Friday, September 11, 2009

ကျွန်တော့်ရင်ထဲက စာကြည့်တိုက်များ


သူငယ်ချင်း ကိုသက်တန့် ချို၊ ဝက်ဝံလေး တို့ တက်ဂ်ထားတဲ့ ပိုစ့်ကလေးပါ.............
ကျွန်တော် ကတော့ ဘလော့တွေကို လက်လှမ်းမှီသမျှ အချိန်ပေးနိုင်သမျှ သွားရောက်လည်ပတ် ဖတ်ရှုပါ တယ်။ ဘယ်ဘလော့ ဘယ်အိမ်လေးပဲဖြစ်ဖြစ် တစ်ကြောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ် ဆန်း ဆိုသလို အား ကျ အတု ယူ ဖွယ်ကောင်းလှပါတယ်။ ကျွန်တော့်အနေနဲ့ ကတော့ အားလုံးကို သဘော လည်း ကျပါတယ် ကြိုက်လည်း ကြိုက် ပါတယ်။ ဘယ်အိမ်လေးက ပဲပြန်လာ ပြန်လာ တစ်ခုခု တော့ ရလာတာ ပါပဲ။ ကျွန်တော် မသိတာ တွေ၊ အတုယူ စရာတွေ၊ မှတ်သားစရာတွေ၊ အတွေးအခေါ် တွေ၊ အရေးအသားတွေ၊ အကြောင်းအ ရာတွေ၊ သ တင်းအချက် အလက်တွေ ဖတ်လို့ မကုန် ယူလို့ မကုန်နိုင် ပါဘူး။ ကျွန်တော့် blog list မှာရှိသမျှ ကျွန်တော်ပုံမှန် သွားရောက် လည် ပတ် သမျှသော ဘလော့လေးတွေ အကုန်လုံးကို ကျွန်တော် အရမ်း ကြိုက်ပါတယ်….. ဒီဘ လော့လေး တွေအကြောင်း တစ်ခုချင်းစီပြောရင် ပြောလို့ မကုန်နိုင်အောင်ပါပဲ။ ခုသူငယ်ချင်းနှစ်ယောက်က ခင်ခင်မင်မင် တက်ဂ်လာတဲ့ အတွက် ကျွန်တော်အကြိုက်ဆုံးဘလော့လေးတွေကို ထုတ်နုတ်ပြပါရစေ အဓိက ကတော့ ကျွန် တော် သင်ယူစရာတွေ မှတ်သားစရာတွေ မနိုင်မနင်းနဲ့ ပြန်လာရခဲ့တဲ့  ရစဲဖြစ်တဲ့၊ ရဦးမှာဖြစ်တဲ့ ဘလော့တွေပါ ….. (ဘလော့တိုင်း ဘလော့တိုင်းမှာ ဖတ်စရာ မှတ်စရာ တွေ အများ ကြီး ရှိပါတယ်။ ကျွန်တော်စရိုက်နဲ့  ကိုက် မယ် ထင်တာတွေကို မှတ်သားပါတယ် အတုယူပါတယ်။ တနင့်တပိုး ပေး လိုက်တဲ့ ဘလော့လေးတွေကို ပြော ပြပါရစေ ….)

အစ်မကြီး မနော်ဟရီရဲ့ ဘလော့ပါ …. အစ်မဆီက အရေးအသား အတွေးအခေါ်တွေကို အလည်ရောက်တိုင်း အစ်မ စာတွေ ကိုဖတ်တိုင်း မှတ်သားခဲ့ရပါတယ်။ အားကျခဲ့ရပါတယ်။ လေးစားခဲ့ရပါတယ်။ လေ့လာမှတ် သား ဖို့  မကုန်နိုင်တဲ့ နူးညံ့လှပတဲ့ အစ်မရဲ့ အနုပညာတွေဖြစ်ပါတယ် …..။

မမနိုင်းနိုင်းစနေရဲ့ ဘလော့ပါ …… မမနိုင်းဆီက ရလာတဲ့ စိတ်အာဟာရတွေ၊ ရသစာပေတွေ ဗဟုသုတတွေ အင်မတန် များ ပြားလှပါတယ်။ အရေးအသားကောင်းတွေ အတွေးအခေါ်ကောင်းတွေ ပြည့်နေတဲ့ဘလော့ ဖြစ်ပါတယ် ….

မကြီးဝါရဲ့ အမှတ်တရလေးများ ဘလော့ပါ မကြီးဝါက ကျွန်တော့်ရဲ့ အစ်မကြီးပါ …။ ကျွန်တော်က အိမ်မှာ အကြီး ဆုံးဆိုတော့ အစ်ကို အစ်မ အင်မတန် ငတ်ပါတယ်။ မကြီးရဲ့ နွေးထွေးတဲ့ ခင်မင်တဲ့ ကူညီတတ်တဲ့ မကြီးရဲ့  အိမ် ဟာ မိခင်နဲ့ ဝေးနေ တဲ့ ကျွန်တော့အတွက် အင်မတန် နွေးထွေးလှပါတယ်။ မိခင်နေရာ အစ်မကြီးနေရာက နေ လေးစားချစ်ခင်ရတဲ့ ဘလော့ပိုင်ရှင်ဖြစ်ပါတယ်။ မကြီးဆီကနေ ဘဝထဲဝင်ဖို့ အတွေး တွေ ဘဝမှာနေနည်း ထိုင် နည်းတွေ၊ အတွေ့ အကြုံတွေ၊လက်တွေ့ ကျတဲ့ ချစ်ခြင်းတွေကို မကြီးဝါဆီမှာ ဖတ်နိုင်မှတ်နိုင်ပါတယ်။

နောက် အစ်ကိုမြစ်ကျိုးအင်းရဲ့ ဘလော့ပါ …. အစ်ကိုရဲ့ အတွေးတွေ၊ အရေးအသားတွေဟာ ထူးခြားသလို မှတ်သားစရာ တွေ အပြည့်ပါ … စာတစ်ပုဒ်တိုင်းဟာ စာဖတ်သူရင်ထဲ စွဲသွားအောင် တွေးခေါ်ဖန်တီးမှုတွေ၊ ထိမိတဲ့ အရေး အသားတွေနဲ့ ဆွဲဆောင်နိုင်မြဲပါ …. အင်မတန်လေးစားရပါတယ်။

နောက် အစ်မ မေဓါဝီရဲ့  ရေးမိရေးရာတွေးမိတွေးရာ ဆိုတဲ့ ဘလော့လေးပါ။ အစ်မပန်ဒိုရာရဲ့ ကျေးဇူးနဲ့  ဒီ ဘ လော့ လေးကို ကျွန်တော် ရောက်သွားပါတယ်။ ကျွန်တော့်စရိုက် ကျွန်တော့် အကြိုက်တွေသာမက အတွေး တွေ၊
အရေးတွေ၊ ကဗျာတွေ ကျွန်တော် ခုဖတ်နေစဲပါ အင်မတန်ကြိုက်ပါတယ်။ ကျွန်တော် အစ်မအိမ်က ပြန် လာရင် ရလာတာတွေ အများကြီးပါ …..။ လေးစားမိပါတယ် ….. ကြိုက်နှစ်သက်ရပါတယ်။

အစ်မပန်ရဲ့ (ပန်ဒိုရာ) ဘလော့ဖြစ်ပါတယ် ကဗျာလှလှ စာလှလှ အရေးကောင်း အတွေးကောင်းတွေကို အစ်မဆီရောက်တိုင်း တရကြမ်းကို တုရ ယူရပါတယ်။

အစ်မရွှေပြည်ရဲ့ (ရွှေပြည်သူ) စကားပြေအရေးမှာ ငေးမောနေရတဲ့ ဘလော့ပါ စကားလုံးကို အလှဆင်သော အစ်မရွှေပြည်ရဲ့ စာလေးတွေဟာ ရသ အမျိုးမျိုးပေးစွမ်းနိုင်ပါတယ်။

နောက် အစ်မ မယ်ရဲ့  မယ်ကိုးရဲ့  စာစုများ ဘလော့ပါ အစ်မဟာ အင်မတန် စကားလုံးတွေ ကြွယ်ဝပါတယ် ဥမာ ပြု တာပဲဖြစ်ဖြစ် ထပ်တူပြုတာပဲဖြစ်ဖြစ် အဖွဲ့ အနွဲ့ မှာ အင်မတန် ကောင်းမွန်လှပါတယ်စကား လုံးတွေအင်မတန် အားကောင်းပါတယ်။ အစ်မရဲ့ “ချစ်ခြင်း” ဝတ္တုရှည်ကို ကြိုက်နှစ်သက်ရတာ ဒီအကြောင်းတွေကြောင့်ပါ …. “ချစ်ခြင်း” ကို ဆက်ပြီး ရေးပါလို့ တိုက်တွန်းပါရစေ အစ်မ မယ်ရေ .........။

မတတ်နိုင်ဘူး သူငယ်ချင်းတို့ ရေ ငါးခု မကဘူး တကယ်ရေးရင် ခုနှစ်ဆယ်ကျော်သွားလိမ့်မယ် ……နောက် အစ်ကို အောင်သာငယ်ရဲ့ ကဗျာတွေ၊ အစ်ကိုကိုရင်နော်နဲ့ အစ်မခင်လေးငယ်၊ အစ်မဂျူနီယာလွင်ဦး၊ အစ်မရီတာ၊ ကိုတလနွန်ကြီး(ပျောက်နေတာ ကြာပြီး ခုမှ ပိုစ့်တစ်ခုတင်တယ် ခံစားချက်ကို စာလုံးတွေနဲ့  ရော ထည့်ပေးတတ် တာ သူ့ အရေးအသားတွေပါ)အစ်ကို သီဟသစ်၊ကိုယုယကြီး၊ အစ်ကို နေဒေးသစ်၊ အစ်ကို ဖိုးစိန်၊ ကိုသားကြီး ရဲ့ ဇာတ်လမ်း ကို ဆက်စေချင်ပါတယ် အရေး အသား ကောင်းသလို လူကို ရယ်မောပျော်ရွှင် သွားအောင် သူ စာတွေက အစွမ်း ထက်ပါတယ် …. ကိုလူထွေးကြီး၊ ကိုရွာသားလေး (YTU) ရဲ့ အရေးအသားတွေကို မှတ်သားဖူးပါတယ် စာတွေ ရေးပါဦး ကိုရွာ သားရေ၊လက်ဆိပ်ရှိတဲ့ ညီဇော် ရေးလိုက်ရင် ပြင်းရှတဲ့ ခံစားမှုတွေနဲ့  မောမောကြီးဖြစ် အောင် စွမ်းသူလေးပါ …. အလှတရားရဲ့  အရေး ကောင်း အတွေး ကောင်းတွေ၊ တစ်ရေးနိုးထထအော်တဲ့ ချစ် ခြင်းခြေရာ (အရေးကောင်း ရက်နဲ့  အိပ်ချည်းနေတာ) နဲ့  ဧရာသား ကုန်တော့ဘူး အကုန်လုံးကြိုက်နှစ်သက်တာ ၊ ကို သက်တန့် ချိုရဲ့  ဘလော့လေး(စွယ်စုံကျမ်းတစ်အုပ် လို တန်ဖိုးရှိပါတယ်)၊ အနော်ရဲ့  စိတ်ကူးယဉ် အိပ်မက် ကိုသက်ပိုင်သူ ....... ကဲ ကျေနပ်ပါ တော့ တက်ဂ်ပိုင်ရှင်များဖြစ်တဲ့ ကိုသက် တန့် ချိုနဲ့ ဝက်ဝံလေးရေ ကျွန်တော် ကြိုက်တဲ့ ဘလော့ခုနှစ် ဆယ် ကျော်ရှိပါတယ် …..

ပြောရင်တော့ မိုးပဲလင်းမလား ပဲ ဒီတော့ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ် တက်ဂ်တဲ့အတွက် ကျေးဇူးပါ ဒီ တက်ဂ်ရေးရတာ ခေါင်းအခဲဆုံးပဲခင်ဗျ ….ဝက်ဝံလေးရေ ( အမြင်ကတ်ရတဲ့အ ကြောင်း) အကြွေးကို ပိုစ့်တစ်ခု
ခြား ပြီးဆပ်ပါ့မယ် သူငယ်ချင်းရဲ့ ဘလော့လေးကတော့ အမြဲရောက်လို ကြိုက် နှစ်သက်ပြီး သားဆိုတာ ပြောဖို့ မ လိုပါဘူး နော် …………..

ခင်မင်လေးစားလျှက်
ရန်ကုန်သား

Tuesday, September 8, 2009

“အချစ်၌ မွေ့ လျော်ခြင်း”


ကန်ရေ ပြင်သည် စိမ်းညို့ လျှက်ရှိလေသည်။ နေခြည်နုနုက ရေပြင်ထက်သို့ အသာဖြာကျလို့ နေသည်။ လှိုင်း ကြက်ခွပ်ကလေးများက ကန်အစပ်ဆီသို့ ပြေးပြေးကပ်လာတဲ့အခါ ဖလပ်ဖလပ် ဟူသောအသံလေးကို ကြားနေ ရသည်။ မြင်မြင်သမျှစိမ်းစိုနေသော ထိုကန်တော်အင်းယားသည် ချစ်သူအများ၏ နားခိုရာဖြစ်၏။ အမြင်အေး၏ ရင်အေး၏ ချစ်သူများအတွက် ချိုမြ၏။

သူတို့ နှစ်ယောက် လေတိုးလို့ မရအောင် တစ်ယောက်ကို တစ်ယောက် ဖက်တွယ်ထားကြသည်။ သူမ ခေါင်း လေးက သူ့ လည်တိုင်ကိုမှီလျှက်က သူ့ ရင်ခုန်သံကို နားထောင်နေသည်။ သူ့ ရင်ခုန်သံက လေးလေးနွေးနွေး ရှိနေမည်ဖြစ်သည်။ သူ့ နှာဖျားတွင် သင်းနေသော သူမ၏ ကိုယ်သင်းရနံ့ လေးသည် အင်းယားကန်ကို ဖြတ် တိုက် လာသောလေနုနု နွေးနွေး နှင့်အတူ သင်းတပျံ့ ပျံ့ ရှိလှသည်။ သူမ လက်မောင်းပြည့်ပြည့်လေးကို အသာ ဆုပ်ရင်း သူမလက်တစ်ဖက်ကို သူ့ ရင်ခွင်ထဲသို့ အသာထားလိုက်သည်။ လက်ကလေးကို မပြီး လက်ခုံ လေးကို အသာလေး မွှေးလိုက်ရင် သူ့ ရင်ထဲ သာသာလေး နွေးနွေးသွားလေသည်။

“မောင် ….”

တလောကလုံးတွင် အဲဒီ ခေါ်သံသည် အသာဆုံးဖြစ်သည်။ ဘဝင်ကိုလည်း မြမြလေး အေးစေသလို သူ့ ရင်ကို လည်း လှိုက်ကနဲ နွေးကနဲ ဖြစ်သွားစေသည်။ ချစ်သူ နှစ်ယောက်အတူရှိနေတဲ့အခါ ထိုသို့  နွေးမြနုရွသော ခံ စား ချက်တွေ ရင်ခုန်သံတွေသည် ဤမျှ ထိုမျှ ကြည်နူးစရာရယ်လို့ နှိုင်းဆပြလို့ မရနိုင်ပါချေ။

“ဟင် ပြောလေ နွယ်လေး …. ”

“ဟင့်အင်း မောင့် ကို မောင် လို့ ခေါ်ချင်တာ …. မောင့်ကိုလေ မောင် လို့ ခေါ်လိုက်ရရင် နွယ်လေး ရင်ထဲမှာ အ ရမ်းနွေးသွားတယ်သိလား မောင် ….. မောင်ရယ် …. တစ်သက်လုံး ခေါ်နေပါရစေနော် ….”

သူ လှစ်ကနဲပြုံးသည်။ သူ့ ရင်ထဲမှ ပီတိတွေက မြူးတူးလှုပ်ခါနေသည်။ နှလုံးသားက ဝူးဝူးဝါးဝါးအော် သည်။ သူမ နဖူးပြင်ကို နူးနူးညံ့ညံ့ ဖွဖွ ကလေးနမ်းရှိုက်လိုက်သည်။ သာယာလှိုက်မောလှပေသည်။

“ခေါ်စေဗျာ …. မောင်ကလည်း နွယ်လေးရဲ့ မောင် ဆိုတဲ့ခေါ်အသံလေးကို အမြဲကြားချင်နေတာပါ … မောင် က နွယ်လေးရဲ့ ထာဝရ မောင်ပဲလေ ….”

နွယ်လေးက လွင်လွင်ကလေးရယ်သည်။ ချစ်သူ ရယ်သောအခါ သူ့ နှုတ်ခမ်းတွေက အလိုလို ပြုံးမိသွားသည်။
“မောင် နွယ်လေး ကို ဘာလို့ ချစ်တာလဲ ဟင် …. ”

နွယ်လေး၏ဆံစတွေကို သူ အသာပွတ်သပ်ပေးရင်းက ကန်ရေပြင်ကိုဖြတ်၍ သေးငယ်ငယ်ကျွန်းကလေးကို ငေး ကြည့်နေလိုက်သည်။ ဘာလို့ ချစ်တာလဲ ဆိုတဲ့ မေးခွန်းက အတော်ဖြေရခက်သည်။ ဘာကို ချစ်တာလဲ ဆိုရင် သာ ရှာကြံပြောလို့ ရသည်။ တကယ်တော့ ဘာကို ချစ်တာလဲ ဘာလို့ ချစ်တာလဲ ဆိုတဲ့ မေးခွန်းအ တွက် အဖြေ က တစ်မျိုးတည်းသာဖြစ်သည်။ သူ တိုက်ရိုက် ဖြေဆိုနိုင်ခြင်းငှာ မစွမ်းပါ။

“ချစ်လို့ ချစ်တယ် လို့ ပဲဖြေရမှာပဲ နွယ်လေးရဲ့ ။ ဘာလို့ လဲဆိုတော့ နွယ်လေးကို မောင် ချစ်တယ် ဆိုတာကွ ဥပ မာ နွယ်လေး ပြုံးတာကို ချစ်တယ် နှုတ်ခမ်းလေးတွေ မျက်လုံးလေးတွေကို ချစ်တယ် …. ဆံပင်လေးတွေကို ချစ်တယ် လက်ကလေးတွေ ကိုချစ်တယ် ….. အဲလို တစ်ခုချင်းလိုက်ပြောရင် ကုန်မှာတောင် ဟုတ်ဘူး မောင် က အကုန်ချစ်နေတာလေ …. တော်တော် ဂွကျတဲ့မေးခွန်းပဲ”

နွယ်လေးက သူ့ လက်ကို အသာဆုပ်ကိုင်လျှက် သူမ နှုတ်ခမ်းလေးနှင့်အသာထိထားသည်။ သူမ နှုတ်ခမ်း လေးက နွေးသက်နေသည်။

“ဘာကို ချစ်လဲ တို့ ဘာလို့ ချစ်တာလဲ လို့ မေးလာလို့ သာ နှုတ်ခမ်းလေး ကိုချစ်တယ် ပါးလေးကို ချစ်တယ် ဒီလို လေးပြုံးလို့  … ဒီလိုလေးကြည့်တတ်လို့ …. ဆိုပြီးသာ ရှာကြံပြောရတာ … ချစ်တာက ချစ်တာပဲလေ … နွယ်လေး ဘာပဲဖြစ်နေနေ မောင်က ချစ်နေမှာပဲ ….. ပြောပြလို့ မရဘူး …. ဒါပေမယ့် မောင် နွယ်လေးကို တကယ် မချစ်လို့ မဟုတ်ဘူးနော်။ သေချာတွေးကြည့်ရင် နွယ်လေးနဲ့ ပတ်သက်သမျှအရာ အားလုံးကို ချစ်နေ တာ ….. နွယ်လေး ဆိုတဲ့  အငွေ့ အသက်ကလေး ရှိနေတဲ့ အရာတိုင်းကို ချစ်တာ …..”

သူမက သူ့ ချစ် ဒဿနကို ငြိမ်သက်စွာခံစား နားထောင်နေသည်။
“ မောင် နွယ်လေးကို ကြိုက်နေပြီထင်တယ်လို့  ဟိုကောင် ကျော်ကျော့်ကို တိုင်ပင်တုန်းက ဒီကောင် ဘာပြော တယ်ထင်လဲ … နွယ်လေး …. ”

“ဟင့်အင်း ကိုကျော်က ဘာပြောလဲ မောင် ”

“မချစ်ခင် အရင်မုန်းကြည့်လိုက်တဲ့ ….. မုန်းကြည့်လိုက်ရင် အမှန်တွေကို တွေ့ လာလိမ့်မယ်တဲ့ …. မောင် လည်း ပထမတော့ ဒီကောင် နောက်နေတယ် အောက်မေ့တာ ….. အဲဒါနဲ့ မောင်လည်း နွယ်လေးကို အစမ်း မုန်းကြည့် လိုက်ရော …..”

“ဟင် … နွယ်လေးကို မောင်က အစမ်းမုန်းကြည့်တယ် ….. ဟဟ … မောင့်စကားက အဆန်းပဲ ….”

“ဟုတ်တယ် နွယ်လေးရဲ့  ကျော်ကျော်က မောင့်ကို အဲလို စမ်းသတ်ခိုင်းတာ ….. ပထမဆုံး နွယ်လေးဆီမှာ မောင် မကြိုက်တာတွေ လက်မခံနိုင်တာတွေ ဘာများရှိလဲပေါ့ ….”

“ဟာ မောင်က နွယ်လေးကို အရုပ်တစ်ခု ဝယ်သလို အပြစ်အနာအဆာ ပါလားဆိုပြီးကြည့်တာပေါ့လေ …ဟွန်း မုန်းဖို့ ကောင်းလိုက်တာ …. ”

“ဟုတ်ပါဘူးဗျာ မောင် ပြောပြီးပါပကော အစမ်းမုန်းကြည့်တာပါ ….. ချစ်တယ် ဆိုတာ ဘာလဲ လို့ သိမှ မသိ တာ အမုန်းဆိုတာကိုတော့ လူတိုင်းက သိတယ်လေ ….. မုန်းဖို့ ကလွယ်တယ် အပြစ်မြင်ဖို့ က လွယ်တယ် နွယ်လေးရဲ့  …..”

“ဒါနဲ့ ပဲ မောင်က နွယ်လေးကို မုန်းကြည့်လိုက်တယ်ဆိုပါတော့ …. ရှင်းနိုင်အောင် ရှင်းနော် မရှင်းနိုင် လို့ ကတော့ ပြဿနာရှာမှာ ….. မောင် လူဆိုးကြီး နွယ်လေးကို မုန်းကြည့်ရက်တယ် …..”

“ကဲပါ နွယ်လေးရယ် ပြဿနာတော့ မရှာလိုက်ပါနဲ့ မောင်ပြောတာကို နားထောင်ပေးပါဦး ….နော် အဲဒါနဲ့  မောင့် ရင်ထဲ စွဲနေတဲ့ နွယ်လေးကို မောင့်အတွေးထဲ ခေါ်လိုက်တယ်ပေါ့ကွာ …. ပြီးတော့ နွယ်လေးရဲ့ ခြေ ဆုံး ခေါင်းဖျား မောင်ဘာ မကြိုက်တာ ရှိလဲလို့ အသေရှာတော့တာပေါ့ ….”

“ဟာ မောင်နော် …. .ဘာတွေပြောနေတာလဲ ….”

“ဟဟ တကယ်ပြောတာ ဒါပေမယ့်လေ ဟိုး နွယ်လေးရဲ့ ဆံဖျားလေးကနေ ဟိုးခြေဖျားလေးအထိ မောင် မချစ် တာ မောင် မကြိုက်တာ ဘာမှ မရှိဘူး …. မောင် အကုန်လုံးကို ချစ်နေတာ နောက်နွယ်လေးရဲ့ စိတ်ကလေး တွေ နွယ်လေးရဲ့ မူဟန်လေးတွေ အတွေးလေးတွေ ရယ်မောသံလေးတွေ အပြုံးလေးတွေ စိတ်ကောက်ရင် လုပ်ပြီးစူ ထားတဲ့နှုတ်ခမ်းလေးတွေ အိုဗျာ မောင် အကုန်လုံးကို ချစ်နေတာ အပြစ်ဆိုတာလေ တစ်စတစ်လေ မှ ရှာလို့ မရဘူး ပြီးတော့ နွယ်လေး မောင့်ကို ချစ်တာလေးကို မောင် ချစ်နေခဲ့မိတယ် …..”

သူမ သူ့ ကို အပြစ်မတင်ပါ။ သူမ သူ့  ရင်ကို အသာလေး ပါးအပ်လာသည်။ သူ့ နှလုံးသားတွေနဲ့ သူမ နှစ် ကိုယ် ကြားစကားတွေ ကြားနာနေကြသည်။ သူ့  ရင်ထဲမှ အချစ်တွေသည် သူမ၏ ထိတွေ့ ခြင်းတွင် ယိုင်နဲ့ ခြင်း မရှိဘဲ ချစ်နေမိပါလားဆိုတာ သူ အံ့သြစွာသိလိုက်ရသည်။ အချစ်သည် စောင့်ထိန်းအပ်သည် တို့ ကို စောင့် ထိန်း သင့် ချိန် တွင် စောင့်ထိန်းပြီး ဖြစ်နေလေ၏။ ထိုသည်မှာ အချစ်၏ မနာကျင်စေလိုမှုဖြစ်လေသည်။ သူ၏ ထိတွေ့  ခြင်း သည် သူမ အပေါ်ဘယ်သောအခါမှ နာကျင်မှု မရှိစေရပါ။ သူ သူမကို မြတ်နိုးမှုဖြင့် တိုးတိုးပြီး ချစ်နေမိပြီ တည်း။

“အဲနောက် မောင် နွယ်လေးကို ဘယ်လို မုန်းကြည့်ကြည့် အပြစ်ရှာကြည့်ကြည့် ဘယ်လိုမှ ရှာလို့ မရဘူး ရောင် ရောင်ကလေးတောင် မတွေ့ ဘူး …. မောင် ကိုယ်တိုင်သိလိုက်တယ်လေ မောင် နွယ်လေးကို တားမရ ဆီးမရ ကို ချစ်နေပြီဆိုတာ …”

“တကယ်တော့ နွယ်လေးရယ် အချစ်ဆိုတာ စည်းမျဉ်းတွေ ဥပဒေတွေ နဲ့ ဘောင်ခတ်ထားလို့ ရတာမှ မဟုတ် တာ အချစ်က မောင်တို့ လို မျက်နှာမလိုက်တတ်ဘူး နွယ်လေးရဲ့  ပွင့်လင်းတယ် ရိုးသားတယ် မောင် တော့ နွယ် လေးကို အတိုင်းအတာ မရှိတဲ့ ပုံစံမျိုးနဲ့  ရေတွက်လို့ မရတဲ့ အချိန်မျိုးနဲ့  ချစ်နေတယ်ဆိုတာ နွယ်လေး ယုံ ထား စေချင်တယ် မောင်လည်း နွယ်လေးကို မပြယ်တဲ့အချစ်တွေနဲ့  ချစ်နေမှာမို့ ပါ ….”



သူမ မောင့် ရဲ့ စကားလုံး လှလှတွေကို ပီတိဇောနဲ့ ပင် ပြုံးရယ်မပြစ်နိုင်ပါ။ မောင့် ရဲ့ စကားလုံးလေးတွေကို သူမ ချစ် နေခဲ့ သည်။ မောင့် စကားသံလေးတွေရဲ့ မှီတွယ်ရာ မောင့် ရင်ခွင်ကို သူမ ချစ်နေမိပြီ …. သူမ မောင့် ရဲ့  နွေးထွေး လှတဲ့ အချစ် တွေနဲ့ အတူ ပျော်မွေ့ နေပြီ။ သူမတို့ နှစ်ယောက်လုံး၏ နှလုံးသဲပွတ်တို့ သည် ချစ်ခြင်း ဖြင့် တွယ်ဆက် လျှက် ရှိ နေပြီဖြစ်သည်။

“မောင့်ကို နွယ်လေး ဘယ်လို ရွေးချယ်ခဲ့တာလဲဟင် ပြောပါဦး မောင်ကြားချင်လို့ ….”

ကန်ရေပြင်သည် သူတို့ အားပြုံးပြုံးကြီး ကြည့်နေသည်။ လေနုနုတွေက နေခြည်၏ နွေးထွေးမှုတွေကို ပွေ့ ပိုက် လျှက်က ချစ်သူနှစ်ဦးကို အသာအယာပွေ့ ဖက်ကျီစယ်သွားသည်။

“မောင့်ကို …….…. မောင် ကနူးညံ့တယ် ပြီးတော့ အင်းနော် အဲလို အမေးခံရတော့မှ မောင့်ကို ကိုယ်ချင်းစာမိ တယ် …. မောင် နွယ်လေးကို ဘယ်လောက်ချစ်တယ်ဆိုတာ သိချင်လို့ သာမေးတာပါ ….တကယ်တော့ မောင် ပြောသလို ထောက်ပြလို့ မရတဲ့အရာတွေပါပဲ နောက်ဆုံးတော့ နွယ်လေး မောင့်ကို ချစ်တာပဲသိတော့တယ် …. မောင်နဲ့  ပတ်သက်သမျှအရာအားလုံးကို နွယ်လေးချစ်တယ် …. မောင့်ရင်ခွင်ထဲမှာ နွယ်လေး ခုလိုလေး အမြဲ နေပါရစေ မောင်ရယ် နော် …..”

“….မောင့်ကို နွယ်လေးချစ်တယ် လို့  ပြောလိုက်တာ နွယ်လေးရဲ့ ဘဝတစ်ခုလုံးပါတယ်မောင် …. မောင့် ကို နွယ် လေး ယုံကြည်တယ် ဘာလို့ ယုံကြည်တာလဲလို့ ပြောရရင် မောင့်ရဲ့ တည်ကြည်မှုတွေ မတွေဝေ တတ် မှုတွေ နွယ်လေးကို လက်တွဲ ပြီး နွယ်လေးရှေ့ ကမားမား မတ်မတ် ရပ်တည်ပေးခဲ့တာတွေ အကုန်လုံးပဲ ….”

“နွယ်လေးတို့ မိန်းမတွေဟာ ဘယ်လောက် ကြံ့ခိုင်တယ်ဆိုပြီး မာန်တင်းထားတင်းထား အတွင်းသဘောတွေ အသည်းနှလုံးတွေက နုနုလေးရယ်ပါ ….. နွယ်လေး မောင့် ကို ချစ်ရတာ လိုအပ်နေတဲ့ ကြံခိုင်မှုတွေ အားအင် တွေ အကုန်လုံး ရလိုက်သလိုပဲ …… တကယ် တော့ မောင်ရယ် ဦးနှောက်ရှိရှိ ချစ်ဖို့ ဆိုတာ မဖြစ်နိုင်တာကြီးပါ ဒါတွေ မရှိဦးတော့ မောင့်ကို နွယ်လေး ချစ်နေ ဦးမှာပဲ မောင့်မှာ ဒီလို အရည်အချင်းမျိုးတွေ ရှိနေတာဟာ နွယ် လေးရဲ့ ကံတရားပါ မောင်ပြောသလို အချစ်မှာ ရွေးချယ်မှုဆိုတာ မရှိပါဘူး …..”

သူမ၏ ဘဝသည် မောင် ဖြစ်သည်။ သူမ၏ ရယ်မောသံသည် မောင် ပြုံးတိုင်းပေါ်ထွက်လာမည်။ သူမ၏ မျက် ရည် များ သည် မောင့် ဝမ်းနည်းကြေကွဲမှုများ၏ အထိမ်းအမှတ်ဖြစ်သည်။ သူမသည် မောင့်၏ မှန်တစ်ချပ် ဖြစ် ကောင်းဖြစ်မည်။ သူမ မောင့် ကို ထိုမျှချစ်သည်။ ချစ်လွန်းလို့ ခေါ်လိုက်သော သူမ၏ “မောင်”သည် သူမ ရင်ထဲ ၌ ဖွဲ့ စည်းဖြစ်တည် လာသော အချစ်များ၏ ပဲ့တင်သံသာဖြစ်သည်။

သူမ၏ ဖြစ်တည်မှုသည် မောင် ဟူသော ယောက်ျားတစ်ယောက် အတွက်ဖြစ်သည်။ မောင်မရှိရင် သူမ ဆို သော မိန်းမ မရှိ။ သူမ၏ အတွေးများအားလုံး၏ ပိုင်ရှင်သည် မောင် သာလျှင်ဖြစ်သည်။ မောင့် အတွက် သူမ တွင် အရာ အားလုံးကို လိုက်လျောနိုင်သည်။ မောင့်အတွက် ဘယ်တော့မှ မာကြောသွားမှာ မဟုတ်တဲ့ အသည်း နှလုံးတွေ သူမတွင်ရှိသည်။ မောင့်ကို ချစ်ရလို့ သူမ ဘယ်တော့မှ နွမ်းနယ်သွားမည်မဟုတ်ပေ။ သူမ မှာ မောင့်အတွက် အမြဲတမ်းသစ်လွင်တောက်ပနေသော အချစ်တွေရှိနေပါသည်။

သူမ မောင့်ရင်ခွင်ကို မှီနွဲ့ ရင်းက မောင့်အပေါ် သူမ၏ ချစ်ခြင်းကို ဖော်ကျူးရန်ကြိုးစားနေမိသည်။ မောင် ကအလိုက်သစွာ တိတ်ဆိတ်နေပေးသည် မောင့်ရင်ခုန်သံကို စည်းချက်လိုက်ရင်း သူမပြုံးလိုက်မိသည်။

“နွယ်လေး မောင့်အပြစ်တွေကို လိုက်ရှာကြည့်နေတာ၊ မောင့်သီအိုရီကြီးကို စဉ်းစားကြည့်နေတာ။ နွယ်လေးနဲ့  တော့ သိပ်မကိုက်ဘူး ထင်တယ်မောင်ရဲ့  နွယ်လေးက မောင့်ကို ချစ်နေပြီလေ … မောင်က နွယ်လေးရဲ့  တစ်ဦး တည်းသော မောင် ဖြစ်နေပြီ ချစ်အံ့ စဲစဲ လေးဆိုရင်တော့ ပိုအဆင်ပြေမယ် ဘာပဲဖြစ်ဖြစ်ပါ လေ မောင့်ကို အ ပြစ် ဆိုလို့ အစမ်းလေးတောင် မြင်မကြည့်ချင်ပါဘူး ....... နွယ်လေး ကတော့ မောင့်ကို ချစ် တာပဲ သိတယ် …. အရင်တုန်းကလည်း မောင့်ကို နွယ့်ချစ်သူများ ဖြစ်ခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့  ချစ်ရ တာအမော၊ ခု မောင့် ကို နွယ်လေးရဲ့ မောင် အဖြစ်နဲ့ လည်း တအားချစ်နေတုန်းပဲ …. နောင်လည်း ချစ်နေဦး မှာပဲ လေ …. မောင်သာ ပစ် မသွားရင်ပေါ့ ….”

“အဲ … မောင်က နွယ်လေးကို ဘာကိစ္စပစ်သွားရမှာလဲ … ပေါက်ပေါက်ရှာရှာ ချစ်လို့ လည်းမဝနိုင်ဘူး ပစ်လို့  လည်းမသွားနိုင်ဘူး ဗျာ …… ”

မောင့် အနမ်းတွေသည် အချစ်ကြောင့်ရယ်လားမသိ လှိုက်ဖိုခြင်းထက် နွေးထွေးမှုကိုသာပေးသည်။ သူမ မောင့် ၏ တိုအနမ်းများကို မြတ်မြတ်နိုးနိုးခံယူနေမိသည်။ အချစ်သည် မောင့်အနမ်းကို ဖြူစင်စေကြောင်း သူမ ကောင်း ကောင်းကြီး သိသည်။ မောင်နှင့်ပတ်သက်၍ သူမ အတွက် စိုးရိမ်မှုဆိုတာမရှိခဲ့သေး။ ထိုသည်မှာ သူမ မောင့် အပေါ်ယုံကြည်မှုဖြစ်သည်။ မောင့်အကြည့်တွေ အောက်တွင် သူမ မလုံခြုံမှုဆိုတာ မခံစားရ မောင့်အကြည့် တွေ အောက်တွင် သူမ သည် လွတ်လပ်နေခဲ့သည်။ အနှောင်အဖွဲ့ ကင်းမဲ့နေသည်။ ထိုသည်မှာ မောင့် သိက္ခာ ဖြစ် သည်။ မောင့် ကို ထိုသည်များကြောင့် သူမ ချစ်ရသည်။ ထိုသည်မှာ သူမ ချစ်သော မောင့်အလှတရားများ ဖြစ် သည်။ မောင့် အရေပြားတစ်ထောက်ထက် ထိုကဲ့သို့ သော မနာကျင်ရသည် ကြင်နာမှုများကို သူမ ပိုမြတ် နိုးမိ ပါသည်။

“နောက်ဆုံးတော့ နွယ်လေးရယ် မောင်က နွယ်လေးကို ချစ်တာ နွယ်လေးလို့ အမည်တပ်ထားတဲ့ မိန်းကလေး တစ်ယောက်ရဲ့ ဂုဏ်သတ္တိလေးတွေတိုင်းကို ချစ်နေမိတာပါ … တိုင်းပြလို့ လည်း မောင့်မှာ မတတ်ပါဘူး ပြောပြ လို့ လည်း စကားတွေ မရှိပါဘူးကွာ ….. မောင်လည်း နွယ်လေးကို ချစ်တာပဲ သိတယ် ချစ်ချင်နေတာပဲသိတယ် ဒိပြင်လည်း မစဉ်းစားချင်တော့ဘူး ……”

“မောင်ကလည်း စကားတတ်လိုက်တာ.......... နွယ်လေး တော့ အဲဒါတွေနဲ့ တင် တဖြုတ်ဖြုတ် ကြွေနေရတော့ တာ နော် …..”

“ဟဟ စကားတတ်လိုက်တာတဲ့ ကြည့်ပါဦး မောင့် မြဒါလီလေးက အချစ်အကြောင်းတွေကို ပြောနေလိုက်တာ မောင်တောင် လိုက်လို့ မမှီတော့ဘူး …. သိပ်ပျော်တာပဲ မောင် သိပ်ပျော်တာပဲ အချစ်ရယ် ……. ”

ချစ်သူ နှစ်ယောက်၏ ရယ်သံလွင်လွင်သည် လှိုင်းကြက်ခွပ်လေးများ၏ ဖလပ်ဖလပ်ဟူသော အသံများနှင့် အ တူ လွင့်ပျံသွားလေသည်။ စိမ်းစိုသော အပင်စိမ်းစိမ်းတို့ သည် လေအလာတွင်အသာ ယိမ်းလျှက် အချစ်၏ သံ စဉ်၊ ချစ်သူ နှစ်ဦး၏ ရင်ခုန်သံများနှင့်အတူ စည်းဝါးလိုက်နေသည့်ဟန်ဖြင့် စိမ်းစိုမြမြဖြင့် မြင်သမျှ လှပနေ လေ သည်။ အချစ်သည် အကောင်းဆုံးသော အလှဖန်တီးရှင်ဖြစ်သည်။ အချစ်သည် ဖြည့်တွေးပေးနိုင်ဆုံး သော အ ကောင်းမြင်ဝါဒီသမား တစ်ယောက်ဖြစ်သည်။ အချစ်သည် ကောင်းစွာသော ချုပ်တည်း စောင့်ထိန်းနိုင်မှုကို ဖြစ် စေ သည်။ နူးညံ့သလို ခိုင်မာတည်မြဲသည်။ အဆင်းလှသလို အသံကလည်း ချိုမြသည်။ နာကျင်ခြင်း ကင်း သော ထိတွေ့ ခြင်းများဖြင့် ပြည့်သိပ်နေလေသည်။

သူမ မောင့်ကို မော့ကြည့်လိုက်သည်။ မောင်ကလည်း သူမကို အသာငုံ့ ကြည့်သည်။ မောင့်မျက်လုံးထဲတွင် မောင့်၏ သူမအပေါ်မြတ်နိုးခြင်းများနှင့်သာ ပြည့်သော အချစ်တွေကို တလက်လက်နှင့်တွေ့ နေရသည်။

သူ သူမကို ငုံ့ ကြည့်လိုက်တော့ သူမ မျက်လုံးထဲတွင် သူ့ အား ယုံကြည်ခြင်းနှင့် ရှင်သန်နေသော အချစ်တွေ ကို အထင်းသားမြင်နေရသည်။ သူမသည် ဤလောကတွင် သူအချစ်ဆုံး မိန်းမဖြစ်လေသည်။

အင်းယားကန်သည် ချစ်သူ နှစ်ဦး မျက်မှောက်တွင် အလိုက်တသိ တိတ်ဆိတ်ပေးနေ၏။ ချစ်သူတို့ ၏ ရင်ခုန်သံ တိုးသိပ်သိပ်တို့ က နှစ်ကိုယ်ကြား စကားဆိုကြလေတော့သည်။

ရန်ကုန်သား



Sunday, September 6, 2009

“မာန သင့်တဲ့ ပန်း ”


“နင်က ငါ့သူငယ်ချင်းမဟုတ်ဘူး ….. နင်ကငါ့ရဲ့ သေဖော်သေဖက် ….”

အဖြူရောင်သူငယ်ချင်းတွေ ဘယ်လောက်ထိ ရိုးသားနိုင်ကြမလဲ။ တစ်ယောက်အတွက် တခြားတစ်ယောက် ဟာ မရှိမဖြစ် လိုအပ်နေခဲ့တယ် ဆိုရင် သူငယ်ချင်းအဖြစ်နဲ့ တစ်ဘဝလုံးလက်တွဲသွားလို့ ဖြစ်နိုင်ပါ့မလား။ ချစ် သူမကျ
သူငယ်ချင်းမကျတဲ့ ဘဝမှာ ဘယ်လောက်ထိ သူ ရိုးသားနိုင်ပါ့မလဲ ….။ သူဘယ်တုန်းက မှမရိုးသား ခဲ့ ဘူးလို့ ပြောရင် သူမက သူ့ ကို မုန်းသွားမလားပဲ။ သူမ နားမှာရှိနေတဲ့ သူမရဲ့ ဖြူဖြူစုတ်စုတ် သူငယ်ချင်း တစ် ယောက် က ဟန်ဆောင်ကောင်းခဲ့တယ် ဆိုတာကိုလေ။

တိတ်ဆိတ်တဲ့ ည သူမအိပ်မပျော်တဲ့အခါ အတူစကား ပြော ဖော်ဖြစ်ခဲ့ရတယ်။ သူမ ရင်ထဲက ပူသောစကား ချို သောစကား တွေကို သူ ကျောက်ရုပ်တစ်ရုပ်လို နား ထောင် နေခဲ့တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲလေ …. သူ့ ရင်ထဲမှာ ခပ်လေးလေး ခုန် နေတဲ့ အ သည်းနှလုံး ရှိတာပဲ ….. ။ သူမရဲ့ ဂရုစိုက်မှုတွေ ကရော၊ သူ့ အနားမှာ အမြဲတစေ ရှိနေ၍ သူ့ ဘဝ ပြည့်စုံနေ တယ်လို့ ခံစားနေရတဲ့ ယောကျာ်းတစ်ယောက် ရဲ့  ခံ စားချက်တွေကကော၊ သူတော် စင်မှ မဟုတ်ပဲ။ ချစ်တတ် တဲ့ နှောင်ဖွဲ့ တတ်တဲ့ အသည်းနှလုံး ကြီးနဲ့  လူ လေ။ အကြင်နာကို မခံစားတတ်တဲ့ သူတောင် သာယာတယ် ဆိုတာလေးတော့ ပြောချင် ပြောမိမှာပေါ့။ ဘာပဲ ဖြစ်ဖြစ် သူက သူမရဲ့ သူငယ်ချင်းမဟုတ်တဲ့ သူငယ်ချင်းပဲလေ။

သူငယ်ချင်းတစ်ယောက် အဖြစ်နဲ့  သူမအတွက် သိပ် အရေးပါတဲ့ ဘဝကို သူ နှစ်ခြိုက်တယ် မြတ်နိုးတယ်။ သူ့  စကားတွေဟာ သူမအတွက် အားတွေဖြစ်စေတာကို ကျေနပ်ပီတိဖြစ်ရတယ်။ သူတို့ နှစ်ယောက်ရဲ့ ဘဝဟာ မေခ နဲ့ မလိခလို ပေါင်းစုံပြီး ဧရာဝတီအဖြစ်စီးဆင်းနိုင်ပါလိမ့်မယ်လို့  မျှော်လင့်မိခဲ့တယ် …..သူမ က သေဖော် သေ ဖက် ပါလို့  ပြောလာတဲ့ အခါ သူ သူမကို ငေးကြည့်ရင်းက ပြုံးလိုက်မိတယ်။ ဘာလို့  သူ့  ရင်ထဲမှာ အဲဒီ အ ချိန် က သိပ်လေးလံနေခဲ့တာလဲ။ သူငယ်ချင်းဆိုတာ အနှောင်အဖွဲ့ ကင်းမဲ့တဲ့ ဆက်ဆံရေး တစ် ခုပါ။ ဖြူစင်တယ် …. ကြံ့ခိုင်တယ် ပေါ့ပါးတယ်…. လွတ်လပ်တယ် …… မာနတွေက ဘေးကနေ ဒေါသတကြီး အော်ဟစ်နေပေမယ့် …… ချစ်တဲ့  သူငယ်ချင်းနှစ် ယောက် ရဲ့ အပြုံးတွေကို သူ မကျော်လွှားနိုင်ဘူးလေ။

“သူငယ်ချင်း တစ်ယောက် ဆီက ချစ်တယ်ဆိုတဲ့ စကား ကိုကြားရမှာ ငါသေမလောက်ကြောက်တယ် ဟာ”

သူမပြောခဲ့တဲ့ ဒီစကားဟာ သူ့ ရင်ထဲမှာ သံမိုစွဲသလို စွဲသွားတယ်။ ဒီစကားဟာ သူတို့ နှစ်ယောက်ရဲ့  ဇာတ် လမ်း မှာ အဓိကအကျဆုံး ဖြစ်ခဲ့တယ်။ ဒီစကားကြောင့် သူမရဲ့  သူငယ်ချင်း အဖြစ်က လူသိရှင်ကြား အနားယူဖို ကြံ စည်နေတဲ့ သူ ….. ပလန်တွေ ဆွဲ နေခဲ့တဲ့ သူ ….. အိပ်မက်တွေ မက်နေခဲ့တဲ့ သူ ……. ကြည်နူးနေခဲ့တဲ့သူ ……. သူငယ်ချင်းအဖြစ်က တိတ် တ ဆိတ်နဲ့  အနားယူလိုက်ရတယ် ….. ။ သူမ မသိဘူးလို့ လည်း ထင်ခဲ့တယ်။ မသိ အောင် လည်းနေခဲ့တယ် …… ။ ရယ်စရာတော့ ကောင်းတယ်။ အချစ်နဲ့  ပတ်သက်လို့  စပ်စပ် ထိမခံ တဲ့ အလိမ်မ ခံနိုင်တဲ့ သူ့ ရင်ထဲက အသည်းနှလုံးကို သူက မေ့လျော့နေခဲ့တာ …..။

ဒါပေမယ့် မိန်းကလေးတစ်ယောက် နားမှာ အချိန်နှင့်အမျှ လူကိုယ်တိုင်မဟုတ်သော်မှ အသံကလေးအဖြစ် နဲ့  ရှိနေခဲ့တဲ့ ယောကျာ်းတစ်ယောက်ဟာ သူငယ်ချင်း မြူဖုံးလွှမ်းနေတဲ့ လက်တွေ့ ဘဝထဲမှာ ငိုချင်ရက်နဲ့  ရယ်နေ ခဲ့ရတယ်။ သူငယ်ချင်း ဆိုတဲ့ ကြိုးနဲ့  ခိုင်မာနေပြီဖြစ်တဲ့ သူတို့ နှစ်ယောက်တွင် သူကမှ စပြီး နောက်ထပ် သံ ယောဇဉ် ကြိုးတစ်ခုကို ချည်နှောင် ဖို့ မကြိုးစားခဲ့ရင် ….. ဒီလိုပဲ သူတို့ နှစ်ယောက်ဇတ်လမ်းက ဘယ်တော့ပြီး မယ်မှန်း မသိနိုင်တဲ့၊ သတိရမှ ထထ ရေး တဲ့ ပန်းချီကားတစ်ချပ်ဖြစ်နေမှာပေါ့။ သူမက သူငယ်ချင်းကို ချစ်သူ မလုပ်ချင်ပေမယ့် စက္ကန့်  မလပ် အကြင်နာတွေ ဂရုစိုက်မှုတွေနဲ့  တွေ့ နေရတဲ့ နှလုံးသားက သံမဏိနဲ့  လုပ် ထားတာမှ မဟုတ် တာ။ သာယာတာပေါ့ ….. ရင်ခုန်တာပေါ့ …. တမ်းတာတာပေါ့ ….. အဲဒီအကြင်နာတွေ ပျောက် ဆုံးသွားရင် ငိုကြွေးမှာ ပေါ့ …. အဲဒီအကြင် နာတွေ နဲ့ နီးနေရင် သူပျော်နေမှာပေါ့။

ဒါပေမယ့် မာန ဟာ မာန်နတ်တစ်ကောင်လို သူ့ ရင် ကို ဝင်မွှေသွားတယ်လေ။ ပါးစပ်ကြီးကို ပိတ်ထားတယ်။ ရင်ခုန်သံတွေကို အသံလုံပုံးတစ်ခုထဲ ထည့်သိမ်းထား ပစ်လိုက်တယ်။ သူ့ ကိုချစ်သူ တစ်ယောက်အဖြစ် မထိုက် တန်ဘူး သူမရဲ့ ချစ်သူ ဖြစ်မလာနိုင်ဘူးလို့ ပြောလိုက် သလို ခံစားလိုက်ရတယ်။ သူမဘဝမှာ အဲဒီ သေ ဖော်သေ ဖက် သူငယ်ချင်းနဲ့  သူမရဲ့ ချစ်သူဆိုတာနဲ့  ဘယ်လို အဆင့်အတန်း ခွဲခြားထားလဲဆိုတာ သူ မှ မသိ နိုင် ပဲလေ။ သူမရဲ့ ယုံကြည်ချက်တွေနဲ့ ပတ်သက်တဲ့အခါ သူမရဲ့ ဘဝကို ရင်ဆိုင်တဲ့ အားမာန်တွေကို အရောင် တောက်စေ တဲ့ အခါ သူမ ဝမ်းနည်းကြေကွဲနေတဲ့အခါ သူမရဲ့ ဘဝအပေါ်မြင်တဲ့ အမြင်တွေကို ဝေဖန် ကြ တဲ့အခါ သူမ ကို သူ ကောင်းကောင်း ကြီးနားလည်ခဲ့တာပေါ့။ ဒါပေ မယ့် သူ့ အပေါ်ထားတဲ့ သူမရဲ့  ချစ်ခြင်း ကို သာ သူ နားမလည် ခဲ့တာ …… ဟုတ်တယ်လေ သူငယ်ချင်းမှ မလုပ် ချင်တာပဲကို ….။

ဒီလိုပဲ သူ့ စိတ်တွေလည်း ပျော့တစ်ခါ မာတစ်လှည့်နဲ့  မျောမျောကြီးကို ဖြစ်လို့ ၊ သူမ၏ ချစ်သူဖြစ်ဖို့ ကြိုးစား ချင်စိတ်တွေဟာလည်း ယောင်ဝါးဝါးဖြစ်၊ အတ္တတွေကလည်း ကစဥ့်ကလျားဖြစ်နေတဲ့ တွယ်တာမှုတွေကြား မှာ ထောင်ထောင်လွှားနဲ့ …. သူငယ်ချင်းလိုပဲ မိန်းမောနေလိုက်တာကမှ အနားမှာရှိခွင့်ရဦးမယ် ချစ်တယ် လို့ ပြော လိုက်ရင် ရရှိလာမယ့် လှပတဲ့အဖြေတစ်ခုဟာ ရာခိုင်နှုန်းတွေသိပ်နည်းနေမယ်ထင်လျှက် သတ္တိတွေနည်း နည်း လာတယ်။ နောက် သူ ဆက်မခံစားနိုင်တော့ဘူး။ သူမရဲ့ စကားနဲ့ အတူ ချောလဲရင်းက ရောထိုင်ချလိုက် တော့ တယ်။

ပိုင်ဆိုင်လိုမှု …. ရယူလိုမှု …. အသိအမှတ်ပြုခံလိုမှု …. အချစ်ခံလိုမှု …. ။ လူတိုင်းဟာ လွတ်လပ်စွာချစ်ခွင့် ရှိ တယ် …..။ ဘယ်သူမှ တားဆီးလို့ လည်း မရသလို …. နှောက်ယှက်လို့ လည်း မရဘူးလေ …..။ ဒါပေမယ့် အချစ်ခံရဖို့ ဆိုတာကျတော့ ကိုယ့်အပိုင်းမဟုတ်ဘူး …… လွတ်လပ်စွာ အချစ်ခံပိုင်ခွင့်မရှိလို့ လေ။ လွတ်လပ် စွာအချစ်ခံ ရဖို့ ကြိုးစားပိုင်ခွင့်ပဲရှိတယ်။ ဒါပေမယ့် သူ့ အတွက် အဲဒီအခွင့်အရေးဟာ စကားတစ်ခွန်းတည်းနဲ့  ပျောက်ဆုံး သွား တယ်။

သူမ ချစ်သူဆိုတာကို တွေ့ သွားခဲ့တာလား အရွဲ့ တိုက်ခဲ့တာ လားတော့ မသိ ….. သူမ နှလုံးသားမှာ သူ့ အတွက် နေရာနည်းသွားတယ်။ သူလည်း သူ့ အိပ်မက်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက် ဆက်ပြီး အိပ် နေနိုင်ခဲ့တယ် …. သူ ဘာ သာ အပြန်မှားခဲ့တာဖြစ်မယ် အကြင်နာဆိုတာ အချစ်မှမဟုတ်တာ တွယ်တာ မှုဆို တာ အချစ်ရဲ့ အဖျား အနးသားတွေပဲလေ …. သူမရဲ့ အကြင်နာတွေက ဆင်းရဲမသွားပါဘူး … အဲဒါကို သူ နားမလည်တာ ….. ဘာဖြစ် လို့  ဝေးနေကြပေမယ့် သူမဟာ သူနဲ့ အတူ ရှိနေခဲ့ရတာလဲ …. ဝေး သွားပြီလေ …. ဝေးသွားကြပြီ ….. သူငယ် ချင်း အဖြစ်နဲ့ မဖြူစင်နိုင်တော့မယ့် အတူတူ ဝေးလိုက်ကြပါစို့ ရယ် …။

သူ သူမကို ပေးခဲ့တဲ့ နားလည်မှုတွေ၊ ကြင်နာမှုတွေ၊ နွေးထွေးမှုတွေကို သူမ ကိုယ်တိုင်ရွေးချယ်ထားတဲ့ ချစ်သူ က မပေးနိုင် ဘူးတဲ့လား မဖြစ်နိုင်တာ ….. ကိုယ့်အသက်ထက် ချစ်လို့  ချစ် သူတွေ ဖြစ်တာမဟုတ်လား …. “No one else above you ” ဆိုတဲ့စကားက ကလေးကစားစရာ မှမဟုတ်တာ ….. အပိုပြောတဲ့ စကားတစ်ခု မဟုတ် ဘဲလေ ….။ ဟိုး အသည်းနှလုံးထဲက နေ အနှစ်နှစ်အလလ မွေးမြူထားပြီးမှ အထပ်ထပ်စစ်ဆေး မေး မြန်းထား ပြီးမှ ထွက်ပေါ်လာတာလေ။ ချစ်သူဆိုတာ ဟာ အဲဒီ မိန်းမ သို့ မဟုတ် ယောက်ျားတစ်ယောက် အ တွက် အားလုံး ထဲမှာ နံပါတ်တစ်ဖြစ်နေရမှာပဲ မဟုတ်လား …..။

မမေ့လျော့ပေမယ့် မေ့လျော့ချင်ယောင် ဆောင်နေခဲ့တဲ့ သူ ဟာ….. ဘယ်လောက်ပဲ ဝေးကွာနေပါစေ သူမ နဲ့ တွေ့ တဲ့အခါ အစိမ်းရောင်သမ်းတဲ့ မျက်နှာနဲ့ မကြည့်နိုင်ခဲ့ဘူး …. သူ့ နှလုံးသာက သူမ နဲ့ အတူ နေသားကျ နေခဲ့ တယ်။ ဒါပေမယ့် သူ ချစ်တယ်ဆိုတဲ့စကား သူမကို ဘယ်လို ပြောနိုင်မှာလဲ …. အဓိပ္ပါယ်မှ မရှိတော့တာ သူမ ရယ်မောပစ်လိုက်ရင် …… သူ့ နှလုံးသားက ခံစားနိုင်မှာ မဟုတ်ဘူး ….. ။ မပြောလဲ မပြောသင့်တော့ ဘူး လို့ မာနက အမိန် ပေးထားတယ် ….. ရင်ထဲမှာ ရှိနေတာကတော့ ဝန်ခံပါတယ် …. မေ့လို့ မှ မရတာ။ ကြိုက် သလို အမည်တတ်နိုင်တယ် …. ခိုးပြီးချစ်နေရတဲ့ သူငယ်ချင်းတစ်ယောက် လို့ ပဲဖြစ်ဖြစ် … မာန ကြီးတဲ့  ယောက်ျား တစ် ယောက်လို ပဲဖြစ်ဖြစ် အတ္တကြီးတဲ့လူတစ်ယောက် လို့ ပဲဖြစ်ဖြစ် ……။ ဒါပေမယ့် အချစ်မရှိတဲ့ လူလို့ တော အပြောမခံ နိုင်ဘူး …။ ချစ်နေတာ သူ ကိုယ်တိုင်ပဲသိတယ် ….. ။

နှစ်တွေသာကြာ ညောင်းလာတယ် ဇာတ်လမ်းကြီးက အီလာတာပဲရှိတယ် အခြေအနေက ဒီအတိုင်းပဲ …. သူ သူမ ကို ခဏခဏ စိတ်ဆိုးအောင်လုပ်တယ် စိတ်နာအောင်လုပ်တယ် ထားပစ်ခဲ့တယ် ဒါပေမယ့် သူ နဲ့  သူမ တစ် နေရာရာမှာ အကြောင်းတစ်ခုခုနဲ့  ပြန်ဆုံကြရတဲ့အခါ သူက ပဲဖြစ်စေ သူမကပဲဖြစ်စေ အပြုံးတွေနဲ့ ဖြစ်နေ ကြပြန်တယ် ပျော်နေကြပြန်တယ် နှစ်ပေါင်းများစွာက အမည်တပ် လို့ မရတဲ့ ဆက်ဆံရေးမှာ ပြန်ပြီး နေသား ကျ သွားကြပြန်တယ် ….. ။ သူ တစ်ခုပဲသေသေချာချာ သိတယ် …. သေအောင်ချစ်နေပါစေ ဘယ်တော့မှ မပြော ဘူး …ချစ်တယ်လို့  ….။ ဒါပေမယ့် သူ ယိုင်နဲ့ ခဲ့ရပါတယ် … တွေဝေခဲ့ရပြန်ပါတယ်…. နှလုံးသားကို ချည်ထားတဲ့ မာနကြိုး နည်းနည်းလေး လျော့သွားတာနဲ့  အချစ်တွေက နှလုံးသွေးနဲ့ အတူ တရဟော ပြန်လည် စီးဆင်းလည် ပတ် နေခဲ့ရတယ် … သူမရဲ့ ဟောဒီ ကဗျာဆန်တဲ့ စကားလေး တစ်ခွန်းကြောင့်ပေါ့ .......

“ငါသေ သွားမယ်ဆိုရင်တောင် နင့်ကို အသက်ရှူတိုင်း လွမ်းတယ်လို့ တော့ နင်သိအောင် ပြောခဲ့ချင်တယ် ……”

မိန်းမတွေ လွမ်းပြရင် သူတို့ ချစ်သူ ယောက်ျားတွေ ဗိုင်းကနဲလဲပြီး အသက်ပါသွားလောက်တယ်လေ …။ ဒါပေ မယ့် သူက သူမ ချစ်သူမှ မဟုတ်ဘဲ။ တိတ်တဆိတ်ပဲ လဲပြိုလိုက်တော့မယ်။ သူ ဒီစကား တွေကို ရင်ထဲမှာ သိမ်း ထားလိုက်တယ် …. ဇာတ်မျောကြီးလည်း ဆုံးပါစေတော့ … သမုဒယ သံယောဇဉ်တွေ လည်း ပြေပါစေ တော့၊ မုန်းလိုကလည်း မုန်းပါစေတော့၊ ထားလိုကလည်း ထားသွားပါစေတော့ ….။ အိပ်ချင် ယောင်ဆောင် သူ ဟာအ နိုးရ ခက်တယ်။ ဟုတ်တယ် သူ အိပ်ပျော်နေတာမဟုတ်ဘူး ….။ အိပ်တစ်ဝက်နိုး တစ် ဝက်ကမက်နေ တဲ့  အိပ်မက် ကလေး ကွယ်ပျောက်သွားမှာစိုးရိမ်နေတာ …..။ အသိစိတ်နဲ့  ဆုံးဖြတ်လိုက်ရင် …. ရက်စက်တဲ့  အပြုံး တွေနဲ့ ပြုံးမိမှာစိုးရိမ်နေတာ ……။ သူမ သူ့ ကို အတ္တကြီးသူ တစ်ယောက် အဖြစ်ပဲ မြင်ပါ စေတော့ …… အချစ်ကို ရင်ထဲမှာ မျိုသိပ်ထားရတာဟာ ဖွင့်ပြောလိုက်လို့ ရရှိလာမယ့် ငြင်းဆိုမှုထက် ပိုပြီး နာကျင်ခံစား ရမယ်ဆိုတာ သိ ပေမယ့် အဲဒီလမ်းကိုပဲရွေးလိုက်တော့တယ် …… သူမ ပြောလာနိုင်တဲ့ စကား တွေကို ကြား ယောင်နေမိတယ် …

မာနကြီးတဲ့သူ....
သရဲဘောကြောင်တဲ့သူ......
မချစ်ရဲတဲ့ သူ (….. ဒီစကားဟာ သူ အနာကျင်ရဆုံးစကား ဖြစ်ပါလိမ့်မယ် …..)

*****************

မကြီးဝါရေ ..... ဒီမျှနဲ့ ပဲကျေနပ်ပါတော့နော် ...... ငယ်ကျိုးငယ်နာတွေလည်း ကုန်ပါတော့မယ် .... :D ဇာတ်လမ်း အရင်းကိုက ရှုပ်ရှုပ် ရှုပ်ရှုပ်မို့  မရှင်းမရှင်းနဲ့  ဖတ်လိုက်ရရင်တော့ (မကြီးနဲ့  စာဖတ်သူ မောင်နှမတွေအားလုံး) ခွင့်လွှတ်ပေးပါ။ တင်ပြပုံ ညံ့ဖျင်းတာလဲ ပါ ပါလိမ့်မယ် ...... တက်ဂ်တဲ့ အတွက် ကျေးဇူး မကြီး ....။ မကြီး ချမှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့  ကိုက်ညီပါတယ် ဆိုတဲ့အကြောင်း ဝန်ခံ ပါတယ် :D

ပုံလေးကို ဒီက ယူပါတယ် ......
ရန်ကုန်သား




Friday, September 4, 2009

“အစန်း” ဟု ခေါ်ပါသည်

ကောင်းကင်တစ်ခုလုံး ပြောင်သလင်းခါနေရင် ကိုမောင်လေး တို့ တွေ သေချင်စော်နံသည်။ ဒီဘဝမှာ ကောင်း ကင် ရဲ့  ပြာလွင်လွင်အလှဆိုတာကို ခံစားဖို့ ကံမပါလာဘူးထင်မိလေသည်။ နေပူရေဆူချိန်မှာ ချွေးတစီစီနဲ့  နင်း လိုက် ပါ မှ ညခင်းအိမ်ပြန်တဲ့ အခါ အိပ်ကပ်ထဲ ပိုက်ဆံလေးပေါပေါပါမည်။ ဆိုက္ကားအုံနာခ ပေးအပြီး မြိုးမြိုးမြက် မြက်က လေး ကျန်မည်။ သို့ မှ အိမ်က ကျေးဇူးရှင်မက မညံမည် ဖြစ်သည်။

သူတစ်နေ့ လုံးအံကြိတ်ပြီး ဆိုက္ကား နင်းနေရ သည်ကို ကန်တော်ကြီးဘေး ပန်းချီသွားဆွဲပြီး ပြန်လာသလောက် ရှိသည်ဟု ထင်သောမိန်းမဖြစ်သည်။ ကျေးဇူး ရှင်မက သူ့ ကိုဤမျှချစ်၏။ ဆိုက္ကားဆွဲရတာလည်း အဆင်ပြေလှ သည် တော့မဟုတ် တစ်နေ့ လုံး လူတွေ အပျင်းမထူရင် ငုတ်တုတ်မေ့ခဲ့ရ သောရက်တွေ ရှိခဲ့သည်။ ဆိုက္ကားဂိတ် မှာ သူ တစ်ယောက်တည်း မှမဟုတ်ဘဲလေ။ ကိုမောင်လေးလို လူတွေ က အများကြီးရှိသည်။ ကိုယ့်အလှည့် ရောက်ဖို့ ငိုက်တစ်ခါ နိုးတစ်လှည့်နဲ့ စောင့်ရင်း၊ အလှည့်လုရင်း စကား များ တဲ့ အခါလည်းများ အစန်း တစ် ယောက် ပေါက်ပေါက်ဖောက်သမျှ ဟာရယရွှင်ဆေးအမှတ်နဲ့ အပန်းဖြေ တဲ့ အ ခါ လည်းဖြေကြရသည်။

ကိုမောင်လေး ဆိုက္ကားနင်းစားလာသည်မှာ အနှစ်နှစ်ဆယ်လောက်ရှိရော့မည်။ လက်ရှိဂိတ်ကိုရောက် တာပင် ဆယ် နှစ်လောက်ရှိပြီဖြစ်သည်။ ထိုဆယ်နှစ်လောက် ကတည်းက အစန်းက သူတို့ နှင့်အတူ ပါစင်ဂျာ စောင့် ဖော် စောင့် ဖက်ဖြစ်နေခဲ့သည်။ သူတွေ့ ကရာပြောသမျှ သြချကာ ရယ်မောခဲ့ရသည်။ အစန်းပျောက်နေသော ရက်မျိုးဆိုပါ က သူတို့ ဂိတ်သည်လည်းကောင်း သူတို့ ဂိတ်တည်ရှိသော ဗံဒါပင်ကြီးအောက် ရွှေလက်ရာ ကွမ်း ယာ မည်သောဆိုင်မှ မအေးသွယ်သည်လည်းကောင်း တမျှော်မျှော်ရှိနေတတ်ကြမြဲဖြစ်သည်။

“အစန်း”

ကိုမောင်လေး ဒီဂိတ်ကိုရောက်ပြီး တစ်နှစ်လောက်ရှိတော့ စိတ်မနှံ့ ရှာသော မိန်းကလေးတစ်ယောက် သူတို့  အနားသို့ ရောက်လာခဲ့သည်။ ဘယ်အရပ်ကလာသလဲ လို့ လည်းမေးမရ၊ အိမ်ဘယ်မလဲ လို့ လည်းမေးမရ၊ ဘာမှ မေးလို မရပေ။ မေးလို့ ရသည်မှ တစ်ခုတည်းဖြစ်သည်။ သူမ နာမည်သာဖြစ်သည်။ နာမည်ဘယ်လို ခေါ် သလဲလို့ မေးလိုက်ရင် “ကျွန်မနာမည် အစန်းဟု ခေါ်သည်” ဟု ဖြေတတ်လေသည်။ အဲဒီအချိန်က ထိုကလေးမ အစန်း မသကာရှိလှမှ ဆယ့်လေးငါးခြောက်နှစ်ပေါ့။

အရူးမလေး အစန်းကို ရောက်စက ဘယ်သူမှ အဖက်မလုပ်ကြ။ ကွမ်းယာဆိုင်က မအေးသွယ်ကအစ သူတို့  ဂိတ်က ဆိုက္ကားဆရာကြီး ငယ်တို့ အဆုံး တစ်ယောက်မှ အစန်းကို ကြည့်လို့ မရ။ အစန်းက တွေ့ သမျှ လူကို သူထင်ရာကို ပေါက်ပေါက်ရှာရှာ ပြောသည်။ မဟုတ်မဟတ်တွေ ပြောသည်။ စိတ်က မနှံ့ ပျံ့ လွင့်ကာ ရူးသွပ် နေသည်ကိုးလေ။ ပြောချင်တာလည်း ပြောမည် မကြားဝံ့မနာသာလည်း ပြောမည်။ သူ့ ပါးစပ်ထဲ ပေါ်သမျှ အကုန် ပြောမည်သာ ဖြစ်သည်။ အချို့ က အစန်းလာတဲ့ နေ့ ဆို ပါစင်ဂျာမရဘူးဟုပင် အယူ စွဲနေကြသေးသည်။ ထိုအထဲ ကိုမောင်လေး လည်းပါခဲ့သည်။ ဆေးလိပ် ကွမ်းယာ အရောင်း ထိုင်းသည်ဟုဆိုကာ မအေးသွယ်လည်း အစန်း ကို အလိုမရှိသည့် အထဲပါခဲ့သည်။

သို့ သော် အစန်းက ဘယ်လို နှင်နှင် ဘယ်လို ဆဲဆဲ တဟဲဟဲ ရယ်ပြီးပေကပ်နေနေခဲ့သည်။ ဆိုက္ကားဂိတ် နှင့် မလှမ်းမကမ်းတွင် ဘုန်းကြီးကျောင်းဝန်းကြီးရှိသည်။ ဘုန်းကြီးကျောင်းသို့ ဝင်ရန် တခြားအပေါက်တစ်ပေါက်ရှိ သည်ဖြစ်၍ သူတို့ နှင့်နီးသော ထိုမုခ်ဘက်မှ လူသွားလူလာ အလွန်ရှင်းသည်။ ကုန်းခပ်မြင့်မြင့်လေးတွင် လှေကား နှစ် ဆစ်ချိုးမို့  အစန်းတို့ လိုအိမ်မဲ့ရာမဲ့ များအတွက် ဇရပ်တစ်ခုလို ဖြစ်နေသည်။ ခေတ်ဟောင်း လက် ရာ ထိုလှေကား ရုံ သည် စူးလက်မွန်းချွန်များဖြင့် အစန်း၏ စံမြန်းရာဖြစ်လို့ နေလေသည်။ အရူးပါးမ အစန်းက တော့ သူတို့  နား ကလည်း မခွာ၊ ထိုလှေကားရုံ စံနန်းတော်မှလည်း မခွာတော့ပေ။ သူ နှင့် နေရာ လုဖက်က တော့ လမ်း ပေါ်က ခွေးများသာဖြစ်သည်။

ဆံပင်တွေက ချေးအလိမ်းလိမ်းနဲ့  တစ်ပင်နှင့် တစ်ပင်ထပ်လျှက်က နီရော်နေသည်။ သေချာအနားကပ်ကြည့် ရင် သန်းတွေ ပြေးနေတာ တောင် မြင်ရသည်ဟု မအေးသွယ်က မကြာမကြာပြောတတ်သည်။ ကိုမောင်လေးက တော့ ရှာရှာဖွေဖွေ မမြင်တတ်ပါ။ ခပ်မှေးမှေးနဲ့ အစ်နေသော မျက်လုံးများ က စူးစူးရဲရဲ အမြဲ ကြည့်တတ်သည်။ မျက်နှာတစ်ခုလုံးကတော့ လေလွင့်နေသော စိတ်မနှံ့ သူတို့ သဘာဝ ပေပေပွပွဖြင့် ညစ်ပတ်နေသည်။ အစန်းက
အသားလေးကတော့ ဖြူချင်သည်။ အညို ဖက်လိုက်သော အစန်း၏ အသားက ချေးတွေကြားကပင် ဝင်းဝင်း ကလေး ဖြစ်နေသည်။ အစန်း မျက်နှာတစ်ခု လုံး တွင်အသန့် ရှင်းဆုံးကတော့ သွားတွေဖြစ်သည်။

“ဟဲ့ အစန်း နင် သွားဖြဲဖြဲပြနေတာ နွားပွဲမဟုတ်ဘူးနော် ….”

“ဘာ …သွားဖြဲတာလဲ …. နင်တို့ ကသွားတိုက်ရတယ်ဆိုတာ သိလို့ လား … ဒီမှာ တွေ့ လားဆားထုပ် …. ဟိုမှာ ဒင်အောင် ကိုကြည့်စမ်း သွားတွေညစ်ပတ်နေတာ … ငါ့သွားတွေနဲ့ တူသလား ဟွန်း ….. သွားတိုက်ပါ မောင်ကြီးရယ် …… ဆားနဲ့ တိုက်မယ် … မီးသွေးနဲ့ တိုက်မယ် ….. အစန်းသွားလို ဖြူဖွေးတယ် ….. ဟား ဟား ဟား ”

အဲလို အစန်းက မျက်နှာတည့် မျက်နှာထားနဲ့ သီချင်းတောင် ဆိုပြီးရွဲ့ လိုက်သေး သည်။ ဘယ်လို ကနေ ဒီသီချင်း အလိုက် ရသည်မသိ။ စိတ်ကောင်းဝင်နေချိန်ဆို ဆားထုပ် ကိုထုတ်ထုတ်ပြီး သီချင်းဆိုဆိုပြတတ်သည်။ သူ့  စိတ် မတွေ တဲ့ အခါတော့ မကြားဝံ့ မနာသာအောင် တုတ် လိမ့်မည်။ သွားအကြောင်းပြောတိုင်း ကိုတင် အောင် ဟူသော ဂိတ်က ဆိုက္ကားဆရာ ကွမ်းသမားကြီးကတော့ အမြဲခံရသည်။ သို့ သော် အစန်းပြောသမျှ ခပ်ပြုံးပြုံးနဲ့ ပြန်ကြည့်နေနိုင်တာဆိုလို့ ကိုတင်အောင်တစ် ယောက် သာရှိသည်။ အစန်းရူးပုံကတော့ ဆန်း သည်။ သွားတိုက်ရန် အသိကလေးက ထူးထူးခြားခြား သူ့ ခေါင်းထဲကျန်နေသည်။ ကိုမောင်လေး ကတော့ သွားတွေ ဖွေး နေအောင်တိုက်တတ်တဲ့ အရူးကိုတော့မတွေ့ ဖူးခဲ့ပါပေ။ စိတ်ဆိုတာလည်း အဆန်းသားကိုး။

အစန်းက ထဘီသုံးထည်ကို အမြဲထပ်ဝတ်ထားသည်။ သူ့ ပစ္စည်းတွေ ပျောက်မည်ရှမည်ကိုလည်း အင်မတန် စိုးရိမ်တတ်သည်။ ထိုလှေကားရုံ ခွေးကတက်မှာ ဘယ်တော့မှ မထားခဲ့ … ပလတ်စတစ်အိပ်တစ်ခုထဲ အနွေး ထည်အစုတ် တစ်ထည် အကျီ င်္အပိုတစ်ထည် ဆားထုပ်တစ်ထုပ် … နဲ့ စွန့် ပစ်ထားသော ဆံညှပ်ကလစ် မိတ်ကပ်ဗူး စတာတွေကို သူနဲ့ တပါတည်း အမြဲမခွဲထားတတ်သည်။ ထိုအထုပ်ကို ကြည့်မိလို့ ကတော့ အစန်း တစ်ယောက် ထားစရာမရှိတော့ပေ။ တက်ထိုင်ထားလို့ ထား၊ ပေါင်ထဲထည့်ထား လို့ ထားဖြင့် ဥစ္စာခြောက် နေ တော့ သည်။

ဟိုအရင်က အစန်းဘာတွေ စားနေသောက် နေလဲလို့ ကိုမောင်လေးလည်းသတိမထားမိ။ ခုတော့ ဆိုက္ကားဂိတ် နှင့် မျက်နှာချင်းဆိုင် ဘယ်ဘက်တွင် ဒန်ပေါက်ဆိုင်ရှိသည်။ ညာဘက်တွင် ထမင်းဆိုင်တစ်ဆိုင်ရှိသည်။ ထိုဆိုင် ထဲက အလုပ်သမားလေး တချို့ က မနက်တစ်ကြိမ် ညနေတစ်ကြိမ် စားကျွင်းစားကျန် အထုပ်ကလေး တွေ လာလာပေးတတ်သည်။

“အောင်မယ်လေး ….. အစန်းဆာနေပြီလေ ရှင်ကခုမှ ကြွလာရသလား …. ကျေးဇူးရှင်ကြီးရဲ့ …… ဒန်ပေါက် ကလေးနဲ့ နားချလို့ ရမလား ….. သေနာလေးရဲ့ ….. လာလာ မြန်မြန်လာ ဆာလို့ သေတော့မယ် …… ”

စိတ်မတွေ့ တဲ့ အခါ ထိုအလုပ်သမားလေးတွေပင် အဆဲခံရသည်။ သနားသူတွေရှိမှလည်း ဒီအရူးမလေး မငတ် မည်ဖြစ်လေသည်။ မနက်စောစော ပိုင်းတော့ အစန်းလက်ထဲ အီကြာကွေးပဲဖြစ်ဖြစ် ကောက်ညှင်းပေါင်းပဲဖြစ် ဖြစ် တစ်ခုခုတော့ တွေ့ ရတတ်သည်။ ဘယ်က ရလာတာလည်းတော့မသိ။ တစ်ခါ တစ်လေ ဈေးဘက် ပါစင် ဂျာ ပို့ ရင်းက အစန်း ဈေးထဲ တွင်လတ်လျားလတ်လျားလုပ်နေသည်ကို တွေ့ ရတတ်သည်။ ကွမ်းယာ ဆိုင်မှာပဲ ချက်ပြုတ် စားသောက်တတ်သော မအေးသွယ်ကလည်း တစ်ခါတစ်ခါ သူ့ ရှိတာလေး ကျွေး တတ်ပေးတတ် သည်။ အချိန်ကြလာတော့ အစန်းသည် သူ တို့ ဆိုက္ကားဂိတ်နှင့် မအေးသွယ်ကွမ်းယာဆိုင်တို့ ကြားတွင် ပင်တိုင် စံမင်းသမီးဖြစ်လာခဲ့လေ၏။

သီချင်းကို ချက်ကျ လက်ကျ ဆိုတတ်သည်။ အသံကလည်း စာသည်။ မဟုတ်တဲ့ ဇာတ်လမ်းတွေလည်း လုပ် ပြော တတ်သည်။ တစ်ယောက်တည်း စကားပြောတဲ့ အခါလည်းပြောသည်။ သူ့ ပါးသူချပြီး ငိုတဲ့  အခါလည်း ငို သည်။ တဝူးဝူး တစ်ဝါးဝါးနဲ့ သူ တစ်ယောက်တည်း ပွဲကျတဲ့ အခါလည်း ကျနေသည်။ ဆိုက္ကား ဆရာတစ် ယောက်နောက် တကောက်ကောက် လိုက်တဲ့ အခါလဲလိုက်သည်။ မအေးသွယ်ဆိုင်ဘေး ထိုင်ကာ ငိုနေတဲ့  အခါလည်းရှိသည်။ ဗံဒါပင်ကြီးမှီပြီး အိပ်နေတဲ့ အခါလည်းအိပ်သည်။ မိုးကျရင်တော့ လှေကားရုံ ကနေ အစန်း ထွက်မလာ တော့ပေ။ အစန်းသည် တစ်ခါတစ်ရံသွက်သွက် ခါအောင်ရရူးနေတတ် သလို အေးအေး ချမ်းချမ်းနဲ့  ရှိတဲ့ အခါလည်းရှိသည်။ သူ့ စိတ်မတွေ့ လို့ ဆဲဆဲဆိုဆိုသာ ရှိရင်ရှိမည် အဝတ်မဲ့အစားမဲ့ တော့မဖြစ်တတ်။

တစ်နေ့ တော့ အစန်း ပုံစံနည်းနည်းပြောင်းသွားသည်။ သူ တို့ ကိုပြောနေကျစကားတွေ မပြောတော့၊ ရယ်စရာ ဟာသတွေ ပေါက်တတ်ကရတွေ မဆိုတော့၊ တမိုင်မိုင်တတွေတွေနဲ့  ဗံဒါပင်ကြီးမှီပြီးသာ နေ နေလေသည်။
အစန်းအသံတိတ်သော သူတို့ ဂိတ်သည် နေပူပူတွင် တိတ်လို့ ဆိတ်လို့ နေသည်။ မအေးသွယ် ကလည်း အစန်း ကို တကြည့်ကြည့်နဲ့ ။ တစ်ပတ်လောက် အစန်းငြိမ်နေသည်။ သူ အရင်လို စကားပြန် စပြောတော့ အားလုံးနေ
သားတကျဖြစ်သွားသည်။ သို့ သော် နေသားမကျသည်က အစန်းစကားတွေ … တခြားလူတွေ ကိုပြောသည် ထက် သူတစ်ယောက်တည်း ပြောနေသည်ကပို ပိုများလာသည်။ သို့ သော် ရူးသွပ်နေသူ တစ် ယောက် ပြော သော စကားကို ဘယ်သူက အလေးထားမည်နည်း။

“ နင်ဘယ်တွေ သွားနေတာလဲ … ငါမျှော်နေတာ ….. အဲဒီမျက်နှာနဲ့ င့ါ မကြည့်စမ်းနဲ့ ….. ငါသေချင်တယ် …”

“ဟော မောင်ကြီးလာပြီတော့ …… လာပါ လာပါ … ဟိုကောင်တွေ ထမင်းလာပို့ မှ နင်နဲ့ ငါ အတူစားမယ်လေ …. ပင်ပန်းလာသလား နင်ဆိုက္ကားလည်း မနင်းပါဘူး …. ဘာတွေ ပင်ပန်းနေတာလဲ …. အစန်းမ က နင့် ကို
စောင့်နေတာလေ …”

“မလာလည်း နေပေါ့ ဟင်းဟင်း အစန်းက မျှော်နေမယ်ထင်လို့ လား နင်ပြောတော့ ပြန်လာမယ်ဆို ….. နင် ညာ သွားတာကိုး …. ”

ငိုတဲ့ အခါလည်း တလူးလူး တလှိမ့်လှိမ့် …… မကြားတကြားပြောတာလည်း အခါခါ ….. ရယ်မောနေပြန် တော့ လည်း တလှိုက်လှိုက် …… အလှတွေလည်း ပြင်လို့ …… ဘယ်ကကောက်လာမှန်းမသိလတဲ့ နှုတ်ခမ်းနီတောင့် နဲ့ 
မျက်နှာတစ်ခုလုံး ပြည့်နေအောင်ဆိုးလို့ ဆိုး ….. ကိုမောင်လေးတို့ အစန်းကို ကြည့်ကာနားမလည်နိုင် …. ။ စိတ်မနှံ့ သူမို့  အပြောင်းအလဲဖြစ် တာဟုသာမှတ်သည်။ နောက်လအနည်းငယ်ကြာတော့ ပြဿနာက စသည်။

“ကိုမောင်လေးတို့ ကိုတင်အောင်တို့  ရှင်တို့ အစန်းကို သတိထားမိသလား …… ဒီကလေးမ ဝဝ လာတယ်နော် …. ကျွန်မတော့ မရိုးဘူးထင်တယ် ….. ”

“ ဟုတ်ရဲ့ လား မအေးသွယ်ရယ် ….. ကျုပ်တို့ တော့ ဒီအတိုင်းပါပဲ …… ဘာဖြစ်လို့ ….”

“ရှင်တို့ ကဘယ်သိမလဲ ကျွန်မကသိတယ် ….. ဘယ်အယုတ်တမာက ယုတ်မာသွားပြန်ပြီလဲ မသိပါဘူးတော် ရူးတာတောင် ကောင်းကောင်းမရူးရပါလား ….. ဟင်း ….”

မအေးသွယ်စကားမှန်သည်။ ခြောက်လလောက်နေတော့ အစန်း မူပျက်ပုံ အကြောင်းပေါ်လေသည်။ အစန်း တောက်လျှောက် ပြောနေသော နဝေတိမ်တောင် စကားတွေသည် ကိုမောင်လေးတို့ သာနားလည်ခဲ့ တွေးမိခဲ့ ကြရင် ထိုကတည်းက သိလောက်ပြီ။ ဘယ်သူက တွေးမိမလဲ။ ဗိုက်ကြီး နေပြီ။ စိတ်မနှံ့ သူ မိန်းမ များအား ထိုသို့  ယုတ်မာသွားတတ်ကြသည် ကို အရင် က ကြားဘူး သည်။ သို့ သော် ကိုမောင်လေး ခု တော့ လက် တွေ့  မြင်နေရပြီ။


ဆိုက္ကားသမားများ လည်း အရှက် ရကြရသည်။ မအေးသွယ်ကလည်း သံသယ မျက်လုံးတွေ နဲ့ ကြည့်သည်။ ဆိုက္ကားစီးနေကျ ပါစင်ဂျာ တွေက လည်း တမေးမေး ရှိလာကြသည်။ ကိုမောင် လေးတို့ တတွေ အနေရ အစားရ
ခက်ကုန်သည်။ မျက်နှာတွေ ပူ ကုန် သည်။ အရှက် တွေကွဲကုန်သည်။ အရူးမနဲ့  အထင်ခံရ လို့  ဒေါသဖြင့်ပေါက်ကွဲသူက ပေါက်ကွဲကုန်သည်။ ဒီလောက်တောင် ယုတ်မာရသလား၊ ဘာမှ မသိ နားမလည် တဲ့ အရူးမလေးကို အခွင့်ကောင်းယူရသလား၊ ကိုမောင် လေးတော့ တွေးမိတိုင်း အသည်း နာ သည် ဟုပြောရ မည်။ တွေ့ များတွေ့ ရင် နေရာတင်ရိုက်သတ်မိမည် ဟု စိတ်ထဲထင်မိသည်။

ရှက်လည်း ရှက်ပါသည်။ မျက်နှာလည်းပူသည်။ သို့ သော် အစန်းကို သနားစိတ်ကပိုသည်။ အယုတ် တမာကိုလည်း သတ်ချင်သည်။ ကြည့်ကြသူတို့ ကိုလည်း မခုခံသာပြီ။ မေးကြသူတို့ ကိုလည်း စပ်စုရန် ကော ဟု အပြစ်မဆိုသာပြီ။ ခွေးသူတောင်းစား တစ်ကောင်ကတော့ ယုတ်မာသွားတာသေချာသည်။ ဘယ်သူ လဲဆို တာတော့ အစန်းသာသိမည်ဖြစ်သည်။ သို့ သော် အစန်း ဗိုက်ကလည်း ပူသည်ထက်ပူလာပြီဖြစ်သည်။ အစန်း တစ်ယောက် ဗိုက်ကြီုးပိုက်လျှက် လတ်လျား လတ်လျား သွားနေတာမြင်ရသည်မှာ ကြည့်လို့ မှမတော် ထော်လောကန့်  လန့် ကြီး ဖြစ်နေလေ သည်။

တကယ်တမ်း ကျတော့လည်း ဒီရူးမလေးကို ပစ်မထားနိုင်ကြပါ …. ဒေသန္တရဆေးခန်းမှ ဆရာဝန်နှင့်တိုင် ပင်၍ မွေးဖို့ ဖွားဖို့ လုပ်ရသည်။ မအေးသွယ်က ကွမ်းယာဆိုင်ကို ကိုတင်အောင်နဲ့ ထားခဲ့ပြီး လိုက်ရသည်။ ကိုမောင် လေးက ဆိုက္ကားပေါ်တင်ပြီး နင်းပို့ ရသည်။ အစန်းကတော့ တပူပူ တပင်ပင်မရှိ ပြောချင်ရာပြောပြီးသာ ဆိုက္ကား ပေါ်ပါလာသည်။ အစန်းကလေး အသေ ကလေးမွေးပါသည်။ ဆရာဝန်မက နောက်တစ်ခါ ဗိုက်မကြီးအောင် သား အိမ်ထဲ ပစ္စည်းထည့်ပေးလိုက်သည်ဟု မအေးသွယ်က စိတ်ချဟန်နှင့်ပြောသည်။

နို့ တွေသက်နေသော အကျီ င်္စိုစိုရွဲရွဲ နှင့် အစန်းသည် “သား သား ” ဟု မျက်ရည်ကျလျှက်က သွက်သွက်ခါ အောင်ပိုရူးသွားသည်။ ကိုမောင်လေးတို့ ဆိုက္ကားဂိတ်တွင်ချည်း မနေတော့ အချိန်ရှိသရွေ့ ရွာရိုးကိုးပေါက် လျှေက်သွားသည်။ ထမင်းစားချိန်လေးတွေတောင် တစ်ခါတစ်ရံမတွေ့ ရတတ်တော့။ ဘာပဲပြောပြော အစန်း ဗိုက်ကြီးလို့ အားလုံးအရှက်ရကြပေမယ့် ဒီအရူးမလေးကိုတော့ နေ့ တိုင်းစကားထဲ ထည့်ထည့်ပြောနေမိကြ သည်။ မအေးသွယ်ကတော့ အစန်းကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေလေသည်။ သူလည်း စိတ်မကောင်း ဖြစ်ရုံ မှလွဲ ၍ဘာမျှမတတ်နိုင်ပါချေ။

အစန်းသူတို့ နားရောက်လာတိုင်း ကလေးသိပ်လျှက်က လာသည်။ “မိတ္တီလာကန်တော်အောက် က ဖား ကောက်ခဲ့ ပါ” ကဗျာကိုလည်း ရွတ်ရွတ်လာသည်။ လက်ထဲတွင်လည်း ကလေးအရုပ် အစုတ် တစ်ခု အပိုပါလာ သည်။ အစန်း ကလေးမှန်းသိသလို ကလေးသေလို့ တစ်ရူးပေါ်နှစ်ရူးဆင့်သည်ဟု ပြောရမည်။ အဝတ်မကပ် တဲ့ အခါ လည်းရှိလာသလို မြေကြီးတွင် လူးနေသော အခါတွေလည်းရှိလာသည်။ တွေ့ သမျှလူ လိုက်စွဲစွဲပြီး ရန်လို လျှက် ကလေးလိုက်တောင်း တတ်လာသည်။ ဘုန်းကြီးကျောင်းလှေခါးရုံတွင် ခြေပစ် လက်ပစ် ထိုင် လျှက် က အော်ဟစ်ပြီး တစ်နေကုန် ငိုငိုနေလာတတ်သည်။



ထိုနှစ်မိုးကုန်ခါနီးတွင်ဖြစ်သည်။ မအေးသွယ်က အစန်းကို ကြည့်ကြည့်ပြီး စိတ်မချမ်းသာကြောင်းပြောနေရင်းက
“ကိုတင်အောင် အစန်းကြည့်ရတာ ပိန်လိန်လာသလိုပဲနော် …. ကျွန်မ စိတ်ထဲ တအားချုံးကျသွားသလိုပဲ .... ရှင်ကော သတိထားမိလား …..”

ကိုထင်အောင်က မအေးသွယ်ကို ခေါင်းငြိမ့်ပြသည်။ ကိုမောင်လေးက သူတို့ ပြောစကားကို ဆိုက္ကာပေါ်ထိုင် လျှက် မှေးရင်းက နားထောင်နေသည်။

“ဟုတ်တယ် ပိန်သွားတယ် သားစိတ်နဲ့ ထင်ပါတယ် အမေများ ရူးနှမ်းနေတာတောင် သိတယ်နော် …..”

“ အင်း အစတော့ ကျွန်မ လည်း အဲလိုထင်တာပဲ ခုဟာကြီးက တစ်ချမ်းတောင် မရှိတော့ဘူး …. ဟိုနေ့ က လည်း ကျွန်မဆီရောက်တော့ ချောင်းတွေကလည်း ဆိုးလိုက်တာ ကိုတင်အောင်ရယ် လေတောင်မဆက်ဘူး ….. အရေပြားပေါ်မှာလဲ အနာတွေနဲ့ မနက်ကျရင် ရှင်ဆိုင်ကြည့်ပေးထားဦး ကျွန်မ ဒေသန္တရဆေးခန်း ချော့ ခေါ်သွားကြည့်ဦးမယ် …..”

မအေးသွယ်ဆေးခန်းက ခေါင်းတခါခါ လည်တခါခါဖြင့် ပြန်လာသည်။ အစန်းတော့ပါမလာ။ ဆေးခန်းက အထွက် ထွက်ပြေးသွား သည် ဆိုသည်။ မအေးသွယ်က မျက်နှာမကောင်းသလို ပါးစပ်မှလည်း ဘယ်သူ မှန်းမ သိတဲ့ သတ္တဝါကို ဆဲရေးနေသည်။ ကိုတင်အောင် နှင့် ကိုမောင်လေးကတော့ ကြားရရ ချင်း အံကြိတ်မိကြ သည်။ အစန်းမျက်နှာကို လှစ်ကနဲ မြင်ကြသည်။ ဆိုက္ကားဆရာများအားလုံး သူတို့ သုံး ယောက်ကို နားမလည် သလို
လှည့်ကြည့်နေကြသည်။ အရူးမ နေမကောင်းတာကို ရေးကြီးခွင်ကျယ် လုပ်နေကြတာလား ဆိုတဲ့ အကြည့် မျိုးတွေပါသလို၊ အစန်း ဘာဖြစ်တာလဲဆိုတဲ့အမေးနဲ့ ကြည့်တာတွေလည်းပါသည်။

ဒီလိုနဲ့ အစန်းတစ်ယောက် ပျောက်လိုက်ပေါ်လိုက် တစ်နေ့ တစ်နေ့ တခြား အရိုးငေါင်ငင်ဖြစ်လာသည်။ မျက် တွင်းက နောက်စေ့နားရောက်နေသည်။ မျက်ကွင်းက ညိုနေသည်။ ပါးရိုးတွေက ငေါနေသည်။ အပြုံးလည်းမရှိ ခံစား ချက်လည်း မရှိသော မျက်နှာသည် မြင်ရတာ စိတ်မချမ်းသာစရာဖြစ်လာသည်။ လမ်းလျှောက်လာပုံက ခွေ ယိုင်ထိုး နေသည်။ လည်ပင်းကြီး ကျုံကျုံဝင်သွားအောင် အသက်ရှူနေရသည်။ မအေးသွယ်ဆီက ရေ တောင်းသောက်ပြီး သူ့ လှေကားရုံသို့ ပြန်သွားသည်။ အစန်းလမ်းလျှောက်တာကို ကိုမောင်လေး မြင်လိုက်ရ သည်မှာ ထိုနေ့ က နောက် ဆုံး ဖြစ်သည်။

တစ်ညနေတွင် မိုးက သွန်ချလိုက်သလို ရွာချသည်။ ထိုမိုးရေတွေနဲ့ အတူ အစန်းအသက်လည်း မျောပါ သွား သည်ထင်၏။ မအေးသွယ်၊ ကိုတင်အောင်နှင့် ကိုမောင်လေးတို့ ရောက်သွားချိန်တွင် ဝမ်းတွေ အလိမ်းလိမ်း ကြားတွင် တဟီဟီမြည်လျှက် အသက်ငင်နေသော အစန်းကို တွေ့ ရသည်။ မျက်စုံလေးကလည်ပြီး သူ တို့ သုံးယောက်ကို ကြည့်သည်။ ကိုမောင်လေး အပါအဝင်သုံးယောက်သား ရှေ့ လည်းမတိုးရဲ၊ နောက်လည်း မဆုတ်နိုင်ပဲ၊ တောင့်တောင့်ကြီးရပ်နေကြသည်။

အစန်း မျက်မှောင်တစ်ချက်ကုပ်လိုက်သည်။ ပါးစပ်ကို ဟဟ ပြီး နှစ်ချက်ခန့် ရှိုက်လိုက်သည်။ အစန်း တစ် ကိုယ်လုံး ကောတက်သွားပြီး အသာငြိမ်သွားသည်။ မျက်လုံးအစုံ ကဘယ်သို့ ကြည့်နေသည်လဲတော့ ကိုမောင်
လေးလည်းမသိပါချေ။ မအေးသွယ်က အစန်းရယ်လို့  ရေရွတ်ရင်း မျက်ရည်ကျသည်။ ကိုတင်အောင်က ကွမ်း ကို ပစ်ကနဲထွေးကာ ပုဆိုးကိုအသာမလျှက် တက်တစ်ချက် ခေါက် သည်။ ကိုမောင်လေးက နားထဲတွင် “ ကျွန်မ နာ မည် အစန်းဟုခေါ်သည်” ဟုကြားသည်။ အစန်း ကံဆိုးပါသည်။ အယုတ်တမာက ဝေဒနာတွေ ပေးခဲ့ သည့်အပြင် အသက်ပါ အဆစ်ယူသွားသေးသည်။ သင်းလည်း သေလောက် ပါပြီ။

အစန်းဆုံးပြီးကတည်းက မနက်ခင်းစောစော ဂိတ်ကိုရောက်ရောက်ချင်း ဘုရားဦးတိုက်ကာ ကိုမောင်လေး ဓာရဏပရိတ်အမြဲ ရွတ်သည်။

“.......... နဥမ္မတ္တကံ နမူလကံ မနုေဿဟိ အမနုေဿဟိ နဟိံသကာ ”

ထိုအပိုက်ရောက်လျှင် ကိုမောင်လေး နောက်တစ်ကြော့အမြဲပြန်ရွတ်ပြန်သည်။ မအေးသွယ်က အမြဲသံယောင် လိုက်ပြီးရွတ်တတ်သည်။ ကိုတင်အောင်က နောင်ဘဝအဆက်ဆက် သူရူးတော့မဖြစ်ပါရစေနဲ့  အစန်းလည်း
ကောင်းရာလားပါစေ ဟု တစ်ဦးတည်း ခပ်တိုးတိုး ဆုတောင်းလေ့ရှိလေတော့သည် …..

“.......... န ဥမ္မတ္တကံ န မူဠကံ မနုေဿဟိ အမနုေဿဟိ န ဟိံသကာ..........”

“..........န ဥမ္မတ္တကံ န မူဠကံ မနုေဿဟိ အမနုေဿဟိ န ဟိံသကာ..........”



ပုံလေးတွေကို နှိပ်လိုက်ရင် မူရင်း Website ကိုရောက်ပါလိမ့်မယ် ..... :D


******************

ကျွန်တော့်ရဲ့  “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူးတင်ပါတယ်....ကျွန်တော့်ရဲ့ မတတ်တ တတ်နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင်တော့....အတိုင်းထက်လွန်ပါပဲဗျာ....ပြောမပြနိုင်အောင်ပဲ ကျေးဇူးတင်ပါတယ်.....
(ရန်ကုန်သား)