။ ဒီမှာကြည့်စမ်း ငါ့လက်တွေ .... ရေတွေဆပ်ပြာ
တွေစားထားတာလေ။ ခဏခဏ မင်းမေးနေတာလေ ....။ ငါခြေထောက်နဲ့  တံခါးတွေကို ဖွင့်ဖို့ ပိတ်ဖို့ ကြိုးစား တာအဲဒါကြောင့် ပါကွာ။ ဒါပေမယ့် ကိုကိုရယ် မထူးပါဘူးကွာ။ ငါရပ်လို့ မရဘူး .... တစ်နေ့ လုံး လက်ဆေးလိုက် ဒီပြန့် ကျဲနေတာ တွေလိုက်စီလိုက် ညညဆို လည်း တံခါးတွေ မီးခလုပ်တွေထစစ်လိုက် နဲ့  ....မင်း သိလား ... ငါ တစ်နေ့ ကို အခါ တစ်ရာကျော်တယ် .... လက်ဆေးတာ အခါတစ်ရာကျော်တယ် ကိုကိုရဲ့  ...... ဒါပေ မယ့်ကွာ ငါ့လက်တွေ က သန့် မလာပါဘူး ....။ ငါ မကြောက်ဘဲ မတွေးဘဲ သူတို့ အသံတွေ မကြားရဘဲ နေရတဲ့ အချိန်လေးက တစ်နေ့ မှာ နည်းနည်းလေးပဲရှိတယ် ..... ဟင်း ...စိတ်ညစ်လိုက်တာကွာ .....စိတ်ဆင်းရဲဖို့ ကောင်း လိုက်တာ......”

ညီညီ့၏ စကားတွေကြောင့် ကိုကို ညီညီ့ကို သနားခြင်းကြီးစွာဖြစ်မိသည်။ လူမှန်းသူမှန်း မသိအောင်ဖြစ် နေတာ လည်း မဟုတ်။ သူ ကိုယ်တိုင်သိနေရဲ့ သားနဲ့  ထိတ်လန့် ကြောက်ရွံ့ စွာ မက်နေရသော အိပ်မက်ဆိုးတွေသည် အဘယ်မျှ သူ့ ကိုပန်းဆင်းရဲ စေလိုက်မလဲ။

“ဒီရောဂါကို Obsessive Compulsive Disorder လို့ ခေါ်တယ် သူတို့ တွေးနေတဲ့ သူတို့ ကြားနေတဲ့ အရာ တွေ ဟာ Obsession ပေါ့။ မလုပ်ဘဲ မနေနိုင်လောက်အောင် သူ့ ကိုတိုက်တွန်းနေတဲ့ တွေးတွေပေါ့ ... အဲတာ တွေ ရဲ့ တိုက် တွန်းမှုကို ထလုပ်တာကို Compulsion လို့ ခေါ်တယ် ... စိတ်ရောဂါတစ်မျိုးပေါ့ကွာ အမေရိကား မှာ လူ ငယ်လေး ယောက်မှာ တစ်ယောက် ဖြစ်နေတယ်လို့  ပြောကြတယ်။ ဆိုလိုတာကကွာ ပြင်းထန်မှု ဆိုးရွားမှု ခြင်း တော့ မတူဘူးပေါ့ ...။ နည်းနည်းပေါ့တဲ့သူ နည်းနည်းဆိုးတဲ့သူရယ်တော့ကွာတာပေါ့။ သူ တို့ နိုင်ငံမှာ လူ ငယ် တော်တော်များမျးဟာ ဒီရောဂါကို ခံစားနေကြရတယ်။.... လူပျို အပျိုဖော်ဝင်စအချိန်တွေမှာ အဖြစ်များ တယ်ကွ အသက်ကြီးတဲ့လူတွေမှာလည်း ဖြစ်တာပေါ့ကွာ။ တစ်ချို့ ကမ္ဘာကျော် နာမည်ကြီးပုဂ္ဂိုလ်တွေတောင် ဒီလို ရောဂါမျိုးရှိ တယ်လို့ ပြောသံတွေကြားရတယ်..... ကုသလို့ ရပါတယ် ....မင်းတအားကြီးတော့ စိတ်မပူနဲ့ ။ င့ါ မိတ်ဆွေ (Psychiatrist) စိတ်ကျန်းမာရေး အထူးကုဆရာဝန်တစ်ယောက်ရှိတယ်။ သူ့ ကို ငါအကျိုး အ ကြောင်း ပြောပြ ထားမယ်လေ ဟုတ်လား။ မင်းက ညီညီ့ကို သေချာစောင့်ကြည့်ပြီး ဆရာဝန်ပြဖို့  စည်းရုံးထား။ နားဝင် အောင် ချော့ပြီးပြောထား ။ မင်းကလည်း စိတ်ရှည်မှဖြစ်မယ်။ အခြေအနေထူးခြားတာရှိရင် ငါ့ဆီချက်ချင်းဖုန်း ဆက် ....။ Depression သိပ်ဆိုးလာရင်တော့ Suicide လုပ်တာ ဘာညာဖြစ်မှာတော့ စိုးရတယ်။ မင်းရှိနေလို့  တော်သေးတယ်။ သူ့ ကို တစ်ယောက်တည်း မထားနဲ့  .... သတိထားပေါ့ ။ ငါ ညနေ အပြန် အိမ်ဝင်ခဲ့မယ် ဟုတ်ပြီ လား .... အေးကွာ င့ါတူလေး ကံဆိုးပါတယ်ကွာ ..... ”

ညီညီ စကားပြောရင်းက အိပ်ပျော်သွားသည်။ ပြာလဲ့လဲ့ဖြစ်နေသော ညီညီမျက်နှာလေး ပြန်သွေးရောင်သန်း လာသည်။ မျက်တွင်းလေးတွေ ချိုင့်နေသော ညီညီ့ကို ကြည့်ပြီး ကိုကို မျက်ရည်ကျရပါသည်။ ကုလို့ ရလို့ တော် သေးတာ ပေါ့ညီညီရယ်ဟု စိတ်ထဲရေရွတ်လိုက်မိသည်။ ညီညီ့ရဲ့ စိတ်ကျရောဂါဟာ Suicide လုပ်ရလောက် အောင် ပြင်းထန်ဆိုးဝါးနေမနေ တော့ ကိုကို မသိပေ။ သို့ သော် ညီညီ့ ခံစားမှုတွေသည် အလွန်တရာ ပြင်းထန် နာကျင်နေပြီဆိုတာကိုတော့ ကိုကို ခံစားသိရှိ နေမိသည်။ ချစ်လှစွာသော ညီငယ်လေး နားမှ သူ ထွက်သွား၍ မဖြစ်တော့ .... ။

ညီညာသော ပြန့် ကျဲ မှုတွေကြားက ညီညီ .... သန့် ရှင်းနေတဲ့ ညစ်ထေးမှုများကြားက ညီညီ ... လုံခြုံပေမယ့် စိတ် မချမှုများနဲ့ ညီညီ .... ညီညီ ရယ်။ ..... နိုးနေရက် နဲ့  မက်နေရတဲ့ အိပ်မက်ဆိုးတွေကနေ တပည့်တော်ရဲ့ ညီ လေး လွန်မြောက်ပါစေဘုရား ...... ညီလေးရဲ့ နာကျင်မှုတွေလျော့ပါးပါစေတော့ ..... ဝဋ်ကြွေးတွေ ရှိခဲ့ရင် လည်း ကြေ ပါစေတော့ ..... ညီညီ ..... ကံဆိုး လိုက်တဲ့ ညီလေးရယ် .....။ ကိုကို အိပ်ပျော်နေသော ညီညီ့ မျက်နှာကို ကြည့် ရင်း မျက်ရည်တွေကြားက တိုးတိုးရေ ရွတ်နေမိသည်။ အခု အိပ်ပျော်နေတဲ့ အချိန်မှာတော့ ဘာအိပ်မက်ဆိုးမှ မမက်ဘဲ အေးအေးချမ်းချမ်း အိပ်ပျော် နိုင်ပါစေ .... ညီညီရာ....။

**************

ဒီဇာတ်သိမ်းပိုင်းလေးကို ပြင်ဆင်ရတာတွေ နည်းနည်းများနေလို့  စောင့်မျှော်ခဲ့ရတဲ့ စာဖတ်သူမောင်နှမများ ကို အနူးညွတ် တောင်းပန်ပါတယ်ခင်ဗျာ ..... သုံးပိုင်းပိုင်းဖို့ ရည်ရွယ်ထားပေမယ့် စာဖတ်သူတွေ ကို အားနာလို့  တစ်ခါတည်း ဇာတ်သိမ်းလိုက်ပါတယ် .....။ စာရှည်သွားလို့ ထပ်ပြီးအားနာမိပါတယ်။ ကျေးဇူးတင်ပါတယ် ..... :D

စာဖတ်လည်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ ....
ရန်ကုန်သား

Tuesday, September 22, 2009

နိုးလျှက်မက်သော အိပ်မက်ဆိုးများ


ညီညီ ဆီတယ်လီဖုန်းခေါ်နေသည်မှာ အတော်ကြာပြီဖြစ်သည်။ ဖုန်းဝင်သွားသော်လည်း ညီညီက မကိုင်သဖြင့် ကိုကို တစ်ယောက် စိတ်တိုလာသည်။ ယခုတစ်ကြိမ်နှင့်ဆိုလျှင် ညီညီထံ ဖုန်းဆက်သည်မှာလေးကြိမ်ရှိပြီ ဖြစ် သည်။ လေးကြိမ်စလုံး ညီညီ လုံးဝဖုန်းမကိုင်ပေ။ တစ်ခါနှစ်ခါ ဆို ဖုန်းနဲ့ ဝေးနေလို့ မသိလိုက်လို့ ဆိုတော် သေး သည်။ သို့ တိုင် အစ်ကိုလုပ်သူကို မစ်(စ)ကောကြည့်ပြီး ဘယ်သို့ ဘယ်ချမ်းသာရယ် ပြန်မေးဖို့ ကောင်းသည်။ “ခွေးကောင် ငါဆက်တာတောင် ဖုန်းကို မကိုင်ဘူး ....” ဟု စိတ်ထဲမှ ညီညီ့ကို ဆဲလိုက်မိ၏။ ငါးကြိမ်မြောက်တွင် မှ ညီညီ ဖုန်းကိုင်တော့သည်။

“.....ဟဲလို ... ညီညီ မင်းဘာလုပ်နေတာလဲ ငါဖုန်းဆက်နေတာ ဘယ်နှစ်ခေါက်ရှိပြီလဲ ... ဘာလို့ ဖုန်းမကိုင်တာ လဲ ....” ညီညီကို ဒေါထထနှင့်မို့ လေသံမာမာ ဖြင့်ငေါက်လိုက်သည်။ ညီညီ့ အသံက တိုးသက် တုံ ဆိုင်းစွာဖြင့် ပေါ်လာ သည်။

“ဟဲ ...လို ... ကိုကိုလား ...”

“အေးလေ မင်းဘယ်တွေသွားနေတာလဲ ဖုန်းကို အနားမှာထားလေကွာ သေရေးရှင်ရေးဆို ဘယ်လိုလုပ်မလဲ ”

“ဟို ..ဟို ... ညီညီ ဖုန်းဘယ်နားထားမိမှန်းမသိလို့ ....”

“ကဲ ဟုတ်ပါပြီကွာ ကောင်းတယ်။ ထားပါတော့ မနက်ဖြန် ငါရန်ကုန်ဆင်းလာခဲ့မယ်.... မင်းအိမ်မှာရှိမှာလား .....” ညီညီဘက်က အသံတိတ်သွားသည်။

“မင့် လာမကြိုခိုင်းပါဘူး .... အိမ်မှာသာ စောင့်နေ ဟုတ်လား မင်းဘာလုပ်စရာရှိလို့ လဲ ....”

“ဟင့်အင်း မရှိပါဘူး ..... မကျော် နေကောင်းလား ...” မရီးလုပ်တဲ့သူ ကိုတော့ သတိရသားပဲဟု ကိုကို့ စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။ ညီညီကလည်း ကိုကို့ ဇနီး ဇင်မာကျော်ကို မကျော် ဟုသာခေါ်သည်။

“ကောင်းတယ် ဒါဆို ဒါပဲလေ ”

“အင်းအင်း .....”

ကိုကို စကားမရှည်ချင်တော့၍ ဖုန်းကို ခပ်မြန်မြန်ပဲချလိုက်သည်။ ရန်ကုန်ရောက်မှ ညီညီ့ကို နည်းနည်း ဆူလိုက် ဦး မည်။ ညီညီတစ်ယောက် ကြာလေ စကားနည်းလေပဲ ဟုလည်း စိတ်ထဲထင်လာမိသည်။ ကျောင်းပြီးရင်တော့ ညီညီ့ကို နိုင်ငံခြားသွားစေချင်သည်။ အလုပ် လုပ်ချင်ကလည်း လုပ်၊ ပညာဆက်သင်ချင်သပဆိုလည်း သင်ပေးဖို့ သူ့ တွင်တာဝန်ရှိသည်။ ဖေဖေက ညီညီမွေးပြီးမကြာခင်ကပင် သူတို့ မိသားစုကို ထားသွားသည်။

ညီညီက မေမေ့ကို သိပ်တွယ်တာသည်။ မေမေကလည်း ညီညီ့ကို အငယ်ဆုံးသားလေးမို့ ကိုကို ထက်ပင်အချစ် ပို သေး သည်။ မေမေလွန်ခဲ့သော နှစ်နှစ်က အမေကလည်း သူတို့ ညီအစ်ကို နှစ်ယောက်ကိုထားပြီး လောက ကြီးထဲက ထွက်သွားပြန်သည်။ ဒီညီလေးတစ်ယောက်သာ တွယ်တာစရာရှိသည့် အတွက် ကိုကို ညီညီ့ကို အလွန် ချစ်ပါသည်။ အသက်ချင်းကလည်း ဆယ်နှစ် မျှကွာသောကြောင့်ညီအစ်ကိုထက် တူလို သားလို ဖြစ်နေခဲ့သည်။ ညီညီက လိမ္မာတော့ ကိုကို့ ဇနီး ကျော် ကလည်း မောင်အရင်းလေးလို ချစ်သည်။

************

ရန်ကုန်အိမ်ကို ရောက်တော့ ခြံတံခါးစေ့ထားသည်ကို တွေ့ ရသည်။ ကားဟွန်းတီးသော်လည်း ညီညီက ထွက်မ လာ သဖြင့် ကားပေါ်က ဆင်းပြီး ခြံတံခါး ကိုယ်တိုင်ဖွင့်ကာဝင်လာရ၍ ကိုကို့ စိတ်ထဲ ခရီးပန်းရသည့် အထဲ အ နည်းငယ် ဖုသွားပြန်သည်။ အစ်ကို လုပ်သူကို တံခါးလေး တောင် ဆင်းမဖွင့်ပေးဘူးဟုလည်း ညီညီကို့ အပြစ် တင်လိုက်မိသည်။ ကားပေါ်မှ ပစ္စည်းများကိုမချသေးဘဲ ပိုက်ဆံအိတ်ဆွဲပြီးအိမ်ပေါ်တက်လာခဲ့သည်။

အိမ်တစ်ခုလုံး ခြောက်ကပ်တိတ်ဆိတ် နေသည်။ သူ အိမ်ထဲရောက်မှ ညီညီက အိမ်နောက်ဖက်မှ အပြေးတစ်ပိုင်း ထွက်လာသည်။ ကိုကို ညီညီ့ကို တံခါးလာမဖွင့်၍ ဆူတော့မည်ပြင်လိုက်ပြီးမှ ညီညီ့ကို ကြည့်ပြီးအံ့အား သင့်သွား သည်။

“ညီ မင်း ဘယ်လို ဖြစ်တာလဲ ပိန်လှချီလား ... ဟင်.... နေမကောင်းဘူးလား .... ”

ညီညီ မျက်လုံးများက သူ့ အမေးကြောင့်အနည်းငယ် စိုးထိတ်သွားသည် ထင်ရ၏။ ညီညီ့ မျက်ကွင်းများက ညိုနေ သည်။ ညီညီ့ အပြုံးက သိပ်မပြည့် စုံဟုလည်း ကိုကို ထင်မိသည်။ ညီညီက သူ့ အမေးကို မဖြေသေးဘဲ အိမ်တံခါး မှ နေ၍ခြံထဲသို့ မျှော်ကြည့်လိုက်သည်။ ထို့ နောက် အိမ်တံခါးကို ခြေထောက်ဖြင့် အသာ တွန်းပိတ်လိုက်သည်။ ပြီးမှ ကိုကို့ ဘက်ပြန်လှည့်လာသည်။

“ညီ ဘာမှ မဖြစ်ပါဘူး ခုတလော အစား အသောက် မကောင်းတာရယ် အိပ်ရေးပျက်တာ များတာရယ်ကြောင့်ပါ ... မင်းနေကောင်းလား ကိုကို ....”

“ကောင်းပါတယ် ငါ့ရေ တစ်ခွက်လောက်ပေးစမ်းပါကွာ ... အသေပြိုင်းနေပြီ ... ဟူးးးးးးး”

အိမ်ရှေ့ စက်တီပေါ်တွင် ခြေပစ်လက်ပစ်ဝင်ထိုင်ပြီး ညီညီကို့ ပြောလိုက်သည်။ ညီညီက အိမ်တံခါးမှ ခြံထဲသို့  တစ် ချက်လှမ်းကြည့်လိုက် ပြီး “အေးခဏ ...” ဟုဆိုကာ အိမ်ထဲသို့ ပြန်ဝင်သွားသည်။ ခဏကြာတော့ ရေပုလင်း တစ်လုံးလာချပေးသည်။ ကိုကို ရေဆာဆာနှင့်မို့  အားရပါးရ မော့သောက်ရင်း ညီညီကို စကားပြောမည် ကြံ လိုက်သည်။ ညီညီကလှစ်ကနဲ့  နောက် ဖေးထဲ ပြန်ဝင်သွားပြန်သည်။

“ဟေ့ကောင် ညီညီ လာပါဦးကွ ဘာတွေ ရှုပ်နေတာလဲ ..... မင်းကလည်း ဂနာကို မငြိမ်ဘူး ....” အိမ်နောက်ဖက် မှ ညီညီ့ အသံပြန်ထွက်လာသည် ...“ အေးအေး လာပြီ ကိုကို ...”

ညီညီက ကိုကို့ ရှေ့ ထိုင်ခုံပေါ်တွင် လက်တစ်ဖက်နှင့်တစ်ဖက် ဆုပ်ကိုင်လျှက် ဝင်ထိုင်သည်။ စက်တီပေါ်တွင် ထိုင်နေသော ညီညီကို ကြည့်ရသည်မှာ ပို၍ပိန်သွားသည်ဟု ထင်ရသည်။ ညီညီ့၏ ဖြူသော အသားတွေက လည်း အနည်း ငယ်မှိုင်းနေသည်။ အမြဲတမ်းစူးလက်တောက်ပနေသော မျက်လုံးတွေကလည်း မှိန်ဖျော့နေသည်။ မျက်ကွင်းတွေကလည်း ညိုညို။ ဝတ်ထားသော တီရှုပ်အဖြူကလည်း ဖရိုဖရဲ။ အထူးခြားဆုံးက ညီညီ့ လက်တွေ ဖြစ်သည်။ ညီညီလက်တွေသည် လက်ကောက်ဝတ်အောက်ပိုင်းမှစ၍ လွန်စွာ ဖြူစွတ်နေခြင်းဖြစ်သည်။ လက် အိတ် ဝတ်ထားသည့်နှယ်ဖြစ်သည်။

“မင်းလက်က ဘာဖြစ်တာလဲ ....” ကိုကို က ရုတ်တရက်ကြည့်ပြီး မေးလိုက်သဖြင့် ညီညီတွန့် ကနဲဖြစ်သွားသည်။ သူ့ လက်ကို သူ အသာပြန်ငုံကြည့်ပြီး

“ဘာဖြစ်လို့ လဲ ဘာမှ မဖြစ်ပါဘူး .....”

“အင် .. ဘာမဖြစ်ရမှာလဲ မင်းလက် က ဖြူစုတ်စုတ်နဲ့ သရဲလက်ဖြစ်နေပြီ ... ”

ညီညီက တဟားဟား ရယ်သည်။ ညီညီ့ရယ်သံက အသက်သိပ်မပါလှပေ။ ခြောက်ကပ်ကပ်ကြီးဖြစ်သည်။
“ ဟားဟား ... မင်းကလည်းရှာရှာ ကြံကြံ။ မကျော်ကော နေကောင်းတယ် မဟုတ်လား .... ကလေးကော မယူသေးဘူးလား ....” စကားလမ်းလွှဲသွားမှန်းသိသော်လည်း ကိုကို ဆက်မေးမနေတော့ပဲ ညီညီမေးသော မေးခွန်းကိုသာ အလိုက်အထိုက်ဖြေလိုက်သည်။

“ကောင်းပါတယ် .... ကလေးယူဖို့ တော့ စဉ်းစားနေတုန်းပဲ... ဖြည်းဖြည်းပေါ့ကွာ .... ဒါနဲ့ မင်းကော ကျောင်း တက် ရတာ အဆင်ပြေလား .... ကျော် ကတောင်ပြောနေသေးတယ် မင်းဖုန်းမဆက်ဘူးတဲ့ ဖုန်းလေးဘာလေး ဆက်လေကွာ မင်းကလည်း ....”

ညီညီ မျက်နှာပျက်သွားပြန်သည်။ ကိုကို ကို့ ကျော်ပြီး နံရံပေါ်က နာရီကိုသာ ငေးကြည့်နေသည်။ ပါးစပ်ကတော့ “ပြေပါတယ် အားလုံး အိုကေပဲ ” ဟု ခပ်ဖွဖွပြောသည်။ ထို့ နောက် ခြံထဲသို့ လှည့်ကြည့်ပြန်သည်။

“ကိုကို မင်းဘာတွေ ပါသေးလဲ ကားထဲ။ တင်စရာရှိတင်ထားလေ ကွာ .....”

“ထွေထွေ ထူးထူး မပါပါဘူး မင်းအတွက် ကျော် ထည့်ပေးလိုက်တဲ့ ဟင်းတွေရယ် ထိုးမုန့် ၊ စတော်ဘယ်ရီ ဆနွင်း မကင်း ကျန်တာကတော့ ဦးကျော်အေးတို့ အိမ်အတွက် လက်ဆောင်တွေရယ် ပါ .....မင်းဖာ မင်းပဲ ယူပြီးထား လိုက်ကွာ ငါ ကျိုးလိုက်ဦးမယ် ရေမိုးချိုးပြီ ...မင်းဘယ်သွားဖို့ ရှိသေးလဲ ..... ”

“မရှိပါဘူး မင်းအိပ်ချင်လည်း ရေချိုးပြီး အိပ်လိုက်။ ဒေါ်ထွေး ထမင်းလာပို့ တော့မှ ပြင်ဆင်ပြီးနှိုးလိုက်မယ် .... အော် မင်း ခေါင်းရင်းခန်းမှာ အိပ်ဖို့ လုပ်ထားတယ် ကိုကို ”

“အေးအေး ငါ့ နှစ်နာရီလောက်မှ နှိုးကွ အဲကျမှ ထမင်းစားပြီး ပွဲရုံဘက် လိမ့်လိုက်ဦးမယ် ....”

ကိုကို ရေချိုးခန်းဘက်လှည့်ထွက်လာတော့ ညီညီက အိမ်တံခါးကို ခြေထောက်နှင့်ဖွင့်ပြီး ခြံထဲ ဆင်းသွားသည်ကို တွေ့ လိုက်ရသည်။ ညီညီ တစ်ယောက် ခုထိဆော့တုန်းဟုစိတ်ထဲကထင်လိုက်သည်။

“ ဟေး...... ညီညီ ကားသော့ ပိတ် လိုက်ဦး .....”

“အေးအေး .....” ညီညီ အသံက ခြံထဲမှ လွင့်ပြန်လာသည်။

************

ညဦးပိုင်းက မိတ်ဟောင်းဆွေဟောင်းတွေနှင့် ဝိုင်းကောင်းနေ၍ ညဥ့်အတော်နက်မှ အိမ်ပြန်ရောက်ခဲ့သည်။ အိမ် ရောက်တော့ ညီညီ့ကို ပင်ကောင်းကောင်း မကြည့်နိုင်တော့ပဲ ကိုကို တစ်ယောက် ကုတင်ပေါ်သို့  ဦးစိုက်ကျ သွားသည်။ ဖျတ်ကနဲ နိုးလာလို့ နာရီကို ကြည့်လိုက်တော့ မနက်လေးနာရီပင်ရှိချေပြီ။ ကုတင်ပေါ်တွင် ညနေက ဝတ်သွားသော အဝတ်အစားများဖြင့်ပင် အိပ်ပျော်နေသော သူ့ ကို မန္တလေးအိမ်မှာ ဆိုရင်တော့ ချစ်ဇနီးကျော်က အတင်း နှိုးပြီး အလဲခိုင်းမည်ဖြစ်သည်။ ခုတော့ တရေးနိုးမှပင် သူ အကျီ င်္ထလဲရသည်။

အကျီ င်္လဲပြီး အိမ်သာဘက်လှည့်ထွက်လာစဉ် ဗြုန်းဆို ညီညီ အိမ်သာထဲမှ ထွက်လာသည်။ ထုံးစံအတိုင်း တံခါး လက် ကိုင်ကို ခြေထောက်ကြီးနှင့်လှည့်လျှက်။ ညီညီ ဆတ်ကနဲ တုန်သွားပြီး မျက် စိပျက် မျက်နှာပျက် ဖြစ်သွား သည်။ နောက်သို့ ပင် နှစ်လှမ်းခန့် ပြန်ဆုတ်သွားသည်။ ကိုကိုက ရယ်ပြလိုက်သော်လည်း ညီညီက ကြက်သေ သေနေ သော မျက်နှာဖြင့်ပြန်ကြည့်သည်။

“အာ ... လန့် လိုက်တာညီညီရာ မင်းတရေးနိုးတာလား ....” ကိုကို က စကားစပြောမှ ညီညီက အင်း အဲ လုပ်ကာ

“အေး ရှူးထပေါက်တာ မင်းကလည်း ညက မူးလာလိုက်တာ ဒါနဲ့ ကားကြီးမောင်းလာသေးတယ် .....”

ညီညီ က ကိုကို့ စကားမရှိ စကားရှာက အပစ်တင်သလို ဆိုသည်။ ကိုကိုက ညီညီ့ကို စေ့စေ့ကြည့်သည်။ ညီအစ် ကို နှစ်ယောက် တစ်ယေက်က အိမ်သာထဲ ... နောက်တစ်ယောက် က အိမ်သာအဝတွင် ရပ်နေကြသည်။ ကိုကို တစ်ခုခု မေးမည် ကြံလိုက်ပြီးမှ မမေးတော့ပဲ .....

“အင်း မင်းအစ်ကို ပြန်ရောက်လာတာပဲ မဟုတ်လား .... သွားသွားအိပ်တော့ ငါလည်း ပြန်ကျိုးလိုက်ဦးမယ် .....”

ညီညီက ရေချိုးခန်း အိမ်သာထဲမှ ခပ်ရို့ ရို့ ထွက်သွားသည်။ ညီညီ့ စိတ်ပူစကားကြောင့် အနည်းငယ် ကျေနပ်သွား မိသည်။ ကိုကို ညီညီ့လက်တွေကိုသာ သတိထားလိုက်မိပြန်သည်။ ညီညီ့ လက်တွေက ဖြူဖွေးနေသည်။ လက် ချောင်း လေးများကြားတွင်လည်း ရဲရဲနီနေသည်။ ညီညီဘာတွေ လုပ်နေသနည်း။ အိမ်သာမှ အထွက်တွင် ဧည့် ခန်းမှ ပြန်ဝင် လာသော ညီညီ့ကို တွေ့ ရသည်။ ညီညီ မမြင်အောင် အသာလေး ကွယ်ကာစောင့်ကြည့် နေလိုက် သည်။ ညီညီက

သူ့ အခန်းတံခါးကို ခြေထောက်နှင့်ဖွင့်ပြီး ဝင်သွားသည်။ ခြေထောက်နှင့် တံခါးလက်ကိုင်ဘုကို လှည့်ဖွင့်ရ သည် မှာ လွယ်ကူလှသည် မဟုတ်။ သို့ သော် ညီညီ အတွက်ကတော့ အတော်ကျွမ်းကျင်နေပုံရသည်။သူ အိပ်ယာ ထဲ ရောက်ပြီး ချက်ချင်းအိပ်မပျော်ပေ။ ညီညီ တံခါး ဖွင့်သံ သုံးခါထက်မနည်းကြားရသည်။ ဧည့်ခန်းဖက်ကို သွား သည် ကနှစ်ကြိမ်။ အိမ်သာဘက် ဆီသွား သည်က နှစ်ကြိမ်။ ညီညီ ဘာထထ လုပ်သလဲ သူလည်း နားမလည် ပေ။ စိတ်ထဲလည်း မရှင်းသလို ညီညီ တစ်မျိုး ကြီး ဖြစ်နေသည် ဟု ခံစားနေရသည်။ ဆေးတွေဘာတွေများ ချနေ ရော့သလား။ ဘဏ်ထဲက ပိုက်ဆံကို လိုသလို ထုတ်သုံးနိုင်တော့ ဒါမျိုးတွေဖြစ်ကောင်းဖြစ်လာနိုင်သည်။ မနက်မှ ညီညီ့ကို သေချာမေးကြည့်ရဦးမည်။ ညီညီ့ အကြောင်းတွေးရင်း ဟိုလူးသည်လှိမ့်ရင်းက အတော်နှင့် အိပ်မပျော် နိုင်ခဲ့ပေ။

*********

“ညီညီ မင်းကျောင်းမသွားဘူးလား .....”

ကိုကို ရုတ်တရက်မေးလိုက်သဖြင့် ထမင်းပွဲပြင်နေသော ညီညီ ငြိမ်ကျသွားသည်။ ညီညီ လက်ထဲမှ ထမင်းအုပ် အဖုံးကို ပြန်ချလိုက်ပြီး ထမင်းစားခန်းတံခါးကိုမှီလျှက်ရပ်နေသော ကိုကို့ ကို လှည့်ကြည့်သည်။ ညီညီ မျက်လုံးထဲ တွင် အရိပ် တစ်ခုဖြတ်သန်းသွားသည်။

“မင်းရောက်နေတာ ငါကျောင်းသွားလို့ ဘယ်ဖြစ်မလဲ ... အေးဆေးပါ မင်းပြန်တော့မှ သွားလဲရပါတယ် .....”

“ဟာ မင်းကလည်း ကျောင်းတက်လေ ငါက ဧည့်သည်မှ မဟုတ်ဘဲ။ ဘာဖြစ်လဲ ငါဟာ ငါလုပ်ရတဲ့ဟာတွေပဲ ....”

ညီညီက ထမင်းဆက်ခူးရင်း ရယ်သည်။
“အေးပါကွာ င့ါအစ်ကိုကြီးကို ရောက်တုန်းပြုစုချင်လို့ ပါ ... ထားပါ အရေးမကြီးပါဘူး အဲတာက။ လာလာ ....... ဒေါ်အေး ကို မင်းကြိုက်တဲ့ ငါးရံ့ အူချက်ခိုင်းထားတယ် ပတတ်စာဟင်းချိုနဲ့ လာစား .... တို့ စရာလည်း ကောင်း တယ် ဘူးသီးပြုတ် လေးနဲ့  .....”

ဒေါ်အေးက ညီညီ့ကို လစဉ်ပိုက်ဆံယူလျှက် ထမင်းဟင်းချက်ပေးသောအမျိုးသမီးကြီးဖြစ်သည်။ စေတနာပါ သ လို ညီညီ့ကိုလည်း အလွန်ခင်တွယ်သည်။ ဟင်းချက်လည်း အလွန်ကောင်းသည်။ ထမင်းဝိုင်းတွင်ဝင်ထိုင်ရင်း ညီညီ့ကို နားမလည်သလို ကြည့်လိုက်မိသည်။ ညီညီက ရေခဲသေတ္တာကို ခြေထောက်နဲ့ ဖွင့်ပြန်ပြီ။ နောက် ရေပု လင်းထုတ်သည်။ ခြေထောက်နဲ့ ပင်ပြန်ပိတ်သည်။ ကိုကို မနေနိုင်တော့....။

“ ညီညီ မင်းကို ငါကြည့်နေတာ ရောက်ကတည်းက မင်းဘာဖြစ်နေတာလဲ ....” ရေပုလင်းကို ကိုင်ထားရင်း ကိုကို့ ဘက်သို့ ညီညီ ဖြည်းဖြည်းချင်းလှည့်ကြည့်သည်။

“ တံခါးတွေကို ခြေထောက်ကြီးနဲ့ ပိတ်လို ပိတ် .... ရေခဲသေတ္တာ လည်း ခြေထောက်နဲ့ ပိတ် ဘာတွေ ဖြစ်နေတာ လဲ ....ညကလည်း မင်းအိပ်ကော အိပ်ရဲ့ လား ဘာထထ လုပ်နေတာလဲ ခဏ ခဏ။ စာဖတ်တယ်ဆိုလည်း တော်ရုံပေါ့ ဆယ့်နှစ်နာရီ တစ်ချက် ..... ငါတစ်ရေးနိုးပြီး တာတောင် မင်း လေးငါးခါထသေးတယ် .... ဟင်...”

ညီညီ့မျက်နှာက စိုးရိမ်တကြီးနှင့်ထိတ်လန့် သွားသည်။ ထမင်းစားပွဲနားတွင်တောင့်တောင့်ကြီးရပ်ကာ ကိုကို့ ကိုကြည့်နေသည်။ ရုတ်တရက်ဘာမှ ပြန်မဖြေနိုင်ဘဲဖြစ်နေလေ၏။

“ပြောလေ ညီညီ.... မင်း ကိုကို့ ကို မပြောရင် ဘယ့်သူ ပြောမှာလဲ .... ရည်းစားနဲ့ အဆင်မပြေဘူးလား ....ကျောင်း စာတွေမလိုက်နိုင်ဘူးလား ....ဟင်” ညီညီ၏ တုန်လှုပ်မှုကိုကြည့်ပြီ ကိုကိုပင် စိတ်ထဲ ထင့်ကနဲဖြစ်သွားသည်။

“ငါဘာမှ မဖြစ်ပါဘူး။ ကဲပါ မင်းညီ ဘာမှ မဖြစ်ဘူး စိတ်ချ။ စားစား ... ဟင်းတွေပူတုန်း .... ဒေါ်အေးလက်ရာ မင်း မစားရတာကြာပြီ ....” ညီညီက ပေါ်ပေါ်တင်တင်စကားလွှဲပြန်သည်။ ကိုကိုက လက်မလျှော့ပဲ တွန်းကာ မေးပြန် သည်။

“မဟုတ်သေးပါဘူး မင်း ပုံစံက။ မင်း ဆေးတွေ ဘာတွေ သုံးနေလား ညီညီ ဟင် .... ပြောလေ ...” ကိုကို့ အသံက စိုးရိမ်မှုတွေကော ဒေါသတွေကော ရောပြွန်းလို့ လာသည်။ ညီညီက ခေါင်းတွင်တွင်ခါယမ်းသည်။

“မသုံးပါဘူး မင်းကလည်း ဘယ်ကဆေးကို ငါက သုံးရမှာလဲ .... မသုံးပါဘူး .....”

“အေးလေ မသုံးဘူးဆိုရင် မင်းဘာဖြစ်နေတာလဲ ငါ့ကို ပြောစမ်းပါညီညီရာ ... ဟင် ညီလေး ... ပြောပါ မင်းဘာ ဖြစ်နေလဲ ကိုကို ဘာလုပ်ပေးရမလဲ ဟင် ...”

ကိုကို ထမင်းစားပွဲမှာ ထိုင်နေရင်းက အသာထရင်း ညီညီနားသို့ တိုးကပ်သွားသည်။ ညီညီ နောက်သို့ ဆုတ်သွား သည်။ စိတ်လှုပ်ရှားနေသော ညီညီ့ကို ကြည့်လျှက်က ကိုကို စိတ်ပိုပူလာသည်။ ညီညီ ကိုကို့ ကို ကျော်၍ ထမင်း စား ခန်း အပြင်ဘက်ကို ဖျတ်ကနဲ လှမ်းကြည့်သည်။ ကိုကိုလည်း ညီညီကြည့်ရာသို့ လှည့်ကြည့်လိုက်သည်။ ဘာ မှ မရှိ ထမင်းစားခန်းတံခါး သာ ဟောင်းလောင်းပွင့်နေသည်ကို တွေ့ ရသည်။

“ညီညီ မင်းဘာဖြစ်နေတာလဲ ပြောစမ်းပါ ဟင် ဆေးတွေ ကြောင်နေတာလား ဟင် ညီ ပြောလေကွာ ....” ကိုကို့ အသံ အနည်းငယ်ကျယ်လောင်သွားသည်။ ညီညီ မျက်နှာက ညိုမှောင်လို့ နေသည်။ လက်တွေကိုလည်း ဆုပ် နယ် ဖြစ်ညှစ်နေသည်။နဖူးကြောတွေကလည်း ထောင်လို့ ။ နောက် ညီညီ သက်ပြင်းကိုအသာချလိုက်သည်။

“ကိုကို ညီညီဘာမှမဖြစ်ဘူး မင်းထမင်းစား စိတ်မပူနဲ့ ။ ဘာဆေးမှလည်းမသုံးဘူး။ ဝါသနာလည်း မပါဘူး ဟုတ်လား။ စားစား မင်းအပြင်သွားရင် ညီညီ့ကို ခေါ်လိုက် အခန်းထဲမှာ ရှိမယ် ....” ပြောပြောဆိုဆို ညီညီ ကိုကို ဘေးမှ ပြေးထွက်သွားသည်။

“ညီ ..ညီ ... ”

ကိုကို ထိုင်ခုံတစ်လုံးကို ကန်ထည့်လိုက်သည်။ ညီညီက သူ့ ကိုပင်လှည့်မကြည့်ဘဲ အခန်းထဲဝင်သွားပြီ။ ညီညီ ဘာဖြစ်နေတာလဲ။ ဒီကလေးကို ပစ်ထားလို့ တော့ မဖြစ်တော့ ဟုကိုကိုတွေးနေမိသည်။ ထမင်းစားပွဲပေါ်က ပတတ်စာဟင်းချိုက အငွေ့ တထောင်းထောင်းထနေသည်။ ကိုကို ကြိုက်လှသော ငါးရံ့ အူ ဟင်းသည် ဒီကနေ့ လုံးဝ အရသာ မရှိပါချေ။

ဆက်ပါဦးမည် :D

စာဖတ်လည်လာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......
ရန်ကုန်သား :D

Friday, September 18, 2009

ဘဝထဲမှ "Buffer" ဘတ်ဖာများ .....


စာကြည့်စားပွဲပေါ်က စားပွဲတင် မီးဆလောင်းလေး ၏အလင်းရောင်သည် သူ့ အခန်းလေးထဲသို့ အေးအေးက လေး ဖြာကျနေသည်။ အခန်းလေးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ စာဖတ်ရတာ ကြာတော့ ပျင်းလာပြီ။ ဖတ်နေ သော စာကလည်း ခပ်မြန်မြန်မောင်းနေတဲ့ ဘတ်စ် ကား ပေါ်က မြင်ရတဲ့ မြင်ကွင်းတွေလို မြင်သာ မြင် နေရသည် ဘာတွေ မှန်းမသိ။ တစ်ကြောင်းပြီး တစ်ကြောင်းသာဖတ်ပြီးသည်။ ခေါင်းထဲ ဘာမှ မဝင်။ စာတစ် ကြောင်းကို သုံးခါလောက်ပြန်ဖတ်ရမှတော့ ရှုတ်ထွေးပွေလီလှသော ဒီစာတွေဘယ်လို ခရီးရောက်ပါ့မည် နည်း။ တိုးသက်သက်ဖွင့်ထားသော ဂီတသံက လွင်လွင်ကလေး ညင်သာစွာကြားနေရသည်။ စာဖတ်တဲ့အခါ Classical ဂီတကို နားထောင် နေကျဖြစ်သည်။ ကော်ဖီခွက်ကလေးကတော့သူ့ ကို ငြိမ်သက်စွာ အဖော်ပြု နေ သည်။ ကော်ဖီခွက်ပေါ်မှ သစ်ပင်လေးတွေက ဂီတ သံနှင့်အတူ ယိမ်းနွဲ့ နေသလို ထင်မိသည်။ ကော်ဖီကတော့ စာဖတ် ရင်း၊ သောက်ရင်းလုပ်နေ သော သူ့ ကို အေးစက်စွာ စောင့်ဆိုင်းနေလေသည်။

သူ ဖတ်နေသော စာမှာ လူကိုယ်ခန္ဓာအတွင်းရှိ Buffer system အကြောင်းဖြစ်သည်။ ခန္ဓာကိုယ်တွင်းရှိ ဇီဝဖြစ် စဉ်များ ကောင်းစွာ ပုံမှန်လည်ပတ်ဖို့ ရန်အတွက် pH ... (power of Hydrogen ion) ဟိုက်ဒရိုဂျင် အိုင်းယွန်း အရေ အတွက်၊ အပူချိန် ၃၇ ဒီဂရီ ဆဲလ်စီးယပ်စ် အစရှိသည့် မျှခြေတစ်ခု လိုအပ်သည်။ ဥပမာအားဖြင့် ခန္ဓာ ကိုယ်တွင်း အက်ဆစ် ဓါတ်သိပ်များလာ လျှင်ဖြစ်စေ၊ အယ်လ်ကာလီဓါတ်သိပ်များလာလျှင် ဖြစ်စေ ခန္ဓာ ကိုယ် တွင်း ဇီဝ ဖြစ်စဉ်များ ကမောက်ကမ ဖြစ်ကာ ရောဂါ ဝေဒနာများဖြစ်ပွားလာနိုင်သည်။ သို့ ကြောင့် ခန္ဓာ ကိုယ်အ တွင်းရှိ pH၊ အပူချိန် အစရှိသည်တို့ ကို စံသတ်မှတ်ချက်တစ်ခုဖြင့် သဘာဝ အလျှောက် ထိန်းသိမ်းထား သည်။

အကြောင်း တစ်စုံ တစ်ရာကြောင့် ထို မျှတနေခြင်း (Equilibrium) ပျက်သွားပါက ခန္ဓာကိုယ်မှ သဘာဝ အလျှောက် ပြုပြင်ထိန်းသိမ်းမှုများ အလိုအလျှောက်ပြုလုပ်လျှက် သူလိုအပ်သော မျှခြေအနေအထား ရောက် အောင်ပြန်လည်ထိန်းညှိ ယူသည်။ ထိုကဲ့သို့ ထိန်းညှိပေးရန်အတွက် Buffer ဟူသော ဒြပ်ဝတ္တုများ ခန္ဓာကိုယ် တွင်းတွင် အမြောက်အမြားရှိသည်။ ခန္ဓာကိုယ်၏ အလွန်အံ့သြဖွယ်ကောင်းသော ကာကွယ်မှု ယန္တရား တစ်ခုဟု လည်း ဆိုနိုင်ပါသည်။ စာဖတ်ရသည် ကို ပျင်းရိလာပါက အတွေးတွေ သူ့ ခေါင်းထဲသို့ တရစပ်ဝင်လာမြဲဖြစ်သည်။ ယခုလည်း အတွေးတစ်ခု သူ့ ရင်ထဲ သို့ ချဉ်းနှင်းဝင်ရောက်လာလေ၏။

ခန္ဓာကိုယ်တွင်းစီးဆင်းလှည့်ပတ်နေသော သွေး၏ pH သည် 7.4 (+ or - 0.05) ဖြစ်သည်။ 0.05 ပိုများနိုင်သည် (7.45)။ လျော့သွားနိုင်သည်(7.35)။ ထိုထက်ပိုပြီး များသွားနည်းသွားလျှင် ခန္ဓာကိုယ်ဇီဝဖြစ်စဉ်များ ကမောက်က မ ဖြစ် လျှက် ရောဂါဝေဒနာများ ဖြစ်ပွားလာမည်ဖြစ်သည်။ ထိုအခါ ပထမဦးဆုံး ရောက်လာသူမှာ Buffer များဖြစ် သည်။ အက်ဆစ်ဓါတ်များလာပါက ထိုဒြပ်များလျော့သွားစေရန် ခန္ဓာကိုယ်အတွက် ဘေးမဖြစ်စေရန် Buffer များက ထိုအက် ဆစ်ဓါတ်များကို လျော့ကျသွားစေရန်ပြုလုပ်ပေးသည်။ အယ်လ်ကာလီဓါတ်များ များနေ ပါက လည်းထိုနည်းလည်းကောင်းပင်ပြုလုပ်ပေးသည်။ ဥပမာဆိုရသော် ဟင်းတွေမငန်စေရန် လိုအပ်သောဆား ကို တိုင်းဆမြည်းမြပြီး ထည့်တတ်သော့ စားဖိုမှူးကြီးနှင့်လည်းတူသည်။ မီးအားအတက်အကျကို အလိုအ လျှောက် ထိန်းညှိပေးသော Auto regulator မီးအားထိန်းညှိစက် နှင့်လည်း တူ၏။

သူတို့ အိမ်တွင် အမေသည် Buffer ဖြစ်သည်။ အဖေနှင့်သူတို့ မောင်နှမများ အကြား၊ ညီအစ်ကို မောင်နှမများ အကြား ဖြစ်လာသမျှသော ကတောက်ကဆ များ၊ နားလည်လွဲမှုများ၊ ကို ကောင်းစွာထိန်းညှိပေးနေသူ ဖြစ်သည်။ ကိုကို အရက်သောက်သည်ကို အဖေ ကလုံးဝမကြိုက်။ ကိုကိုက တစ်ခါတစ်ရံ လူမှန်းမသိအောင် မူးမူးပြီး ပြန်လာ တတ်သည်။ ကိုကို အရက်သောက် ဒေါင်ချာစိုင်းပြီးပြန်လာချိန်တွင် အဖေနှင့်တိုးပါက သေချာပေါက် အထိုးခံ ရ မည်ဖြစ်သည်။ ကိုကို ပြန်လာချိန်တွင် အဖေဒေါသကို အပေါက်ဝမှ ရိုက်ချနိုင်သူမှာ အမေသာဖြစ်သည်။ အမေ သာ မရှိလျှင် ကိုကို သည် အဖေ့လက်ချက်ဖြင့် သေလောက်ပြီဖြစ်သည်။ သားသမီးများ နှင့် လင်သားကြားတွင် ရှိသော ပတိပက္ခ မှန်သ မျှ အမေ့ကြောင့် ကြီးရာမှ ငယ်သွားသလို ငယ်ရာမှ ပပျောက်လို့ သွားရစမြဲဖြစ်သည်။ ကိုကို သူနှင့် ညီမလေးတို့ ကြားတွင်လည်း အမေ့၏ မျှတသော မေတ္တာနှင့်အတူ သင့်လျှော် သော ဖျောင့်ဖျ သွန် သင်မှုများ ဖြင့် တည်ငြိမ် အေးချမ်းနေသော မောင်နှမများ၏ ဆက်ဆံရေး ဖြစ်တည်လာ သည်။ သူတို့ မိသားစု သာယာချမ်းမြေ့ နေခြင်း၊ မောင်နှမချင်း ချစ်ခြင်းတို့ သာ ဖြစ်တည်နေခြင်းသည် အမေ့ ကြောင့်ဖြစ်သည်။

သူ တို့ မိသားစု ကြီးသည် လူ့ ခန္ဓာကိုယ်ကြီးဆိုသော် အမေသည် Buffer ဖြစ်သည်။ မိသားစုကြီး တည် ငြိမ်အေး ချမ်းစွာ လည်ပတ်ဖို့ အတွက် အမေ့ အလိမ္မာတွေသာ မပါခဲ့ရင် အဖေနဲ့ သားတွေကြားတွင် အမြဲတစေ တပူပူ တဆူဆူ မငြိမ်းမချမ်း ဖြစ်နေမည်။ တခြားသော မိသားစုများတွင်လည်း ထိုကဲ့သို Buffer နှင့်တူသော အဖေ၊ အမေသို့ မဟုတ် တစ်ယောက်ယောက်တော့ ရှိကောင်းရှိနေမည် ဟု သူတွေးသည်။ ထိုမိသားစုကြီးသည် အမေ့ ကြောင့်ဖြစ်စေ မိသားစုတစ်ခုလုံးချစ်ကြသော သား သို့ မဟုတ် သမီးအငယ်ဆုံးလေးကြောင့်ဖြစ်စေ အကြီးဆုံး အစ်ကိုကြီး အစ်မကြီး များကြောင့်ဖြစ်စေ တည်ငြိမ်ပကတိ ချမ်းသာစွာရှိနေမည်ဖြစ်သည်။ အဖေ့မျက်နှာညိုနေ လျှင် အမေသိသည်။ ကိုကို စသော သူတို့ မောင်နှမတွေ မျက်နှာမကောင်းလျှင် အမေသိသည်။ သူတွေ့ ဖူးခဲ့ သော ဘဝထဲမှ ပထမဦးဆုံးသော Buffer သည် သူ့ ချစ်လှစွာသော အမေဖြစ်သည်။ သူတို့ မိသားစု လေထု က လေးသည် အမေ့ကြောင့် ငြိမ်သက်နေသည်။ နွေးထွေးအေးမြနေသည်။ ရနံ့ သင်းသင်းလေး ကြိုင်နေသည်။ ရယ် သံမောသံလေးတွေ လွင်နေသည်။

ဇာနည့်ကို စခင်မိတော့ သိပ်ပျော့ညံ့လွန်းသည်ဟု သူထင်ခဲ့မိသည်။ ယောကျာ်းဖြစ်ပြီး မာနမရှိဘူးဟုထင်ခဲ့မိ သည်။ အားနာတတ်လွန်းသည်ဟု စိတ်ထဲမှ ကော နှုတ်မှပါ စွတ်စွဲခဲ့ဖူးသည်။ သူ တို့ သူငယ်ချင်းလေးယောက် အဆောင်မှ အခန်းငယ်တစ်ခုကို အမှီပြုရင်း ပညာသင်ခဲ့ကြသည်။ လူငယ်တို့ ထုံးစံအတိုင်း ထစ်ကနဲ စိတ်မတွေ့ တိုင်းဆိုကြပြောကြ ထိုးကြကြိတ်ကြ ခဏခဏ ဖြစ်သည်။ သူ သတိထားခဲ့မိချိန်တွင် သူတို့  သူငယ်ချင်းလေး ယောက် သည် အလွန် ချစ်ခင်နေကြပြီဖြစ်သည်။ သူ ကိုယ်တိုင်လည်း သူငယ်ချင်းများကို အိမ်က ကိုကို့ ထက်ပင် ချစ်သည်။

သူတို့ အခန်းငယ်၏ လေထုသည် ဇာနည့်ကြောင့် လန်းဆန်းလာခဲ့သည်။ အနစ်နာခံတတ်သည်။ သူငယ်ချင်း တစ်ယောက်စီ၏ ဝမ်း နည်းမှု ကြေကွဲမှု ပျော်ရွှင်မှု လွမ်းဆွေမှုတိုင်းကို ကိုယ်ချင်းစာ နားထောင် တတ် သူဖြစ် သည်။ အလျှော့ပေးတတ်သူဖြစ်သည်။ ခွင့်လွှတ်တတ်သူ ဖြစ်သည်။ သူငယ်ချင်းများအကြား စကား ကုန်မကူး တတ်သူဖြစ်သည်။ မျှတစွာဝေဖန် တတ် သူဖြစ်သည်။ ကောင်းစွာ ထိန်းညှိတတ်သူဖြစ်သည်။ ရှေးရှေး က တစ် ယောက်နှင့်တစ်ယောက် ငြူစူစောင်းမြောင်းတတ်ကြသော သူငယ်ချင်းများသည် ဇာနည့်၏ ထိန်းညှိပေး မှု တွင် အဆင်ပြေချောမွေ့ လာကြသည်။ နားလည် မှုတွေ ဝေဝေဆာဆာရလာကြသည်။ လူတစ်ယောက်ကို တစ် ယောက် နားလည်ခြင်းသည် ထိုအရပ် ထိုနေရာ ထိုအိမ် တို့ တွင် သာယာမှုကိုဖြစ်စေသည်။ ချစ်ခင်မှု လေးစားမှု ကို ပွားစေသည်။ ဇာနည်သည် သူတို့ သူငယ်ချင်း လေး ယောက် အတူရှိနေချိန်တွင် Buffer တစ်ယောက် ဖြစ်ခဲ့သည်ဟု သူတွေးမိ၏။

အလုပ်ရှင်သူဌေးနှင့် ဝန်ထမ်းများကြားတွင် ကောင်းစွာကျွမ်းကျင်လိမ္မာသော မန်နေဂျာသည် ထိုအလုပ် ပတ် ဝန်း ကျင်၏ Buffer ဖြစ်၏။ နိုင်ငံနှစ် နိုင်ငံအကြားတွင် စကားလိမ္မာသော သံတမန်သည် Buffer ဖြစ်၏။ မင်းနှင့် ပြည်သူ အကြားတွင် ပညာရှိသော အမတ်လိမ္မာသည် Buffer ဖြစ်၏။ Buffer နှင့်အလား သဏ္ဌန် တူသော ဂုဏ် သတ္တိတူသော လူသားများကို မြင်ယောင်ကြည့်နေမိသည်။ Buffer ပျက်လျှင် ခန္ဓကိုယ်ပျက်မည် ... ဖောက်လွှဲ ဖောက်ပြန်ဖြစ်မည် .. ကမောက်ကမ ဖြစ်မည်။ ပတ်ဝန်းကျင်သည် ကတိမ်းကပါးဖြစ်မည် ဖရိုဖရဲ ဖြစ်မည်။ လောင်မြိုက်မည်။ ပျက်ဆီးမည်။ ပြိုကွဲမည်။

တကယ်တော့ Buffer များမှာ လူ့ လောကကို အကျိုးပြုသူများသာ ဖြစ်သည် ဟု သူ့ အမြင်တွင် ရှင်းရှင်းမြင် လာသည်။ Buffer တွေကို တန်ဖိုးထားသင့်သည် လေးစားသင့်သည်။ အများအကျိုးပြုလျှင် ကိုယ်မနစ်နာဘဲ နှင့်တော့ အောင်မြင်မှုနည်းပါးနေမည်ဖြစ်သည်။ Buffer များသည် အနစ်နာခံသူ များ ဖြစ် သည်။ အများအကျိုး ကြည့်သူများဖြစ်သည်။ အပြုံးဖြင့် ပီတိဖြစ်သူများဖြစ်သည်။ ငြိမ်းအေးသော အရိပ်ကို ပေးသူများဖြစ်သည်။ သာ ယာသော ဝန်းကျင်ကို ဖန်ဆင်းသူများဖြစ်သည်။

သူ နှင့် သူ့ ပတ်ဝန်းကျင်အပေါ် တွင် သူ သတိ မပြု မိခဲ့သော Buffer များ မည်မျှရှိနေပြီနည်း။ Buffer နေရာယူ လျှက်က နေထိုင်သော ပတ်ဝန်းကျင်ကို ဖျက်ဆီးသော သူများလည်း မြင်လာသည်။ ကောက်ကျစ်သော သူများ လည်း သူ့ အတွေးတွင်ပေါ်လာသည်။ Buffer များမရှိလျှင် ပျက်စီးတတ်သလို Buffer အမျိုးအစား ညံ့ဖျင်းလျှင် လည်း ပျက်စီးတတ်သည် Buffer တွေနည်းနေပါကလည်း ပျက်စီးတတ်သည်။ Buffer သည် ဖြောင့်မှန်သော သူဖြစ်သည်။ ဇွဲကောင်းသောသူ ဖြစ်သည် ပျော့ပျောင်းညင်သာ သူများ ဖြစ်သည်။ ဥာဏ်ကြီးသူများဖြစ်သည်။ ကြီးရင့်သော စိတ်ထားရှိသူများဖြစ်သည်။ ထိုအရာများ ပြောင်းပြန်ဖြစ်သော် ...............။

သူ Buffer နှင့်တူသောသူ ဖြစ်ရဲ့ လား .... ထိုမေးခွန်းကို သူ့ ကိုယ်သူ မေးကြည့်မိသည်။ Buffer..... Buffer ..... သူသည် လူအများ၏ ပြုံးပျော်ရွှင်မှုကို ပေးနိုင်သောသူ ဖြစ်ရလို၏ .... သူ့ လက်တကမ်း မိသားစု၊ ပတ်ဝန်းကျင်မှ
သည် ထိုထက် ထို့ ထက် ကျယ်ပြောသော လောကကို အလှဆင်သူ ဖြစ်လို၏ ..... အတ္တတွေလျှော့ပါးကာ ပရ တွေ မျှတဖို့ အရေး .... ကြိုးစားအားသစ်ချင်လာသည်။ သူ တွေးရင်းပီတိဖြစ်ရသည်။ လူတိုင်း လူတိုင်းသည် Buffer ဖြစ်နိုင်သည်ဟု သူထင်မိသည်။ ..... လောက တွင် Buffer များတိုးပွားပါစေ ........ သူ့ စိတ်ထဲမှ တီးတိုး ရေရွတ်လိုက်၏ .... သူ ပြဌာန်းစာအုပ်ကို ပိတ်လိုက်သည်။ ညကား ကောင်းစွာ ငြိမ်သက်ခြင်းရှိပြီဖြစ်၏ .......... ။

ပုံလေးကို ဒီက ယူပါတယ် .... :D

စာဖတ်လည်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......
ရန်ကုန်သား

Wednesday, September 16, 2009

အမြင်ကတ်သူများအား ကျေးဇူးတင်ပါသည် .....

ဒီပိုစ့်လေးကတော့ သူငယ်ချင်း ဝက်ဝံလေး (စက်တင်ဘာရဲ့ ကောင်းကင်) က “ကျွန်တော့်ကို အမြင်ကတ်ရတဲ့ အကြောင်းရင်းများ” ကိုရေးဖို့ တက်ဂ်ထားတဲ့ ပိုစ့်လေးပါ။ လူ မှန် ရင်တော့ အမြင်ကတ်တတ်ကြသလို အမြင် အကတ်ခံရ မှာလည်း မလွဲဧကန် ပါပဲလို့ ထင်မိပါတယ် ..... ဒါ့ ကြောင့်မို့  ကျွန်တော့်ကိုလည်း အမြင်ကတ်ကြသူ တွေ ဒုနဲ့ ဒေး ရှိပါတယ် .... တစ်ခါ တစ်ခါ ကိုယ်မထင်ထားတဲ့သူ တွေက တောင် အမြင်တွေ အကပ်ကြီးကပ် အမုန်းကြီးမုန်းနေတာတွေ ကိုပါ သိရ မြင်ရ ကြားခဲ့ရပါတယ်။ ကျွန်တော့်ကိုမုန်းနေ တယ်လို့ ကျွန်တော် ထင်တဲ့ သူတွေက တကယ်တော့ ကျွန်တော့် အပေါ်စိတ်ထားမှန်ကြသူတွေ ဖြစ်နေသလို မျိုးပေါ့ ... လူကဲခတ်ရတာ အင်မတန်ခက်ပါတယ် ..... ကျွန်တော့်ကို ဘာလို့ လူတွေ အမြင်ကတ်ကြပါသလဲ .....

ကျွန်တော် စဉ်းစားကြည့်မိတယ် ကျွန်တော်တကယ်မကောင်းလို့ အမြင်ကတ်ခံရတဲ့အခါမျိုးလည်း ရှိပါတယ်။ အဲဒီ အခါ မျိုးကျတော့ ကျွန်တော် ပြင်ရတာပေါ့ .... တစ်ခါတစ်ရံ ကိုယ်က ကောင်းနေပါလျှက်နဲ့ အမြင်ကတ်ခံရတဲ့ အခါလည်း ရှိပါတယ် ... အဲဒါတော့ကျွန်တော်လည်း မတတ်နိုင်တော့ပါဘူး လွတ်လွတ်လပ်လပ်ကြီးသာ အမြင် ကတ်ကြပါတော့လို့ ပဲ ပြောရတော့မှာပါ ..... သူတို့ အမြင်ကတ်တာကြီးက ကိုယ့်အတွက် သိပ် အဓိပ္ပါယ် မရှိတဲ့ အခါမျိုးမှာပေါ့ ....

တစ်ကိုယ်ကောင်းဆန်တယ် လို့ အပြောခံရဖူးပါတယ်......
ဆရာလုပ်တယ်လို့ အပြောခံရဖူးပါတယ်......
ကြီးကျယ်တယ်လို့ အပြောခံရဖူးပါတယ် .....
စကားအလွန်များတယ်လို့  အပြောခံရဖူးပါတယ်.....
အချိုးမပြေဘူးလို့ လည်း အပြောခံရဖူးပါတယ် (ဘာအချိုးမပြေလဲတော့ ကျွန်တော်ခုထိ မသိသေးပါဘူး :))

အမြင်ကတ်ခံရတာကို သိလို့ ကျွန်တော့်မှာ ကောင်းကျိုးတွေ အတော်များများရပါတယ် ... အဲဒါကြောင့် အမြင် ကတ်ကြတဲ့ လူတွေကို ကျေးဇူးတောင် တင်မိတယ်။ သူတို့ သာ အမြင်မကတ်ရင် ကျွန်တော်တော့ မသိသား ဆိုး ရွားတဲ့သူ တစ်ယောက် ဖြစ်နေတော့မှာပါ .....။ ကျွန်တော် အမြင်ကတ်ခံရမှာကြောက်လား ဆိုတော့ ကြောက်ပါ တယ် ......ပညာရှိသူတော် ကောင်းတွေ အမြင်ကတ်မှာတော့ ကျွန်တော် သေမလောက် ကြောက်ပါ တယ် .....။ လောကဓံ နဲ့ တွေလာကြုံလာတဲ့အခါ ကိုယ့်စိတ်ကို ကိုယ်ထိန်းပြီး ရင်ဆိုင်အံတုဖို့ ဆိုတာ အပြောလွယ်သ လောက် အလုပ် အင်မတန်ကို ခက်လှပါတယ်။

ကျွန်တော့် မျက်စိထဲတွင် အမြင်မတော်သမျှ ပြောချင်နေသောစကားတွေ ထွက်မလာအောင် မျိုချရပါတယ်။ စေတနာ ဟာ တစ်ခါတစ်ရံ ဝေဒနာဖြစ်ခဲ့ရတဲ့ အတွေ့ အကြုံမျိုး ရှိခဲ့ဖူးလို့ ပါ။ ဒီလိုနဲ့  ကြာလာတော့ လျစ်လျူရှု တတ်လာပါတယ် ...... စောင့်ကြည့်တတ်လာပါတယ် .... အပြစ်တင်စကား မဆိုပဲ လိုအပ်တဲ့အခါ ကူညီတတ် လာ ပါတယ် .... စကားနည်းနည်းပဲပြောဖို့ အောင့်အီးတတ်လာပါတယ် .... ကျွန်တော်လည်း အေးအေး ချမ်းချမ်း ဖြစ်သွားတယ်လို့  ပြောရမယ်ထင်ပါတယ် ....။

အကြောင်းအရာတစ်ခုကို ပြောဆို ဆွေးနွေး ငြင်းခုံကြတဲ့အခါမှာ တစ်ချိန်က ဦးဆောင် ငြင်းခုံခဲ့တဲ့ ကျွန်တော် နားထောင် သူ သက်သက်ဖြစ်လာသလို ..... သူတို့ အမြင်တွေကို နားထောင်ပေးတတ် လာပါတယ် ... သူတို့  မှားနေတယ်ဆိုတာ သိလာတဲ့အခါ ရေလိုက်ငါးလိုက်နေတတ်လာပါတယ် မှားနေတယ်လို့ မပြောတော့ပါဘူး ကျွန်တော်နဲ့ အင်မတန်ရင်းနှီးတဲ့သူတွေက လွဲရင်ပေါ့ ... သူငယ်ချင်းအရင်းခေါက်ခေါက်ဆိုရင်တော့ မုန်းချင် လည်း မုန်းပါစေ သူမှားနေရင် မှားတယ်လို့ ပြောဖို့ ကျွန်တော်ဘယ်တော့မှ မတွန့် ဆုတ်ပါဘူး ။ကျွန်တော့်ကို မုန်း လို့ ကျွန်တော်သေမသွားပေမယ့် သူတို့ မှားနေတာကို သတိမပေး လိုက်ရဘဲ သူတို့ ဒုက္ခရောက်သွားမှာ လူအ များ အကဲ့ရဲ့ ခံရမှာ မလိုလားလို့ ပါ ..... ကျွန်တော့်သူငယ်ချင်းကို ကျွန်တော်ပဲ မကောင်းပြောချင်ပါတယ် ။သူများ မကောင်းပြောတာမျိုးကြားရရင် ကျွန်တော့်ကို ဆဲသလို ပဲ နာပါတယ် အခံရခက်ပါတယ် ....။

နောက်ဆုံးတော့ ဆက်လက် အမြင်ကတ်သူများလည်း ရှိနေစဲဖြစ်သလို ကျွန်တော့်ကိုယ်ကျွန်တော် ဝေဖန်သုံး သပ်လို့ မှားမှန်းသိတဲ့အခါ ပြင်ဆင်တာကလွဲရင် ထိုထို သော အမြင်ကတ်သူအပေါင်းကို ကျေးဇူးလည်းတင်သလို အဓိပ္ပါယ်မရှိတဲ့ ဝေဖန်မှု အမြင်ကတ်မှုတွေကိုတော့ ခေါင်းထဲ သိပ်မထည့်တော့ပါဘူး ... ကျွန်တော် သူတို့  ပါးစပ် ဖျားမှာ ကားယားကြီး အဖြစ်မခံနိုင်ပါဘူးခင်ဗျာ ....... လူတစ်ယောက် ရဲ့ ဘဝမှာ သူ့ ဘဝ သူ့ အကြောင်းနဲ့  ကောင်း အောင် လုပ်နေကြတာပါပဲ ... မှားတဲ့အခါ ရှိသလို မှန်တဲ့အခါလည်း ရှိမှာပါ ... ။

ဒီလောက်နဲ့ ပဲ ကျေနပ်ပါတော့ သူငယ်ချင်း ဝက်ဝံလေး (စက်တင်ဘာရဲ့ ကောင်းကင်)ရေ ... ငယ်ကျိုး ငယ်နာ တွေလည်း ကုန်ပါပြီ ..... :)))) ကျေးဇူး ခင်ခင်မင်မင် တက်ဂ်တဲ့အတွက် .... :)))))

အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ .....
ဆင်းရဲလို ခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ....
လေးစားခင်မင်လျှက်
ရန်ကုန်သား


Sunday, September 13, 2009

အသက်ထွက်သွားသော စောင့်ထိန်းခြင်း

ညသည် တိတ်ဆိတ်စွာ ငြိမ်သက်စပြုနေပြီဖြစ်သည်။ လမ်းမပေါ်တွင်လည်း လူ အသွားအလာ ကျဲပါးနေပြီဖြစ် သည်။ ည သည်လှကောင်းလှပေမည်။ သို့ သော် ထိုလှပသောညကို ခံစားဖို့ နေနေသာသာ ပင်ပန်းနွမ်းနေ သော ခန္ဓာကိုယ် ကို မလျှက်က အိမ်ရောက်ဖို့ တအားလျှောက်ယူနေရသည်။ ရာသီက ပူရသည့်အထဲ အလုပ် ကလည်း ဒီကနေ့  ပိုပင်ပန်းသဖြင့် သူ အားအင်တွေ ကုန်ခမ်းနေပြီဖြစ်သည်။ သူ စီးလာသော ဘတ်စ်ကားက လည်း သူ့  လက်ကျန် အင်အားများကို ယူထားလိုက်ပြီဖြစ်သည်။ လူလည်း ဖွတ်သထက် ညစ်နေပြီ။

တစ်လတစ်လ ရသည့်ငွေနှင့် ဘယ်လိုမှ မကာမိ။ အလုပ်တွင် ရံဖန်ရံခါ အောက်ဆိုက်လေး မှမရရင် အိမ်က မိန်းမက ခို သံပေးကာ မတရား ငြီးမည်။ ဒီ ဗိုက်ပြဿနာ ပါးစပ်ပြဿနာ ကြောင့်ခက်လှသည်။ သို့ သော် မဝတ် ဘဲ နေလို့ ရသည်။ မစားဘဲ နေလို့ ရသည်မဟုတ်။ သားသမီးတွေရဲ့  ပူဆာမှုကိုလည်း ဟိုနေ့ ဝယ်ပေးမည် သည် နေ့ ဝယ်ပေးမည်ဟု နေ့ ရွှေ ညရွှေ့ လုပ်လာခဲ့သည်မှာ ဘယ်နှစ်ကြိမ်မှန်းမသိ။ သူ တို့ သားသမီးများ ကံဆိုး ဘိချင်းဟု တွေးမိသည်။ သို့ သော် သူ့ အစွမ်းက ကုန် ပြီဖြစ်သည်။ သိန်းထီများကလည်း မပေါက်နိုင်။

သူ သိပ်ပင်ပန်းလာသော ရက်မျိုး စိတ်ကလည်း အထိမခံအောင် တိုနေချိန်မျိုးဆိုက ထိုသို့ ကလေးများ ပူဆာ သော အခါ အော်ငေါက်ပစ် လိုက်မိမည်ဖြစ်သည်။ သူလည်း အဖေထဲက အဖေ ပင်ဖြစ်၍ သားသမီးအလိုကို တော့ လိုက်ချင်ပါသည်။ ကလေးနှစ်ယောက် နှင့် သူ့ မိသားစု အတွက် သူ တစ်ယောက် တည်း ရုန်းရသည်မှာ လွယ် လှသည်မဟုတ်။ မိန်းမလုပ်သူက အသုတ်ဆိုင်ကလေး ဖွင့်ပြီး သူ့ ကိုကူညီလို့ သာ သူ အသက်ရှု အ နည်း ငယ် ချောင်နေခြင်းဖြစ်သည်။ အငယ်ကောင်လေးက နောက် နှစ်ဆို ကျောင်းထားရ တော့မည်။ အကြီး ကောင် က သုံးတန်း။ ကျောင်းစရိတ် ကျူရှင်စရိတ် တွေးပူရရင် ထမင်း ပင်စားနိုင်တော့မည် မဟုတ်ပေ။

အိမ်ပြန်ရောက်ရောက်ချင်း ခြေပစ်လက်ပစ်လှဲ ပစ်ချင်စိတ်သာ လွှမ်းမိုးနေလေသည်။ ချေသလုံးကြွက်သား များ ကလည်း ညောင်းချိနေသလို ဇက်ကြောကလည်း နောက်မှ ဆွဲထားသလို တင်းနေပုံကြောင့် မအီမသာကြီး ဖြစ် နေ လေသည်။ တစ်ကိုယ်လုံးလည်း ချွေးများနှင့်စီးထန်းနေလေ၏။ သူ့ ရှေ့ မှ ကားတစ်စီး ဝူးကနဲ မောင်းထွက် သွားသည်။ အိမ်ပြန်ချင်စိတ် အားကြီးနေသော သူ…. ရုတ်ရက်မို့ လန့် သွားသည်။ တစ်ပြိုင်နက် ဒေါသကလည်း မဆီမဆိုင် ထွက်သွားသည်။ ပါးစပ်မှလည်း ပက်ကနဲ့ ဆဲမိသွားသည်။

ကားရပ်ထားခဲ့သော နေရာသို့ ရောက်တော့ လမ်းမပေါ်တွင် မည်းမည်း အရာဝတ္တုတစ်ခု ကို သူ တွေ့ လိုက်ရ သည်။ ဘာများဖြစ်မည်နည်း။ အလင်းရောင်ကလည်း အားနည်းသည်။ သူ အိမ် ကို အနည်းငယ်မေ့သွားသည်။ လေးထောင့်ရှည်မျောမျော အရာတစ်ခု။ ထိုအရာဝတ္တုနားသို့ ရောက်သောအခါ သူ ရပ်တန့် လိုက်ပြီး ဆတ်ကနဲ ကောက်ကြည့်လိုက်သည်။

ပိုက်ဆံအိတ် တစ်ခုပါလား …… သားရေဖြင့်ပြုလုပ်ထားသော အတန်ငယ်ကြီးသည့် အမျိုးသားကိုင် ပိုက်ဆံ အိတ် ဖြစ်သည်။ သားရေသားက အိနေသည်။ ဘာအမျိုးအစားလည်းတော့ မမြင်ရ။ သူ့ ရင်တွေ တဒိန်းဒိန်းခုန် သွား သည်။ ပိုက်ဆံအိတ်မှန်းသိသိချင်း သူ ဘေးဘီသို့  ကျီးကန်းဒေါင်းမှောက်ကြည့်လိုက်မိသည်။ ပိုက်ဆံအိတ် က အနည်းငယ် စီးစီးပိုးပိုးလေးဖြစ်နေသည်။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေ၏ သူ့ နောက်တွင် လည်း ဘယ်သူမှ မရှိ ရှေ့ တစ်ခေါ်လောက်တွင်သာ လူတစ်ယောက်ကျောကို ခပ်ရေးရေးမြင်ရသည်။ ဘယ်သူ မှ မရှိ။ ခွေးတစ် ကောင် ကြောင်တမြီးမှ မရှိ။ သူ့ လက်ယာဘက် တွင် အိမ်တစ်လုံးက အမှောင်ထဲတွင် ငုတ် တုတ် ထိုင်နေသည်။ သူ ပိုက်ဆံအိတ်ကို ဖွင့်မကြည့်နိုင်သေးဘဲ ပတ်ဝန်းကျင်ကိုသာ အထိတ်တလန့်  စူးစမ်း နေသည်။

ပိုက်ဆံတွေများသလားမသိ … ကျကျန်ရစ်ခဲ့တဲ့သူက သူ့ ရှေ့ တစ်ခေါ်လောက်ကလူလား။ ကားကို ဝူးကနဲ မောင်း ထွက်သွား သူလား၊ လက်ယာဘက် အိမ်ကြီးထဲမှ တစ်ယောက်ယောက်များလား။ သူ့ လက်တွေ အနည်း ငယ် တုန် နေသည်။ သူ ဘာကိုမှ ဝေခွဲနိုင်ခြင်းမရှိခင်မှာ ထိုနေရာမှ ဆက်လျှောက်လာမိသည်။ သူ့ ခြေ လှမ်းတွေ နှေးသွားသည်။ ပိုက်ဆံအိတ်ကို လွယ်အိတ်ထဲသို့ အသာထိုးထည့်လိုက်သည်။ ပိုင်ရှင်မရှိသော ပိုက်ဆံများ လည်း ရှိနေသည်ဟု ထင်ရသော အိတ်ကို သူကောက်လာခြင်းသာဖြစ်သည်။

မဖြစ်ဘူး ထုတ်ကြည့်မှဖြစ်မယ် …. မဟုတ်သေးဘူး ဒီလောက်မှောင်နေတဲ့ညမှာ သာမန်လူတစ်ယောက်ဟာ ပိုက်ဆံအိတ်ထုတ်ပြီး ကြည့်ပါ့မလား အသိတစ်ယောက်ယောက်နဲ့ များ ကြည်နေတုန်းတွေ့ သွားရင်မခက်ပ လား။ ….ဒါဆို မီးလင်းသည့်နေရာရောက်ရင်ကော …. ဒါလည်း မဖြစ်ဘူး သူ့ ပုံ စံနဲ့ ကိုင်ထားတဲ့ ပိုက်ဆံအိတ် က စပ် ဟတ်မှုမှ မရှိတာ …… မတော် ကျကျန်ခဲ့သူနဲ့ တိုးနေမှဖြင့် ခက်မည်။ သူ နောက်ကို လှည့်ကြည့်လိုက်ပြန် သည်။ နောက်ခပ်လှမ်းလှမ်းတွင် လူရိပ်သုံးခုလောက် ကိုတွေ့ ရသည်။ သူ အိမ် သို့ သာ အသော့နှင်နေသည်။ ပိုက်ဆံ ဘယ်လောက်တောင် ပါမည်လဲ။ ပိုင်ရှင်ကို ဘယ်လို ပြန်ပေးရမလဲ။ မှတ်ပုံတင်ဖြစ်ဖြစ်။ ဖုန်းနံ ပါတ်တစ် ခုခု ဖြစ် ဖြစ် ပါကောင်းပါမည်။ သူ ထိုက်လို့ ရတာပဲ ခိုးလာတာမှ မဟုတ် တာ ….. ဘာလို့ ပြန်ပေးရ မှာလဲ …။

သူ့ မျက်နှာချင်းဆိုင်မှ လာသောလူက သူ့ ကိုစိုက်ကြည့်နေပါလား။ အိမ်များမှ ဖြာကျနေသောမီးရောင်ဖြင့် သူ့  မျက်နှာကို ထိုလူ ကောင်းကောင်းမြင်ရမည် ဖြစ်သည်။ သူ့ ကို ပိုက်ဆံအိတ်ကောက်ရသလားလို့  မေးလာခဲ့ လျှင် ဘယ်လိုဖြေရမည်နည်း။ တွေ့ တယ် …. ရော့ဒီမှာလို့ ဟုပြောကာ မဆိုင်းမတွ ပေးလိုက်ရမည်လား …။ ထိုလူ သူ နှင့် တဖြည်းဖြည်းနည်းလာ သည်။ ပိုက်ဆံတွေ ဘယ်လောက်ပါမှန်းမသိ …. သူတောင်းတာနဲ့  ချက်ချင်း ထုတ် ပေး ရမှာလား … မဖြစ်ပေ။ ခပ်တည်တည်နှင့် ဆက်လျှောက်မှ ဖြစ်မည်။ သူ ထိုလူအား မျက်လုံးကို ထောင့် ဆုံး သို့  ဆွဲကပ်ပြီးကြည့်သည်။ သူ့  ဘေးမှ ဖြတ်သွားသည်။ သူ့ ကို သတိပင်ထားမိဟန်မတူ။ သူ သက်ပြင်းကို ဟူး က နဲ ချလိုက်မိသည်။ လွယ်အိတ်ထဲလက်ထည့်ပြီး ပိုက်ဆံအိတ်ကို စမ်းသည်။ ခြေနှစ်ဖက် ကတော့ ခပ်သွက်သွက် နှင်သည်။ ငွေသံကြားသည်နှင့် ခြေလှမ်းရသည်ပင် ပေါ့ပါးသလိုရှိသည်။

ပိုက်ဆံအိတ်သည် သူ့ လက်တွင် နူးညံ့စွာထိတွေ့ နေသည်။ ပိုက်ဆံတွေ။ အနည်းဆုံးတော့တစ်သောင်း လောက် ပါနိုင်သည်။ သူ့ လုပ်စာက တစ်လလုံးနေမှ ငါးသောင်းလောက်ရသည်။ တစ်သောင်းလောက်အလ ကားရ နည်းလား။ ပြန်မပေးပဲထား လိုက်လျှင်ကောင်းမည်။ မိန်းမက ဘာပြောမည်မသိ။ သူလည်း ငြင်းမှာ မဟုတ်ပေ။ လာပြန်ပြီတစ်ယောက်။ သူ ပူပင်သွားသည်။ ပိုက်ဆံအိတ်ကျ ကျန်ခဲ့လို့ ပြန်လာရှာသည်လား မသိ။ သူ့ ကို ဒီတစ် ခါ သေချာကြည့်နေတာပဲ။ သူ ထိုသူကို သိများသိ နေသလား သူ့ အသိများလား ….။ သူ့ ရင်တွေ ပို အခုန် မြန်လာသည်။ နားထဲတွင် ဒုတ်ဒုတ် ဒုတ်ဒုတ် နှင့်ကြားနေရသည်။

“ကို စိုးဌေး ပြန်လာပြီလား ဗျ နောက်ကျတယ်နော် ….”

သူ တောင့်တောင့်ကြီးဖြစ်သွားသည်။ သူတို့ အိမ်မှ သုံးအိမ်ကျော်တွင်နေသော ကို မြင့်အောင်ဖြစ်သည်။
“အော် …ဟင်း…. ကိုမြင့်အောင် ဘယ်တုန်း ညကြီး …” သူ့ အသံက တိုပြီးပြတ်သည်။

“အေးဗျာ ဈေးထိပ်နားသွားမလို့  အမေ ချောင်းတွေ တအားဆိုးနေလို့  ချောင်းဆိုးပျောက်ဆေးရည်လေး သွား ဝယ် မလို့ …. သွားပြီဗျာ ….”

“ ဟုတ် …ဟင်းဟင်း ဟုတ်ကဲ့ ….”

သက်ပြင်းချရပြန်ပြီ။ သူ့ လက်သည် လွယ်အိတ်ထဲမှ ပိုက်ဆံအိတ်ကို တင်းတင်းကြီးဆုပ်ထားလိုက်သည်။ မော လှပြီ။ ရင်တွေကလည်း တုန်လိုက်သည့်ဖြစ်ချင်း … သိန်းထီမဟုတ်သော်လည်း သောင်းဂဏန်းလောက် အလ ကားရမည်ဖြစ်၍ လောဘဇောလေးက နားထင်တက်နေပြီဖြစ်သည်။ သူများ ပစ္စည်းမှန်းသိသော်လည်း ပိုင်ရှင် လက်မှ ခိုးလာသည်မဟုတ်သဖြင့် သူခိုးတော့ မဖြစ်တန်ရာ … ကောက်တွေ့ သောပစ္စည်းကို ယူလာသူ သာ ဖြစ် သည်။ တပြားမှ မပါသည်လည်း ဖြစ်ချင်ဖြစ်မည်။ မက်မောမှုသည် ဘယ်၍ဘယ်မျှဟု မသေချာသော်လည်း ကောင်းစွာကြီးထွားနေပြီဖြစ်သည်။ ဤအရာကို လောဘဟုခေါ်သည်။

လက်ဖက်ရည်ဆိုင်က မီးအလင်းရောင်က ထိန်ထိန်ငြီးနေသည်။ သူ မူပျက်နေသည်ကို သူကိုယ်တိုင်သိသည်။ လက်ဖက်ရည် ဆိုင်ထဲတွင် ပိုက်ဆံအိတ်ပိုင်ရှင် ရောက်ကောင်းရောက်နေမည်။ ဆိုင်ထဲမှ လူတစ်ယောက် ကမူး ရှူးထိုးပြေးထွက်လာသည်။ သူ လန့် သွားပြန်သည်။ ပိုက်ဆံအိတ်ကောက်ရသော နေရာဘက်ဆီမှ လာသူ ဆို၍ သူ တစ်ယောက်တည်းရှိသည်။ ဆိုင်ထဲမှ ပြေးထွက်လာသူက သူ့ ဆီသို့ ဦးတည်လာသည်။ ပုံပန်းက တစ်ခုခုကို ရှာ ဖွေနေသလို သူ လက်ဖက်ရည်ဆိုင်ရှေ့ တည့်တည့်ရောက်လာသည်။ ထိုသူက “ခင်ဗျား ပိုက်ဆံအိတ်တစ်ခု များ တွေ့ ခဲ့မိသလား” ဟု မေးခဲ့လျှင် “ဟင့်အင်း ဘယ်မှာလဲ ….” ဟု မသိနားမလည်ဟန်ဖြင့် ဖြေဖို့ အသင့်ပြင် ထား သည်။ လက်ဖက်ရည်ဆိုင်ထဲကို လှည့်မကြည့် ဖြစ် အောင် ကြိုးစားလိုက်သည်။ ဆိုင်ထဲမှ ထွက်လာသူက သူ့  ဘေး မှ ခပ်သွက်သွက် ပြေးသွားသည်။ သူ့ ခြေ လှမ်းတွေ ပိုသွက်လာသည်။ အိမ် မြန်မြန် ပြန်ရောက်ချင် လှပြီ။

အိမ်ပေါ်သို့ ရောက်တော့ သူ့ တစ်ကိုယ်လုံး ချွေးတွေသီးနေပြီဖြစ်သည်။ မောလို့ လည်း ဟိုက်နေသည်။ သား အကြီးက ဧည့်ရှေ့ ခန်းတွင် စားပွဲလေးချကာ စာကြည့်နေသည်။ သူ့ ကိုတွေ့ တော့ “ ဖေကြီး ပြန်လာပြီ ” ဟု ဝမ်းသာအားရ အော်သည်။ သားငယ်ကတော့ သူ့ ကိုတစ်ချက်သာ လှည့်ကြည့်သည်။ ထို့ နောက် သူ့ အစ်ကို ဘေး တွင် ဖတ်စာအုပ်တွေကို လှန်လှောကြည့်နေသည်။ သူကတော့ ပြုံးရုံသာပြုံးပြနိုင်သည်။ မိန်းမဖြစ်သူ အနွဲ့  က နောက် ဖေး ကနေ ထွက် လာသည်။ မနက်ခင်းဆိုင်ထွက်ဖို့ ပြင်ဆင်နေပုံထောက်သည်။

“ပြန်ရောက်ပြီလား …. နားဦးလေ ပြီးတော့ ထမင်းစားတာပေါ့ …”

“အင်း ….. လာဦး …..”

သူ အိမ်ပြန်ရောက်လျှင် ဧည့်ခန်းတွင် လွယ်အိတ်ချ၍ အကျီ င်္ကိုချွတ် ခြေပစ်လက်ပစ်ထိုင်ချပစ် မြဲဖြစ်သည်။ သို့ သော် သူဒီနေ့ မထိုင်နိုင်သေးပေ … သူ့ တွင် ကောက်ရလာသော ပိုက်ဆံအိတ်တစ်လုံးပါနေသည်။ သူ လည်း အင်မတန် သိချင်နေသည်။ ပါလာသော ပိုက်ဆံ ဘယ်လောက်များမည်နည်း။ အနွဲ့ ကို မျက်ရိပ် ပြ ပြီး အိမ်ထဲသို့ ခေါ်လိုက်သည်။ အနွဲ့ က အူလည်လည် ဖြင့်သူ့ နောက်က ပါလာသည်။

“ဟဲ့ ကိုစိုးဌေး ဘာလဲ ဘာဖြစ်လို့ လဲ ရှင့်ဟာ က …..”

အိပ်ခန်းထဲတွင် သူ အသာထိုင်ချလိုက်သည်။ သူ အတော်ညောင်းချိနေသည်မှာ ထိုင်လိုက်တော့မှ ပိုသိသာ သွား သည်။ လွယ်အိတ်ထဲမှာ ပိုက်ဆံအိတ်ကို ထုတ်လိုက်သည်။ ပိုက်ဆံအိတ်က ဖောင်းဖောင်းကလေးဖြင့် အညို ရောင် လွင်လွင်ကလေး ရှိသည်။ သူ့ လက်တွေ အနည်းငယ်တုန်နေသည်။ခပ်မြန်မြန်ဖွင့်လိုက်တော့ …..။

“အံမယ် ပိုက်ဆံအိတ်တွေ ဘာတွေနဲ့ ကောင်းလှချီလား ရှင့်ဟာက … ဟင် ပိုက်ဆံတွေ ……”

“ ငါကောက်ရလာတာ ……”

“ဟယ် …. ကံကောင်းတာပေါ့....... ဘယ်လောက်တောင်လဲ........... ရေစမ်းပါဦး မှန်းမှန်း ….. ပေးပေး ကျုပ်ရေ လိုက် မယ် …. ”

သူ့ မိန်းမ အနွဲ့ ၏ “ဟယ်” ဟူသော အသံနှင့်အတူ ထောင်တန်စိမ်းစိမ်းတွေက အထပ်လိုက်ထွက်လာသည်။ ပိုက် ဆံ အရွက် အသေးလေးတွေက သစ်လွင်ပြီး စိမ်း နေသည်။ ပိုက်ဆံ အသစ်နံ့ က သူ့ နှာဖျားတွင် သင်းနေ ၏ ထို ပိုက်ဆံ သင်းနံ့ ကိုရှူရင်း အနွဲ့ က တဖျပ်ဖျပ် ရေတွက် နေ သည်။ မိန်းမမျက်နှာက အဝါရောင် မီးသီး အောက် တွင် ဝင်းနေသည်။ မျက်လုံးများက စိုလက်ပြီး အရောင်တောက်နေသည်။ လောဘရောင်ဖြစ်မည်။ သူ လည်း
မိန်းမရေတွက်နေသော ပိုက်ဆံများကို ကြည့်ပြီး ပိုက်ဆံအိတ်ထဲမှ အခြားအရာများကို ဆက် မကြည့် နိုင် ဖြစ်နေ သည်။ လောကဓံနှင့်တွေ့ လျှင် လူတို့ သည်တုန်လှုပ်ကြမြဲဖြစ်သည်။ သူတို့ လင်မယားသည်လည်း မချမ်း သာ လူ လင်မယားဖြစ်၍ ပိုက်ဆံရသောအခါ ပျော်ကြ၏။ လူချမ်းသာတို့ သည်လည်း ငွေတွေထပ်ထပ် ရ လျှင် သို့ မဟုတ် ငွေမရတော့လျှင် တုန်လှုပ် ကြမည်သာဖြစ်သည်။

“ဟဲတော့………… ငါးသောင်းတောင် …ငါးသောင်းတောင် အမယ်လေး ကိုစိုးဌေး ရှင်ကံကောင်း…..”

“ရှူး ………… တိုးတိုးလုပ်ပါ အနွဲ့ ရယ် မင်းကလည်း ခုနှစ်အိမ်ကြားရှစ်အိမ်ကြား …. တကတည်းမှပဲ ….”

“အော်အေး … ကျုပ်လည်း ပျော်သွားလို့ ပါတော် ….. နည်းလား ငါးသောင်းကြီးများတောင် …. ကျုပ်အကြွေး လေးတွေတော့ကြေ တော့မှာပဲ တော့ ….. အမယ်လေး ပျော်စရာကောင်းလိုက်တာ ….”

သူက ပိုက်ဆံအိတ်ထဲသို့ ဆက်ရှာကြည့်မိသည်။ အခြား ငါးရာတန် နှစ်ရာတန်း သုံးလေးရွက်စီတွေ့ သေးသည်။ မှတ်ပုံတင် တစ်ခု၊ ဘောက်ချာ စာရွက်တစ်ချို့ ၊ လက်သုံးလုံးလောက်ရှိနေသော မှတ်စုစာအုပ်သေးသေးလေး တစ် ခု။ မိန်းမလုပ်သူ အနွဲ့ က ပိုက်ဆံတွေ ကိုအရသာခံကိုင်ရင်း သူ ရှာနေသော အရာတွေကို ကြည့်သည်။

“အဲ မှတ်ပုံတင်ပါလား …. ရှင် .. ပြန်ပေးမလို့ လား …..”

အနွဲ့ က နှမြောတသစွာဆိုသည်။ သူ မှတ်ပုံတင်ကို ကိုင်ကြည့်လိုက်သည်။ ပိုင်ရှင်မှာ သက်လတ်ပိုင်း လူတစ် ယောက်ဖြစ်သည်။ ရုပ်ရည်သန့် သန့် ပြန့် ပြန့် ရှိသည်။ လိပ်စာကိုကြည့်လိုက်သည်။ တာမွေဖက်ကဖြစ်သည်။ သူ အနွဲ့ လက်ထဲက ပိုက်ဆံတွေကို တလှည့် မှတ်ပုံတင်ထဲမှ လူကိုတလှည့်ကြည့်လိုက်သည်။ သူ့ ပိုက်ဆံများ ဖြစ် သည်။ ချမ်းသာသည်ဆိုဦးတော့ မှတ်ပုံတင်ပျောက်သွားလျှင် ထိုသူ အတော် ဒုက္ခများမည်။

“ငါလည်း မသိဘူး …. ဘယ်လို လုပ်ရမှန်း …. မှတ်ပုံတင်ပျောက်ရင်တော့ ဒီလူ ဒုက္ခရောက်မှာ အသေချာပဲ”

အနွဲ့ မျက်နှာက ညိုသွားသည်။ သူလည်း အခန်းနံရံကို မှီပြီး ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။ ငွေငါးသောင်း သည် များပြားလွန်းသော ငွေကြေးမဟုတ်ပါ။ သို့ သော် သူတို့ လင်မယား အတွက်ကတော့ မက်လောက်စရာ ဖြစ်နေသည်။ ပြန်ပေးဖို့ အတွက်က မခက် လိပ်စာအတိုင်း သွားပေးလိုက်ရုံသာရှိသည်။ သို့ သော် ငွေများက သွားပေးဖို့ အတွေးကို အဝင်မခံနိုင်လောက်အောင် ရှိနေလေ၏။ မပြည့်စုံခြင်းနှင့်လောဘတို့ သည် သူတို့ လင်
မယားရင်ထဲက စောင့်ထိန်းခြင်းနှင့် စာနာမှုကို အသက်မရှူနိုင်အောင် ရစ်ပတ်ချည်နှောင်ထားလေ၏။

“ရှင် ကောက်လာတုန်းက ဘယ်သူ တွေ့ သေးလဲ …..”

“တွေ့ မလား ကျုပ်လည်း တွေ့ တွေ့ ချင်း လွယ်အိတ်ထဲကောက်ထည့်ပြီး အိမ်တန်းပြန်လာတာ…. ပိုက်ဆံ ဒီ လောက်များလိမ့်မယ် ထင်မထားဘူး …… ကားကို ဝူးကနဲမောင်း သွားတဲ့လူလား မသိဘူး …. မင်းသိ တယ် မလား လမ်းထိတ်နားက အိမ်အပြာကြီးရှေ့ မှာလေ ….”

“ပေးမနေ ပါနဲ့ တော့တော် ရှင်ပို့ ချင် စာတိုက်ကနေ မှတ်ပုံတင်ပို့ ပေးလိုက် … ကိုယ်နဲ့ ထိုက်လို့ ရတာပဲ ဟုတ်ဘူးလား ကျုပ်အကြွေးလေးတွေကြေတာပေါ့ ……”

သူ မိန်းဖြစ်သူ အနွဲ့ ကိုကြည့်လိုက်သည်။ ပိုက်ဆံများကို ကိုင်ပြီး အကြွေးကြေမည့်အရေး တွေးပျော်နေသလို သူ က ပြန်ပေးမည်ဆိုပါက နှမြောနေပုံလည်းရသည်။ သူက ပြန်ပေးမည်ဆိုလည်း အနွဲ့ ကငြင်းမည်တော့ မ ဟုတ် ပေ။ သို့ သော် ငွေငါးသောင်းသည် သူ တစ်လလုံး ကုန်းရုန်းရှာမှ ရမည့်ငွေဖြစ်သည်။ သူ သက်မကို လေး လေး ပင် ပင် ချလိုက်မိသည်။ မှတ်ပုံတင်ထဲမှာ ပိုင်ရှင်၏ ဓါတ်ပုံကိုကြည့်ပြန်သည်။ ပြန်ပေးလိုက်ရင် ကောင်း မလား။ ပိုက်ဆံတွေဆီသို့ ရောက်သွားပြန်သည်။ ပိုက်ဆံတွင် သံလိုက်ဓါတ်ပါပုံရသည်။ သူ့ ရင်ကို စွဲ ထား သည်။ အနွဲ့ က ငွေငါးသောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။

“ကဲကဲ နားလိုက် နောက်တော့ စဉ်းစား လောလော ဆယ် ရှင်ရေချိုး ထမင်းစားရအောင် မိုးတအားချုပ်နေပြီ ..”

အနွဲ့ က ပိုက်ဆံတွေကို သေတ္တာထဲ ထည့်သိမ်းသည်။ သူ လည်းပိုက်ဆံအိတ်ထဲသို့ မှတ်ပုံတင် စတာတွေကို ပြန်ထည့်ပြီး အနွဲ့ ကိုပေးလိုက်သည်။ သူ ရေးချိုးနေတုန်း ပိုက်ဆံနံ့ သင်းသင်းရသည်။ ရေတိုင်ကီထဲ တွင် မှတ် ပုံတင်ထဲမှ လူကြီးမျက်နှာပေါ်လာသည်။ သားငယ်လေးက “ဖေကြီး ထမင်းစားမယ် ” ဟုလာခေါ်သည်။

ထမင်းဝိုင်းသည် သားကြီး သားငယ်တို့ ၏ စကားသံများဖြင့် ဆူနေသည်။ အရင်ဆို ကလေးတွေနှင့်စကား တစ် ခွန်းနှစ်ခွန်းပြောဖြစ်သည်။ သို့ သော် သူ ဒီကနေ့ ကောက်ရလာသော ပိုက်ဆံအိတ် အကြောင်းသာ စဉ်းစား နေ မိသည်။ အနွဲ့ ကလည်း နှုတ်ဆိတ်နေသည်။ သူ ပြန်ပေးမည်ဆိုက ငြင်းမရသော်မှ ပေးချင်သည့်ပုံမပေါ်။ ထမင်း ပင် ဘယ်လို စားပြီးသွားသည်မသိ။ အူမကတောင့်သွားသော်လည်း သီလကတော့ သူ့ ရင်ထဲ မှိန်ရာက ပျောက် လုပြီ။

ထမင်းစားပြီး ခြေလက်ဆန့် ရင်း အိမ်ရှေ့ တွင်လှဲနေသည်။ အနွဲ့ က သူ့ ကိုနှိပ်ပေးသည်။ အနွဲ့ လည်း သူလို ပင် ပန်းသည်ဖြစ်သည်။ ညဘက် သူအိမ်ပြန်ရောက်တိုင်း လေးငါးဆယ်မိနစ်တော့ သူ့ ကို နှိပ်ပေးတတ်သည်။ ဒီက နေ့ တော့ သူ့ အဆုံးအဖြတ်ကလေး ကောင်းသွားစေရန် အကြောဖြေပေးသည် နှင့် တူသည်။ သားကြီးက ပုံတွေ ဆွဲနေသည်။ သားငယ်က အစ်ကိုဆွဲသော ပုံတွေကို တစ်ခုချင်းစီမေးပြီး စပ်စုနေသည်။ သူက တရားသ ဖြင့် ဆုံးဖြတ်ဖို့  စဉ်းစား နေ သည်။ အနွဲ့ က အနှိပ်ကလေးဖြင့် သူ့ ကိုဖျောင်းဖျသည်။

ယူလာပြီးမှတော့ မထူးတော့ပေ။ တကယ်တော့ လမ်းမှာတွေ့ ကတည်းက ကောက်လာပြီးကတည်းက ပြန်ပေး ချင်စိတ်ရှိခဲ့ရင် ထိုနေရာတွင် ပိုင်ရှင်ပြန်လာအရှာကို စောင့်ချင်စောင့်နေခဲ့ မိ မည်။ သို့ သော် ခုတော့ အနွဲ့  သေတ္တာထဲပင်ရောက်နေပြီ။ ပိုက်ဆံတွေကလည်း စိမ်းစိမ်းစိုစိုနှင့်ရှိလှသည်။ မိန်းမ မျက်နှာကလည်း ညိုတိုတို ရှိနေပြီ။ နှမြောရိပ် မက်မောရိပ်တွေ အနွဲ့ မျက်နှာတွင် ဟပ်နေသည်။

သူ ဘေးတစောင်းလှဲနေရာက ပက်လက်လှန်လိုက်သည်။ အနွဲ့ က ဘယ်လိုလဲ ဟူသော မျက်လုံးဖြင့်ကြည့်သည်။ အနွဲ့ သည်လည်း ထိုဗြဟ္မာ့ ဦးခေါင်း ငွေငါးသောင်းကို သေတ္တာထဲမှ ထုတ်လိုက် ကိုင်ကြည့် လိုက် ယောကျာ်း လုပ်သူ သေတ္တာထဲ ထည့်လိုက်၊ ပြန်ထုတ်လိုက် ဖြင့် ဘယ်နားထားရမှန်းမသိ ဖြစ်နေခဲ့သည်။ သူမ ကတော့ ထိုက် လို့ ရသည်ဟုသာ မြင်သည်။ ပြန်ပေးရင်တောင် မှတ်ပုံတင်ကို စာတိုက်မှ ပို့  လိုက်ချင်သည်။ ပိုက်ဆံက တော့ ….။ ကြွေးရှင်မျက်နှာကိုသာ မြင်နေသည်။

“မင်း မပေးချင်လည်း ထားလိုက်တော့ တိုးတိုးသက်သာ လည်းနေဦး …..”

“အောင်မယ် ကျုပ်မပေးချင်ရင် ထားလိုက်ဆိုတော့ ရှင်ကကော … အကုသိုလ်ခွဲယူနေသေးတယ် …. အကု သိုလ် မှန်းတော့သိတယ် ကိုစိုးဌေးရေ ဒါပေမယ့် အဲတာက နောက်မှ ခုလောလော ဆယ် အသက်ရှူ ချောင် သွားဖို့ အ ရေးကြီးတယ် …. ”

“အေးပါကွာ ငရဲကြီးတော့လည်း တူတူ ကြီးကြတာပေါ့ … အဓိကက လူမသိဖို့ ပဲ …..”

“အိုး သိစရာလား ရှင်မပေးဘူး ဆုံးဖြတ်လိုက်ရင် ကျုပ် ပိုက်ဆံတွေချန်ပြီး အကုန်မီးမွှေးပစ်လိုက်မယ် ….”

“မှတ်ပုံတင်တော့ ခဏချန်ထားပါဦး သူ့ ပိုက်ဆံတွေ ယူထားပြီး အဲတာလေးတော့ ပြန်ပို့ ပေးရမှာပေါ့ ….”

“အေးပါ…. ဟဲ့ ပိုက်ဆံအိတ်လေးက လှတော့လှသားနော်….. အန္တရာယ်များပါတယ် ကျုပ်ပဲဖျောက်ဖျက်ပစ် လိုက်မယ် မီးခိုးပဲကျန်အောင် ဟီးဟီး …..”

လင်မယားနှစ်ယောက် အတိုင်အဖောက်ညီသွားသည်။ လောဘကလည်း သီလကို နိုင်သွားပြီ။ သူလည်း ရင် ထဲ နည်းနည်းတော့ပေါ့သွားသည်။ဆယ့်တစ်နာရီထိုးတော့ သားကြီးနဲ့ သားငယ်က ဘုရားရှိခိုးလေသည်။ အနွဲ့ က မနက်ဈေးအတွက် လုပ်စရာ ရှိ သည်များ လက်စသတ်ရင်း အိတ်ယာခင်းဖို့ ပြင်သည်။ အိမ်တံခါးကို ဂျက်ချသည်။ သူကတော့ အိမ်ရှေ့ တွင် အသာကလေး မှိန်းပြီးတွေးချင်တာလေး တွေးနေသည်။ မနက်ဖြန် အလုပ်ကပြန်ရင် ဖြင့် ဘီယာလေး တစ်ခွက် နှစ် ခွက်တော့ မော့လိုက်ဦးမည်ဟုဖြစ်သည်။ ဘီယာအနံ့ ကနှာဖျားတွင်လာရစ်သည်။ ပါးစပ်ထဲပင် ခါးသက် သက်ချိုရှရှလေး ဖြစ်လာသည်။ သူ ဘီယာသောက်ရပေဦးမည်။

“ပါဏာတိပါတာ ……… ဝေရမနိသိက္ခပဒံ ……. သမာဒိယာမိ …..”

သားကြီးက ဘုရားစင်ကို ကြည့်လိုက် ပါဏာတိပါတာ ဟုဆိုလိုက် သားငယ် ကိုကြည့်လိုက်ဖြင့် တိုင်ပေးသည်။ သားငယ်က နောက်က နေလိုက်အော်ဆိုသည်။ နောက်တစ်ကြောင်းအော်တော့ သူ့ မှေးထားသော မျက်လုံးပြူး
သွားသည်။ သားကြီးကို လှဲနေရာက ဖျတ်ကနဲကြည့်သည်။ သားကြီးက ညီကို ဆရာလုပ်ရ၍ ပျော်နေသည်။ သူ အနွဲ့ ကိုကြည့်တော့ အိပ်ယာခင်းရန် စောင်တွေ မထား လျှက်က သူ့ ကိုတလှည့် သားတွေကို တလှည့်ကြည့် သည်။ ကြမ်းပိုးတွေတွေ့ လို့ အားရပါရ ပူပူနွေးနွေးညှစ်သတ်ထားသော အနွဲ့ က ပါဏာတိပါတာ ကတည်းက နောက်ဆုံး ကြမ်းပိုးကို ပြတင်းပေါက်က ထလွှင့်ပစ်မိခဲ့သည်။ အဒိန္နာဒါနာကိုတော့ အနွဲ့ မကြားဟန်ပြုခဲ့သည်။

အဒိန္နာဒါနာ………. ဝေရမဏိသိက္ခပဒံ………. သမာဒိယာမိ …..”

သူ့ စိတ်ထဲမှာတော့ ခိုးတာမဟုတ် ကောက်လာတာဟု လက်တစ်လုံးခြား ဆွဲယူတွေးသည်။သုရာမေရယ ရောက် လျှင် တော့ ချောင်း ဟန့် ချင်ယောင် ဆောင်မိမည်ဖြစ်သည်။ အနွဲ့ ကပြုံးသည်။ သူ လည်း အနွဲ့ ပြုံးတော့ လိုက်ပြုံး သည်။ နောက် တော့ ရယ်ကြသည်။ သားကြီးက သားငယ်ကို နောက်သီလတွေ ဆက်တိုင်ပေးနေသည်။ သူ တို့ လင်မယားက တော့ ရယ်မောလျှက် အိပ်ဖို့ ပြင်ကြလေသည်။ ငွေငါးသောင်း တို့  သည် သူ တို့ သေတ္တာထဲတွင် အသေအချာရှိ နေမည်ဖြစ်သည်။ သူတို့ ရင်ထဲမှာ စောင့်ထိန်းခြင်းသည် မပြည့်စုံခြင်းနှင့် လောဘတို့ ၏ လက် ချက် ဖြင့် အသက် ထွက်သွားရရှာ လေတော့သည် တည်း။

လေးစားခင်မင်လျှက်
ရန်ကုန်သား



Friday, September 11, 2009

ကျွန်တော့်ရင်ထဲက စာကြည့်တိုက်များ


သူငယ်ချင်း ကိုသက်တန့် ချို၊ ဝက်ဝံလေး တို့ တက်ဂ်ထားတဲ့ ပိုစ့်ကလေးပါ.............
ကျွန်တော် ကတော့ ဘလော့တွေကို လက်လှမ်းမှီသမျှ အချိန်ပေးနိုင်သမျှ သွားရောက်လည်ပတ် ဖတ်ရှုပါ တယ်။ ဘယ်ဘလော့ ဘယ်အိမ်လေးပဲဖြစ်ဖြစ် တစ်ကြောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ် ဆန်း ဆိုသလို အား ကျ အတု ယူ ဖွယ်ကောင်းလှပါတယ်။ ကျွန်တော့်အနေနဲ့ ကတော့ အားလုံးကို သဘော လည်း ကျပါတယ် ကြိုက်လည်း ကြိုက် ပါတယ်။ ဘယ်အိမ်လေးက ပဲပြန်လာ ပြန်လာ တစ်ခုခု တော့ ရလာတာ ပါပဲ။ ကျွန်တော် မသိတာ တွေ၊ အတုယူ စရာတွေ၊ မှတ်သားစရာတွေ၊ အတွေးအခေါ် တွေ၊ အရေးအသားတွေ၊ အကြောင်းအ ရာတွေ၊ သ တင်းအချက် အလက်တွေ ဖတ်လို့ မကုန် ယူလို့ မကုန်နိုင် ပါဘူး။ ကျွန်တော့် blog list မှာရှိသမျှ ကျွန်တော်ပုံမှန် သွားရောက် လည် ပတ် သမျှသော ဘလော့လေးတွေ အကုန်လုံးကို ကျွန်တော် အရမ်း ကြိုက်ပါတယ်….. ဒီဘ လော့လေး တွေအကြောင်း တစ်ခုချင်းစီပြောရင် ပြောလို့ မကုန်နိုင်အောင်ပါပဲ။ ခုသူငယ်ချင်းနှစ်ယောက်က ခင်ခင်မင်မင် တက်ဂ်လာတဲ့ အတွက် ကျွန်တော်အကြိုက်ဆုံးဘလော့လေးတွေကို ထုတ်နုတ်ပြပါရစေ အဓိက ကတော့ ကျွန် တော် သင်ယူစရာတွေ မှတ်သားစရာတွေ မနိုင်မနင်းနဲ့ ပြန်လာရခဲ့တဲ့  ရစဲဖြစ်တဲ့၊ ရဦးမှာဖြစ်တဲ့ ဘလော့တွေပါ ….. (ဘလော့တိုင်း ဘလော့တိုင်းမှာ ဖတ်စရာ မှတ်စရာ တွေ အများ ကြီး ရှိပါတယ်။ ကျွန်တော်စရိုက်နဲ့  ကိုက် မယ် ထင်တာတွေကို မှတ်သားပါတယ် အတုယူပါတယ်။ တနင့်တပိုး ပေး လိုက်တဲ့ ဘလော့လေးတွေကို ပြော ပြပါရစေ ….)

အစ်မကြီး မနော်ဟရီရဲ့ ဘလော့ပါ …. အစ်မဆီက အရေးအသား အတွေးအခေါ်တွေကို အလည်ရောက်တိုင်း အစ်မ စာတွေ ကိုဖတ်တိုင်း မှတ်သားခဲ့ရပါတယ်။ အားကျခဲ့ရပါတယ်။ လေးစားခဲ့ရပါတယ်။ လေ့လာမှတ် သား ဖို့  မကုန်နိုင်တဲ့ နူးညံ့လှပတဲ့ အစ်မရဲ့ အနုပညာတွေဖြစ်ပါတယ် …..။

မမနိုင်းနိုင်းစနေရဲ့ ဘလော့ပါ …… မမနိုင်းဆီက ရလာတဲ့ စိတ်အာဟာရတွေ၊ ရသစာပေတွေ ဗဟုသုတတွေ အင်မတန် များ ပြားလှပါတယ်။ အရေးအသားကောင်းတွေ အတွေးအခေါ်ကောင်းတွေ ပြည့်နေတဲ့ဘလော့ ဖြစ်ပါတယ် ….

မကြီးဝါရဲ့ အမှတ်တရလေးများ ဘလော့ပါ မကြီးဝါက ကျွန်တော့်ရဲ့ အစ်မကြီးပါ …။ ကျွန်တော်က အိမ်မှာ အကြီး ဆုံးဆိုတော့ အစ်ကို အစ်မ အင်မတန် ငတ်ပါတယ်။ မကြီးရဲ့ နွေးထွေးတဲ့ ခင်မင်တဲ့ ကူညီတတ်တဲ့ မကြီးရဲ့  အိမ် ဟာ မိခင်နဲ့ ဝေးနေ တဲ့ ကျွန်တော့အတွက် အင်မတန် နွေးထွေးလှပါတယ်။ မိခင်နေရာ အစ်မကြီးနေရာက နေ လေးစားချစ်ခင်ရတဲ့ ဘလော့ပိုင်ရှင်ဖြစ်ပါတယ်။ မကြီးဆီကနေ ဘဝထဲဝင်ဖို့ အတွေး တွေ ဘဝမှာနေနည်း ထိုင် နည်းတွေ၊ အတွေ့ အကြုံတွေ၊လက်တွေ့ ကျတဲ့ ချစ်ခြင်းတွေကို မကြီးဝါဆီမှာ ဖတ်နိုင်မှတ်နိုင်ပါတယ်။

နောက် အစ်ကိုမြစ်ကျိုးအင်းရဲ့ ဘလော့ပါ …. အစ်ကိုရဲ့ အတွေးတွေ၊ အရေးအသားတွေဟာ ထူးခြားသလို မှတ်သားစရာ တွေ အပြည့်ပါ … စာတစ်ပုဒ်တိုင်းဟာ စာဖတ်သူရင်ထဲ စွဲသွားအောင် တွေးခေါ်ဖန်တီးမှုတွေ၊ ထိမိတဲ့ အရေး အသားတွေနဲ့ ဆွဲဆောင်နိုင်မြဲပါ …. အင်မတန်လေးစားရပါတယ်။

နောက် အစ်မ မေဓါဝီရဲ့  ရေးမိရေးရာတွေးမိတွေးရာ ဆိုတဲ့ ဘလော့လေးပါ။ အစ်မပန်ဒိုရာရဲ့ ကျေးဇူးနဲ့  ဒီ ဘ လော့ လေးကို ကျွန်တော် ရောက်သွားပါတယ်။ ကျွန်တော့်စရိုက် ကျွန်တော့် အကြိုက်တွေသာမက အတွေး တွေ၊
အရေးတွေ၊ ကဗျာတွေ ကျွန်တော် ခုဖတ်နေစဲပါ အင်မတန်ကြိုက်ပါတယ်။ ကျွန်တော် အစ်မအိမ်က ပြန် လာရင် ရလာတာတွေ အများကြီးပါ …..။ လေးစားမိပါတယ် ….. ကြိုက်နှစ်သက်ရပါတယ်။

အစ်မပန်ရဲ့ (ပန်ဒိုရာ) ဘလော့ဖြစ်ပါတယ် ကဗျာလှလှ စာလှလှ အရေးကောင်း အတွေးကောင်းတွေကို အစ်မဆီရောက်တိုင်း တရကြမ်းကို တုရ ယူရပါတယ်။

အစ်မရွှေပြည်ရဲ့ (ရွှေပြည်သူ) စကားပြေအရေးမှာ ငေးမောနေရတဲ့ ဘလော့ပါ စကားလုံးကို အလှဆင်သော အစ်မရွှေပြည်ရဲ့ စာလေးတွေဟာ ရသ အမျိုးမျိုးပေးစွမ်းနိုင်ပါတယ်။

နောက် အစ်မ မယ်ရဲ့  မယ်ကိုးရဲ့  စာစုများ ဘလော့ပါ အစ်မဟာ အင်မတန် စကားလုံးတွေ ကြွယ်ဝပါတယ် ဥမာ ပြု တာပဲဖြစ်ဖြစ် ထပ်တူပြုတာပဲဖြစ်ဖြစ် အဖွဲ့ အနွဲ့ မှာ အင်မတန် ကောင်းမွန်လှပါတယ်စကား လုံးတွေအင်မတန် အားကောင်းပါတယ်။ အစ်မရဲ့ “ချစ်ခြင်း” ဝတ္တုရှည်ကို ကြိုက်နှစ်သက်ရတာ ဒီအကြောင်းတွေကြောင့်ပါ …. “ချစ်ခြင်း” ကို ဆက်ပြီး ရေးပါလို့ တိုက်တွန်းပါရစေ အစ်မ မယ်ရေ .........။

မတတ်နိုင်ဘူး သူငယ်ချင်းတို့ ရေ ငါးခု မကဘူး တကယ်ရေးရင် ခုနှစ်ဆယ်ကျော်သွားလိမ့်မယ် ……နောက် အစ်ကို အောင်သာငယ်ရဲ့ ကဗျာတွေအစ်ကိုကိုရင်နော်နဲ့ အစ်မခင်လေးငယ်အစ်မဂျူနီယာလွင်ဦးအစ်မရီတာကိုတလနွန်ကြီး(ပျောက်နေတာ ကြာပြီး ခုမှ ပိုစ့်တစ်ခုတင်တယ် ခံစားချက်ကို စာလုံးတွေနဲ့  ရော ထည့်ပေးတတ် တာ သူ့ အရေးအသားတွေပါ)အစ်ကို သီဟသစ်ကိုယုယကြီးအစ်ကို နေဒေးသစ်အစ်ကို ဖိုးစိန်ကိုသားကြီး ရဲ့ ဇာတ်လမ်း ကို ဆက်စေချင်ပါတယ် အရေး အသား ကောင်းသလို လူကို ရယ်မောပျော်ရွှင် သွားအောင် သူ စာတွေက အစွမ်း ထက်ပါတယ် …. ကိုလူထွေးကြီးကိုရွာသားလေး (YTU) ရဲ့ အရေးအသားတွေကို မှတ်သားဖူးပါတယ် စာတွေ ရေးပါဦး ကိုရွာ သားရေ၊လက်ဆိပ်ရှိတဲ့ ညီဇော် ရေးလိုက်ရင် ပြင်းရှတဲ့ ခံစားမှုတွေနဲ့  မောမောကြီးဖြစ် အောင် စွမ်းသူလေးပါ …. အလှတရားရဲ့  အရေး ကောင်း အတွေး ကောင်းတွေ၊ တစ်ရေးနိုးထထအော်တဲ့ ချစ် ခြင်းခြေရာ (အရေးကောင်း ရက်နဲ့  အိပ်ချည်းနေတာ) နဲ့  ဧရာသား ကုန်တော့ဘူး အကုန်လုံးကြိုက်နှစ်သက်တာ ၊ ကို သက်တန့် ချိုရဲ့  ဘလော့လေး(စွယ်စုံကျမ်းတစ်အုပ် လို တန်ဖိုးရှိပါတယ်)၊ အနော်ရဲ့  စိတ်ကူးယဉ် အိပ်မက် ကိုသက်ပိုင်သူ ....... ကဲ ကျေနပ်ပါ တော့ တက်ဂ်ပိုင်ရှင်များဖြစ်တဲ့ ကိုသက် တန့် ချိုနဲ့ ဝက်ဝံလေးရေ ကျွန်တော် ကြိုက်တဲ့ ဘလော့ခုနှစ် ဆယ် ကျော်ရှိပါတယ် …..

ပြောရင်တော့ မိုးပဲလင်းမလား ပဲ ဒီတော့ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ် တက်ဂ်တဲ့အတွက် ကျေးဇူးပါ ဒီ တက်ဂ်ရေးရတာ ခေါင်းအခဲဆုံးပဲခင်ဗျ ….ဝက်ဝံလေးရေ ( အမြင်ကတ်ရတဲ့အ ကြောင်း) အကြွေးကို ပိုစ့်တစ်ခု
ခြား ပြီးဆပ်ပါ့မယ် သူငယ်ချင်းရဲ့ ဘလော့လေးကတော့ အမြဲရောက်လို ကြိုက် နှစ်သက်ပြီး သားဆိုတာ ပြောဖို့ မ လိုပါဘူး နော် …………..

ခင်မင်လေးစားလျှက်
ရန်ကုန်သား

Tuesday, September 8, 2009

“အချစ်၌ မွေ့ လျော်ခြင်း”


ကန်ရေ ပြင်သည် စိမ်းညို့ လျှက်ရှိလေသည်။ နေခြည်နုနုက ရေပြင်ထက်သို့ အသာဖြာကျလို့ နေသည်။ လှိုင်း ကြက်ခွပ်ကလေးများက ကန်အစပ်ဆီသို့ ပြေးပြေးကပ်လာတဲ့အခါ ဖလပ်ဖလပ် ဟူသောအသံလေးကို ကြားနေ ရသည်။ မြင်မြင်သမျှစိမ်းစိုနေသော ထိုကန်တော်အင်းယားသည် ချစ်သူအများ၏ နားခိုရာဖြစ်၏။ အမြင်အေး၏ ရင်အေး၏ ချစ်သူများအတွက် ချိုမြ၏။

သူတို့ နှစ်ယောက် လေတိုးလို့ မရအောင် တစ်ယောက်ကို တစ်ယောက် ဖက်တွယ်ထားကြသည်။ သူမ ခေါင်း လေးက သူ့ လည်တိုင်ကိုမှီလျှက်က သူ့ ရင်ခုန်သံကို နားထောင်နေသည်။ သူ့ ရင်ခုန်သံက လေးလေးနွေးနွေး ရှိနေမည်ဖြစ်သည်။ သူ့ နှာဖျားတွင် သင်းနေသော သူမ၏ ကိုယ်သင်းရနံ့ လေးသည် အင်းယားကန်ကို ဖြတ် တိုက် လာသောလေနုနု နွေးနွေး နှင့်အတူ သင်းတပျံ့ ပျံ့ ရှိလှသည်။ သူမ လက်မောင်းပြည့်ပြည့်လေးကို အသာ ဆုပ်ရင်း သူမလက်တစ်ဖက်ကို သူ့ ရင်ခွင်ထဲသို့ အသာထားလိုက်သည်။ လက်ကလေးကို မပြီး လက်ခုံ လေးကို အသာလေး မွှေးလိုက်ရင် သူ့ ရင်ထဲ သာသာလေး နွေးနွေးသွားလေသည်။

“မောင် ….”

တလောကလုံးတွင် အဲဒီ ခေါ်သံသည် အသာဆုံးဖြစ်သည်။ ဘဝင်ကိုလည်း မြမြလေး အေးစေသလို သူ့ ရင်ကို လည်း လှိုက်ကနဲ နွေးကနဲ ဖြစ်သွားစေသည်။ ချစ်သူ နှစ်ယောက်အတူရှိနေတဲ့အခါ ထိုသို့  နွေးမြနုရွသော ခံ စား ချက်တွေ ရင်ခုန်သံတွေသည် ဤမျှ ထိုမျှ ကြည်နူးစရာရယ်လို့ နှိုင်းဆပြလို့ မရနိုင်ပါချေ။

“ဟင် ပြောလေ နွယ်လေး …. ”

“ဟင့်အင်း မောင့် ကို မောင် လို့ ခေါ်ချင်တာ …. မောင့်ကိုလေ မောင် လို့ ခေါ်လိုက်ရရင် နွယ်လေး ရင်ထဲမှာ အ ရမ်းနွေးသွားတယ်သိလား မောင် ….. မောင်ရယ် …. တစ်သက်လုံး ခေါ်နေပါရစေနော် ….”

သူ လှစ်ကနဲပြုံးသည်။ သူ့ ရင်ထဲမှ ပီတိတွေက မြူးတူးလှုပ်ခါနေသည်။ နှလုံးသားက ဝူးဝူးဝါးဝါးအော် သည်။ သူမ နဖူးပြင်ကို နူးနူးညံ့ညံ့ ဖွဖွ ကလေးနမ်းရှိုက်လိုက်သည်။ သာယာလှိုက်မောလှပေသည်။

“ခေါ်စေဗျာ …. မောင်ကလည်း နွယ်လေးရဲ့ မောင် ဆိုတဲ့ခေါ်အသံလေးကို အမြဲကြားချင်နေတာပါ … မောင် က နွယ်လေးရဲ့ ထာဝရ မောင်ပဲလေ ….”

နွယ်လေးက လွင်လွင်ကလေးရယ်သည်။ ချစ်သူ ရယ်သောအခါ သူ့ နှုတ်ခမ်းတွေက အလိုလို ပြုံးမိသွားသည်။
“မောင် နွယ်လေး ကို ဘာလို့ ချစ်တာလဲ ဟင် …. ”

နွယ်လေး၏ဆံစတွေကို သူ အသာပွတ်သပ်ပေးရင်းက ကန်ရေပြင်ကိုဖြတ်၍ သေးငယ်ငယ်ကျွန်းကလေးကို ငေး ကြည့်နေလိုက်သည်။ ဘာလို့ ချစ်တာလဲ ဆိုတဲ့ မေးခွန်းက အတော်ဖြေရခက်သည်။ ဘာကို ချစ်တာလဲ ဆိုရင် သာ ရှာကြံပြောလို့ ရသည်။ တကယ်တော့ ဘာကို ချစ်တာလဲ ဘာလို့ ချစ်တာလဲ ဆိုတဲ့ မေးခွန်းအ တွက် အဖြေ က တစ်မျိုးတည်းသာဖြစ်သည်။ သူ တိုက်ရိုက် ဖြေဆိုနိုင်ခြင်းငှာ မစွမ်းပါ။

“ချစ်လို့ ချစ်တယ် လို့ ပဲဖြေရမှာပဲ နွယ်လေးရဲ့ ။ ဘာလို့ လဲဆိုတော့ နွယ်လေးကို မောင် ချစ်တယ် ဆိုတာကွ ဥပ မာ နွယ်လေး ပြုံးတာကို ချစ်တယ် နှုတ်ခမ်းလေးတွေ မျက်လုံးလေးတွေကို ချစ်တယ် …. ဆံပင်လေးတွေကို ချစ်တယ် လက်ကလေးတွေ ကိုချစ်တယ် ….. အဲလို တစ်ခုချင်းလိုက်ပြောရင် ကုန်မှာတောင် ဟုတ်ဘူး မောင် က အကုန်ချစ်နေတာလေ …. တော်တော် ဂွကျတဲ့မေးခွန်းပဲ”

နွယ်လေးက သူ့ လက်ကို အသာဆုပ်ကိုင်လျှက် သူမ နှုတ်ခမ်းလေးနှင့်အသာထိထားသည်။ သူမ နှုတ်ခမ်း လေးက နွေးသက်နေသည်။

“ဘာကို ချစ်လဲ တို့ ဘာလို့ ချစ်တာလဲ လို့ မေးလာလို့ သာ နှုတ်ခမ်းလေး ကိုချစ်တယ် ပါးလေးကို ချစ်တယ် ဒီလို လေးပြုံးလို့  … ဒီလိုလေးကြည့်တတ်လို့ …. ဆိုပြီးသာ ရှာကြံပြောရတာ … ချစ်တာက ချစ်တာပဲလေ … နွယ်လေး ဘာပဲဖြစ်နေနေ မောင်က ချစ်နေမှာပဲ ….. ပြောပြလို့ မရဘူး …. ဒါပေမယ့် မောင် နွယ်လေးကို တကယ် မချစ်လို့ မဟုတ်ဘူးနော်။ သေချာတွေးကြည့်ရင် နွယ်လေးနဲ့ ပတ်သက်သမျှအရာ အားလုံးကို ချစ်နေ တာ ….. နွယ်လေး ဆိုတဲ့  အငွေ့ အသက်ကလေး ရှိနေတဲ့ အရာတိုင်းကို ချစ်တာ …..”

သူမက သူ့ ချစ် ဒဿနကို ငြိမ်သက်စွာခံစား နားထောင်နေသည်။
“ မောင် နွယ်လေးကို ကြိုက်နေပြီထင်တယ်လို့  ဟိုကောင် ကျော်ကျော့်ကို တိုင်ပင်တုန်းက ဒီကောင် ဘာပြော တယ်ထင်လဲ … နွယ်လေး …. ”

“ဟင့်အင်း ကိုကျော်က ဘာပြောလဲ မောင် ”

“မချစ်ခင် အရင်မုန်းကြည့်လိုက်တဲ့ ….. မုန်းကြည့်လိုက်ရင် အမှန်တွေကို တွေ့ လာလိမ့်မယ်တဲ့ …. မောင် လည်း ပထမတော့ ဒီကောင် နောက်နေတယ် အောက်မေ့တာ ….. အဲဒါနဲ့ မောင်လည်း နွယ်လေးကို အစမ်း မုန်းကြည့် လိုက်ရော …..”

“ဟင် … နွယ်လေးကို မောင်က အစမ်းမုန်းကြည့်တယ် ….. ဟဟ … မောင့်စကားက အဆန်းပဲ ….”

“ဟုတ်တယ် နွယ်လေးရဲ့  ကျော်ကျော်က မောင့်ကို အဲလို စမ်းသတ်ခိုင်းတာ ….. ပထမဆုံး နွယ်လေးဆီမှာ မောင် မကြိုက်တာတွေ လက်မခံနိုင်တာတွေ ဘာများရှိလဲပေါ့ ….”

“ဟာ မောင်က နွယ်လေးကို အရုပ်တစ်ခု ဝယ်သလို အပြစ်အနာအဆာ ပါလားဆိုပြီးကြည့်တာပေါ့လေ …ဟွန်း မုန်းဖို့ ကောင်းလိုက်တာ …. ”

“ဟုတ်ပါဘူးဗျာ မောင် ပြောပြီးပါပကော အစမ်းမုန်းကြည့်တာပါ ….. ချစ်တယ် ဆိုတာ ဘာလဲ လို့ သိမှ မသိ တာ အမုန်းဆိုတာကိုတော့ လူတိုင်းက သိတယ်လေ ….. မုန်းဖို့ ကလွယ်တယ် အပြစ်မြင်ဖို့ က လွယ်တယ် နွယ်လေးရဲ့  …..”

“ဒါနဲ့ ပဲ မောင်က နွယ်လေးကို မုန်းကြည့်လိုက်တယ်ဆိုပါတော့ …. ရှင်းနိုင်အောင် ရှင်းနော် မရှင်းနိုင် လို့ ကတော့ ပြဿနာရှာမှာ ….. မောင် လူဆိုးကြီး နွယ်လေးကို မုန်းကြည့်ရက်တယ် …..”

“ကဲပါ နွယ်လေးရယ် ပြဿနာတော့ မရှာလိုက်ပါနဲ့ မောင်ပြောတာကို နားထောင်ပေးပါဦး ….နော် အဲဒါနဲ့  မောင့် ရင်ထဲ စွဲနေတဲ့ နွယ်လေးကို မောင့်အတွေးထဲ ခေါ်လိုက်တယ်ပေါ့ကွာ …. ပြီးတော့ နွယ်လေးရဲ့ ခြေ ဆုံး ခေါင်းဖျား မောင်ဘာ မကြိုက်တာ ရှိလဲလို့ အသေရှာတော့တာပေါ့ ….”

“ဟာ မောင်နော် …. .ဘာတွေပြောနေတာလဲ ….”

“ဟဟ တကယ်ပြောတာ ဒါပေမယ့်လေ ဟိုး နွယ်လေးရဲ့ ဆံဖျားလေးကနေ ဟိုးခြေဖျားလေးအထိ မောင် မချစ် တာ မောင် မကြိုက်တာ ဘာမှ မရှိဘူး …. မောင် အကုန်လုံးကို ချစ်နေတာ နောက်နွယ်လေးရဲ့ စိတ်ကလေး တွေ နွယ်လေးရဲ့ မူဟန်လေးတွေ အတွေးလေးတွေ ရယ်မောသံလေးတွေ အပြုံးလေးတွေ စိတ်ကောက်ရင် လုပ်ပြီးစူ ထားတဲ့နှုတ်ခမ်းလေးတွေ အိုဗျာ မောင် အကုန်လုံးကို ချစ်နေတာ အပြစ်ဆိုတာလေ တစ်စတစ်လေ မှ ရှာလို့ မရဘူး ပြီးတော့ နွယ်လေး မောင့်ကို ချစ်တာလေးကို မောင် ချစ်နေခဲ့မိတယ် …..”

သူမ သူ့ ကို အပြစ်မတင်ပါ။ သူမ သူ့  ရင်ကို အသာလေး ပါးအပ်လာသည်။ သူ့ နှလုံးသားတွေနဲ့ သူမ နှစ် ကိုယ် ကြားစကားတွေ ကြားနာနေကြသည်။ သူ့  ရင်ထဲမှ အချစ်တွေသည် သူမ၏ ထိတွေ့ ခြင်းတွင် ယိုင်နဲ့ ခြင်း မရှိဘဲ ချစ်နေမိပါလားဆိုတာ သူ အံ့သြစွာသိလိုက်ရသည်။ အချစ်သည် စောင့်ထိန်းအပ်သည် တို့ ကို စောင့် ထိန်း သင့် ချိန် တွင် စောင့်ထိန်းပြီး ဖြစ်နေလေ၏။ ထိုသည်မှာ အချစ်၏ မနာကျင်စေလိုမှုဖြစ်လေသည်။ သူ၏ ထိတွေ့  ခြင်း သည် သူမ အပေါ်ဘယ်သောအခါမှ နာကျင်မှု မရှိစေရပါ။ သူ သူမကို မြတ်နိုးမှုဖြင့် တိုးတိုးပြီး ချစ်နေမိပြီ တည်း။

“အဲနောက် မောင် နွယ်လေးကို ဘယ်လို မုန်းကြည့်ကြည့် အပြစ်ရှာကြည့်ကြည့် ဘယ်လိုမှ ရှာလို့ မရဘူး ရောင် ရောင်ကလေးတောင် မတွေ့ ဘူး …. မောင် ကိုယ်တိုင်သိလိုက်တယ်လေ မောင် နွယ်လေးကို တားမရ ဆီးမရ ကို ချစ်နေပြီဆိုတာ …”

“တကယ်တော့ နွယ်လေးရယ် အချစ်ဆိုတာ စည်းမျဉ်းတွေ ဥပဒေတွေ နဲ့ ဘောင်ခတ်ထားလို့ ရတာမှ မဟုတ် တာ အချစ်က မောင်တို့ လို မျက်နှာမလိုက်တတ်ဘူး နွယ်လေးရဲ့  ပွင့်လင်းတယ် ရိုးသားတယ် မောင် တော့ နွယ် လေးကို အတိုင်းအတာ မရှိတဲ့ ပုံစံမျိုးနဲ့  ရေတွက်လို့ မရတဲ့ အချိန်မျိုးနဲ့  ချစ်နေတယ်ဆိုတာ နွယ်လေး ယုံ ထား စေချင်တယ် မောင်လည်း နွယ်လေးကို မပြယ်တဲ့အချစ်တွေနဲ့  ချစ်နေမှာမို့ ပါ ….”



သူမ မောင့် ရဲ့ စကားလုံး လှလှတွေကို ပီတိဇောနဲ့ ပင် ပြုံးရယ်မပြစ်နိုင်ပါ။ မောင့် ရဲ့ စကားလုံးလေးတွေကို သူမ ချစ် နေခဲ့ သည်။ မောင့် စကားသံလေးတွေရဲ့ မှီတွယ်ရာ မောင့် ရင်ခွင်ကို သူမ ချစ်နေမိပြီ …. သူမ မောင့် ရဲ့  နွေးထွေး လှတဲ့ အချစ် တွေနဲ့ အတူ ပျော်မွေ့ နေပြီ။ သူမတို့ နှစ်ယောက်လုံး၏ နှလုံးသဲပွတ်တို့ သည် ချစ်ခြင်း ဖြင့် တွယ်ဆက် လျှက် ရှိ နေပြီဖြစ်သည်။

“မောင့်ကို နွယ်လေး ဘယ်လို ရွေးချယ်ခဲ့တာလဲဟင် ပြောပါဦး မောင်ကြားချင်လို့ ….”

ကန်ရေပြင်သည် သူတို့ အားပြုံးပြုံးကြီး ကြည့်နေသည်။ လေနုနုတွေက နေခြည်၏ နွေးထွေးမှုတွေကို ပွေ့ ပိုက် လျှက်က ချစ်သူနှစ်ဦးကို အသာအယာပွေ့ ဖက်ကျီစယ်သွားသည်။

“မောင့်ကို …….…. မောင် ကနူးညံ့တယ် ပြီးတော့ အင်းနော် အဲလို အမေးခံရတော့မှ မောင့်ကို ကိုယ်ချင်းစာမိ တယ် …. မောင် နွယ်လေးကို ဘယ်လောက်ချစ်တယ်ဆိုတာ သိချင်လို့ သာမေးတာပါ ….တကယ်တော့ မောင် ပြောသလို ထောက်ပြလို့ မရတဲ့အရာတွေပါပဲ နောက်ဆုံးတော့ နွယ်လေး မောင့်ကို ချစ်တာပဲသိတော့တယ် …. မောင်နဲ့  ပတ်သက်သမျှအရာအားလုံးကို နွယ်လေးချစ်တယ် …. မောင့်ရင်ခွင်ထဲမှာ နွယ်လေး ခုလိုလေး အမြဲ နေပါရစေ မောင်ရယ် နော် …..”

“….မောင့်ကို နွယ်လေးချစ်တယ် လို့  ပြောလိုက်တာ နွယ်လေးရဲ့ ဘဝတစ်ခုလုံးပါတယ်မောင် …. မောင့် ကို နွယ် လေး ယုံကြည်တယ် ဘာလို့ ယုံကြည်တာလဲလို့ ပြောရရင် မောင့်ရဲ့ တည်ကြည်မှုတွေ မတွေဝေ တတ် မှုတွေ နွယ်လေးကို လက်တွဲ ပြီး နွယ်လေးရှေ့ ကမားမား မတ်မတ် ရပ်တည်ပေးခဲ့တာတွေ အကုန်လုံးပဲ ….”

“နွယ်လေးတို့ မိန်းမတွေဟာ ဘယ်လောက် ကြံ့ခိုင်တယ်ဆိုပြီး မာန်တင်းထားတင်းထား အတွင်းသဘောတွေ အသည်းနှလုံးတွေက နုနုလေးရယ်ပါ ….. နွယ်လေး မောင့် ကို ချစ်ရတာ လိုအပ်နေတဲ့ ကြံခိုင်မှုတွေ အားအင် တွေ အကုန်လုံး ရလိုက်သလိုပဲ …… တကယ် တော့ မောင်ရယ် ဦးနှောက်ရှိရှိ ချစ်ဖို့ ဆိုတာ မဖြစ်နိုင်တာကြီးပါ ဒါတွေ မရှိဦးတော့ မောင့်ကို နွယ်လေး ချစ်နေ ဦးမှာပဲ မောင့်မှာ ဒီလို အရည်အချင်းမျိုးတွေ ရှိနေတာဟာ နွယ် လေးရဲ့ ကံတရားပါ မောင်ပြောသလို အချစ်မှာ ရွေးချယ်မှုဆိုတာ မရှိပါဘူး …..”

သူမ၏ ဘဝသည် မောင် ဖြစ်သည်။ သူမ၏ ရယ်မောသံသည် မောင် ပြုံးတိုင်းပေါ်ထွက်လာမည်။ သူမ၏ မျက် ရည် များ သည် မောင့် ဝမ်းနည်းကြေကွဲမှုများ၏ အထိမ်းအမှတ်ဖြစ်သည်။ သူမသည် မောင့်၏ မှန်တစ်ချပ် ဖြစ် ကောင်းဖြစ်မည်။ သူမ မောင့် ကို ထိုမျှချစ်သည်။ ချစ်လွန်းလို့ ခေါ်လိုက်သော သူမ၏ “မောင်”သည် သူမ ရင်ထဲ ၌ ဖွဲ့ စည်းဖြစ်တည် လာသော အချစ်များ၏ ပဲ့တင်သံသာဖြစ်သည်။

သူမ၏ ဖြစ်တည်မှုသည် မောင် ဟူသော ယောက်ျားတစ်ယောက် အတွက်ဖြစ်သည်။ မောင်မရှိရင် သူမ ဆို သော မိန်းမ မရှိ။ သူမ၏ အတွေးများအားလုံး၏ ပိုင်ရှင်သည် မောင် သာလျှင်ဖြစ်သည်။ မောင့် အတွက် သူမ တွင် အရာ အားလုံးကို လိုက်လျောနိုင်သည်။ မောင့်အတွက် ဘယ်တော့မှ မာကြောသွားမှာ မဟုတ်တဲ့ အသည်း နှလုံးတွေ သူမတွင်ရှိသည်။ မောင့်ကို ချစ်ရလို့ သူမ ဘယ်တော့မှ နွမ်းနယ်သွားမည်မဟုတ်ပေ။ သူမ မှာ မောင့်အတွက် အမြဲတမ်းသစ်လွင်တောက်ပနေသော အချစ်တွေရှိနေပါသည်။

သူမ မောင့်ရင်ခွင်ကို မှီနွဲ့ ရင်းက မောင့်အပေါ် သူမ၏ ချစ်ခြင်းကို ဖော်ကျူးရန်ကြိုးစားနေမိသည်။ မောင် ကအလိုက်သစွာ တိတ်ဆိတ်နေပေးသည် မောင့်ရင်ခုန်သံကို စည်းချက်လိုက်ရင်း သူမပြုံးလိုက်မိသည်။

“နွယ်လေး မောင့်အပြစ်တွေကို လိုက်ရှာကြည့်နေတာ၊ မောင့်သီအိုရီကြီးကို စဉ်းစားကြည့်နေတာ။ နွယ်လေးနဲ့  တော့ သိပ်မကိုက်ဘူး ထင်တယ်မောင်ရဲ့  နွယ်လေးက မောင့်ကို ချစ်နေပြီလေ … မောင်က နွယ်လေးရဲ့  တစ်ဦး တည်းသော မောင် ဖြစ်နေပြီ ချစ်အံ့ စဲစဲ လေးဆိုရင်တော့ ပိုအဆင်ပြေမယ် ဘာပဲဖြစ်ဖြစ်ပါ လေ မောင့်ကို အ ပြစ် ဆိုလို့ အစမ်းလေးတောင် မြင်မကြည့်ချင်ပါဘူး ....... နွယ်လေး ကတော့ မောင့်ကို ချစ် တာပဲ သိတယ် …. အရင်တုန်းကလည်း မောင့်ကို နွယ့်ချစ်သူများ ဖြစ်ခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့  ချစ်ရ တာအမော၊ ခု မောင့် ကို နွယ်လေးရဲ့ မောင် အဖြစ်နဲ့ လည်း တအားချစ်နေတုန်းပဲ …. နောင်လည်း ချစ်နေဦး မှာပဲ လေ …. မောင်သာ ပစ် မသွားရင်ပေါ့ ….”

“အဲ … မောင်က နွယ်လေးကို ဘာကိစ္စပစ်သွားရမှာလဲ … ပေါက်ပေါက်ရှာရှာ ချစ်လို့ လည်းမဝနိုင်ဘူး ပစ်လို့  လည်းမသွားနိုင်ဘူး ဗျာ …… ”

မောင့် အနမ်းတွေသည် အချစ်ကြောင့်ရယ်လားမသိ လှိုက်ဖိုခြင်းထက် နွေးထွေးမှုကိုသာပေးသည်။ သူမ မောင့် ၏ တိုအနမ်းများကို မြတ်မြတ်နိုးနိုးခံယူနေမိသည်။ အချစ်သည် မောင့်အနမ်းကို ဖြူစင်စေကြောင်း သူမ ကောင်း ကောင်းကြီး သိသည်။ မောင်နှင့်ပတ်သက်၍ သူမ အတွက် စိုးရိမ်မှုဆိုတာမရှိခဲ့သေး။ ထိုသည်မှာ သူမ မောင့် အပေါ်ယုံကြည်မှုဖြစ်သည်။ မောင့်အကြည့်တွေ အောက်တွင် သူမ မလုံခြုံမှုဆိုတာ မခံစားရ မောင့်အကြည့် တွေ အောက်တွင် သူမ သည် လွတ်လပ်နေခဲ့သည်။ အနှောင်အဖွဲ့ ကင်းမဲ့နေသည်။ ထိုသည်မှာ မောင့် သိက္ခာ ဖြစ် သည်။ မောင့် ကို ထိုသည်များကြောင့် သူမ ချစ်ရသည်။ ထိုသည်မှာ သူမ ချစ်သော မောင့်အလှတရားများ ဖြစ် သည်။ မောင့် အရေပြားတစ်ထောက်ထက် ထိုကဲ့သို့ သော မနာကျင်ရသည် ကြင်နာမှုများကို သူမ ပိုမြတ် နိုးမိ ပါသည်။

“နောက်ဆုံးတော့ နွယ်လေးရယ် မောင်က နွယ်လေးကို ချစ်တာ နွယ်လေးလို့ အမည်တပ်ထားတဲ့ မိန်းကလေး တစ်ယောက်ရဲ့ ဂုဏ်သတ္တိလေးတွေတိုင်းကို ချစ်နေမိတာပါ … တိုင်းပြလို့ လည်း မောင့်မှာ မတတ်ပါဘူး ပြောပြ လို့ လည်း စကားတွေ မရှိပါဘူးကွာ ….. မောင်လည်း နွယ်လေးကို ချစ်တာပဲ သိတယ် ချစ်ချင်နေတာပဲသိတယ် ဒိပြင်လည်း မစဉ်းစားချင်တော့ဘူး ……”

“မောင်ကလည်း စကားတတ်လိုက်တာ.......... နွယ်လေး တော့ အဲဒါတွေနဲ့ တင် တဖြုတ်ဖြုတ် ကြွေနေရတော့ တာ နော် …..”

“ဟဟ စကားတတ်လိုက်တာတဲ့ ကြည့်ပါဦး မောင့် မြဒါလီလေးက အချစ်အကြောင်းတွေကို ပြောနေလိုက်တာ မောင်တောင် လိုက်လို့ မမှီတော့ဘူး …. သိပ်ပျော်တာပဲ မောင် သိပ်ပျော်တာပဲ အချစ်ရယ် ……. ”

ချစ်သူ နှစ်ယောက်၏ ရယ်သံလွင်လွင်သည် လှိုင်းကြက်ခွပ်လေးများ၏ ဖလပ်ဖလပ်ဟူသော အသံများနှင့် အ တူ လွင့်ပျံသွားလေသည်။ စိမ်းစိုသော အပင်စိမ်းစိမ်းတို့ သည် လေအလာတွင်အသာ ယိမ်းလျှက် အချစ်၏ သံ စဉ်၊ ချစ်သူ နှစ်ဦး၏ ရင်ခုန်သံများနှင့်အတူ စည်းဝါးလိုက်နေသည့်ဟန်ဖြင့် စိမ်းစိုမြမြဖြင့် မြင်သမျှ လှပနေ လေ သည်။ အချစ်သည် အကောင်းဆုံးသော အလှဖန်တီးရှင်ဖြစ်သည်။ အချစ်သည် ဖြည့်တွေးပေးနိုင်ဆုံး သော အ ကောင်းမြင်ဝါဒီသမား တစ်ယောက်ဖြစ်သည်။ အချစ်သည် ကောင်းစွာသော ချုပ်တည်း စောင့်ထိန်းနိုင်မှုကို ဖြစ် စေ သည်။ နူးညံ့သလို ခိုင်မာတည်မြဲသည်။ အဆင်းလှသလို အသံကလည်း ချိုမြသည်။ နာကျင်ခြင်း ကင်း သော ထိတွေ့ ခြင်းများဖြင့် ပြည့်သိပ်နေလေသည်။

သူမ မောင့်ကို မော့ကြည့်လိုက်သည်။ မောင်ကလည်း သူမကို အသာငုံ့ ကြည့်သည်။ မောင့်မျက်လုံးထဲတွင် မောင့်၏ သူမအပေါ်မြတ်နိုးခြင်းများနှင့်သာ ပြည့်သော အချစ်တွေကို တလက်လက်နှင့်တွေ့ နေရသည်။

သူ သူမကို ငုံ့ ကြည့်လိုက်တော့ သူမ မျက်လုံးထဲတွင် သူ့ အား ယုံကြည်ခြင်းနှင့် ရှင်သန်နေသော အချစ်တွေ ကို အထင်းသားမြင်နေရသည်။ သူမသည် ဤလောကတွင် သူအချစ်ဆုံး မိန်းမဖြစ်လေသည်။

အင်းယားကန်သည် ချစ်သူ နှစ်ဦး မျက်မှောက်တွင် အလိုက်တသိ တိတ်ဆိတ်ပေးနေ၏။ ချစ်သူတို့ ၏ ရင်ခုန်သံ တိုးသိပ်သိပ်တို့ က နှစ်ကိုယ်ကြား စကားဆိုကြလေတော့သည်။

ရန်ကုန်သား