Monday, January 4, 2010

ချွတ်ယွင်းမှု၌ တွေးခေါ်ခြင်း

ခုတလောမှာ အတွေးတစ်ခု ကို ချဲ့ ထွင်ပြီးတွေးမိနေပါတယ်။ ကျွန်တော်ဘာတွေးမိနေသလဲဆိုတာလေး တင်ပြ ချင်စိတ်ကလေး ဖြစ်လာတာနဲ့  ဒီဆောင်းပါးကို ရေးဖြစ်ပါတယ်။ ကျွန်တော်တို့ တွေ မိဝေးဘဝေး နိုင်ငံဝေး နဲ့  ပညာသင် တဲ့ သူကသင်၊ ငွေရှာတဲ့သူကရှာနဲ့  နိုင်ငံရပ်ခြားမှာ အေးအေးပူပူ ကောင်းကောင်းဆိုးဆိုး နေထိုင် နေ ကြ ရပါတယ်။ ကျွန်တော့်အတွေးက ဒီကနေစပါတယ်။ ကုသိုလ် ပညာ ဥစ္စာ တွေ ရဖို့  သင့်တော်တဲ့ အရပ်ဒေသ မှာ အခိုက် အတန် ဖြစ်စေ အမြဲဖြစ် စေ မိဝေးဖဝေး ဆွေဝေးမျိုးဝေးနဲ့ တပါးသောတိုင်းပြည်မှာ ကျွန်တော်တို့  ဘယ်လို နေထိုင်နေကြပါသလဲ။ လွမ်းရတာတွေလည်း ရှိတာပေါ့၊ ဆွေးရတာ တွေက လည်း ဒုနဲ့ ဒေး၊ အားမတန် လို့ မာန်လျော့ မချိပြုံးပြုံးခဲ့ရတာတွေကလည်း အကြိမ်ကြမ်၊ ဒုက္ခတွေတွေ့ ရလို့ ဆင်းရဲ တွေ နဲ့ ကြုံရလို့  ဝမ်းနည်း အားငယ်ခဲ့ရတာလည်း အခါခါ၊ စသဖြင့်၊ ခြုံပြောရရင် အဆင်မပြေမှုတွေကြားမှာပဲ ပျော် အောင်နေနေ ကြရပါ တယ်။

ဒီအခါမှာ ကျွန်တော်တွေးမိလာလေးက adaptation ဆိုတဲ့စကားလုံးလေးပါ။ အဘိဓါန်မှာတော့ သင့်လျော် အောင် စီစဉ်ခြင်း။ ဆလျော်အောင် ပြုပြင်ခြင်း။ (ဇီဝဗေဒအနက်) သပ္ပါယ ဖြစ်ခြင်း။ သပ္ပါယပြုခြင်း။ (ဥပဒေစကား ရပ်များ) အစားထိုး ပြောင်းလဲခြင်း။ .... စသည် စသည်ဖြင့် အဓိပ္ပါယ်ဖွင့်ပါတယ်။ မြန်မာလို တိုတိုလိုရင်း ပြောရ ရင် တော့ မျှတအောင်သင့်လျော်အောင် အဆင်ပြေအောင်နေတယ်ပေါ့။ နောက်တစ်ခုက compensation ဆိုတဲ့ စကားပါ။ ဒီစကားလုံးမှာ အဓိပ္ပါယ်အမျိုးမျိုးရှိပါတယ်။ ကျွန်တော်ပြောချင်တဲ့ အဓိပ္ပါယ်ကတော့ “something that makes you feel better when you have suffered something bad" လို့  ကမ်းဘရစ်ခ်ျ အင်္ဂလိပ်-အင်္ဂလိပ် အဘိဓာန်က အနက် ဖွင့်ပါတယ်။ တစ်ခုခု စိတ်ထဲ မကောင်းဖြစ်နေရင် ကောင်းသွားအောင် ခံစားနေရတာတွေ ကို နေသာသွားအောင်လုပ်ခြင်းပေါ့။ ဒီတော့က ကျွန်တော်တို့ တွေ ရဲ့  နွမ်းနေ လွမ်းနေတဲ့ စိတ်ကလေးတွေ ကြမ်းနေ ပန်းနေတဲ့ နေ့ ရက်ချိန်ခါတွေမှာ နည်းမျိုး လမ်းစုံနဲ့  ဒီအရာတွေ ကိုဖြေ ဖျောက်ခဲ့ကြရတယ်။ ပျောက် တာ တွေ လည်း ရှိပါတယ်၊ မပျောက်သော်လည်း မတတ်နိုင်တဲ့အဆုံး မှိတ်ပြီး နေ လိုက်ရတဲ့အခါတွေလည်း ရှိမှာ ပါ။ ကျွန်တော်စကားချီးတွေ များနေတာနဲ့ တင် လိုရာမရောက်ဖြစ်တော့မယ်။ ကျွန် တော့်အတွေးက ဒီပြဿနာ မဟုတ်ပါ။ စာရှုသူ မြင်သာ သိသာမယ့် ထင်ရှားတဲ့ ဥပမာကလေး ထုတ် နှုတ် တင်ပြလိုက်ခြင်းသာဖြစ်ပါတယ်။

လူတွေမှာ ပြုပြင်လို့ ရတဲ့အားနည်းချက်တွေ ရှိပါတယ်။ ဆိုပါတော့ စကား ကို နားမခံသာအောင် ကျယ်ကျယ် လောင်လောင် ပြောတတ်တဲ့သူတစ်ယောက်ဟာ ပုံမှန်လေသံနဲ့ ပြောတတ်ဖို့ ကျင့်ယူလို့ ရပါတယ်။ အပြေးနှေး တဲ့သူ ဟာ လည်း မြန်လာအောင်လေ့ကျင့်ယူလို့ ရပါတယ်။ အဆုံးစွန်ဆုံးပြောရရင် မိုက်နေတဲ့သူကိုတောင် လိမ္မာရေးခြားရှိလာအောင် သွန်သင်လို့ ရပါတယ်။ ဒါလိုဆို ပြင်လို့ မရတဲ့အားနည်းချက်တွေကဘာတွေလဲ။ ကျွန် တော်လှည့်ပတ်တွေး ကြည့်ပါတယ်။ ခေါင်းထဲမှာလည်း ကျွန်တော့အမြင်ကို ဆန့်  ကျင်တဲ့ အတွေးတွေက ချေပ လာ ပြန်တယ်။ လူတစ်ယောက်ဟာ အင်မတန် အရုပ်ဆိုးတယ် ဆိုကြပါစို့ ။ ဟိုး အရင့် အရင်အချိန်ကာလတွေ က တော့ ဒါဟာ ပြင်လို့ မရတဲ့ ချွတ်ယွင်း ချက် ဖြစ်ခဲ့မှာပါ။ ဟောခု တကယ်သာ ဆန္ဒ ရှိခဲ့ရင် ချောသွားအောင် လှသွားအောင် ပြင်လို့ ရနေပြီ။ ကိုးရီးယား နိုင်ငံက မင်းသား မင်းသမီးတွေက သက်သေပါပဲ။ ဒီလို ဆင်ခြေတက် တဲ့ အတွေးမျိုးပါ။

ကဲဒါဆိုရင် ကျွန်တော်ဘာတွေးပါသလဲ။ လူဟာ ကိုယ့်မှာ ဘာချွတ်ယွင်းနေသလဲဆိုတာကို တော်တော်များများ က သိထား ကြပါတယ်။ (မသိသေးရင်လည်း သိထားဖို့ သင့်လှတယ်လို့ ဆိုချင်ပါတယ်။) သိထားကြလို့ လဲ ဦးဖြူ ၊ ဒေါ်မဲ၊ ဦးပြာ ၊ဒေါ်နီ စသဖြင့် ကွဲလွဲကုန်ကြတာပါ။ ရုပ်ပိုင်းဆိုင်ရာထက် စိတ်နေသဘောထားကို ဆိုချင်ခြင်း ဖြစ် ပါတယ်။ ဒီလူကတော့ စိတ်ကောင်းရှိတယ် သူကတော့ စိတ်ယုတ်တယ် မကောင်းဘူး စသည်ဖြင့်ပေါ့။ ဒီလို စိတ် ကောင်းရှိတယ်ဆိုတဲ့ မကောင်းဘူးတော်တော်ဆိုးတယ်ဆိုတဲ့ နာမဝိသေသန တွေ ဘယ်လို ဖြစ်လာရသလဲ။ ဒီ နေရာမှာ ဆက်တွေးကြည့်မယ်ဆိုရင် ဘာတွေက အဲဒီလူတွေကို စိတ်ကောင်းရှိစေ တာလဲ မကောင်းတဲ့ စိတ် ဖြစ် စေတာလဲ ဆိုတာ တွေးစရာဖြစ်လာပါတယ်။ သူတို့ မှာ ချွတ်ယွင်းချက်တွေ ရှိနေလို့ ဒီလိုအမျိုးမျိုး အစား စား ကွဲပြားသွားတာဖြစ်တယ်လို့ ထင်မိပါတယ်။ ဒါနဲ့ ဘယ်လိုချွတ်ယွင်းချက်တွေ ကြောင့်ဒီလို ကွဲသွားကြသလဲ။ ဒီနေ ရာမှာ တော်တော် ကလေး ဝိရောဓိ ဖြစ်စရာဖြစ်လာပါတယ်။

ဒီတော့ ဥပမာလေး တွေ ရှာကြည့်မိတယ်။ ဆိုကြပါစို့  မောင်ဖြူဟာ အင်မတန် အရုပ်ဆိုးပါတယ် ဒါပေမယ့် အင်မ တန် စိတ်ထားကောင်းတယ်။ နောက် မောင်ညိုကလည်း အင်မတန် အရုပ်ဆိုးတာပဲ။ ဒါပေမယ့်သူကျပြန်တော့ စိတ်ထား မကောင်းဘူး၊ ကောက်ကျစ်ချင်တယ် ညစ်ပတ်ချင်တယ်။ ဒါဆို အရုပ်ဆိုးသူချင်းတူတူ ဘာလို့ မတူရ သလဲ။ ခပ်ကပ်ကပ်ဖြေရင်တော့ဆက်တွေးဖို့ မလိုဘူးပေါ့။ “ဟ လူချင်းမှ မတူတာ အသက်ရှူကွဲ တာပေါ့ကွာ” လို့ ပြောတာနဲ့ ပြတ်ချင် ပြတ်ပါလိမ့်မယ်။ ကျွန်တော် စဉ်းစားကြည့်တယ်။ မောင်ဖြူက အရုပ်ဆိုးပေမယ့် “ငါ အရုပ် ဆိုးတာ ငါ့ကံ ငါ့ အကြောင်းပဲ စိတ်ကောင်းဖို့ က အရေးကြီးတယ် ”လို့ တွေးချင်တွေးမပေါ့။ မောင်ညိုကျပြန်တော့ “ငါ အရုပ်ဆိုးတယ် ကွာ အရုပ်ချောတဲ့လူတွေ တွေ့ ရင် တွယ်လိုက်ဦးမယ်ကွာ၊ နှိပ်ကွပ်လိုက်ဦးမယ်ကွာ၊ ဆိုတဲ့ စိတ်ရှိလို့  လူတွေကသူ့ ကို စိတ်မကောင်းဘူး ညစ်ပတ်တယ် လို့ ပြောကြတာကော မဖြစ်နိုင်ဘူးလား။ ဒီတော့ မောင်ဖြူက သူ့ ကိုယ်သူ adaptation လုပ်နိုင်တဲ့ သူဖြစ်တယ်။ “ငါကောင်းရင်တော့ ငါ့အရုပ်ဆိုးတာ ကွယ် လောက် တယ်။ မှေးမှိန်သွားလောက်တယ်။ ငါ ကောင်းအောင်၊ အသုံးဝင်တဲ့သူတစ်ယောက် အဆင်းမရှိပေမယ့် အချင်းရှိတဲ့သူတစ်ယောက် ဖြစ်အောင်၊နေမှပဲ ”ဆိုပြီးတွေးလို့ ပေါ့။ ဒီတော့သူက ကြိုးစား လာရတယ်။ အသိ ပညာ နဲ့ ပြည့်စုံအောင် လူ့ လောကမှာ သူဟာ အသုံးဝင်တဲ့ သူ ဖြစ်အောင် ကြိုးစားတယ် အားထုတ်တယ်။ ဒီ တော့ သူဟာ မှန်ကန်တဲ့ compensation တစ်နည်းအားဖြင့် adaptation လုပ်တာပဲ။ သူဟာ ထင်ပေါ်ကျော် ကြားလာမယ် အောင်မြင်မှုတွေရလာမယ်။ သူ့ ထက် အရုပ်ချောသူတွေကလည်း သူ့ ကိုရိုသေလာမယ်။ အဲဒီလူ တွေ ထက်လည်း ပညာတတ်လာမယ်။ မိမိရဲ့ ချွတ်ယွင်းမှု တစ်ခု အတွက် စိတ်ပျက်အားငယ် နေလို့ အကျိုးမရှိနိုင် ဘူးလို့  ဒီနေရာမှာ လေးထားပြီးဆိုလိုချင်တာပါ။ မောင်ညို့ အကြောင်းကိုချဲ့ ကားပြောစရာမလိုတော့ဟု ထင်ပါ တယ်။

ဒီတော့ အထက်မှာ ဥပမာနဲ့ စပ်လျင်းပြီး တင်ပြထားတဲ့ adaptation နဲ့ compensation ဆိုတဲ့စကားမှာ ကျွန် တော်က compensation ကိုသုံးရင်နေရာပိုကျလိမ့်မယ်လို့ ထင်ပါတယ်။ (အဓိပ္ပါယ်ချင်းတော့ ခပ်ဆင်ဆင် တူပါတယ်) ဆိုတော့က လူတစ်ယောက် ကောင်း တယ် ဆိုး တယ်ဆိုတာ သူ ဘယ်လို ခံစားတယ် (ဘယ်လို compensate လုပ်တယ်) ဆိုတဲ့ အပေါ်မှာ မူတည်ပါ တယ်။ ဒီတော့ compensation ဟာ သူ့ ရဲ့ အတွေး အမြင်ဖြစ်လာပါတယ်။ တစ်နည်းအားဖြင့်သူ့ အတွေး အမြင်မှန်လာရင် compensation လုပ်နိုင်လာမယ်။ မိမိစိတ်ကို ထိန်းညှိခြင်းဟာ လူတစ်ယောက် အတွက် အင်မတန် အရေးကြီးပါလားဆိုတာကျွန်တော် လင်းလင်းကြီးတွေ့ မိတယ်။ အင်မတန် ခက်ပါလားလို့ လည်း မြင်မိတယ်။

ဒီတော့ ပြုပြင်လို့ မရတဲ့ ချွတ်ယွင်းချက် တွေရှိနေတဲ့ လူသားတစ်ယောက် အနေနဲ့  မှန်ကန်တဲ့ အတွေးရှိဖို့  မှန် ကန်တဲ့ compensation ရှိဖို့ အင်မတန်အရေးကြီးပါတယ်။ (၃၈) ဖြာမင်္ဂလာတရားတော်မှာလည်း အတ္တသမာ ပဏိဒိစ- မိမိ ကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း ဆိုတာရှိပါတယ်။ ဒီတော့ မှန်ကန်တဲ့ compensation ဟာ လည်း ဒီမင်္ဂလာ တရားတော်ရဲ့ အစိတ်အပိုင်းဖြစ်ကောင်းတယ်လို့  ယူဆမိပါတယ်။ ဒါ့ကြောင့် ဘယ်နယ်ပယ် မှာ ပဲဖြစ်ဖြစ် ကမ္ဘာကျော်နိုင်ငံကျော်ပုဂ္ဂိုလ်တွေဟာ ငယ်ဘဝက ဆင်းရဲ မွဲတေသူတွေ ချွတ်ယွင်းချက်အမျိုးမျိုး ရှိခဲ့ သူတွေ ဖြစ်ခဲ့ကြတယ် ဆိုတာ သူတို့ ရဲ့ အတ္ထုပ္ပတ္တိတွေမှာ အထင်အရှားတွေ့ နိုင်ပါတယ်။ သူတို့ ဟာ မှန်ကန်တဲ့ compensation ရှိခဲ့ကြလို့ ပဲလို့ ဆိုနိုင်မယ်ထင်ပါတယ်။ သူတို့ ရဲ့ ကံတရား အပါအဝင် ရုပ်ပိုင်းဆိုင်ရာ အားနည်းမှု ကြောင့် ရရှိလာတဲ့ ပြင်းရှတဲ့ ခံစားမှုတွေ ကို အားအဖြစ်ပြောင်းလဲ တတ်ဖို့  သိပ် အရေးကြီးတာကို တွေ့ ရမှာဖြစ် ပါတယ်။

တစ်ခါတစ်ရံမှာ အဲဒီလို အားငယ်မှုတွေ နာကျင်မှုတွေ ကြောင့်လူတွေဟာ ဘာသာရေးအဆုံးအမတွေ၊ လူကြီး သူမ တွေရဲ့  အဆုံး အမတွေ၊ သဘာဝရဲ့ သဘော တရားတွေ နဲ့ လွတ်ပြီး တွေးခေါ်မိတဲ့အခါ တရားလက်လွတ် တွေ ဖြစ်ကုန်တတ်ပါတယ်။ အပြစ်ရှာမရတော့ တဲ့အခါ ကံဆိုးလိုက် လေခြင်းဆိုပြီး ကိုယ့်ကံကြမ္မာကို အပြစ်ရှာ ကြ တယ်။ နောက် ဒီအပေါ်မှာ အားငယ်စိတ်တွေ တစ်လှေကြီးဝင်လာကြ၊ စိတ်ဖိစီးမှုခံစားလာရ ဖြစ်လာကြ တယ်။ ကြောက်ရွံ့  တုန်လှုပ်လာကြတယ်။ ဒေါသတွေ ဖြစ်လာကြတယ်။ အဲဒီနေရာ မှာ စတင်မှားကြ တော့တာ ပါပဲ။ ပေါက်ကွဲလာကြတယ်။ မိမိကိုယ်ကို အပြင် ပတ်ဝန်း ကျင်ကိုလည်း နှိပ်စက်လာကြတယ်။ ပတ်ဝန်းကျင်ကို ပြန်လည် တိုက်ခိုက်လာကြတယ်။ သူ ဟာ အသုံးဝင်တဲ့သူ အရေးပါတဲ့သူ အရည် အချင်းရှိတယ် သူဖြစ်တယ် ဆို တာ မှားယွင်းတဲ့နည်းလမ်းတွေနဲ့ ပြသလာကြတယ်။ ဒီအရာ တွေ အားလုံးဟာ မှားယွင်းတဲ့ compensation လို့ ဆိုချင်ပါတယ်။

စိတ်ကို ထားတတ်ဖို့  အင်မတန်အရေးကြီး ပါ တယ်။ စိတ်ထားတတ်တဲ့သူဟာ ဘယ်လောက် ဆိုးရွားတဲ့ အခြေ အနေမှာပဲဖြစ်ဖြစ် compensate လုပ်နိုင်ပါ တယ်။ ဒီလို လုပ်နိုင်ရင် နည်းလမ်းဆိုတာ ပေါ်လာတာပါပဲ။ မိမိရဲ့  ဆန္ဒ လက်တွေ့ ဘဝမှာ ဖြစ်ထွန်းပေါ်ပေါက် လာ ဖို့ “နည်းလမ်းကောင်း” ရွေးချယ်တတ်ဖို့ လိုပါတယ်။ ဆိုးရွားနေ တဲ့ ဖြစ်တည်မှု သို့ မဟုတ် အခြေအနေတစ်ခုခုက ရလာတဲ့ ခံစားမှုကို အားအဖြစ်ဖန်တီးနိုင်ဖို့ လိုပါတယ်။ စိတ်ဆို တာ မထားတတ်ရင် compensation မလုပ်နိုင်ရင် မျှတစွာ မတွေးတတ်ရင် မချမ်းသာပါ ဘူး။ ထို့ အတူပဲ မိမိ ကိုယ်တိုင် (စိတ်) ချမ်းသာမှု မရှိတဲ့သူဟာ တပါးသူအပေါ် ကောင်းကျိုးချမ်းသာ ပြုနိုင်ဖို့ မဖြစ်နိုင်ပါ။ ကု သိုလ် ပညာ ဥစ္စာတွေ ရဖို့  မပျော်ပေမယ့် တော်ရာ အရပ်မှာနေ ကြရလို့  ပျော်အောင် တစ်နည်း အားဖြင့် မပျော် သော် မှ နေသာအောင် compensate လုပ် ပြီးနေကြရသလို မိမိကိုယ်မှာ ရှိနေတဲ့ မပြည့်စုံမှု ချွတ်ယွင်းမှုတွေကြောင့် နင့်နင့်သည်းသည်း နာနာကျင်ကျင် ခံစားရတဲ့အခါမှာလည်း compensate လုပ်နိုင်ဖို့ အရေးကြီးပါတယ်။ စိတ် ရှည် သည်းခံဖို့ အရေးကြီးပါတယ် စိတ်ထားတတ်ဖို့ အရေးကြီးပါတယ်။ ကိုယ့်လို လူတွေ ဘယ်လို နေနေကြရသ လဲ ဆိုတာမျိုး လေ့လာတတ်ဖို့ လိုပါတယ်။

ဘာဖြစ်လို့ ကျွန်တော် အထပ်ထပ် တွေးမိနေလဲဆိုတော့ တချို့ ကိစ္စ တွေဟာ ဘယ်သူမှ မသိနိုင်ပေမယ့် ကိုယ် တစ်ယောက်တည်း ကြိတ်ပြီးခံစားနေရတာမျိုးတွေ ရှိတဲ့ အတွက်ကြောင့်ပါ။ လျှို့ ဝှက်အပ်တဲ့ လူသိမခံနိုင်တဲ့ အားနည်းချက်တွေဟာ လူတစ်ယောက်ရဲ့ အတွေးအခေါ်ကို များစွာပြောင်းလဲစေတတ် လို့ ဖြစ်ပါတယ်။ လူတိုင်း မှာ ဒီလို ယွင်းချွတ်မှုတွေ ရှိနေမှာ မလွဲတဲ့အတွက် လူတိုင်း လူတိုင်းဆင်ခြင်သင့်လှတယ်လို့ တွေးမိပါ တယ်။ ဒီ စာလေးဖတ်ပြီး တွေးစရာလေးတွေ ရသွားလိမ့်မယ်လို့ လည်းမျှော်လင့်ပါတယ်။ ပြုပြင်လို့ မရတဲ့ အားနည်း ချက် များအတွက် မှန်ကန် ကောင်းမွန်တဲ့ compensation တစ်နည်းအားဖြင့် သင့်တင့်မျှတအောင် တွေးခေါ်ယူဆခြင်း သည် များစွာလိုအပ်လှပါကြောင်း တွေးမိတာလေး ဖောက်သည်ချရင်း တင်ပြလိုက်ရပါတယ်။


စာဖတ် လည်လာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ
ရန်ကုန်သား


Saturday, January 2, 2010

ကွယ်ရာတွင်သာ လက်ဖွာသူ

ကျွန်တော်တို့ ရင်ခုန်ခဲ့ကြရဲ့ လား။ ဒီမေးခွန်းသည် ယခုအချိန်တွင် ရယ်စရာ ဟာသ တစ်ခုဖြစ်နေပေမည်။ ရင်ခုန် မှန်း မသိ ခုန်ခဲ့ကြခြင်းဖြစ်နိုင်ပါသည်။ ဖွေးဖွေးလှုပ်အောင်ဖြူနေတဲ့ ပတ်ဝန်းကျင်မှာ နှင်းခါးတွေကလည်း မင်း မူ ကျွန်တော့် ရင်ထဲမှာတော့ ကန္တာရ တစ်ခုရဲ့ အထီးကျန်မှုမျိုးက နေရာယူ။ နေ့ ပင်မဟုတ် ညချည်းသက်သက် သာ။ အလင်းတွေကလည်း ကင်းမဲ့လိုနေလေသည်။ ဟာသဇာတ်လမ်းတစ်ပုဒ် ကြည့်နေပေမယ့် ရယ်သွမ်းဖို့ မေ့ လျော့ နေတဲ့ သူ၊ လွမ်းစရာဇာတ်ထုတ်ကို ကြည့်နေပေမယ့် သက်ပြင်းဖွဖွပင် မချမိသူ။ ဒီလို လူ တစ်ယောက် တည်း ကျန် ခဲ့တာလည်း ဆန်းတော့ မဆန်းလှ။ ခါးသက်တဲ့ အရသာ တစ်ခုကတော့ ကျွန်တော်နဲ့  အတော်ရင်း နှီး ကျွမ်း ဝင်နေ ပါသည်။

အနားမှာ ဗုံးတစ်လုံးပေါက်ကွဲသွားသည် ဆိုကြပါစို့ ။ ကျွန်တော့် နားတွေကလည်းအူ အမြင်တွေကလည်း ဝေဝါး အသိတွေကလည်း ထွေပြားနေချိန်မှာ တစ်စုံတစ်ယောက်က မေးသော မေးခွန်းကို ကျွန်တော်ဖြေနိုင် ကြားနိုင် မည် မဟုတ်ပေ။ ထို့ အတူ ကျွန်တော့် ဦးနှောက်ကလည်း တုန့် ပြန်နိုင်မည်မဟုတ်ပေ။ ဒီလို ခံစားချက်မျိုးဖြစ် မည်။ သူနဲ့ နောက်ဆုံး စကားပြောသောနေ့ က ကျွန်တော့် တစ်ကိုယ်လုံး ထူပူလို့ နေသည်။ သူ့ စကားတွေက လည်း နီးလိုက် ဝေးလိုက် ဖြစ်နေ ခဲ့သည်။ ကျွန်တော့် ရင်ပင် မှန်မှန် ခုန်နေခဲ့ရဲ့ လားကျွန်တော်မသိ။ ဆုံးရှုံးရ တော့ မည် ဟူသော အသိက လူ ကို ထူအ သွားစေခဲ့သလားမဆိုနိုင်ပေ။

“နင်တော်တော် နေနိုင်တာပဲ ” လို့ ပြောတဲ့သူ့ ကို ကျွန်တော် ငေး၍သာကြည့်နေမိသည်။ ဆင်ခြေလည်းမပေးမိ ဝန်လဲမခံမိ။ ဘယ်လို လူလဲ။ သူ လည်း မချိတင်ကဲ ဖြစ်နေခဲ့မည်သာဖြစ်သည်။ ကျွန်တော့်ကို တစ်စစီ ချိုးဖဲ့ ပြစ် ချင်နေ ခဲ့မည်သာဖြစ်သည်။ သူ့ ရဲ့ ဝေခွဲ မရဖြစ်နေသော မျက်ဝန်းညိုညိုတွေကိုသာ အဓိပ္ပါယ်မဲ့စွာ ငေးကြည့် နေ မိပြန်သည်။ မိန်းမတစ်ယောက်သည် ယောက်ျားတစ်ယောက်ကို ဘယ်လောက်ထိ ပွင့်လင်းနိုင်မည်နည်း။ တစ်သက်လုံး အတူ သိခဲ့ကျွမ်းခဲ့သမျှ သူ သည် ရိုးသားစွာပွင့်လင်းသော မိန်းကလေးတစ် ယောက်ဖြစ် ပါသည်။ သို့ သော် “နင်ငါ့ကို ချစ်လားဟင်” ဆိုပြီး မေးမည့် မိန်းကလေးတစ်ယောက် တော့ မဟုတ်ပေ။ ဒါ့ ကြောင့် လည်း ကျွန်တော်နဲ့ သူမ ထိုမျှ ကြာရှည်စွာ ရင်းနှီးခဲ့ခြင်း ဖြစ်နိုင်ပါသည်။

ကျွန်တော် တစ်ခုခု ပြောခဲ့ဖို့ ကောင်းသည်။ ကျွန်တော်သည် ကွယ်ရာတွင်သာ လက်ဖွာဖွာနှင့်စာရေးတတ်သူ တစ်ယောက်ဖြစ်သည်။ ရှေ့ တွင်တော့ တေမိလက်သစ် ဖြစ်နေလေသည်။ ကျွန်တော့် စကားတွေသည် မှင်တံ ဖျားမှသာ ကြွေကျရိုး ဖြစ်ဟန်တူပါသည်။ သုတ်ကနဲ ဝင်တိုက်လာသောလေက သူမ၏ ဆံနွယ်စတွေကို ထိုးဖွ သွား သည်။ ကျွန်တော့ နှာဖျားတွင် ရင်းနှီးပြီးသား ရနံ တစ်ခု သင်းပျံ့ သွားသည်။ ကျွန်တော့် ရှေ့ တွင် ဒေါသ ဖြစ်ခဲ့ သမျှ အံကြိတ်ခဲ့ ရသမျှ ဖွင့်ဟကာ ငိုကြွေးခဲ့သော်လည်း ထိုနေက သူ့ မျက်ဝန်းမှာ မျက်ရည်စစ ပင် မမြင် ရခဲ့ပါ။ ကျွန်တော် ဤမျှ ကြောင်ပါသည်။ သူ မျက်ရည်ကျတော့ကော ဒီသံမဏိ အသည်းက ငိုပွဲ ဆင်မည်တဲ့လား။ သူသည် နူးညံ့သော်လည်း ပျော့ညံ့သူ တစ်ယောက် မဟုတ်ခဲ့ပါ။သူ ကျွန်တော့်ကို တစ်လ တိတိ အချိန်ပေးခဲ့ပါ သည်။ ကျွန်တော် သူ့ ကို ချစ်ကြောင်းပြောဖို့ တစ်လ တိတိ ပြင်ဆင်ခွင့်ရခဲ့ပါသည်။ သို့ သော် ဆယ်နှစ်လုံးလုံး အိပ်နေတဲ့ ကျွန်တော့်အတွက် တစ်လ ဟူသော ကာလသည် အိပ်ချင်မူးတူး ဖြစ်ယုံမျှသာ နိုး ထလာခဲ့ဟန် တူပါ သည်။

တစ်ခုခု ကို ဆုံးရှုံးလုနီးလူတစ်ယောက်သည် အရူးအမူး နှမြောတသ ဖြစ်ချင်ဖြစ်မည်။ ငိုကြွေးချင်ငိုကြွေး ပေါက် ကွဲချင် ပေါက်ကွဲမည်။ တုံနိဘာဝေဆိတ်ဆိတ် နေခြင်းကတော့ သာမန် လူတစ်ယောက် အတွက် သဘာဝ မကျ လှ။ သို ကြောင့် “ အသည်းနှလုံး မရှိတဲ့လူ” ဟုသော သူ့  ကင်ပွန်းတပ်ခြင်းကို ငြိမ်သက်စွာခံခဲ့မိခြင်းဖြစ် မည်။ သံ ယောဇဉ်ကြိုးတွေ လွန်းတင်တုန်းက အမှုမဲ့အမှတ်မဲ့ ရှိနေခဲ့ပေမယ့် လွတ်လပ်စွာ တွေ့ ဆုံခြင်း အပြစ်မဲ့တဲ့ တွေ့ ဆုံခြင်းတို့ နိဂုံးတိုင် ချိန်တွင်တော့ အိပ်ပျော်နေလျှင်လည်း နိုးထဖို့ ကောင်းပြီ။ အိပ်ချင်ယောင်ဆောင်နေရင် လည်း နိုးသင့်ပြီ။ သို့ သော် ကျွန်တော် ဆက်အိပ်နေခဲ့မိသည်။ လူပေ ဆိုတာ ကျွန်တော်ဖြစ်မည်။ နေပါစေ ဘာ ဖြစ်ဖြစ် ပေခံမယ် ဆိုတဲ့ လူမျိုး ဖြစ်သည်။

ဒါပေမယ့် ကိုယ့်ရဲ့ ပေတေမှုကို ကိုယ်တိုင်လွတ်လပ်စွာ ခံယူခွင့်ရှိသော်လည်း အဖော်အပေါင်းတော့ ခေါ်မသွားခဲ့ သင့်ပေ။ သူ သည် ကျွန်တော့် “ပေ” မှု၏ တစ်နည်းအားဖြင့် “ခေါင်းမာမှု” ၏ ဘေးထွက်ဆိုးကျိုး ကို ကျွန်တော်နှင့်အတူ ခံစားခဲ့ရရှာသည်။ တရားမျှတမှုမရှိခဲ့၍ ကျွန်တော့်ကိုယ် ကျွန်တော် အလွန်ရှက်ရွံ့ မိပါသည်။ ဝမ်း နည်းနေရပါသည်။ ကျွန်တော် စိတ်မကောင်းဖြစ်မှုသည် နောင်တနှင့်အတူ ကျွန်တော့ ပေတေသော နှလုံး သားကို တအားဝင်လို့ ဆောင့်ခဲ့ပါပြီ။ ဆင်ခြေတစ်ခု ပေးမိသည်။ “ငါ့မှာ နှလုံးသား ရှိတယ်” ဒီစကား သူ ကြား ရင် ဒါမှ မဟုတ် ဒီစာကို သူများဖတ်မိရင် ဟားတိုက်ပြီး ရယ်လိုက်မည့်အဖြစ်ကို မြင်ယောင်မိသည်။ ရယ်လို က ရယ် ပေတော့ လှောင်လိုက လှောင်ပေတော့။ အချစ်ဆိုတာ ဒီလို ခါးသက်သက် ရှတတ ခံစားချက်မျိုး ဖြစ်၏ ထင် သည်။ ကျွန်တော့်၏ ရေသာခိုမှုသည် ရှက်ရွံ့ မှုများနှင့်သာ အဆုံးသတ်ခဲ့ရပြီ။ ကျွန်တော် သိတော့သိခဲ့လိမ့်မည်။ သို့ သော် ကျွန်တော် တန်ဖိုးမထားခဲ့ခြင်းကတော့ ငြင်းမရပေ။

ကျွန်တော့်လို လူမျိုးသည် သူ့ လို မိန်းကလေးမျိုးကိုမှ ချစ်သူအဖြစ်မရလျှင် ဇနီးအဖြစ် မပေါင်းသင်းရလျှင် ဘယ် တော့မှ ရည်းစားကိုလည်းကောင်း ဇနီးကိုလည်းကောင်း ရတော့မည့် လူစားမျိုးမဟုတ်ချေ။ အဘယ့်ကြောင့် နည်း။ ရှင်းလှပါသည် သူ သည် ကျွန်တော့ကို ကျွန်တော့်ထက်ပင် နားလည်သော မိန်းမတစ်ယောက်ဖြစ်သော ကြောင့် တည်း။ ကျွန်တော့်စီးပိုးမှုတွေ ကလေးဆန်မှုတွေ ရက်စက်မှုတွေကို ချစ်စိတ် .... (ကျွန်တော့် အထင်) တစ်မျိုး တည်းနဲ့  သည်းခံခွင့်လွှတ်ပေးခဲ့သည်။ နားလည်ပေးခဲ့သည်။ သူဟာ ဘယ်လို မိန်းမလည်းဆိုတာ ကျွန် တော်သိရက်နဲ့ ဒီလို ပေနေခဲ့ခြင်းဖြစ်သည်။ “လူမိုက်” မှန်ပါသည် ကျွန်တော် လူပေ တစ်ဖြစ်လည်း လူမိုက်တစ် ယောက် ဖြစ်ပါသည်။ သူ့ ကို အလွယ်တကူ လက်လျော့ခဲ့သည့်အတွက် ဘယ်မျှ ဒေါသဖြစ်လိုက်မည်နည်း။ သောကတွေဝေ ရတက်တွေပွေ လိုက်မည်နည်း။ နူးညံ့ သလောက် ( အတွင်းစိတ်တွင် လဲပြိုနေသည့်တိုင်) မာန ကို ထိခိုက်ခံမည့်သူ မဟုတ်သော ကြောင့် ကျွန်တော့် ရှေ့ တွင်တော့ အပြုံးစစနဲ့  ထွက်ခွါသွားခဲ့ပါသည်။

ကျွန်တော်သူ့ ကို မပြောလိုက်ရသော စကားတွေ ရှိနေပါသေးသည်။ ဆိုခဲ့ပြီးသည့်အတိုင်း ကျွန်တော်သည် ကွယ် ရာ တွင် လက်ဖွာတတ်သော သူတစ်ယောက်ဖြစ်ပါသည်။ ကျွန်တော့်ကိုယ် ကျွန်တော် မဝေခွဲနိုင်ဘဲနဲ့ ကိုယ်မနိုင်တဲ့ ဝန်ကို မထမ်းလိုလှပေ။ ထို့ အတူ ကျွန်တော့်ကြောင့်သူ မနာကျင်ရစေချင် တစ်ခါ နာကျင်ခြင်းဖြင့် သူ့  ကို ကျွန် တော့် အနားမှ ထွက်ခွာသွားခြင်းသည် အကြိမ်ကြိမ်နာကျင်ရခြင်းထက် များစွာသက်သာပေလိမ့် မည်။ ကျွန်တော့် နှစ်သိမ့်မှု မပါပဲ သူသွားမည့် ခရီးလမ်းကို လည်း ဖြောင့်ဖြူးစေချင်သည်။ သူတွဲ သည့် လက်တွေလည်း မြဲစေချင် သည်။ သူ့ ထီးကလေးကလည်း ဘဝ၏နေလေပြင်းတို့ ဒဏ်မှ လုံခြုံအောင် ကာကွယ် ပေးစေချင်သည်။ သူ့ အရိပ် ရှင်သည် သူ ပင်ပန်းစဉ် ချွေးစတိတ်အောင် အေးငြိမ်းနိုင်စေချင်သည်။ သူ့ အငို တွေ တိတ်အောင် အချော့တေး ကို ညည်း တတ်စေချင်သည်။ သူ ပျော်နေချိန်သောအခါ အသောညီအောင် ရောကာ ရယ်တတ်စေချင်သည်။ သူ အားနည်း ချိန် အားငယ်နေချိန်တွင် သူ့ ရဲ့ မှီခိုရာ အားထားရာ ဖြစ်စေချင်သည်။ ဘဝဖော်သည် သူ့ ကို ဦးဆောင် သူ တစ် ယောက်ဖြစ်စေချင်သည်ဟူသော သူ့ ဆန္ဒပြည့်ဝစေချင်သည်။

ကျွန်တော့ သံယောဇဉ်က မပြတ်သေးပါ။ နှစ်ကူးမို့ အချစ်တွေ မြူးသံကြားရချိန်တွင် ချစ်ခဲ့ဖူးသော သူ့ ကို ... ကျွန်တော့်ရဲ့  တစ်ဦးတည်းသော အချစ်ဦးကို.... သတိရကြောင်း ကျွန်တော်ဝန်ခံပါသည်။ ကျွန်တော့်ကို သူခိုး ပြေးမှ ထိုးကွင်းထ ဟု ကဲ့ရဲ့ ကြပေမည်။ သို့ သော် ကျွန်တော့်လို ပေပေတေတေ မိုက်မိုက်ရဲရဲ လူတစ်ယောက် အ တွက် ထိုသို့ ကဲ့ရဲ့ သည်မှာ ဘာများ ထူးမည်နည်း။ ကျွန်တော် ကွယ်ရာမှာ လက်ဖွာမိပြန်လေပြီ။ ချစ်ခဲ့ဖူးသူ တစ် ယောက် နှစ်သစ် ကူး အခါသမယတွင် အိုးအိမ် အသစ်မှာ အစိုးရိမ်ကင်းကင်း ကြောင့်ကြ ကင်းကင်းနဲ့  ချစ်ချင်း ကို ပိုင်ဆိုင် နိုင်ပါစေလို့ ဆုတောင်းလိုက်မိပါသည်။

စာဖတ်လည်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ
ရန်ကုန်သား :)