Saturday, January 25, 2014

"အပြန်မဲ့ မေတ္တာ"


ဦးမျိုးဝေ အိမ်ထဲသို့  လှမ်းကြည့်လိုက်သည်။ သွပ်မိုးထရံကာ အိမ် ဖြစ်ပြီး အလင်းရောင်ကောင်းကောင်း မ၀င်။ ဖိနပ်ချွတ်တွင်လည်း သဲအလိမ်းလိမ်းဖြင့်ညစ်ထေးနေသည်။ ဧည့်ခန်းသည်လည်း အမျိုးမျိုး အထွေ ထွေသော ပစ္စည်းများဖြင့်ရှုပ်ပွနေသည်။ ညက စားထားဟန်တူသောထမင်းပန်းကန် ဟင်းပန်းကန် များမှ အစ အိပ်ယာလိပ်များ အဆုံး။ သူ ဧည့်ခန်းမှမျက်စိလွှဲလိုက်သည်။ အိမ်တံခါးမကြီးမှ နောက်ဖေး မီးဖိုချောင်အထိ တိုးလျှိုပေါက် မြင်နေရသည်။ မီးဖိုခန်းနှင့် ကပ်လျှက်တွင် အခန်းတစ်ခု ရှိသည်။ ထိုအ ခန်းရှေ့ တွင်ညိုညစ်ညစ် ပိတ်ခြင်ထောင်တစ်လုံးထောင်ထားသည်။ ဘေးတွင် ထွေးခံတစ်လုံး သတ္ထုရေနွေး ခရားတစ်လုံးချထားသည်။ 

မီးဖိုထဲတွင် အမျိုးသမီးတစ်ဦး ချက်ပြုတ်နေသည်။ ကိုတင်ဆောင့် သမီးဖြစ်ဟန် တူသည်။ အိမ်ရှေ့ တွင်ဧည့်သည်ရောက်နေသည်ကို မြင်ဟန်မတူ။ ကိုတင်ဆောင်နှင့်သူမှာ ရင်းနှီးသော မိတ်ဆွေ များဖြစ်သော်လည်း ကိုတင်ဆောင့် အိမ်သို့ သူ တစ်ကြိမ်သာရောက်ခဲ့ဖူးသည်။ ကိုတင်ဆောင့် အမျိုးသမီးဆုံးတုန်းက ဖြစ်သည်။ ကိုတင်ဆောင့်တွင် သမီးတစ်ယောက် သာရှိသည်။ တလောက မိတ်ဆွေ တစ်ဦးပြောမှ ကိုတင်ဆောင်ကျန်းမာရေးမကောင်းကြောင်း လေဖြတ်ထားကြောင်း သိခဲ့ရသည်။

" ကိုတင်ဆောင် နဲ့ တွေ့ ချင်လို့ ပါခင်ဗျာ" 

မီးဖိုချောင်မှ ကိုတင်ဆောင့်သမီး ကြားလောက်သော အသံဖြင့် သူ အော်လိုက်သည်။ ပိတ်ခြင်ထောင် လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး အတွင်းမှ ခြင်ထောင်ကို လက် တစ်ဖက် ဖြင့်ပင့်ကြည့်သည်။ သူ့ မိတ်ဆွေ ကိုတင်ဆောင်ပဲဖြစ်ရပေမည်။ မီးဖိုထဲမှ ကိုတင်ဆောင့် သမီး အပြင်ထွက်လာသည်။ ၀၀ ဖိုင့်ဖိုင့်နှင့် နှုတ်ခမ်းမှာ ၀က်နှုတ်သီးများကဲ့သို ဆူနေ၏။ တမင်ဆူ လား နဂိုဆူလား သူ မသိ ပါချေ။ နှုတ်မှလည်း တစ်စုံတစ်ရာကို ရေရွတ်လာသည်။ စိုနေသောလက်များကို ထမီ ဖြင့်သုတ် လျှက် က အိမ်ရှေ့ သို့ ရောက် လာသည်။ အိမ့်ကြမ်းပြင် တသိမ့်မသိမ့်လှုပ်ခါသွား၏။

" အော် အဖေ့ မိတ်ဆွေထင်တယ် ထိုင် ဦးလေး"

 ခြေရင်းတွင် ထောင်ထားသော တံမြက်စည်း ကိုဆွဲ ကာ သူ့ ကို ထိုင်ပါဟုပြောသော နေရာကို ခပ်ကြမ်း ကြမ်းလှဲလိုက်သည်။ ပိတ်ခြင်ထောင်ထဲမှာ တ၀ူးဝူးအသံ ထွက်လာသည်။

" ခဏနေဦးလေ ဒီမှာ ဧည့်သည်ထိုင်ဖို့ တံမြက်စည်းလှဲနေတယ်" 

သမီးလုပ်သူ၏လေသံက လုံးဝနူးညံ့မှုမရှိ။ တံမြက်စည်း ကို ဂေါက်ခနဲ ပြန်ထောင်ပြီး ပိတ်ခြင်ထောင်ကို ဆွဲတင်လိုက်သည်။ ခြင်ထောင်စွန်းများကို ဖျာအောက်ဖိထား၍ ခြင်ထောင် ပင့်အတင်တွင် ကိုတင်ဆောင့် ခန္ဓာကိုယ်ပင် မြောက်တက်လာ၏။

ဆိုထိုင်း၍ အနံ့ အသက်မကောင်းသော ကြမ်းပြင်ပေါ်တွင် အသာထိုင်ချလိုက်သည်။ ကိုတင်အောင် ဆီးလည်း ထိန်းနိုင်ပုံမရပါချေ။ မတွေ့ ရသည်မှာ တစ်နှစ်ပင်မပြည့်သေးပါ။ ကိုတင်ဆောင် အိုဇာသွားလိုက် သည့်ဖြစ်ချင်း။ သူ နှင့် ကိုတင်ဆောင် အသက်ကွာလှ လွန်ရောကျွံရော သုံးနှစ်သာရှိမည်။ သူ့ အသက် ၅၅ ဆိုလျှင် ကိုတင်ဆောင် မှာ ၅၈-၅၉ သာရှိဦးမည်။ အဖြူရောင် ဆံပင် တို့ က အညီမညာ ပွရောင်းရောင်း ရှိနေသည်။ မျက်တွင်းများက ချိုင့်ဝင်လျှက် မျက်လုံးများမှာ အရောင်မရှိ မှိန်ဖျော့၍ နေလေ သည်။ ပြုံးလိုက်တော့ ပါးတစ်ခြမ်းက ဘယ်ဘက်သို့ စောင်းရွဲ့ သွားသည်။ မေးရိုးများကလည်း ငေါနေ၏။ မနေ့ ညနေစာလား ဒီကနေ့ မနက်စာလား တော့မသိ ကိုတင်ဆောင့် နှုတ်ခမ်းတွင် ပေရေနေသည်။၊သူ စကားလည်း မပြောနိုင်ပါချေ။ သူ့ ရင်ထဲ နင့်ကနဲဖြစ်သွားသည်။

ကိုတင်ဆောင်က သူ၏ဘယ်ဘက်လက်ကို အသာဆန့် ထုတ်လျက် သူ့ ကို နှုတ်ဆက်ရှာသည်။ သူ့ ကိုတော့ မှတ်မိသေးသည်။ သမီးလုပ်သူက တစ်ချက်သာ ပြုံးပြပြီး ရေနွေးဗန်းသယ်ကာ   နောက် ပန်ဝင်သွားသည်။ ပရိသန္တာရ စကားပင်မဆို။ ကိုတင်ဆောင်၏ ပိန်လှီသော လက်ကို ဆုပ်ကိုင်လျက် ဆွံအနေသည်။ ကိုတင်ဆောင် ပြုံးသောအပြုံးက အသက်မပါလှပါချေ။ 

"နေသာရဲ့ လား ကိုတင်ဆောင်" မေးသာမေးလိုက်ရသော်လည်း ဒီစကားသင့်တော်သည် မသင့်တော်သည် သူမသိပါချေ။ ကိုတင်ဆောင် ပါးစပ်ကိုဟပြီးတစ်စုံတစ်ရာပြောဖို့ ကြိုးစားသော်လည်း အိအိအအ အသံမှ လွဲ၍ စကားလုံးရယ်လို့ ထွက်မလာ။

"ကျွန်မလည်း မအားဘူး ဦးလေးရေ အိမ်မှာ လူမမာက တစ်ဖက် ကလေးတွေနဲ့ အိမ်အလုပ်က တစ်ဖက်နဲ့ " 

ကို တင်ဆောင့်သမီးက အစမရှိ အဆုံးမရှိစကားကိုပြောလျက် သယ်လာသော ရေနွေးဗန်းကို   ဘေးတွင်ချပြီး ပြောပြောဆိုဆို အိမ့်နောက်ဖက် ပြန်ဝင်သွားသည်။ ထို အမျိုးသမီးငယ်အား မော့ကြည့်ပြီး တစ်စုံတစ်ခု ပြောမည်ဟန်ပြင် သော်လည်း မပြောဖြစ်လိုက်။ သူမ နှင့် မရင်းနှီးပါ။ အပြင်တစ်နေရာ၌တွေ့  လျှင် ကိုတင်ဆောင့်သမီးဟုပင် သူသိမည်မဟုတ်။ သူ့ မိတ်ဆွေကိုတင်ဆောင် သည် အလွန်နှုတ်ချို၍ အပြောကောင်းသူတစ်ယောက်ဖြစ်လေသည်။

ကိုတင်ဆောင်က သူ၏ အနည်းငယ်ကွေးနေသော ညာဘက်လက်ကို အသာမပြီး ရင်ဘတ်ပေါ်တင်သည်။ သူ့ ညာဘက် တစ်ခြမ်းလုံး လှုပ်ရှား၍ ရဟန်မတူ။ ဘယ်ဘက်လက်ဖြင့် သူ စကားမပြောနိုင်ကြောင်း   ခြေဟန်လက်ဟန်ဖြင့်ပြ၏။

" ကို တင်ဆောင် ကျနော်သဘောပေါက်ပါတယ် အားမနာပါနဲ့ ဗျာ။" ကိုတင်ဆောင့် မျက်လုံးထဲတွင် အားငယ်ဟန် ယူကျုံးမရ ဖြစ်ဟန်တွေ အပြည့်။ " ခင်ဗျားနေသာသလို သာ နေပါဗျာ။" သူ့ အသံတွေ တုန်ရီလို့  နေသည်။ ကိုတင်ဆောင်က ရေနွေးထည့်သောက်ရန် လက်ဟန်ပြရှာသည်။

သူ့ ခေါင်းဦးဘေးတွင် ချထားသော အဖုံးမပါ့သည့် ဗလာစာအုပ်အဟောင်းလေးကို ယူပေးဖို့ လက်ဟန်ပြ သဖြင့် ယူပေးလိုက်ရသည်။ ကိုတင်ဆောင်က အိပ်နေလျှက်က ဘယ်ဘက်လက်ကို အသုံးပြုပြီး ဗလာစာ အုပ်တွင် စာတွေရေးနေသည်။ ကိုယ့်  ခန္ဓာကိုယ်ကို ကိုယ်မသယ်နိုင်သည့်ဘ၀၊ ကိုယ်ပြောချင်သည်ကို  
နှုတ်မှ ထုတ်ဖော်မပြောနိုင်သည့် ဘ၀သို့ ကိုတင်ဆောင် တစ်ယောက် ကံဆိုးခြင်းကြီးစွာရောက်နေပြီ။

"အရမ်းဝမ်းသာ ကျေးဇူးတင် မထိုင်နိုင် တင်ပါးအနာ "

"ဧည့်ဝတ်မကျေ တောင်းပန်"

 ကိုတင်ဆောင် ၏ ပြတ်တေင်းပြတ်တောင်းရေးထားသော စာများကို ဖတ်ပြီး သူ မချိပြုံးပြုံးမိသည်။ 

"ကိုတင်ဆောင် ဒါတွေ ပြောဖို့ မလိုပါဘူးဗျာ ကျုပ်က ဧည့်သည်မှ မဟုတ်ဘဲ။ ကိစ္စမရှိဘူး လောက၀တ်တွေ မလို ပါဘူး ဗျာ" 

ကိုတင်ဆောင်က "ဆေး ခေါင်းရင်းမှာ" ဟု ရေးပြသဖြင့် ပလတ်စတစ်အိပ်ဖြင့်ထည့် ထားသော ဆေးထုတ်
ကို ယူပေးရသည်။ သူ သောက်ရမည့်ဆေးများကို လက်ညှိုးထိုးပြ သည်။ ဆေးသုံးပြားထုတ်ပေးပြီး ကိုတင်ဆောင့် ပါးစပ်ထဲ အသာထည့်ပေးလိုက်သည်။ ပခုံးကို အသာမထူ၍ ရေနွေးပန်းကန်ကို နှုတ်ခမ်း တွင်တေ့ပေးလိုက်သည်။နောက်ဆုံးရေတစ်ငုံတွင် အသက်ရှူမှားလျှက် ကိုတင်အောင်သီးလေသည်။
ကျောကို အသာသတ်ပေးရင်း ချောင်းတဟွတ်ဟွတ်ဆိုး၍ မောဟိုက်နေသော ကိုတင်ဆောင့်ကို ခဏ ပွေ့  ထားလိုက်ရသည်။ကိုတင်ဆောင်က  အမောပြေတော့ သူ့ မိသားစု သာကြောင်းမာကြောင်း မေးရှာသည်။

 " နေကောင်းကြပါတယ်ဗျာ ခင်ဗျား နေသာရဲ့ လား ကိုတင်ဆောင်" 

ကိုတင်ဆောင် ခေါင်းအသာဆတ်ပြသည်။ စာတွေး ရေးပြီး သူ့ ကို ပြပြန်သည်။ 

" ဆေးတိုက်ပေးလို့ ကျေးဇူးတင် မျိုရခက်" 

ကိုတင်ဆောင် ကြိုးစားပြီး စာတွေ ရေးနေသေး၏၊ နောက်ဆုံးပြသော စာလုံးတွေကို ဖတ်ပြီး သူ့ ရင်ထဲတွင် စူးရှ နာကျင်သွားမိသည်။ ကိုတင်ဆောင့်မျက်လုံးတွေမှာ မျက်ရည်တွေက တွဲခိုလို့  နှုတ်ခမ်းတွေက တဆတ်ဆတ်တုန်လို့ ။ သူ ကိုတင်ဆောင့် လက်ကို တင်တင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်မိလေသည်။ ရင်ထဲတွင်လည်း ဒေါသ၊ စာနာစိတန်နဲ့ ၊ ၀မ်းနည်းမှုတွေ ရောပြွန်းလျှက် သက်ပြင်းသာလေးလေး ချမိ တော့လေသည်။

"ဆေးသောက် သီးရင် သမီးကရိုက် ရင်ထဲ မကောင်းဘူး ......... "
 

**************************************
ပုံလေးကို ဒီက ယူပါတယ်

စာဖတ်လည်လာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ရန်ကုန်သား