Tuesday, September 22, 2009

နိုးလျှက်မက်သော အိပ်မက်ဆိုးများ


ညီညီ ဆီတယ်လီဖုန်းခေါ်နေသည်မှာ အတော်ကြာပြီဖြစ်သည်။ ဖုန်းဝင်သွားသော်လည်း ညီညီက မကိုင်သဖြင့် ကိုကို တစ်ယောက် စိတ်တိုလာသည်။ ယခုတစ်ကြိမ်နှင့်ဆိုလျှင် ညီညီထံ ဖုန်းဆက်သည်မှာလေးကြိမ်ရှိပြီ ဖြစ် သည်။ လေးကြိမ်စလုံး ညီညီ လုံးဝဖုန်းမကိုင်ပေ။ တစ်ခါနှစ်ခါ ဆို ဖုန်းနဲ့ ဝေးနေလို့ မသိလိုက်လို့ ဆိုတော် သေး သည်။ သို့ တိုင် အစ်ကိုလုပ်သူကို မစ်(စ)ကောကြည့်ပြီး ဘယ်သို့ ဘယ်ချမ်းသာရယ် ပြန်မေးဖို့ ကောင်းသည်။ “ခွေးကောင် ငါဆက်တာတောင် ဖုန်းကို မကိုင်ဘူး ....” ဟု စိတ်ထဲမှ ညီညီ့ကို ဆဲလိုက်မိ၏။ ငါးကြိမ်မြောက်တွင် မှ ညီညီ ဖုန်းကိုင်တော့သည်။

“.....ဟဲလို ... ညီညီ မင်းဘာလုပ်နေတာလဲ ငါဖုန်းဆက်နေတာ ဘယ်နှစ်ခေါက်ရှိပြီလဲ ... ဘာလို့ ဖုန်းမကိုင်တာ လဲ ....” ညီညီကို ဒေါထထနှင့်မို့ လေသံမာမာ ဖြင့်ငေါက်လိုက်သည်။ ညီညီ့ အသံက တိုးသက် တုံ ဆိုင်းစွာဖြင့် ပေါ်လာ သည်။

“ဟဲ ...လို ... ကိုကိုလား ...”

“အေးလေ မင်းဘယ်တွေသွားနေတာလဲ ဖုန်းကို အနားမှာထားလေကွာ သေရေးရှင်ရေးဆို ဘယ်လိုလုပ်မလဲ ”

“ဟို ..ဟို ... ညီညီ ဖုန်းဘယ်နားထားမိမှန်းမသိလို့ ....”

“ကဲ ဟုတ်ပါပြီကွာ ကောင်းတယ်။ ထားပါတော့ မနက်ဖြန် ငါရန်ကုန်ဆင်းလာခဲ့မယ်.... မင်းအိမ်မှာရှိမှာလား .....” ညီညီဘက်က အသံတိတ်သွားသည်။

“မင့် လာမကြိုခိုင်းပါဘူး .... အိမ်မှာသာ စောင့်နေ ဟုတ်လား မင်းဘာလုပ်စရာရှိလို့ လဲ ....”

“ဟင့်အင်း မရှိပါဘူး ..... မကျော် နေကောင်းလား ...” မရီးလုပ်တဲ့သူ ကိုတော့ သတိရသားပဲဟု ကိုကို့ စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။ ညီညီကလည်း ကိုကို့ ဇနီး ဇင်မာကျော်ကို မကျော် ဟုသာခေါ်သည်။

“ကောင်းတယ် ဒါဆို ဒါပဲလေ ”

“အင်းအင်း .....”

ကိုကို စကားမရှည်ချင်တော့၍ ဖုန်းကို ခပ်မြန်မြန်ပဲချလိုက်သည်။ ရန်ကုန်ရောက်မှ ညီညီ့ကို နည်းနည်း ဆူလိုက် ဦး မည်။ ညီညီတစ်ယောက် ကြာလေ စကားနည်းလေပဲ ဟုလည်း စိတ်ထဲထင်လာမိသည်။ ကျောင်းပြီးရင်တော့ ညီညီ့ကို နိုင်ငံခြားသွားစေချင်သည်။ အလုပ် လုပ်ချင်ကလည်း လုပ်၊ ပညာဆက်သင်ချင်သပဆိုလည်း သင်ပေးဖို့ သူ့ တွင်တာဝန်ရှိသည်။ ဖေဖေက ညီညီမွေးပြီးမကြာခင်ကပင် သူတို့ မိသားစုကို ထားသွားသည်။

ညီညီက မေမေ့ကို သိပ်တွယ်တာသည်။ မေမေကလည်း ညီညီ့ကို အငယ်ဆုံးသားလေးမို့ ကိုကို ထက်ပင်အချစ် ပို သေး သည်။ မေမေလွန်ခဲ့သော နှစ်နှစ်က အမေကလည်း သူတို့ ညီအစ်ကို နှစ်ယောက်ကိုထားပြီး လောက ကြီးထဲက ထွက်သွားပြန်သည်။ ဒီညီလေးတစ်ယောက်သာ တွယ်တာစရာရှိသည့် အတွက် ကိုကို ညီညီ့ကို အလွန် ချစ်ပါသည်။ အသက်ချင်းကလည်း ဆယ်နှစ် မျှကွာသောကြောင့်ညီအစ်ကိုထက် တူလို သားလို ဖြစ်နေခဲ့သည်။ ညီညီက လိမ္မာတော့ ကိုကို့ ဇနီး ကျော် ကလည်း မောင်အရင်းလေးလို ချစ်သည်။

************

ရန်ကုန်အိမ်ကို ရောက်တော့ ခြံတံခါးစေ့ထားသည်ကို တွေ့ ရသည်။ ကားဟွန်းတီးသော်လည်း ညီညီက ထွက်မ လာ သဖြင့် ကားပေါ်က ဆင်းပြီး ခြံတံခါး ကိုယ်တိုင်ဖွင့်ကာဝင်လာရ၍ ကိုကို့ စိတ်ထဲ ခရီးပန်းရသည့် အထဲ အ နည်းငယ် ဖုသွားပြန်သည်။ အစ်ကို လုပ်သူကို တံခါးလေး တောင် ဆင်းမဖွင့်ပေးဘူးဟုလည်း ညီညီကို့ အပြစ် တင်လိုက်မိသည်။ ကားပေါ်မှ ပစ္စည်းများကိုမချသေးဘဲ ပိုက်ဆံအိတ်ဆွဲပြီးအိမ်ပေါ်တက်လာခဲ့သည်။

အိမ်တစ်ခုလုံး ခြောက်ကပ်တိတ်ဆိတ် နေသည်။ သူ အိမ်ထဲရောက်မှ ညီညီက အိမ်နောက်ဖက်မှ အပြေးတစ်ပိုင်း ထွက်လာသည်။ ကိုကို ညီညီ့ကို တံခါးလာမဖွင့်၍ ဆူတော့မည်ပြင်လိုက်ပြီးမှ ညီညီ့ကို ကြည့်ပြီးအံ့အား သင့်သွား သည်။

“ညီ မင်း ဘယ်လို ဖြစ်တာလဲ ပိန်လှချီလား ... ဟင်.... နေမကောင်းဘူးလား .... ”

ညီညီ မျက်လုံးများက သူ့ အမေးကြောင့်အနည်းငယ် စိုးထိတ်သွားသည် ထင်ရ၏။ ညီညီ့ မျက်ကွင်းများက ညိုနေ သည်။ ညီညီ့ အပြုံးက သိပ်မပြည့် စုံဟုလည်း ကိုကို ထင်မိသည်။ ညီညီက သူ့ အမေးကို မဖြေသေးဘဲ အိမ်တံခါး မှ နေ၍ခြံထဲသို့ မျှော်ကြည့်လိုက်သည်။ ထို့ နောက် အိမ်တံခါးကို ခြေထောက်ဖြင့် အသာ တွန်းပိတ်လိုက်သည်။ ပြီးမှ ကိုကို့ ဘက်ပြန်လှည့်လာသည်။

“ညီ ဘာမှ မဖြစ်ပါဘူး ခုတလော အစား အသောက် မကောင်းတာရယ် အိပ်ရေးပျက်တာ များတာရယ်ကြောင့်ပါ ... မင်းနေကောင်းလား ကိုကို ....”

“ကောင်းပါတယ် ငါ့ရေ တစ်ခွက်လောက်ပေးစမ်းပါကွာ ... အသေပြိုင်းနေပြီ ... ဟူးးးးးးး”

အိမ်ရှေ့ စက်တီပေါ်တွင် ခြေပစ်လက်ပစ်ဝင်ထိုင်ပြီး ညီညီကို့ ပြောလိုက်သည်။ ညီညီက အိမ်တံခါးမှ ခြံထဲသို့  တစ် ချက်လှမ်းကြည့်လိုက် ပြီး “အေးခဏ ...” ဟုဆိုကာ အိမ်ထဲသို့ ပြန်ဝင်သွားသည်။ ခဏကြာတော့ ရေပုလင်း တစ်လုံးလာချပေးသည်။ ကိုကို ရေဆာဆာနှင့်မို့  အားရပါးရ မော့သောက်ရင်း ညီညီကို စကားပြောမည် ကြံ လိုက်သည်။ ညီညီကလှစ်ကနဲ့  နောက် ဖေးထဲ ပြန်ဝင်သွားပြန်သည်။

“ဟေ့ကောင် ညီညီ လာပါဦးကွ ဘာတွေ ရှုပ်နေတာလဲ ..... မင်းကလည်း ဂနာကို မငြိမ်ဘူး ....” အိမ်နောက်ဖက် မှ ညီညီ့ အသံပြန်ထွက်လာသည် ...“ အေးအေး လာပြီ ကိုကို ...”

ညီညီက ကိုကို့ ရှေ့ ထိုင်ခုံပေါ်တွင် လက်တစ်ဖက်နှင့်တစ်ဖက် ဆုပ်ကိုင်လျှက် ဝင်ထိုင်သည်။ စက်တီပေါ်တွင် ထိုင်နေသော ညီညီကို ကြည့်ရသည်မှာ ပို၍ပိန်သွားသည်ဟု ထင်ရသည်။ ညီညီ့၏ ဖြူသော အသားတွေက လည်း အနည်း ငယ်မှိုင်းနေသည်။ အမြဲတမ်းစူးလက်တောက်ပနေသော မျက်လုံးတွေကလည်း မှိန်ဖျော့နေသည်။ မျက်ကွင်းတွေကလည်း ညိုညို။ ဝတ်ထားသော တီရှုပ်အဖြူကလည်း ဖရိုဖရဲ။ အထူးခြားဆုံးက ညီညီ့ လက်တွေ ဖြစ်သည်။ ညီညီလက်တွေသည် လက်ကောက်ဝတ်အောက်ပိုင်းမှစ၍ လွန်စွာ ဖြူစွတ်နေခြင်းဖြစ်သည်။ လက် အိတ် ဝတ်ထားသည့်နှယ်ဖြစ်သည်။

“မင်းလက်က ဘာဖြစ်တာလဲ ....” ကိုကို က ရုတ်တရက်ကြည့်ပြီး မေးလိုက်သဖြင့် ညီညီတွန့် ကနဲဖြစ်သွားသည်။ သူ့ လက်ကို သူ အသာပြန်ငုံကြည့်ပြီး

“ဘာဖြစ်လို့ လဲ ဘာမှ မဖြစ်ပါဘူး .....”

“အင် .. ဘာမဖြစ်ရမှာလဲ မင်းလက် က ဖြူစုတ်စုတ်နဲ့ သရဲလက်ဖြစ်နေပြီ ... ”

ညီညီက တဟားဟား ရယ်သည်။ ညီညီ့ရယ်သံက အသက်သိပ်မပါလှပေ။ ခြောက်ကပ်ကပ်ကြီးဖြစ်သည်။
“ ဟားဟား ... မင်းကလည်းရှာရှာ ကြံကြံ။ မကျော်ကော နေကောင်းတယ် မဟုတ်လား .... ကလေးကော မယူသေးဘူးလား ....” စကားလမ်းလွှဲသွားမှန်းသိသော်လည်း ကိုကို ဆက်မေးမနေတော့ပဲ ညီညီမေးသော မေးခွန်းကိုသာ အလိုက်အထိုက်ဖြေလိုက်သည်။

“ကောင်းပါတယ် .... ကလေးယူဖို့ တော့ စဉ်းစားနေတုန်းပဲ... ဖြည်းဖြည်းပေါ့ကွာ .... ဒါနဲ့ မင်းကော ကျောင်း တက် ရတာ အဆင်ပြေလား .... ကျော် ကတောင်ပြောနေသေးတယ် မင်းဖုန်းမဆက်ဘူးတဲ့ ဖုန်းလေးဘာလေး ဆက်လေကွာ မင်းကလည်း ....”

ညီညီ မျက်နှာပျက်သွားပြန်သည်။ ကိုကို ကို့ ကျော်ပြီး နံရံပေါ်က နာရီကိုသာ ငေးကြည့်နေသည်။ ပါးစပ်ကတော့ “ပြေပါတယ် အားလုံး အိုကေပဲ ” ဟု ခပ်ဖွဖွပြောသည်။ ထို့ နောက် ခြံထဲသို့ လှည့်ကြည့်ပြန်သည်။

“ကိုကို မင်းဘာတွေ ပါသေးလဲ ကားထဲ။ တင်စရာရှိတင်ထားလေ ကွာ .....”

“ထွေထွေ ထူးထူး မပါပါဘူး မင်းအတွက် ကျော် ထည့်ပေးလိုက်တဲ့ ဟင်းတွေရယ် ထိုးမုန့် ၊ စတော်ဘယ်ရီ ဆနွင်း မကင်း ကျန်တာကတော့ ဦးကျော်အေးတို့ အိမ်အတွက် လက်ဆောင်တွေရယ် ပါ .....မင်းဖာ မင်းပဲ ယူပြီးထား လိုက်ကွာ ငါ ကျိုးလိုက်ဦးမယ် ရေမိုးချိုးပြီ ...မင်းဘယ်သွားဖို့ ရှိသေးလဲ ..... ”

“မရှိပါဘူး မင်းအိပ်ချင်လည်း ရေချိုးပြီး အိပ်လိုက်။ ဒေါ်ထွေး ထမင်းလာပို့ တော့မှ ပြင်ဆင်ပြီးနှိုးလိုက်မယ် .... အော် မင်း ခေါင်းရင်းခန်းမှာ အိပ်ဖို့ လုပ်ထားတယ် ကိုကို ”

“အေးအေး ငါ့ နှစ်နာရီလောက်မှ နှိုးကွ အဲကျမှ ထမင်းစားပြီး ပွဲရုံဘက် လိမ့်လိုက်ဦးမယ် ....”

ကိုကို ရေချိုးခန်းဘက်လှည့်ထွက်လာတော့ ညီညီက အိမ်တံခါးကို ခြေထောက်နှင့်ဖွင့်ပြီး ခြံထဲ ဆင်းသွားသည်ကို တွေ့ လိုက်ရသည်။ ညီညီ တစ်ယောက် ခုထိဆော့တုန်းဟုစိတ်ထဲကထင်လိုက်သည်။

“ ဟေး...... ညီညီ ကားသော့ ပိတ် လိုက်ဦး .....”

“အေးအေး .....” ညီညီ အသံက ခြံထဲမှ လွင့်ပြန်လာသည်။

************

ညဦးပိုင်းက မိတ်ဟောင်းဆွေဟောင်းတွေနှင့် ဝိုင်းကောင်းနေ၍ ညဥ့်အတော်နက်မှ အိမ်ပြန်ရောက်ခဲ့သည်။ အိမ် ရောက်တော့ ညီညီ့ကို ပင်ကောင်းကောင်း မကြည့်နိုင်တော့ပဲ ကိုကို တစ်ယောက် ကုတင်ပေါ်သို့  ဦးစိုက်ကျ သွားသည်။ ဖျတ်ကနဲ နိုးလာလို့ နာရီကို ကြည့်လိုက်တော့ မနက်လေးနာရီပင်ရှိချေပြီ။ ကုတင်ပေါ်တွင် ညနေက ဝတ်သွားသော အဝတ်အစားများဖြင့်ပင် အိပ်ပျော်နေသော သူ့ ကို မန္တလေးအိမ်မှာ ဆိုရင်တော့ ချစ်ဇနီးကျော်က အတင်း နှိုးပြီး အလဲခိုင်းမည်ဖြစ်သည်။ ခုတော့ တရေးနိုးမှပင် သူ အကျီ င်္ထလဲရသည်။

အကျီ င်္လဲပြီး အိမ်သာဘက်လှည့်ထွက်လာစဉ် ဗြုန်းဆို ညီညီ အိမ်သာထဲမှ ထွက်လာသည်။ ထုံးစံအတိုင်း တံခါး လက် ကိုင်ကို ခြေထောက်ကြီးနှင့်လှည့်လျှက်။ ညီညီ ဆတ်ကနဲ တုန်သွားပြီး မျက် စိပျက် မျက်နှာပျက် ဖြစ်သွား သည်။ နောက်သို့ ပင် နှစ်လှမ်းခန့် ပြန်ဆုတ်သွားသည်။ ကိုကိုက ရယ်ပြလိုက်သော်လည်း ညီညီက ကြက်သေ သေနေ သော မျက်နှာဖြင့်ပြန်ကြည့်သည်။

“အာ ... လန့် လိုက်တာညီညီရာ မင်းတရေးနိုးတာလား ....” ကိုကို က စကားစပြောမှ ညီညီက အင်း အဲ လုပ်ကာ

“အေး ရှူးထပေါက်တာ မင်းကလည်း ညက မူးလာလိုက်တာ ဒါနဲ့ ကားကြီးမောင်းလာသေးတယ် .....”

ညီညီ က ကိုကို့ စကားမရှိ စကားရှာက အပစ်တင်သလို ဆိုသည်။ ကိုကိုက ညီညီ့ကို စေ့စေ့ကြည့်သည်။ ညီအစ် ကို နှစ်ယောက် တစ်ယေက်က အိမ်သာထဲ ... နောက်တစ်ယောက် က အိမ်သာအဝတွင် ရပ်နေကြသည်။ ကိုကို တစ်ခုခု မေးမည် ကြံလိုက်ပြီးမှ မမေးတော့ပဲ .....

“အင်း မင်းအစ်ကို ပြန်ရောက်လာတာပဲ မဟုတ်လား .... သွားသွားအိပ်တော့ ငါလည်း ပြန်ကျိုးလိုက်ဦးမယ် .....”

ညီညီက ရေချိုးခန်း အိမ်သာထဲမှ ခပ်ရို့ ရို့ ထွက်သွားသည်။ ညီညီ့ စိတ်ပူစကားကြောင့် အနည်းငယ် ကျေနပ်သွား မိသည်။ ကိုကို ညီညီ့လက်တွေကိုသာ သတိထားလိုက်မိပြန်သည်။ ညီညီ့ လက်တွေက ဖြူဖွေးနေသည်။ လက် ချောင်း လေးများကြားတွင်လည်း ရဲရဲနီနေသည်။ ညီညီဘာတွေ လုပ်နေသနည်း။ အိမ်သာမှ အထွက်တွင် ဧည့် ခန်းမှ ပြန်ဝင် လာသော ညီညီ့ကို တွေ့ ရသည်။ ညီညီ မမြင်အောင် အသာလေး ကွယ်ကာစောင့်ကြည့် နေလိုက် သည်။ ညီညီက

သူ့ အခန်းတံခါးကို ခြေထောက်နှင့်ဖွင့်ပြီး ဝင်သွားသည်။ ခြေထောက်နှင့် တံခါးလက်ကိုင်ဘုကို လှည့်ဖွင့်ရ သည် မှာ လွယ်ကူလှသည် မဟုတ်။ သို့ သော် ညီညီ အတွက်ကတော့ အတော်ကျွမ်းကျင်နေပုံရသည်။သူ အိပ်ယာ ထဲ ရောက်ပြီး ချက်ချင်းအိပ်မပျော်ပေ။ ညီညီ တံခါး ဖွင့်သံ သုံးခါထက်မနည်းကြားရသည်။ ဧည့်ခန်းဖက်ကို သွား သည် ကနှစ်ကြိမ်။ အိမ်သာဘက် ဆီသွား သည်က နှစ်ကြိမ်။ ညီညီ ဘာထထ လုပ်သလဲ သူလည်း နားမလည် ပေ။ စိတ်ထဲလည်း မရှင်းသလို ညီညီ တစ်မျိုး ကြီး ဖြစ်နေသည် ဟု ခံစားနေရသည်။ ဆေးတွေဘာတွေများ ချနေ ရော့သလား။ ဘဏ်ထဲက ပိုက်ဆံကို လိုသလို ထုတ်သုံးနိုင်တော့ ဒါမျိုးတွေဖြစ်ကောင်းဖြစ်လာနိုင်သည်။ မနက်မှ ညီညီ့ကို သေချာမေးကြည့်ရဦးမည်။ ညီညီ့ အကြောင်းတွေးရင်း ဟိုလူးသည်လှိမ့်ရင်းက အတော်နှင့် အိပ်မပျော် နိုင်ခဲ့ပေ။

*********

“ညီညီ မင်းကျောင်းမသွားဘူးလား .....”

ကိုကို ရုတ်တရက်မေးလိုက်သဖြင့် ထမင်းပွဲပြင်နေသော ညီညီ ငြိမ်ကျသွားသည်။ ညီညီ လက်ထဲမှ ထမင်းအုပ် အဖုံးကို ပြန်ချလိုက်ပြီး ထမင်းစားခန်းတံခါးကိုမှီလျှက်ရပ်နေသော ကိုကို့ ကို လှည့်ကြည့်သည်။ ညီညီ မျက်လုံးထဲ တွင် အရိပ် တစ်ခုဖြတ်သန်းသွားသည်။

“မင်းရောက်နေတာ ငါကျောင်းသွားလို့ ဘယ်ဖြစ်မလဲ ... အေးဆေးပါ မင်းပြန်တော့မှ သွားလဲရပါတယ် .....”

“ဟာ မင်းကလည်း ကျောင်းတက်လေ ငါက ဧည့်သည်မှ မဟုတ်ဘဲ။ ဘာဖြစ်လဲ ငါဟာ ငါလုပ်ရတဲ့ဟာတွေပဲ ....”

ညီညီက ထမင်းဆက်ခူးရင်း ရယ်သည်။
“အေးပါကွာ င့ါအစ်ကိုကြီးကို ရောက်တုန်းပြုစုချင်လို့ ပါ ... ထားပါ အရေးမကြီးပါဘူး အဲတာက။ လာလာ ....... ဒေါ်အေး ကို မင်းကြိုက်တဲ့ ငါးရံ့ အူချက်ခိုင်းထားတယ် ပတတ်စာဟင်းချိုနဲ့ လာစား .... တို့ စရာလည်း ကောင်း တယ် ဘူးသီးပြုတ် လေးနဲ့  .....”

ဒေါ်အေးက ညီညီ့ကို လစဉ်ပိုက်ဆံယူလျှက် ထမင်းဟင်းချက်ပေးသောအမျိုးသမီးကြီးဖြစ်သည်။ စေတနာပါ သ လို ညီညီ့ကိုလည်း အလွန်ခင်တွယ်သည်။ ဟင်းချက်လည်း အလွန်ကောင်းသည်။ ထမင်းဝိုင်းတွင်ဝင်ထိုင်ရင်း ညီညီ့ကို နားမလည်သလို ကြည့်လိုက်မိသည်။ ညီညီက ရေခဲသေတ္တာကို ခြေထောက်နဲ့ ဖွင့်ပြန်ပြီ။ နောက် ရေပု လင်းထုတ်သည်။ ခြေထောက်နဲ့ ပင်ပြန်ပိတ်သည်။ ကိုကို မနေနိုင်တော့....။

“ ညီညီ မင်းကို ငါကြည့်နေတာ ရောက်ကတည်းက မင်းဘာဖြစ်နေတာလဲ ....” ရေပုလင်းကို ကိုင်ထားရင်း ကိုကို့ ဘက်သို့ ညီညီ ဖြည်းဖြည်းချင်းလှည့်ကြည့်သည်။

“ တံခါးတွေကို ခြေထောက်ကြီးနဲ့ ပိတ်လို ပိတ် .... ရေခဲသေတ္တာ လည်း ခြေထောက်နဲ့ ပိတ် ဘာတွေ ဖြစ်နေတာ လဲ ....ညကလည်း မင်းအိပ်ကော အိပ်ရဲ့ လား ဘာထထ လုပ်နေတာလဲ ခဏ ခဏ။ စာဖတ်တယ်ဆိုလည်း တော်ရုံပေါ့ ဆယ့်နှစ်နာရီ တစ်ချက် ..... ငါတစ်ရေးနိုးပြီး တာတောင် မင်း လေးငါးခါထသေးတယ် .... ဟင်...”

ညီညီ့မျက်နှာက စိုးရိမ်တကြီးနှင့်ထိတ်လန့် သွားသည်။ ထမင်းစားပွဲနားတွင်တောင့်တောင့်ကြီးရပ်ကာ ကိုကို့ ကိုကြည့်နေသည်။ ရုတ်တရက်ဘာမှ ပြန်မဖြေနိုင်ဘဲဖြစ်နေလေ၏။

“ပြောလေ ညီညီ.... မင်း ကိုကို့ ကို မပြောရင် ဘယ့်သူ ပြောမှာလဲ .... ရည်းစားနဲ့ အဆင်မပြေဘူးလား ....ကျောင်း စာတွေမလိုက်နိုင်ဘူးလား ....ဟင်” ညီညီ၏ တုန်လှုပ်မှုကိုကြည့်ပြီ ကိုကိုပင် စိတ်ထဲ ထင့်ကနဲဖြစ်သွားသည်။

“ငါဘာမှ မဖြစ်ပါဘူး။ ကဲပါ မင်းညီ ဘာမှ မဖြစ်ဘူး စိတ်ချ။ စားစား ... ဟင်းတွေပူတုန်း .... ဒေါ်အေးလက်ရာ မင်း မစားရတာကြာပြီ ....” ညီညီက ပေါ်ပေါ်တင်တင်စကားလွှဲပြန်သည်။ ကိုကိုက လက်မလျှော့ပဲ တွန်းကာ မေးပြန် သည်။

“မဟုတ်သေးပါဘူး မင်း ပုံစံက။ မင်း ဆေးတွေ ဘာတွေ သုံးနေလား ညီညီ ဟင် .... ပြောလေ ...” ကိုကို့ အသံက စိုးရိမ်မှုတွေကော ဒေါသတွေကော ရောပြွန်းလို့ လာသည်။ ညီညီက ခေါင်းတွင်တွင်ခါယမ်းသည်။

“မသုံးပါဘူး မင်းကလည်း ဘယ်ကဆေးကို ငါက သုံးရမှာလဲ .... မသုံးပါဘူး .....”

“အေးလေ မသုံးဘူးဆိုရင် မင်းဘာဖြစ်နေတာလဲ ငါ့ကို ပြောစမ်းပါညီညီရာ ... ဟင် ညီလေး ... ပြောပါ မင်းဘာ ဖြစ်နေလဲ ကိုကို ဘာလုပ်ပေးရမလဲ ဟင် ...”

ကိုကို ထမင်းစားပွဲမှာ ထိုင်နေရင်းက အသာထရင်း ညီညီနားသို့ တိုးကပ်သွားသည်။ ညီညီ နောက်သို့ ဆုတ်သွား သည်။ စိတ်လှုပ်ရှားနေသော ညီညီ့ကို ကြည့်လျှက်က ကိုကို စိတ်ပိုပူလာသည်။ ညီညီ ကိုကို့ ကို ကျော်၍ ထမင်း စား ခန်း အပြင်ဘက်ကို ဖျတ်ကနဲ လှမ်းကြည့်သည်။ ကိုကိုလည်း ညီညီကြည့်ရာသို့ လှည့်ကြည့်လိုက်သည်။ ဘာ မှ မရှိ ထမင်းစားခန်းတံခါး သာ ဟောင်းလောင်းပွင့်နေသည်ကို တွေ့ ရသည်။

“ညီညီ မင်းဘာဖြစ်နေတာလဲ ပြောစမ်းပါ ဟင် ဆေးတွေ ကြောင်နေတာလား ဟင် ညီ ပြောလေကွာ ....” ကိုကို့ အသံ အနည်းငယ်ကျယ်လောင်သွားသည်။ ညီညီ မျက်နှာက ညိုမှောင်လို့ နေသည်။ လက်တွေကိုလည်း ဆုပ် နယ် ဖြစ်ညှစ်နေသည်။နဖူးကြောတွေကလည်း ထောင်လို့ ။ နောက် ညီညီ သက်ပြင်းကိုအသာချလိုက်သည်။

“ကိုကို ညီညီဘာမှမဖြစ်ဘူး မင်းထမင်းစား စိတ်မပူနဲ့ ။ ဘာဆေးမှလည်းမသုံးဘူး။ ဝါသနာလည်း မပါဘူး ဟုတ်လား။ စားစား မင်းအပြင်သွားရင် ညီညီ့ကို ခေါ်လိုက် အခန်းထဲမှာ ရှိမယ် ....” ပြောပြောဆိုဆို ညီညီ ကိုကို ဘေးမှ ပြေးထွက်သွားသည်။

“ညီ ..ညီ ... ”

ကိုကို ထိုင်ခုံတစ်လုံးကို ကန်ထည့်လိုက်သည်။ ညီညီက သူ့ ကိုပင်လှည့်မကြည့်ဘဲ အခန်းထဲဝင်သွားပြီ။ ညီညီ ဘာဖြစ်နေတာလဲ။ ဒီကလေးကို ပစ်ထားလို့ တော့ မဖြစ်တော့ ဟုကိုကိုတွေးနေမိသည်။ ထမင်းစားပွဲပေါ်က ပတတ်စာဟင်းချိုက အငွေ့ တထောင်းထောင်းထနေသည်။ ကိုကို ကြိုက်လှသော ငါးရံ့ အူ ဟင်းသည် ဒီကနေ့ လုံးဝ အရသာ မရှိပါချေ။

ဆက်ပါဦးမည် :D

စာဖတ်လည်လာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......
ရန်ကုန်သား :D

Friday, September 18, 2009

ဘဝထဲမှ "Buffer" ဘတ်ဖာများ .....


စာကြည့်စားပွဲပေါ်က စားပွဲတင် မီးဆလောင်းလေး ၏အလင်းရောင်သည် သူ့ အခန်းလေးထဲသို့ အေးအေးက လေး ဖြာကျနေသည်။ အခန်းလေးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ စာဖတ်ရတာ ကြာတော့ ပျင်းလာပြီ။ ဖတ်နေ သော စာကလည်း ခပ်မြန်မြန်မောင်းနေတဲ့ ဘတ်စ် ကား ပေါ်က မြင်ရတဲ့ မြင်ကွင်းတွေလို မြင်သာ မြင် နေရသည် ဘာတွေ မှန်းမသိ။ တစ်ကြောင်းပြီး တစ်ကြောင်းသာဖတ်ပြီးသည်။ ခေါင်းထဲ ဘာမှ မဝင်။ စာတစ် ကြောင်းကို သုံးခါလောက်ပြန်ဖတ်ရမှတော့ ရှုတ်ထွေးပွေလီလှသော ဒီစာတွေဘယ်လို ခရီးရောက်ပါ့မည် နည်း။ တိုးသက်သက်ဖွင့်ထားသော ဂီတသံက လွင်လွင်ကလေး ညင်သာစွာကြားနေရသည်။ စာဖတ်တဲ့အခါ Classical ဂီတကို နားထောင် နေကျဖြစ်သည်။ ကော်ဖီခွက်ကလေးကတော့သူ့ ကို ငြိမ်သက်စွာ အဖော်ပြု နေ သည်။ ကော်ဖီခွက်ပေါ်မှ သစ်ပင်လေးတွေက ဂီတ သံနှင့်အတူ ယိမ်းနွဲ့ နေသလို ထင်မိသည်။ ကော်ဖီကတော့ စာဖတ် ရင်း၊ သောက်ရင်းလုပ်နေ သော သူ့ ကို အေးစက်စွာ စောင့်ဆိုင်းနေလေသည်။

သူ ဖတ်နေသော စာမှာ လူကိုယ်ခန္ဓာအတွင်းရှိ Buffer system အကြောင်းဖြစ်သည်။ ခန္ဓာကိုယ်တွင်းရှိ ဇီဝဖြစ် စဉ်များ ကောင်းစွာ ပုံမှန်လည်ပတ်ဖို့ ရန်အတွက် pH ... (power of Hydrogen ion) ဟိုက်ဒရိုဂျင် အိုင်းယွန်း အရေ အတွက်၊ အပူချိန် ၃၇ ဒီဂရီ ဆဲလ်စီးယပ်စ် အစရှိသည့် မျှခြေတစ်ခု လိုအပ်သည်။ ဥပမာအားဖြင့် ခန္ဓာ ကိုယ်တွင်း အက်ဆစ် ဓါတ်သိပ်များလာ လျှင်ဖြစ်စေ၊ အယ်လ်ကာလီဓါတ်သိပ်များလာလျှင် ဖြစ်စေ ခန္ဓာ ကိုယ် တွင်း ဇီဝ ဖြစ်စဉ်များ ကမောက်ကမ ဖြစ်ကာ ရောဂါ ဝေဒနာများဖြစ်ပွားလာနိုင်သည်။ သို့ ကြောင့် ခန္ဓာ ကိုယ်အ တွင်းရှိ pH၊ အပူချိန် အစရှိသည်တို့ ကို စံသတ်မှတ်ချက်တစ်ခုဖြင့် သဘာဝ အလျှောက် ထိန်းသိမ်းထား သည်။

အကြောင်း တစ်စုံ တစ်ရာကြောင့် ထို မျှတနေခြင်း (Equilibrium) ပျက်သွားပါက ခန္ဓာကိုယ်မှ သဘာဝ အလျှောက် ပြုပြင်ထိန်းသိမ်းမှုများ အလိုအလျှောက်ပြုလုပ်လျှက် သူလိုအပ်သော မျှခြေအနေအထား ရောက် အောင်ပြန်လည်ထိန်းညှိ ယူသည်။ ထိုကဲ့သို့ ထိန်းညှိပေးရန်အတွက် Buffer ဟူသော ဒြပ်ဝတ္တုများ ခန္ဓာကိုယ် တွင်းတွင် အမြောက်အမြားရှိသည်။ ခန္ဓာကိုယ်၏ အလွန်အံ့သြဖွယ်ကောင်းသော ကာကွယ်မှု ယန္တရား တစ်ခုဟု လည်း ဆိုနိုင်ပါသည်။ စာဖတ်ရသည် ကို ပျင်းရိလာပါက အတွေးတွေ သူ့ ခေါင်းထဲသို့ တရစပ်ဝင်လာမြဲဖြစ်သည်။ ယခုလည်း အတွေးတစ်ခု သူ့ ရင်ထဲ သို့ ချဉ်းနှင်းဝင်ရောက်လာလေ၏။

ခန္ဓာကိုယ်တွင်းစီးဆင်းလှည့်ပတ်နေသော သွေး၏ pH သည် 7.4 (+ or - 0.05) ဖြစ်သည်။ 0.05 ပိုများနိုင်သည် (7.45)။ လျော့သွားနိုင်သည်(7.35)။ ထိုထက်ပိုပြီး များသွားနည်းသွားလျှင် ခန္ဓာကိုယ်ဇီဝဖြစ်စဉ်များ ကမောက်က မ ဖြစ် လျှက် ရောဂါဝေဒနာများ ဖြစ်ပွားလာမည်ဖြစ်သည်။ ထိုအခါ ပထမဦးဆုံး ရောက်လာသူမှာ Buffer များဖြစ် သည်။ အက်ဆစ်ဓါတ်များလာပါက ထိုဒြပ်များလျော့သွားစေရန် ခန္ဓာကိုယ်အတွက် ဘေးမဖြစ်စေရန် Buffer များက ထိုအက် ဆစ်ဓါတ်များကို လျော့ကျသွားစေရန်ပြုလုပ်ပေးသည်။ အယ်လ်ကာလီဓါတ်များ များနေ ပါက လည်းထိုနည်းလည်းကောင်းပင်ပြုလုပ်ပေးသည်။ ဥပမာဆိုရသော် ဟင်းတွေမငန်စေရန် လိုအပ်သောဆား ကို တိုင်းဆမြည်းမြပြီး ထည့်တတ်သော့ စားဖိုမှူးကြီးနှင့်လည်းတူသည်။ မီးအားအတက်အကျကို အလိုအ လျှောက် ထိန်းညှိပေးသော Auto regulator မီးအားထိန်းညှိစက် နှင့်လည်း တူ၏။

သူတို့ အိမ်တွင် အမေသည် Buffer ဖြစ်သည်။ အဖေနှင့်သူတို့ မောင်နှမများ အကြား၊ ညီအစ်ကို မောင်နှမများ အကြား ဖြစ်လာသမျှသော ကတောက်ကဆ များ၊ နားလည်လွဲမှုများ၊ ကို ကောင်းစွာထိန်းညှိပေးနေသူ ဖြစ်သည်။ ကိုကို အရက်သောက်သည်ကို အဖေ ကလုံးဝမကြိုက်။ ကိုကိုက တစ်ခါတစ်ရံ လူမှန်းမသိအောင် မူးမူးပြီး ပြန်လာ တတ်သည်။ ကိုကို အရက်သောက် ဒေါင်ချာစိုင်းပြီးပြန်လာချိန်တွင် အဖေနှင့်တိုးပါက သေချာပေါက် အထိုးခံ ရ မည်ဖြစ်သည်။ ကိုကို ပြန်လာချိန်တွင် အဖေဒေါသကို အပေါက်ဝမှ ရိုက်ချနိုင်သူမှာ အမေသာဖြစ်သည်။ အမေ သာ မရှိလျှင် ကိုကို သည် အဖေ့လက်ချက်ဖြင့် သေလောက်ပြီဖြစ်သည်။ သားသမီးများ နှင့် လင်သားကြားတွင် ရှိသော ပတိပက္ခ မှန်သ မျှ အမေ့ကြောင့် ကြီးရာမှ ငယ်သွားသလို ငယ်ရာမှ ပပျောက်လို့ သွားရစမြဲဖြစ်သည်။ ကိုကို သူနှင့် ညီမလေးတို့ ကြားတွင်လည်း အမေ့၏ မျှတသော မေတ္တာနှင့်အတူ သင့်လျှော် သော ဖျောင့်ဖျ သွန် သင်မှုများ ဖြင့် တည်ငြိမ် အေးချမ်းနေသော မောင်နှမများ၏ ဆက်ဆံရေး ဖြစ်တည်လာ သည်။ သူတို့ မိသားစု သာယာချမ်းမြေ့ နေခြင်း၊ မောင်နှမချင်း ချစ်ခြင်းတို့ သာ ဖြစ်တည်နေခြင်းသည် အမေ့ ကြောင့်ဖြစ်သည်။

သူ တို့ မိသားစု ကြီးသည် လူ့ ခန္ဓာကိုယ်ကြီးဆိုသော် အမေသည် Buffer ဖြစ်သည်။ မိသားစုကြီး တည် ငြိမ်အေး ချမ်းစွာ လည်ပတ်ဖို့ အတွက် အမေ့ အလိမ္မာတွေသာ မပါခဲ့ရင် အဖေနဲ့ သားတွေကြားတွင် အမြဲတစေ တပူပူ တဆူဆူ မငြိမ်းမချမ်း ဖြစ်နေမည်။ တခြားသော မိသားစုများတွင်လည်း ထိုကဲ့သို Buffer နှင့်တူသော အဖေ၊ အမေသို့ မဟုတ် တစ်ယောက်ယောက်တော့ ရှိကောင်းရှိနေမည် ဟု သူတွေးသည်။ ထိုမိသားစုကြီးသည် အမေ့ ကြောင့်ဖြစ်စေ မိသားစုတစ်ခုလုံးချစ်ကြသော သား သို့ မဟုတ် သမီးအငယ်ဆုံးလေးကြောင့်ဖြစ်စေ အကြီးဆုံး အစ်ကိုကြီး အစ်မကြီး များကြောင့်ဖြစ်စေ တည်ငြိမ်ပကတိ ချမ်းသာစွာရှိနေမည်ဖြစ်သည်။ အဖေ့မျက်နှာညိုနေ လျှင် အမေသိသည်။ ကိုကို စသော သူတို့ မောင်နှမတွေ မျက်နှာမကောင်းလျှင် အမေသိသည်။ သူတွေ့ ဖူးခဲ့ သော ဘဝထဲမှ ပထမဦးဆုံးသော Buffer သည် သူ့ ချစ်လှစွာသော အမေဖြစ်သည်။ သူတို့ မိသားစု လေထု က လေးသည် အမေ့ကြောင့် ငြိမ်သက်နေသည်။ နွေးထွေးအေးမြနေသည်။ ရနံ့ သင်းသင်းလေး ကြိုင်နေသည်။ ရယ် သံမောသံလေးတွေ လွင်နေသည်။

ဇာနည့်ကို စခင်မိတော့ သိပ်ပျော့ညံ့လွန်းသည်ဟု သူထင်ခဲ့မိသည်။ ယောကျာ်းဖြစ်ပြီး မာနမရှိဘူးဟုထင်ခဲ့မိ သည်။ အားနာတတ်လွန်းသည်ဟု စိတ်ထဲမှ ကော နှုတ်မှပါ စွတ်စွဲခဲ့ဖူးသည်။ သူ တို့ သူငယ်ချင်းလေးယောက် အဆောင်မှ အခန်းငယ်တစ်ခုကို အမှီပြုရင်း ပညာသင်ခဲ့ကြသည်။ လူငယ်တို့ ထုံးစံအတိုင်း ထစ်ကနဲ စိတ်မတွေ့ တိုင်းဆိုကြပြောကြ ထိုးကြကြိတ်ကြ ခဏခဏ ဖြစ်သည်။ သူ သတိထားခဲ့မိချိန်တွင် သူတို့  သူငယ်ချင်းလေး ယောက် သည် အလွန် ချစ်ခင်နေကြပြီဖြစ်သည်။ သူ ကိုယ်တိုင်လည်း သူငယ်ချင်းများကို အိမ်က ကိုကို့ ထက်ပင် ချစ်သည်။

သူတို့ အခန်းငယ်၏ လေထုသည် ဇာနည့်ကြောင့် လန်းဆန်းလာခဲ့သည်။ အနစ်နာခံတတ်သည်။ သူငယ်ချင်း တစ်ယောက်စီ၏ ဝမ်း နည်းမှု ကြေကွဲမှု ပျော်ရွှင်မှု လွမ်းဆွေမှုတိုင်းကို ကိုယ်ချင်းစာ နားထောင် တတ် သူဖြစ် သည်။ အလျှော့ပေးတတ်သူဖြစ်သည်။ ခွင့်လွှတ်တတ်သူ ဖြစ်သည်။ သူငယ်ချင်းများအကြား စကား ကုန်မကူး တတ်သူဖြစ်သည်။ မျှတစွာဝေဖန် တတ် သူဖြစ်သည်။ ကောင်းစွာ ထိန်းညှိတတ်သူဖြစ်သည်။ ရှေးရှေး က တစ် ယောက်နှင့်တစ်ယောက် ငြူစူစောင်းမြောင်းတတ်ကြသော သူငယ်ချင်းများသည် ဇာနည့်၏ ထိန်းညှိပေး မှု တွင် အဆင်ပြေချောမွေ့ လာကြသည်။ နားလည် မှုတွေ ဝေဝေဆာဆာရလာကြသည်။ လူတစ်ယောက်ကို တစ် ယောက် နားလည်ခြင်းသည် ထိုအရပ် ထိုနေရာ ထိုအိမ် တို့ တွင် သာယာမှုကိုဖြစ်စေသည်။ ချစ်ခင်မှု လေးစားမှု ကို ပွားစေသည်။ ဇာနည်သည် သူတို့ သူငယ်ချင်း လေး ယောက် အတူရှိနေချိန်တွင် Buffer တစ်ယောက် ဖြစ်ခဲ့သည်ဟု သူတွေးမိ၏။

အလုပ်ရှင်သူဌေးနှင့် ဝန်ထမ်းများကြားတွင် ကောင်းစွာကျွမ်းကျင်လိမ္မာသော မန်နေဂျာသည် ထိုအလုပ် ပတ် ဝန်း ကျင်၏ Buffer ဖြစ်၏။ နိုင်ငံနှစ် နိုင်ငံအကြားတွင် စကားလိမ္မာသော သံတမန်သည် Buffer ဖြစ်၏။ မင်းနှင့် ပြည်သူ အကြားတွင် ပညာရှိသော အမတ်လိမ္မာသည် Buffer ဖြစ်၏။ Buffer နှင့်အလား သဏ္ဌန် တူသော ဂုဏ် သတ္တိတူသော လူသားများကို မြင်ယောင်ကြည့်နေမိသည်။ Buffer ပျက်လျှင် ခန္ဓကိုယ်ပျက်မည် ... ဖောက်လွှဲ ဖောက်ပြန်ဖြစ်မည် .. ကမောက်ကမ ဖြစ်မည်။ ပတ်ဝန်းကျင်သည် ကတိမ်းကပါးဖြစ်မည် ဖရိုဖရဲ ဖြစ်မည်။ လောင်မြိုက်မည်။ ပျက်ဆီးမည်။ ပြိုကွဲမည်။

တကယ်တော့ Buffer များမှာ လူ့ လောကကို အကျိုးပြုသူများသာ ဖြစ်သည် ဟု သူ့ အမြင်တွင် ရှင်းရှင်းမြင် လာသည်။ Buffer တွေကို တန်ဖိုးထားသင့်သည် လေးစားသင့်သည်။ အများအကျိုးပြုလျှင် ကိုယ်မနစ်နာဘဲ နှင့်တော့ အောင်မြင်မှုနည်းပါးနေမည်ဖြစ်သည်။ Buffer များသည် အနစ်နာခံသူ များ ဖြစ် သည်။ အများအကျိုး ကြည့်သူများဖြစ်သည်။ အပြုံးဖြင့် ပီတိဖြစ်သူများဖြစ်သည်။ ငြိမ်းအေးသော အရိပ်ကို ပေးသူများဖြစ်သည်။ သာ ယာသော ဝန်းကျင်ကို ဖန်ဆင်းသူများဖြစ်သည်။

သူ နှင့် သူ့ ပတ်ဝန်းကျင်အပေါ် တွင် သူ သတိ မပြု မိခဲ့သော Buffer များ မည်မျှရှိနေပြီနည်း။ Buffer နေရာယူ လျှက်က နေထိုင်သော ပတ်ဝန်းကျင်ကို ဖျက်ဆီးသော သူများလည်း မြင်လာသည်။ ကောက်ကျစ်သော သူများ လည်း သူ့ အတွေးတွင်ပေါ်လာသည်။ Buffer များမရှိလျှင် ပျက်စီးတတ်သလို Buffer အမျိုးအစား ညံ့ဖျင်းလျှင် လည်း ပျက်စီးတတ်သည် Buffer တွေနည်းနေပါကလည်း ပျက်စီးတတ်သည်။ Buffer သည် ဖြောင့်မှန်သော သူဖြစ်သည်။ ဇွဲကောင်းသောသူ ဖြစ်သည် ပျော့ပျောင်းညင်သာ သူများ ဖြစ်သည်။ ဥာဏ်ကြီးသူများဖြစ်သည်။ ကြီးရင့်သော စိတ်ထားရှိသူများဖြစ်သည်။ ထိုအရာများ ပြောင်းပြန်ဖြစ်သော် ...............။

သူ Buffer နှင့်တူသောသူ ဖြစ်ရဲ့ လား .... ထိုမေးခွန်းကို သူ့ ကိုယ်သူ မေးကြည့်မိသည်။ Buffer..... Buffer ..... သူသည် လူအများ၏ ပြုံးပျော်ရွှင်မှုကို ပေးနိုင်သောသူ ဖြစ်ရလို၏ .... သူ့ လက်တကမ်း မိသားစု၊ ပတ်ဝန်းကျင်မှ
သည် ထိုထက် ထို့ ထက် ကျယ်ပြောသော လောကကို အလှဆင်သူ ဖြစ်လို၏ ..... အတ္တတွေလျှော့ပါးကာ ပရ တွေ မျှတဖို့ အရေး .... ကြိုးစားအားသစ်ချင်လာသည်။ သူ တွေးရင်းပီတိဖြစ်ရသည်။ လူတိုင်း လူတိုင်းသည် Buffer ဖြစ်နိုင်သည်ဟု သူထင်မိသည်။ ..... လောက တွင် Buffer များတိုးပွားပါစေ ........ သူ့ စိတ်ထဲမှ တီးတိုး ရေရွတ်လိုက်၏ .... သူ ပြဌာန်းစာအုပ်ကို ပိတ်လိုက်သည်။ ညကား ကောင်းစွာ ငြိမ်သက်ခြင်းရှိပြီဖြစ်၏ .......... ။

ပုံလေးကို ဒီက ယူပါတယ် .... :D

စာဖတ်လည်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......
ရန်ကုန်သား

Wednesday, September 16, 2009

အမြင်ကတ်သူများအား ကျေးဇူးတင်ပါသည် .....

ဒီပိုစ့်လေးကတော့ သူငယ်ချင်း ဝက်ဝံလေး (စက်တင်ဘာရဲ့ ကောင်းကင်) က “ကျွန်တော့်ကို အမြင်ကတ်ရတဲ့ အကြောင်းရင်းများ” ကိုရေးဖို့ တက်ဂ်ထားတဲ့ ပိုစ့်လေးပါ။ လူ မှန် ရင်တော့ အမြင်ကတ်တတ်ကြသလို အမြင် အကတ်ခံရ မှာလည်း မလွဲဧကန် ပါပဲလို့ ထင်မိပါတယ် ..... ဒါ့ ကြောင့်မို့  ကျွန်တော့်ကိုလည်း အမြင်ကတ်ကြသူ တွေ ဒုနဲ့ ဒေး ရှိပါတယ် .... တစ်ခါ တစ်ခါ ကိုယ်မထင်ထားတဲ့သူ တွေက တောင် အမြင်တွေ အကပ်ကြီးကပ် အမုန်းကြီးမုန်းနေတာတွေ ကိုပါ သိရ မြင်ရ ကြားခဲ့ရပါတယ်။ ကျွန်တော့်ကိုမုန်းနေ တယ်လို့ ကျွန်တော် ထင်တဲ့ သူတွေက တကယ်တော့ ကျွန်တော့် အပေါ်စိတ်ထားမှန်ကြသူတွေ ဖြစ်နေသလို မျိုးပေါ့ ... လူကဲခတ်ရတာ အင်မတန်ခက်ပါတယ် ..... ကျွန်တော့်ကို ဘာလို့ လူတွေ အမြင်ကတ်ကြပါသလဲ .....

ကျွန်တော် စဉ်းစားကြည့်မိတယ် ကျွန်တော်တကယ်မကောင်းလို့ အမြင်ကတ်ခံရတဲ့အခါမျိုးလည်း ရှိပါတယ်။ အဲဒီ အခါ မျိုးကျတော့ ကျွန်တော် ပြင်ရတာပေါ့ .... တစ်ခါတစ်ရံ ကိုယ်က ကောင်းနေပါလျှက်နဲ့ အမြင်ကတ်ခံရတဲ့ အခါလည်း ရှိပါတယ် ... အဲဒါတော့ကျွန်တော်လည်း မတတ်နိုင်တော့ပါဘူး လွတ်လွတ်လပ်လပ်ကြီးသာ အမြင် ကတ်ကြပါတော့လို့ ပဲ ပြောရတော့မှာပါ ..... သူတို့ အမြင်ကတ်တာကြီးက ကိုယ့်အတွက် သိပ် အဓိပ္ပါယ် မရှိတဲ့ အခါမျိုးမှာပေါ့ ....

တစ်ကိုယ်ကောင်းဆန်တယ် လို့ အပြောခံရဖူးပါတယ်......
ဆရာလုပ်တယ်လို့ အပြောခံရဖူးပါတယ်......
ကြီးကျယ်တယ်လို့ အပြောခံရဖူးပါတယ် .....
စကားအလွန်များတယ်လို့  အပြောခံရဖူးပါတယ်.....
အချိုးမပြေဘူးလို့ လည်း အပြောခံရဖူးပါတယ် (ဘာအချိုးမပြေလဲတော့ ကျွန်တော်ခုထိ မသိသေးပါဘူး :))

အမြင်ကတ်ခံရတာကို သိလို့ ကျွန်တော့်မှာ ကောင်းကျိုးတွေ အတော်များများရပါတယ် ... အဲဒါကြောင့် အမြင် ကတ်ကြတဲ့ လူတွေကို ကျေးဇူးတောင် တင်မိတယ်။ သူတို့ သာ အမြင်မကတ်ရင် ကျွန်တော်တော့ မသိသား ဆိုး ရွားတဲ့သူ တစ်ယောက် ဖြစ်နေတော့မှာပါ .....။ ကျွန်တော် အမြင်ကတ်ခံရမှာကြောက်လား ဆိုတော့ ကြောက်ပါ တယ် ......ပညာရှိသူတော် ကောင်းတွေ အမြင်ကတ်မှာတော့ ကျွန်တော် သေမလောက် ကြောက်ပါ တယ် .....။ လောကဓံ နဲ့ တွေလာကြုံလာတဲ့အခါ ကိုယ့်စိတ်ကို ကိုယ်ထိန်းပြီး ရင်ဆိုင်အံတုဖို့ ဆိုတာ အပြောလွယ်သ လောက် အလုပ် အင်မတန်ကို ခက်လှပါတယ်။

ကျွန်တော့် မျက်စိထဲတွင် အမြင်မတော်သမျှ ပြောချင်နေသောစကားတွေ ထွက်မလာအောင် မျိုချရပါတယ်။ စေတနာ ဟာ တစ်ခါတစ်ရံ ဝေဒနာဖြစ်ခဲ့ရတဲ့ အတွေ့ အကြုံမျိုး ရှိခဲ့ဖူးလို့ ပါ။ ဒီလိုနဲ့  ကြာလာတော့ လျစ်လျူရှု တတ်လာပါတယ် ...... စောင့်ကြည့်တတ်လာပါတယ် .... အပြစ်တင်စကား မဆိုပဲ လိုအပ်တဲ့အခါ ကူညီတတ် လာ ပါတယ် .... စကားနည်းနည်းပဲပြောဖို့ အောင့်အီးတတ်လာပါတယ် .... ကျွန်တော်လည်း အေးအေး ချမ်းချမ်း ဖြစ်သွားတယ်လို့  ပြောရမယ်ထင်ပါတယ် ....။

အကြောင်းအရာတစ်ခုကို ပြောဆို ဆွေးနွေး ငြင်းခုံကြတဲ့အခါမှာ တစ်ချိန်က ဦးဆောင် ငြင်းခုံခဲ့တဲ့ ကျွန်တော် နားထောင် သူ သက်သက်ဖြစ်လာသလို ..... သူတို့ အမြင်တွေကို နားထောင်ပေးတတ် လာပါတယ် ... သူတို့  မှားနေတယ်ဆိုတာ သိလာတဲ့အခါ ရေလိုက်ငါးလိုက်နေတတ်လာပါတယ် မှားနေတယ်လို့ မပြောတော့ပါဘူး ကျွန်တော်နဲ့ အင်မတန်ရင်းနှီးတဲ့သူတွေက လွဲရင်ပေါ့ ... သူငယ်ချင်းအရင်းခေါက်ခေါက်ဆိုရင်တော့ မုန်းချင် လည်း မုန်းပါစေ သူမှားနေရင် မှားတယ်လို့ ပြောဖို့ ကျွန်တော်ဘယ်တော့မှ မတွန့် ဆုတ်ပါဘူး ။ကျွန်တော့်ကို မုန်း လို့ ကျွန်တော်သေမသွားပေမယ့် သူတို့ မှားနေတာကို သတိမပေး လိုက်ရဘဲ သူတို့ ဒုက္ခရောက်သွားမှာ လူအ များ အကဲ့ရဲ့ ခံရမှာ မလိုလားလို့ ပါ ..... ကျွန်တော့်သူငယ်ချင်းကို ကျွန်တော်ပဲ မကောင်းပြောချင်ပါတယ် ။သူများ မကောင်းပြောတာမျိုးကြားရရင် ကျွန်တော့်ကို ဆဲသလို ပဲ နာပါတယ် အခံရခက်ပါတယ် ....။

နောက်ဆုံးတော့ ဆက်လက် အမြင်ကတ်သူများလည်း ရှိနေစဲဖြစ်သလို ကျွန်တော့်ကိုယ်ကျွန်တော် ဝေဖန်သုံး သပ်လို့ မှားမှန်းသိတဲ့အခါ ပြင်ဆင်တာကလွဲရင် ထိုထို သော အမြင်ကတ်သူအပေါင်းကို ကျေးဇူးလည်းတင်သလို အဓိပ္ပါယ်မရှိတဲ့ ဝေဖန်မှု အမြင်ကတ်မှုတွေကိုတော့ ခေါင်းထဲ သိပ်မထည့်တော့ပါဘူး ... ကျွန်တော် သူတို့  ပါးစပ် ဖျားမှာ ကားယားကြီး အဖြစ်မခံနိုင်ပါဘူးခင်ဗျာ ....... လူတစ်ယောက် ရဲ့ ဘဝမှာ သူ့ ဘဝ သူ့ အကြောင်းနဲ့  ကောင်း အောင် လုပ်နေကြတာပါပဲ ... မှားတဲ့အခါ ရှိသလို မှန်တဲ့အခါလည်း ရှိမှာပါ ... ။

ဒီလောက်နဲ့ ပဲ ကျေနပ်ပါတော့ သူငယ်ချင်း ဝက်ဝံလေး (စက်တင်ဘာရဲ့ ကောင်းကင်)ရေ ... ငယ်ကျိုး ငယ်နာ တွေလည်း ကုန်ပါပြီ ..... :)))) ကျေးဇူး ခင်ခင်မင်မင် တက်ဂ်တဲ့အတွက် .... :)))))

အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ .....
ဆင်းရဲလို ခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ....
လေးစားခင်မင်လျှက်
ရန်ကုန်သား


Sunday, September 13, 2009

အသက်ထွက်သွားသော စောင့်ထိန်းခြင်း

ညသည် တိတ်ဆိတ်စွာ ငြိမ်သက်စပြုနေပြီဖြစ်သည်။ လမ်းမပေါ်တွင်လည်း လူ အသွားအလာ ကျဲပါးနေပြီဖြစ် သည်။ ည သည်လှကောင်းလှပေမည်။ သို့ သော် ထိုလှပသောညကို ခံစားဖို့ နေနေသာသာ ပင်ပန်းနွမ်းနေ သော ခန္ဓာကိုယ် ကို မလျှက်က အိမ်ရောက်ဖို့ တအားလျှောက်ယူနေရသည်။ ရာသီက ပူရသည့်အထဲ အလုပ် ကလည်း ဒီကနေ့  ပိုပင်ပန်းသဖြင့် သူ အားအင်တွေ ကုန်ခမ်းနေပြီဖြစ်သည်။ သူ စီးလာသော ဘတ်စ်ကားက လည်း သူ့  လက်ကျန် အင်အားများကို ယူထားလိုက်ပြီဖြစ်သည်။ လူလည်း ဖွတ်သထက် ညစ်နေပြီ။

တစ်လတစ်လ ရသည့်ငွေနှင့် ဘယ်လိုမှ မကာမိ။ အလုပ်တွင် ရံဖန်ရံခါ အောက်ဆိုက်လေး မှမရရင် အိမ်က မိန်းမက ခို သံပေးကာ မတရား ငြီးမည်။ ဒီ ဗိုက်ပြဿနာ ပါးစပ်ပြဿနာ ကြောင့်ခက်လှသည်။ သို့ သော် မဝတ် ဘဲ နေလို့ ရသည်။ မစားဘဲ နေလို့ ရသည်မဟုတ်။ သားသမီးတွေရဲ့  ပူဆာမှုကိုလည်း ဟိုနေ့ ဝယ်ပေးမည် သည် နေ့ ဝယ်ပေးမည်ဟု နေ့ ရွှေ ညရွှေ့ လုပ်လာခဲ့သည်မှာ ဘယ်နှစ်ကြိမ်မှန်းမသိ။ သူ တို့ သားသမီးများ ကံဆိုး ဘိချင်းဟု တွေးမိသည်။ သို့ သော် သူ့ အစွမ်းက ကုန် ပြီဖြစ်သည်။ သိန်းထီများကလည်း မပေါက်နိုင်။

သူ သိပ်ပင်ပန်းလာသော ရက်မျိုး စိတ်ကလည်း အထိမခံအောင် တိုနေချိန်မျိုးဆိုက ထိုသို့ ကလေးများ ပူဆာ သော အခါ အော်ငေါက်ပစ် လိုက်မိမည်ဖြစ်သည်။ သူလည်း အဖေထဲက အဖေ ပင်ဖြစ်၍ သားသမီးအလိုကို တော့ လိုက်ချင်ပါသည်။ ကလေးနှစ်ယောက် နှင့် သူ့ မိသားစု အတွက် သူ တစ်ယောက် တည်း ရုန်းရသည်မှာ လွယ် လှသည်မဟုတ်။ မိန်းမလုပ်သူက အသုတ်ဆိုင်ကလေး ဖွင့်ပြီး သူ့ ကိုကူညီလို့ သာ သူ အသက်ရှု အ နည်း ငယ် ချောင်နေခြင်းဖြစ်သည်။ အငယ်ကောင်လေးက နောက် နှစ်ဆို ကျောင်းထားရ တော့မည်။ အကြီး ကောင် က သုံးတန်း။ ကျောင်းစရိတ် ကျူရှင်စရိတ် တွေးပူရရင် ထမင်း ပင်စားနိုင်တော့မည် မဟုတ်ပေ။

အိမ်ပြန်ရောက်ရောက်ချင်း ခြေပစ်လက်ပစ်လှဲ ပစ်ချင်စိတ်သာ လွှမ်းမိုးနေလေသည်။ ချေသလုံးကြွက်သား များ ကလည်း ညောင်းချိနေသလို ဇက်ကြောကလည်း နောက်မှ ဆွဲထားသလို တင်းနေပုံကြောင့် မအီမသာကြီး ဖြစ် နေ လေသည်။ တစ်ကိုယ်လုံးလည်း ချွေးများနှင့်စီးထန်းနေလေ၏။ သူ့ ရှေ့ မှ ကားတစ်စီး ဝူးကနဲ မောင်းထွက် သွားသည်။ အိမ်ပြန်ချင်စိတ် အားကြီးနေသော သူ…. ရုတ်ရက်မို့ လန့် သွားသည်။ တစ်ပြိုင်နက် ဒေါသကလည်း မဆီမဆိုင် ထွက်သွားသည်။ ပါးစပ်မှလည်း ပက်ကနဲ့ ဆဲမိသွားသည်။

ကားရပ်ထားခဲ့သော နေရာသို့ ရောက်တော့ လမ်းမပေါ်တွင် မည်းမည်း အရာဝတ္တုတစ်ခု ကို သူ တွေ့ လိုက်ရ သည်။ ဘာများဖြစ်မည်နည်း။ အလင်းရောင်ကလည်း အားနည်းသည်။ သူ အိမ် ကို အနည်းငယ်မေ့သွားသည်။ လေးထောင့်ရှည်မျောမျော အရာတစ်ခု။ ထိုအရာဝတ္တုနားသို့ ရောက်သောအခါ သူ ရပ်တန့် လိုက်ပြီး ဆတ်ကနဲ ကောက်ကြည့်လိုက်သည်။

ပိုက်ဆံအိတ် တစ်ခုပါလား …… သားရေဖြင့်ပြုလုပ်ထားသော အတန်ငယ်ကြီးသည့် အမျိုးသားကိုင် ပိုက်ဆံ အိတ် ဖြစ်သည်။ သားရေသားက အိနေသည်။ ဘာအမျိုးအစားလည်းတော့ မမြင်ရ။ သူ့ ရင်တွေ တဒိန်းဒိန်းခုန် သွား သည်။ ပိုက်ဆံအိတ်မှန်းသိသိချင်း သူ ဘေးဘီသို့  ကျီးကန်းဒေါင်းမှောက်ကြည့်လိုက်မိသည်။ ပိုက်ဆံအိတ် က အနည်းငယ် စီးစီးပိုးပိုးလေးဖြစ်နေသည်။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေ၏ သူ့ နောက်တွင် လည်း ဘယ်သူမှ မရှိ ရှေ့ တစ်ခေါ်လောက်တွင်သာ လူတစ်ယောက်ကျောကို ခပ်ရေးရေးမြင်ရသည်။ ဘယ်သူ မှ မရှိ။ ခွေးတစ် ကောင် ကြောင်တမြီးမှ မရှိ။ သူ့ လက်ယာဘက် တွင် အိမ်တစ်လုံးက အမှောင်ထဲတွင် ငုတ် တုတ် ထိုင်နေသည်။ သူ ပိုက်ဆံအိတ်ကို ဖွင့်မကြည့်နိုင်သေးဘဲ ပတ်ဝန်းကျင်ကိုသာ အထိတ်တလန့်  စူးစမ်း နေသည်။

ပိုက်ဆံတွေများသလားမသိ … ကျကျန်ရစ်ခဲ့တဲ့သူက သူ့ ရှေ့ တစ်ခေါ်လောက်ကလူလား။ ကားကို ဝူးကနဲ မောင်း ထွက်သွား သူလား၊ လက်ယာဘက် အိမ်ကြီးထဲမှ တစ်ယောက်ယောက်များလား။ သူ့ လက်တွေ အနည်း ငယ် တုန် နေသည်။ သူ ဘာကိုမှ ဝေခွဲနိုင်ခြင်းမရှိခင်မှာ ထိုနေရာမှ ဆက်လျှောက်လာမိသည်။ သူ့ ခြေ လှမ်းတွေ နှေးသွားသည်။ ပိုက်ဆံအိတ်ကို လွယ်အိတ်ထဲသို့ အသာထိုးထည့်လိုက်သည်။ ပိုင်ရှင်မရှိသော ပိုက်ဆံများ လည်း ရှိနေသည်ဟု ထင်ရသော အိတ်ကို သူကောက်လာခြင်းသာဖြစ်သည်။

မဖြစ်ဘူး ထုတ်ကြည့်မှဖြစ်မယ် …. မဟုတ်သေးဘူး ဒီလောက်မှောင်နေတဲ့ညမှာ သာမန်လူတစ်ယောက်ဟာ ပိုက်ဆံအိတ်ထုတ်ပြီး ကြည့်ပါ့မလား အသိတစ်ယောက်ယောက်နဲ့ များ ကြည်နေတုန်းတွေ့ သွားရင်မခက်ပ လား။ ….ဒါဆို မီးလင်းသည့်နေရာရောက်ရင်ကော …. ဒါလည်း မဖြစ်ဘူး သူ့ ပုံ စံနဲ့ ကိုင်ထားတဲ့ ပိုက်ဆံအိတ် က စပ် ဟတ်မှုမှ မရှိတာ …… မတော် ကျကျန်ခဲ့သူနဲ့ တိုးနေမှဖြင့် ခက်မည်။ သူ နောက်ကို လှည့်ကြည့်လိုက်ပြန် သည်။ နောက်ခပ်လှမ်းလှမ်းတွင် လူရိပ်သုံးခုလောက် ကိုတွေ့ ရသည်။ သူ အိမ် သို့ သာ အသော့နှင်နေသည်။ ပိုက်ဆံ ဘယ်လောက်တောင် ပါမည်လဲ။ ပိုင်ရှင်ကို ဘယ်လို ပြန်ပေးရမလဲ။ မှတ်ပုံတင်ဖြစ်ဖြစ်။ ဖုန်းနံ ပါတ်တစ် ခုခု ဖြစ် ဖြစ် ပါကောင်းပါမည်။ သူ ထိုက်လို့ ရတာပဲ ခိုးလာတာမှ မဟုတ် တာ ….. ဘာလို့ ပြန်ပေးရ မှာလဲ …။

သူ့ မျက်နှာချင်းဆိုင်မှ လာသောလူက သူ့ ကိုစိုက်ကြည့်နေပါလား။ အိမ်များမှ ဖြာကျနေသောမီးရောင်ဖြင့် သူ့  မျက်နှာကို ထိုလူ ကောင်းကောင်းမြင်ရမည် ဖြစ်သည်။ သူ့ ကို ပိုက်ဆံအိတ်ကောက်ရသလားလို့  မေးလာခဲ့ လျှင် ဘယ်လိုဖြေရမည်နည်း။ တွေ့ တယ် …. ရော့ဒီမှာလို့ ဟုပြောကာ မဆိုင်းမတွ ပေးလိုက်ရမည်လား …။ ထိုလူ သူ နှင့် တဖြည်းဖြည်းနည်းလာ သည်။ ပိုက်ဆံတွေ ဘယ်လောက်ပါမှန်းမသိ …. သူတောင်းတာနဲ့  ချက်ချင်း ထုတ် ပေး ရမှာလား … မဖြစ်ပေ။ ခပ်တည်တည်နှင့် ဆက်လျှောက်မှ ဖြစ်မည်။ သူ ထိုလူအား မျက်လုံးကို ထောင့် ဆုံး သို့  ဆွဲကပ်ပြီးကြည့်သည်။ သူ့  ဘေးမှ ဖြတ်သွားသည်။ သူ့ ကို သတိပင်ထားမိဟန်မတူ။ သူ သက်ပြင်းကို ဟူး က နဲ ချလိုက်မိသည်။ လွယ်အိတ်ထဲလက်ထည့်ပြီး ပိုက်ဆံအိတ်ကို စမ်းသည်။ ခြေနှစ်ဖက် ကတော့ ခပ်သွက်သွက် နှင်သည်။ ငွေသံကြားသည်နှင့် ခြေလှမ်းရသည်ပင် ပေါ့ပါးသလိုရှိသည်။

ပိုက်ဆံအိတ်သည် သူ့ လက်တွင် နူးညံ့စွာထိတွေ့ နေသည်။ ပိုက်ဆံတွေ။ အနည်းဆုံးတော့တစ်သောင်း လောက် ပါနိုင်သည်။ သူ့ လုပ်စာက တစ်လလုံးနေမှ ငါးသောင်းလောက်ရသည်။ တစ်သောင်းလောက်အလ ကားရ နည်းလား။ ပြန်မပေးပဲထား လိုက်လျှင်ကောင်းမည်။ မိန်းမက ဘာပြောမည်မသိ။ သူလည်း ငြင်းမှာ မဟုတ်ပေ။ လာပြန်ပြီတစ်ယောက်။ သူ ပူပင်သွားသည်။ ပိုက်ဆံအိတ်ကျ ကျန်ခဲ့လို့ ပြန်လာရှာသည်လား မသိ။ သူ့ ကို ဒီတစ် ခါ သေချာကြည့်နေတာပဲ။ သူ ထိုသူကို သိများသိ နေသလား သူ့ အသိများလား ….။ သူ့ ရင်တွေ ပို အခုန် မြန်လာသည်။ နားထဲတွင် ဒုတ်ဒုတ် ဒုတ်ဒုတ် နှင့်ကြားနေရသည်။

“ကို စိုးဌေး ပြန်လာပြီလား ဗျ နောက်ကျတယ်နော် ….”

သူ တောင့်တောင့်ကြီးဖြစ်သွားသည်။ သူတို့ အိမ်မှ သုံးအိမ်ကျော်တွင်နေသော ကို မြင့်အောင်ဖြစ်သည်။
“အော် …ဟင်း…. ကိုမြင့်အောင် ဘယ်တုန်း ညကြီး …” သူ့ အသံက တိုပြီးပြတ်သည်။

“အေးဗျာ ဈေးထိပ်နားသွားမလို့  အမေ ချောင်းတွေ တအားဆိုးနေလို့  ချောင်းဆိုးပျောက်ဆေးရည်လေး သွား ဝယ် မလို့ …. သွားပြီဗျာ ….”

“ ဟုတ် …ဟင်းဟင်း ဟုတ်ကဲ့ ….”

သက်ပြင်းချရပြန်ပြီ။ သူ့ လက်သည် လွယ်အိတ်ထဲမှ ပိုက်ဆံအိတ်ကို တင်းတင်းကြီးဆုပ်ထားလိုက်သည်။ မော လှပြီ။ ရင်တွေကလည်း တုန်လိုက်သည့်ဖြစ်ချင်း … သိန်းထီမဟုတ်သော်လည်း သောင်းဂဏန်းလောက် အလ ကားရမည်ဖြစ်၍ လောဘဇောလေးက နားထင်တက်နေပြီဖြစ်သည်။ သူများ ပစ္စည်းမှန်းသိသော်လည်း ပိုင်ရှင် လက်မှ ခိုးလာသည်မဟုတ်သဖြင့် သူခိုးတော့ မဖြစ်တန်ရာ … ကောက်တွေ့ သောပစ္စည်းကို ယူလာသူ သာ ဖြစ် သည်။ တပြားမှ မပါသည်လည်း ဖြစ်ချင်ဖြစ်မည်။ မက်မောမှုသည် ဘယ်၍ဘယ်မျှဟု မသေချာသော်လည်း ကောင်းစွာကြီးထွားနေပြီဖြစ်သည်။ ဤအရာကို လောဘဟုခေါ်သည်။

လက်ဖက်ရည်ဆိုင်က မီးအလင်းရောင်က ထိန်ထိန်ငြီးနေသည်။ သူ မူပျက်နေသည်ကို သူကိုယ်တိုင်သိသည်။ လက်ဖက်ရည် ဆိုင်ထဲတွင် ပိုက်ဆံအိတ်ပိုင်ရှင် ရောက်ကောင်းရောက်နေမည်။ ဆိုင်ထဲမှ လူတစ်ယောက် ကမူး ရှူးထိုးပြေးထွက်လာသည်။ သူ လန့် သွားပြန်သည်။ ပိုက်ဆံအိတ်ကောက်ရသော နေရာဘက်ဆီမှ လာသူ ဆို၍ သူ တစ်ယောက်တည်းရှိသည်။ ဆိုင်ထဲမှ ပြေးထွက်လာသူက သူ့ ဆီသို့ ဦးတည်လာသည်။ ပုံပန်းက တစ်ခုခုကို ရှာ ဖွေနေသလို သူ လက်ဖက်ရည်ဆိုင်ရှေ့ တည့်တည့်ရောက်လာသည်။ ထိုသူက “ခင်ဗျား ပိုက်ဆံအိတ်တစ်ခု များ တွေ့ ခဲ့မိသလား” ဟု မေးခဲ့လျှင် “ဟင့်အင်း ဘယ်မှာလဲ ….” ဟု မသိနားမလည်ဟန်ဖြင့် ဖြေဖို့ အသင့်ပြင် ထား သည်။ လက်ဖက်ရည်ဆိုင်ထဲကို လှည့်မကြည့် ဖြစ် အောင် ကြိုးစားလိုက်သည်။ ဆိုင်ထဲမှ ထွက်လာသူက သူ့  ဘေး မှ ခပ်သွက်သွက် ပြေးသွားသည်။ သူ့ ခြေ လှမ်းတွေ ပိုသွက်လာသည်။ အိမ် မြန်မြန် ပြန်ရောက်ချင် လှပြီ။

အိမ်ပေါ်သို့ ရောက်တော့ သူ့ တစ်ကိုယ်လုံး ချွေးတွေသီးနေပြီဖြစ်သည်။ မောလို့ လည်း ဟိုက်နေသည်။ သား အကြီးက ဧည့်ရှေ့ ခန်းတွင် စားပွဲလေးချကာ စာကြည့်နေသည်။ သူ့ ကိုတွေ့ တော့ “ ဖေကြီး ပြန်လာပြီ ” ဟု ဝမ်းသာအားရ အော်သည်။ သားငယ်ကတော့ သူ့ ကိုတစ်ချက်သာ လှည့်ကြည့်သည်။ ထို့ နောက် သူ့ အစ်ကို ဘေး တွင် ဖတ်စာအုပ်တွေကို လှန်လှောကြည့်နေသည်။ သူကတော့ ပြုံးရုံသာပြုံးပြနိုင်သည်။ မိန်းမဖြစ်သူ အနွဲ့  က နောက် ဖေး ကနေ ထွက် လာသည်။ မနက်ခင်းဆိုင်ထွက်ဖို့ ပြင်ဆင်နေပုံထောက်သည်။

“ပြန်ရောက်ပြီလား …. နားဦးလေ ပြီးတော့ ထမင်းစားတာပေါ့ …”

“အင်း ….. လာဦး …..”

သူ အိမ်ပြန်ရောက်လျှင် ဧည့်ခန်းတွင် လွယ်အိတ်ချ၍ အကျီ င်္ကိုချွတ် ခြေပစ်လက်ပစ်ထိုင်ချပစ် မြဲဖြစ်သည်။ သို့ သော် သူဒီနေ့ မထိုင်နိုင်သေးပေ … သူ့ တွင် ကောက်ရလာသော ပိုက်ဆံအိတ်တစ်လုံးပါနေသည်။ သူ လည်း အင်မတန် သိချင်နေသည်။ ပါလာသော ပိုက်ဆံ ဘယ်လောက်များမည်နည်း။ အနွဲ့ ကို မျက်ရိပ် ပြ ပြီး အိမ်ထဲသို့ ခေါ်လိုက်သည်။ အနွဲ့ က အူလည်လည် ဖြင့်သူ့ နောက်က ပါလာသည်။

“ဟဲ့ ကိုစိုးဌေး ဘာလဲ ဘာဖြစ်လို့ လဲ ရှင့်ဟာ က …..”

အိပ်ခန်းထဲတွင် သူ အသာထိုင်ချလိုက်သည်။ သူ အတော်ညောင်းချိနေသည်မှာ ထိုင်လိုက်တော့မှ ပိုသိသာ သွား သည်။ လွယ်အိတ်ထဲမှာ ပိုက်ဆံအိတ်ကို ထုတ်လိုက်သည်။ ပိုက်ဆံအိတ်က ဖောင်းဖောင်းကလေးဖြင့် အညို ရောင် လွင်လွင်ကလေး ရှိသည်။ သူ့ လက်တွေ အနည်းငယ်တုန်နေသည်။ခပ်မြန်မြန်ဖွင့်လိုက်တော့ …..။

“အံမယ် ပိုက်ဆံအိတ်တွေ ဘာတွေနဲ့ ကောင်းလှချီလား ရှင့်ဟာက … ဟင် ပိုက်ဆံတွေ ……”

“ ငါကောက်ရလာတာ ……”

“ဟယ် …. ကံကောင်းတာပေါ့....... ဘယ်လောက်တောင်လဲ........... ရေစမ်းပါဦး မှန်းမှန်း ….. ပေးပေး ကျုပ်ရေ လိုက် မယ် …. ”

သူ့ မိန်းမ အနွဲ့ ၏ “ဟယ်” ဟူသော အသံနှင့်အတူ ထောင်တန်စိမ်းစိမ်းတွေက အထပ်လိုက်ထွက်လာသည်။ ပိုက် ဆံ အရွက် အသေးလေးတွေက သစ်လွင်ပြီး စိမ်း နေသည်။ ပိုက်ဆံ အသစ်နံ့ က သူ့ နှာဖျားတွင် သင်းနေ ၏ ထို ပိုက်ဆံ သင်းနံ့ ကိုရှူရင်း အနွဲ့ က တဖျပ်ဖျပ် ရေတွက် နေ သည်။ မိန်းမမျက်နှာက အဝါရောင် မီးသီး အောက် တွင် ဝင်းနေသည်။ မျက်လုံးများက စိုလက်ပြီး အရောင်တောက်နေသည်။ လောဘရောင်ဖြစ်မည်။ သူ လည်း
မိန်းမရေတွက်နေသော ပိုက်ဆံများကို ကြည့်ပြီး ပိုက်ဆံအိတ်ထဲမှ အခြားအရာများကို ဆက် မကြည့် နိုင် ဖြစ်နေ သည်။ လောကဓံနှင့်တွေ့ လျှင် လူတို့ သည်တုန်လှုပ်ကြမြဲဖြစ်သည်။ သူတို့ လင်မယားသည်လည်း မချမ်း သာ လူ လင်မယားဖြစ်၍ ပိုက်ဆံရသောအခါ ပျော်ကြ၏။ လူချမ်းသာတို့ သည်လည်း ငွေတွေထပ်ထပ် ရ လျှင် သို့ မဟုတ် ငွေမရတော့လျှင် တုန်လှုပ် ကြမည်သာဖြစ်သည်။

“ဟဲတော့………… ငါးသောင်းတောင် …ငါးသောင်းတောင် အမယ်လေး ကိုစိုးဌေး ရှင်ကံကောင်း…..”

“ရှူး ………… တိုးတိုးလုပ်ပါ အနွဲ့ ရယ် မင်းကလည်း ခုနှစ်အိမ်ကြားရှစ်အိမ်ကြား …. တကတည်းမှပဲ ….”

“အော်အေး … ကျုပ်လည်း ပျော်သွားလို့ ပါတော် ….. နည်းလား ငါးသောင်းကြီးများတောင် …. ကျုပ်အကြွေး လေးတွေတော့ကြေ တော့မှာပဲ တော့ ….. အမယ်လေး ပျော်စရာကောင်းလိုက်တာ ….”

သူက ပိုက်ဆံအိတ်ထဲသို့ ဆက်ရှာကြည့်မိသည်။ အခြား ငါးရာတန် နှစ်ရာတန်း သုံးလေးရွက်စီတွေ့ သေးသည်။ မှတ်ပုံတင် တစ်ခု၊ ဘောက်ချာ စာရွက်တစ်ချို့ ၊ လက်သုံးလုံးလောက်ရှိနေသော မှတ်စုစာအုပ်သေးသေးလေး တစ် ခု။ မိန်းမလုပ်သူ အနွဲ့ က ပိုက်ဆံတွေ ကိုအရသာခံကိုင်ရင်း သူ ရှာနေသော အရာတွေကို ကြည့်သည်။

“အဲ မှတ်ပုံတင်ပါလား …. ရှင် .. ပြန်ပေးမလို့ လား …..”

အနွဲ့ က နှမြောတသစွာဆိုသည်။ သူ မှတ်ပုံတင်ကို ကိုင်ကြည့်လိုက်သည်။ ပိုင်ရှင်မှာ သက်လတ်ပိုင်း လူတစ် ယောက်ဖြစ်သည်။ ရုပ်ရည်သန့် သန့် ပြန့် ပြန့် ရှိသည်။ လိပ်စာကိုကြည့်လိုက်သည်။ တာမွေဖက်ကဖြစ်သည်။ သူ အနွဲ့ လက်ထဲက ပိုက်ဆံတွေကို တလှည့် မှတ်ပုံတင်ထဲမှ လူကိုတလှည့်ကြည့်လိုက်သည်။ သူ့ ပိုက်ဆံများ ဖြစ် သည်။ ချမ်းသာသည်ဆိုဦးတော့ မှတ်ပုံတင်ပျောက်သွားလျှင် ထိုသူ အတော် ဒုက္ခများမည်။

“ငါလည်း မသိဘူး …. ဘယ်လို လုပ်ရမှန်း …. မှတ်ပုံတင်ပျောက်ရင်တော့ ဒီလူ ဒုက္ခရောက်မှာ အသေချာပဲ”

အနွဲ့ မျက်နှာက ညိုသွားသည်။ သူလည်း အခန်းနံရံကို မှီပြီး ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။ ငွေငါးသောင်း သည် များပြားလွန်းသော ငွေကြေးမဟုတ်ပါ။ သို့ သော် သူတို့ လင်မယား အတွက်ကတော့ မက်လောက်စရာ ဖြစ်နေသည်။ ပြန်ပေးဖို့ အတွက်က မခက် လိပ်စာအတိုင်း သွားပေးလိုက်ရုံသာရှိသည်။ သို့ သော် ငွေများက သွားပေးဖို့ အတွေးကို အဝင်မခံနိုင်လောက်အောင် ရှိနေလေ၏။ မပြည့်စုံခြင်းနှင့်လောဘတို့ သည် သူတို့ လင်
မယားရင်ထဲက စောင့်ထိန်းခြင်းနှင့် စာနာမှုကို အသက်မရှူနိုင်အောင် ရစ်ပတ်ချည်နှောင်ထားလေ၏။

“ရှင် ကောက်လာတုန်းက ဘယ်သူ တွေ့ သေးလဲ …..”

“တွေ့ မလား ကျုပ်လည်း တွေ့ တွေ့ ချင်း လွယ်အိတ်ထဲကောက်ထည့်ပြီး အိမ်တန်းပြန်လာတာ…. ပိုက်ဆံ ဒီ လောက်များလိမ့်မယ် ထင်မထားဘူး …… ကားကို ဝူးကနဲမောင်း သွားတဲ့လူလား မသိဘူး …. မင်းသိ တယ် မလား လမ်းထိတ်နားက အိမ်အပြာကြီးရှေ့ မှာလေ ….”

“ပေးမနေ ပါနဲ့ တော့တော် ရှင်ပို့ ချင် စာတိုက်ကနေ မှတ်ပုံတင်ပို့ ပေးလိုက် … ကိုယ်နဲ့ ထိုက်လို့ ရတာပဲ ဟုတ်ဘူးလား ကျုပ်အကြွေးလေးတွေကြေတာပေါ့ ……”

သူ မိန်းဖြစ်သူ အနွဲ့ ကိုကြည့်လိုက်သည်။ ပိုက်ဆံများကို ကိုင်ပြီး အကြွေးကြေမည့်အရေး တွေးပျော်နေသလို သူ က ပြန်ပေးမည်ဆိုပါက နှမြောနေပုံလည်းရသည်။ သူက ပြန်ပေးမည်ဆိုလည်း အနွဲ့ ကငြင်းမည်တော့ မ ဟုတ် ပေ။ သို့ သော် ငွေငါးသောင်းသည် သူ တစ်လလုံး ကုန်းရုန်းရှာမှ ရမည့်ငွေဖြစ်သည်။ သူ သက်မကို လေး လေး ပင် ပင် ချလိုက်မိသည်။ မှတ်ပုံတင်ထဲမှာ ပိုင်ရှင်၏ ဓါတ်ပုံကိုကြည့်ပြန်သည်။ ပြန်ပေးလိုက်ရင် ကောင်း မလား။ ပိုက်ဆံတွေဆီသို့ ရောက်သွားပြန်သည်။ ပိုက်ဆံတွင် သံလိုက်ဓါတ်ပါပုံရသည်။ သူ့ ရင်ကို စွဲ ထား သည်။ အနွဲ့ က ငွေငါးသောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။

“ကဲကဲ နားလိုက် နောက်တော့ စဉ်းစား လောလော ဆယ် ရှင်ရေချိုး ထမင်းစားရအောင် မိုးတအားချုပ်နေပြီ ..”

အနွဲ့ က ပိုက်ဆံတွေကို သေတ္တာထဲ ထည့်သိမ်းသည်။ သူ လည်းပိုက်ဆံအိတ်ထဲသို့ မှတ်ပုံတင် စတာတွေကို ပြန်ထည့်ပြီး အနွဲ့ ကိုပေးလိုက်သည်။ သူ ရေးချိုးနေတုန်း ပိုက်ဆံနံ့ သင်းသင်းရသည်။ ရေတိုင်ကီထဲ တွင် မှတ် ပုံတင်ထဲမှ လူကြီးမျက်နှာပေါ်လာသည်။ သားငယ်လေးက “ဖေကြီး ထမင်းစားမယ် ” ဟုလာခေါ်သည်။

ထမင်းဝိုင်းသည် သားကြီး သားငယ်တို့ ၏ စကားသံများဖြင့် ဆူနေသည်။ အရင်ဆို ကလေးတွေနှင့်စကား တစ် ခွန်းနှစ်ခွန်းပြောဖြစ်သည်။ သို့ သော် သူ ဒီကနေ့ ကောက်ရလာသော ပိုက်ဆံအိတ် အကြောင်းသာ စဉ်းစား နေ မိသည်။ အနွဲ့ ကလည်း နှုတ်ဆိတ်နေသည်။ သူ ပြန်ပေးမည်ဆိုက ငြင်းမရသော်မှ ပေးချင်သည့်ပုံမပေါ်။ ထမင်း ပင် ဘယ်လို စားပြီးသွားသည်မသိ။ အူမကတောင့်သွားသော်လည်း သီလကတော့ သူ့ ရင်ထဲ မှိန်ရာက ပျောက် လုပြီ။

ထမင်းစားပြီး ခြေလက်ဆန့် ရင်း အိမ်ရှေ့ တွင်လှဲနေသည်။ အနွဲ့ က သူ့ ကိုနှိပ်ပေးသည်။ အနွဲ့ လည်း သူလို ပင် ပန်းသည်ဖြစ်သည်။ ညဘက် သူအိမ်ပြန်ရောက်တိုင်း လေးငါးဆယ်မိနစ်တော့ သူ့ ကို နှိပ်ပေးတတ်သည်။ ဒီက နေ့ တော့ သူ့ အဆုံးအဖြတ်ကလေး ကောင်းသွားစေရန် အကြောဖြေပေးသည် နှင့် တူသည်။ သားကြီးက ပုံတွေ ဆွဲနေသည်။ သားငယ်က အစ်ကိုဆွဲသော ပုံတွေကို တစ်ခုချင်းစီမေးပြီး စပ်စုနေသည်။ သူက တရားသ ဖြင့် ဆုံးဖြတ်ဖို့  စဉ်းစား နေ သည်။ အနွဲ့ က အနှိပ်ကလေးဖြင့် သူ့ ကိုဖျောင်းဖျသည်။

ယူလာပြီးမှတော့ မထူးတော့ပေ။ တကယ်တော့ လမ်းမှာတွေ့ ကတည်းက ကောက်လာပြီးကတည်းက ပြန်ပေး ချင်စိတ်ရှိခဲ့ရင် ထိုနေရာတွင် ပိုင်ရှင်ပြန်လာအရှာကို စောင့်ချင်စောင့်နေခဲ့ မိ မည်။ သို့ သော် ခုတော့ အနွဲ့  သေတ္တာထဲပင်ရောက်နေပြီ။ ပိုက်ဆံတွေကလည်း စိမ်းစိမ်းစိုစိုနှင့်ရှိလှသည်။ မိန်းမ မျက်နှာကလည်း ညိုတိုတို ရှိနေပြီ။ နှမြောရိပ် မက်မောရိပ်တွေ အနွဲ့ မျက်နှာတွင် ဟပ်နေသည်။

သူ ဘေးတစောင်းလှဲနေရာက ပက်လက်လှန်လိုက်သည်။ အနွဲ့ က ဘယ်လိုလဲ ဟူသော မျက်လုံးဖြင့်ကြည့်သည်။ အနွဲ့ သည်လည်း ထိုဗြဟ္မာ့ ဦးခေါင်း ငွေငါးသောင်းကို သေတ္တာထဲမှ ထုတ်လိုက် ကိုင်ကြည့် လိုက် ယောကျာ်း လုပ်သူ သေတ္တာထဲ ထည့်လိုက်၊ ပြန်ထုတ်လိုက် ဖြင့် ဘယ်နားထားရမှန်းမသိ ဖြစ်နေခဲ့သည်။ သူမ ကတော့ ထိုက် လို့ ရသည်ဟုသာ မြင်သည်။ ပြန်ပေးရင်တောင် မှတ်ပုံတင်ကို စာတိုက်မှ ပို့  လိုက်ချင်သည်။ ပိုက်ဆံက တော့ ….။ ကြွေးရှင်မျက်နှာကိုသာ မြင်နေသည်။

“မင်း မပေးချင်လည်း ထားလိုက်တော့ တိုးတိုးသက်သာ လည်းနေဦး …..”

“အောင်မယ် ကျုပ်မပေးချင်ရင် ထားလိုက်ဆိုတော့ ရှင်ကကော … အကုသိုလ်ခွဲယူနေသေးတယ် …. အကု သိုလ် မှန်းတော့သိတယ် ကိုစိုးဌေးရေ ဒါပေမယ့် အဲတာက နောက်မှ ခုလောလော ဆယ် အသက်ရှူ ချောင် သွားဖို့ အ ရေးကြီးတယ် …. ”

“အေးပါကွာ ငရဲကြီးတော့လည်း တူတူ ကြီးကြတာပေါ့ … အဓိကက လူမသိဖို့ ပဲ …..”

“အိုး သိစရာလား ရှင်မပေးဘူး ဆုံးဖြတ်လိုက်ရင် ကျုပ် ပိုက်ဆံတွေချန်ပြီး အကုန်မီးမွှေးပစ်လိုက်မယ် ….”

“မှတ်ပုံတင်တော့ ခဏချန်ထားပါဦး သူ့ ပိုက်ဆံတွေ ယူထားပြီး အဲတာလေးတော့ ပြန်ပို့ ပေးရမှာပေါ့ ….”

“အေးပါ…. ဟဲ့ ပိုက်ဆံအိတ်လေးက လှတော့လှသားနော်….. အန္တရာယ်များပါတယ် ကျုပ်ပဲဖျောက်ဖျက်ပစ် လိုက်မယ် မီးခိုးပဲကျန်အောင် ဟီးဟီး …..”

လင်မယားနှစ်ယောက် အတိုင်အဖောက်ညီသွားသည်။ လောဘကလည်း သီလကို နိုင်သွားပြီ။ သူလည်း ရင် ထဲ နည်းနည်းတော့ပေါ့သွားသည်။ဆယ့်တစ်နာရီထိုးတော့ သားကြီးနဲ့ သားငယ်က ဘုရားရှိခိုးလေသည်။ အနွဲ့ က မနက်ဈေးအတွက် လုပ်စရာ ရှိ သည်များ လက်စသတ်ရင်း အိတ်ယာခင်းဖို့ ပြင်သည်။ အိမ်တံခါးကို ဂျက်ချသည်။ သူကတော့ အိမ်ရှေ့ တွင် အသာကလေး မှိန်းပြီးတွေးချင်တာလေး တွေးနေသည်။ မနက်ဖြန် အလုပ်ကပြန်ရင် ဖြင့် ဘီယာလေး တစ်ခွက် နှစ် ခွက်တော့ မော့လိုက်ဦးမည်ဟုဖြစ်သည်။ ဘီယာအနံ့ ကနှာဖျားတွင်လာရစ်သည်။ ပါးစပ်ထဲပင် ခါးသက် သက်ချိုရှရှလေး ဖြစ်လာသည်။ သူ ဘီယာသောက်ရပေဦးမည်။

“ပါဏာတိပါတာ ……… ဝေရမနိသိက္ခပဒံ ……. သမာဒိယာမိ …..”

သားကြီးက ဘုရားစင်ကို ကြည့်လိုက် ပါဏာတိပါတာ ဟုဆိုလိုက် သားငယ် ကိုကြည့်လိုက်ဖြင့် တိုင်ပေးသည်။ သားငယ်က နောက်က နေလိုက်အော်ဆိုသည်။ နောက်တစ်ကြောင်းအော်တော့ သူ့ မှေးထားသော မျက်လုံးပြူး
သွားသည်။ သားကြီးကို လှဲနေရာက ဖျတ်ကနဲကြည့်သည်။ သားကြီးက ညီကို ဆရာလုပ်ရ၍ ပျော်နေသည်။ သူ အနွဲ့ ကိုကြည့်တော့ အိပ်ယာခင်းရန် စောင်တွေ မထား လျှက်က သူ့ ကိုတလှည့် သားတွေကို တလှည့်ကြည့် သည်။ ကြမ်းပိုးတွေတွေ့ လို့ အားရပါရ ပူပူနွေးနွေးညှစ်သတ်ထားသော အနွဲ့ က ပါဏာတိပါတာ ကတည်းက နောက်ဆုံး ကြမ်းပိုးကို ပြတင်းပေါက်က ထလွှင့်ပစ်မိခဲ့သည်။ အဒိန္နာဒါနာကိုတော့ အနွဲ့ မကြားဟန်ပြုခဲ့သည်။

အဒိန္နာဒါနာ………. ဝေရမဏိသိက္ခပဒံ………. သမာဒိယာမိ …..”

သူ့ စိတ်ထဲမှာတော့ ခိုးတာမဟုတ် ကောက်လာတာဟု လက်တစ်လုံးခြား ဆွဲယူတွေးသည်။သုရာမေရယ ရောက် လျှင် တော့ ချောင်း ဟန့် ချင်ယောင် ဆောင်မိမည်ဖြစ်သည်။ အနွဲ့ ကပြုံးသည်။ သူ လည်း အနွဲ့ ပြုံးတော့ လိုက်ပြုံး သည်။ နောက် တော့ ရယ်ကြသည်။ သားကြီးက သားငယ်ကို နောက်သီလတွေ ဆက်တိုင်ပေးနေသည်။ သူ တို့ လင်မယားက တော့ ရယ်မောလျှက် အိပ်ဖို့ ပြင်ကြလေသည်။ ငွေငါးသောင်း တို့  သည် သူ တို့ သေတ္တာထဲတွင် အသေအချာရှိ နေမည်ဖြစ်သည်။ သူတို့ ရင်ထဲမှာ စောင့်ထိန်းခြင်းသည် မပြည့်စုံခြင်းနှင့် လောဘတို့ ၏ လက် ချက် ဖြင့် အသက် ထွက်သွားရရှာ လေတော့သည် တည်း။

လေးစားခင်မင်လျှက်
ရန်ကုန်သား