Wednesday, July 29, 2009

ဝါဆို ဝါခေါင် ရေတွေကြီးတော့



မိုးရွာရင်သိပ်ပျော်စရာကောင်းတာပဲ။ မိုးမရွာခင် ကတည်း က အပျော်က စနေပြီ။ ဟိုအဝေး မိုးကောင်း ကင်ဆီ မှ တိမ်မည်းညိုတွေက အိကျလာတယ်။ ပတ်ဝန်း ကျင် တစ်ခုလုံးက ရုတ်ချည်း အုံ့ ဆိုင်းသွားတော့ ခံစား တဲ့  စိမ့်အေး အေး အရသာလေးကို ကျွန် တော် သိပ် ကြိုက် တာပဲ။ အဲဒီအချိန်ထဲကကို ပျော် နေ တာ။ ပြတင်း ပေါက် ကနေ မိုးသား ကြီး အိ ကျလာတာကို မော့ကြည့် ရတာ၊ မိုးငွေ့ မိုးသက်ပါတဲ့ လေစိုစို ကို ရှူရှိုက်ရတာ အင်မတန် ကြည်နူးစရာ ကောင်း တယ်။


ငယ်ငယ်တုန်းက ပထဝီထဲမှာ ကျက်ရတဲ့ စာလေးကို အမြဲသတိရ တယ်။ “ မေလလယ် မှစ၍ အနောက်တောင် မုတ်သုန်လေသည် မြန်မာနိုင်ငံ တောင်ပိုင်း ဒေ သ များ သို့ စတင် ဝင်ရောက် တိုက်ခတ်သည်….” ရန်ကုန်မှာမွေး ရန်ကုန်မှာကြီး ခဲ့လေတော့ တောအရပ်ဒေသမှာ မိုးရွာရင်ဘယ်လိုနေမလဲလို့ တွေး ကြည့်ခဲ့မိဘူးတယ်။ သေချာ တာပေါ့ဗျာ တောအရပ်ဒေသ ကအလှတရားတွေတော့ ရန်ကုန်လို မြို့ ကြီးမှာဘယ်ရှိ ပါ့လဲ။ ဒါပေမယ့် ရန်ကုန် လည်း သူ့ ဟာနဲ့ သူတော့ မိုးတွေထဲမှာ လှတာပါပဲ။


အဲလို မိုးတွေကလည်းညို လေတွေကလည်း တဝုန်းဝုန်းတိုက် လာတဲ့အချိန်ဆို ကျွန်တော်အိမ်ထဲမှာ ငြိမ်ငြိမ်ကို မထိုင်နိုင်တော့ဘူး။ သိပ်ပျော်စရာကောင်း တာပဲ။ အိမ် ခေါင်မိုးတွေပေါ်ကို သစ်ကိုင်းတွေပြုတ်ကျတဲ့ အသံတွေ လေသံမိုးသံတွေ ကကျွန်တော့နားထဲ အင်မတန်သာယာတဲ့ ဂီတသံတွေလိုပါပဲ။ လေ တွေ ကလည်း ဒေါသတ ကြီးတိုက်၊ မိုးကြိုးတွေကလည်းပစ်၊ လျှပ်စီးတွေကလည်းလက်၊ ပတ်ဝန်းကျင်တစ်ခုလုံးကလည်း မှုန်ရီရီနဲ့  မှိုင်းလို့ ။


အမေက မိုးမရွာခင် အိမ်တံခါးတွေလိုက်ပိတ်ခိုင်းရင်း ပြတင်းတံခါးတစ်ပေါက်ကို ကျွန်တော်အမြဲချန်ထားတယ်။ မိုး စရွာတာလေး ကြည့်ချင်လို့ လေ။ အဲလို ဒေါသမာန် ဟုန်တွေပြင်းထန်နေတဲ့ ဝန်းကျင်တစ်ခုလုံးဟာ မိုးမရွာ တဒင်ကလေး ငြိမ်ကျသွားတယ်။ ကောင်းကင်မှာလည်း တိမ်မိုးညိုတွေက သူ့ ထက်ငါအ ပြေး အလွှား။ သစ်ပင် စိမ်းစိမ်းတွေကလည်း လေအတိမ်းမှာ ဟိုယိမ်းသည်ယိမ်းနဲ့ ကနေလိုက်ကြတာ လှလိုက်သည့်ဖြစ်ခြင်းဗျာ။


ခဏနေတော့ တော်လဲသလို မိုးပြိုသလိုအသံကြီး ကဝေါ…..ဆိုကြားရတော့တာပဲ။ မိုးရွာပြီ။ မိုးစက်မိုးပေါက် တွေ ဟာအကြားအလပ်မရှိအောင် ကမ္ဘာမြေ ပေါ်ကို အညှာ အတာကင်းကင်းနဲ့ သွန်းချလိုက်သလို ပဲလေ။ မိုးမ မီပူနေတဲ့ ပေတရာလမ်းမ ဟာအပူပြန်၍ အငွေ့ ပင်မထွက်နိုင်အောင် မိုးရေအေးအေး ဖွေး ဖွေးအောက်မှာလဲ လျောင်း လို့ နေ တာပေါ့။ တက်လာတဲ့ မြေရနံ့ သင်းသင်းဟာ အေးမြနေတဲ့ မိုးရေတွေထဲမှာပဲ ရင်ကိုနွေးကနဲ ဖြစ်သွားစေတယ်လေ။ အဲဒီ မြေသင်းရနံ့ လေး ကို ကျွန်တော်ချစ်လိုက်တာ။


“မချိုးရပါဘူး။ မင်းက ဖြစ်ရင်သူများနဲ့ တူတာမဟုတ်ဘူး။ ပြီးတော့မတော်တဆ သစ်ကိုင်းတွေဘာတွေ ကျိုး ကျမှဖြင့်…. ဖလံထည်လေး ဝတ်ထား မိုးအေး တယ်…”


ကျွန်တော် မိုးရေချိုးချင်တယ်လို့ ပြောတိုင်း အမေပြောတဲ့လက်သုံးစကားလေ။ ကျွန်တော့်ငယ်ဘဝမှာ အဲလို မိုး တွေရွာတဲ့ အချိန် မိုးရေထဲဆင်းပြီး ရေချိုးခွင့် ရတာ ဆယ် ခါတောင်ပြည့်ရဲ့ လားမသိပါဘူး။ အရပ်ထဲက တချို့ အ မေတွေကတော့ သားသမီးတွေနဲ့ အတူတူတောင် ရေဆင်းချိုးနေကြသေးတာ။ မိုးရေချိုး ရင် မိတ်ပျောက် တယ် တဲ့။ အမေကို လည်းဘယ်တော့မှကျွန်တော် စည်းရုံးလို့ မရပါဘူး။ သူတို့ တွေကစားနေတာကို အိမ်ရှေ့ ပြတင်း တံခါးကနေပဲ ဝမ်း နည်း ပက်လက်နဲ့ ကြည့်နေရတာ။


ဘောလုံးကန်တဲ့ သူကကန်၊ ရွံ့ နဲ့ ပေါက်တမ်းဆော့တဲ့ သူက ဆော့၊ ပေတရာလမ်းမှာ တောင်သူတို့ လှဲအိပ်နေ ကြသေးတာ။ ဘယ်လောက် ပျော်စရာ ကောင်း လိုက်သ လဲ။ ကျွန်တော်ကတော့ အမေဝတ်ခိုင်းတဲ့ ဖလံထည် လေးဝတ်ပြီး အိမ်ပေါ်ကနေပဲ ကြည့်နေရတာပေါ့။ သူငယ်ချင်းတွေများ လမ်းပေါ်က လှမ်းခေါ်ရင် ကျွန်တော်ဖြင့် ငို တောင်ငိုချင်တယ်။ အမေ့ကိုကြောက်လို့ သာပေါ့။ သူငယ်ချင်းတွေ ခေါ်သံကြားရင်တောင် အမေက ကျွန် တော့်ကို မျက်နှာ ခပ်တင်းတင်း နဲ့ ကြည့်သေးတာ။ ကျွန်တော် မိုးရေချိုးချင်တယ်ပြောလို့ နှစ်ခါသုံးခါလောက် အရိုက်ခံရဘူးတယ်။ သူငယ်ချင်းတွေကပြောသေးတယ် ဒီကောင် မိုးရေမချိုးဖူးဘူးတဲ့ ။


ကျွန်တော်ဖြင့်မခံချင်ဖြစ်လိုက်တာ။ အမေက ကျွန်တော်ဒီလောက်ချစ်တဲ့ မိုးရေတွေကိုဘာလို့ မချိုးစေချင်ရတာ လဲ။ အဲလိုနေ့ မျိုးဆို ကျွန်တော်အမေ့ကို စကားမ ပြော ချင်တော့ဘူး။ နေမကောင်းဖြစ်ချင်လဲဖြစ်ပါစေ အမေရာ မိုးရေတော့ပေးချိုးပါစေလို့ လည်း ကျွန်တော်မပြောရဲဘူး။ သူငယ်ချင်းကောင်မလေး တွေတောင် ရေချိုးနေ ကြ တာ။ ကျွန်တော် မိုးနဲ့ ပတ်သက်ရင် သူများထက်ချစ်တတ်သလောက် သူငယ်ချင်းတွေနဲ့ စကားပြောတဲ့ အခါ အမြဲတမ်းသိမ်ငယ်ရတယ်။


ဆရာကြီး မင်းသုဝဏ်ရဲ့ “သပြေသီးကောက်” ကဗျာလေးရွတ်ရင်း ကျွန်တော်အမြဲ မျက်ရည်ဝဲရတယ်။ ရန်ကုန် မှာ ကောက်စရာသပြေသီးတော့မရှိဘူးပေါ့။ ဒါပေမယ့် ဝါခေါင်လဆို အပွင့်စောတဲ့ သရက်ပင်တွေမှာ သရက် သီးတွေက ကြီးနေပြီ။ မိုးများရွာလို့ လေကြမ်းကြမ်းများတိုက်လိုက်ရင် တဖုတ်ဖုတ်နဲ့ ကြွေ လိုက်တာ လမ်းထဲ က ကလေးတွေ ကောက်လို့ တောင်မနိုင်ဘူး။ သရက်ပင်ပိုင်ရှင်က ဟိုဘက်ကကောက်ရင် ကလေးတွေက ဒီဘက် ကကောက်၊ ဟေးဆို အော်ပြီး နည်းနည်း ခပ်ထွားထွား ကလေးက သရက်သီးကြီးကိုင်ပြီးပြေးတော့တာပဲ။


ကျွန်တော်လည်း သရက်သီးကောက်ချင်လိုက်တာ။ သူတို့ သရက်သီးစားတာပိုတောင်ပျော်စရာ ကောင်းသေး တယ်။ သရက်သီး အညှာပိုင်းကို ပေတစ်ရာ လမ်းနဲ့ ဖိပြီးချေ ပစ်လိုက်တာ။ အဲတော့အစေးတွေထွက်ကုန်တာပေါ့။ ပြီးရင် သရက်သီးကို လက်နဲ့ တအားကိုင်ပြီးရိုက်ပစ်လိုက်တာ။ ဖတ်ကနဲ့ ကွဲသွားတော့ မှ ဝေစားကြတာ။ အဲဒီ အ ချိန် ဆို သရက်တွေက မိုးထိလို့ ဝမ်းတွေတောင် ပျင်းနေပြီ။ ချဉ်လည်းမချဉ်တော့ဘူး။ စိမ်းဖန်ဖန် နဲ့ မွှေးနေ တဲ့  သရက်သီးဝါဝါ တွေ ကသိပ်စားလို့ ကောင်းမှာပဲနော်။ အ မေကတော့ ပြောတယ် မင်းမစားဖူးလို့ လားတဲ့ ။


စားတော့စားဖူးတာပေါ့ဗျာ။ ဒါပေမယ့် မိုးရေထဲမှာစားရတာမှမဟုတ်ဘဲလို့ ။ အမေ့ကိုအဲလိုတော့ပြန်မပြောရဲ ပါဘူး။ သူတို့ စားတာကို ကြည့်ပြီးတောပဲငေးနေ ရတာပေါ့။ စနေမိုးလိုခပ်စွေစွေရွာတဲ့ မိုးဆိုရင် ကျွန်တော်ဖြင့် နေ့ တိုင်းဝမ်းနည်းနေရတော့တာ။ မိုးတိပ်သွားမှပဲ အိမ်အောက်ဆင်းပြီး အကြွင်းအကျန်မိုးငွေ့ လေး ကို ရှူရင်း ကျွန် တော် မိုးကိုလွမ်းရတာပေါ့။


တစ်ရက်တော့ ကျွန်တော် ကံကောင်းတယ်ပြောရမယ်။ အမေက အပြင်သွားတယ်။ အိမ်မှာ ကျွန်တော်တစ် ယောက်တည်း။ ကျွန်တော်ဆုတောင်းနေခဲ့ တာ။ အမေ အိမ်ပြန်မရောက်ခင် မိုးရွာပါစေလို့ လေ။ အမေပြန်လာ မှရိုက်ချင်လဲရိုက် ဆူချင်လည်းဆူပါစေတော့။ အမေကတော့ သေချာမှာခဲ့ တယ်။ ကျွန်တော့် အကြောင်းသိလို့  လေ။ မိုးရွာရင် အိမ်ပေါ်မှာပဲနေရမယ်ဆိုပြီး။ ကျွန်တော့်ဆုတောင်း ပြည့်တာလား မိုးမင်းကြီးကပဲ ကျွန်တော့်ကို မျက်နှာသာ ပေးတာလာမ ပြောတတ်။ အမေသွားပြီး မကြာ ဘူး မိုးတွေများ ချက်ချင်းကို မည်းမှောင်လာပြီး အုံးဒိုင်း ကြဲအောင်ရွာတော့တာပါပဲ။


ဘာပြောကောင်းမလဲ ဒါမျိုးစောင့်နေတဲ့ ကျွန်တော်ကလည်း မိုးသံကြားတာနဲ့ အကျီ င်္ကလေးချွတ်ပြီးစောင့်နေ တာ။ မိုးလည်း အတော်ကျရော အိမ်ပေါ်ကနေ ဒရောသော ပါး ပြေးဆင်းဖြစ်တော့တာပဲ။ မိုးစက်တွေက ကျွန် တော့ ခန္ဓာကိုယ်ပိန်ပိန်သေးသေး လေးပေါ်ကို ညံ့ညံ့ သဲ့သဲ့ကျလာလိုက်တာ။ မျက်နှာပေါ်ကို မိုးစက်ကျလို့ ခံ စားရတဲ့ အရသာလောက် ကောင်းတာဘာရှိသေးလဲ။ သူငယ်ချင်းတွေကလည်း ကျွန်တော့်ကိုတွေ့ တော့ ဝမ်း တွေသာလို့ ။ ပျော်လည်းပျော်ကြလို့ ။ ကျွန်တော်မောရကောင်းမှန်း တောင်မသိဘဲ ပြေးလိုက်လွှားလိုက်နဲ့ ပျော်စ ရာကောင်းလိုက်ပါဘိဗျာ။


အိမ်ရေတံလျှောက် ကနေကျနေတဲ့ ရေလုံးအောက်မှာ ရပ်ပြီးရေချိုးရတာ သိပ်အရသာရှိတာပဲ။ အမေပြန်လာ လို့ များကျွန်တော့်ကိုတွေ့ ရင်ချက်ချင်းပြန်ခေါ် မှာ စိုးလို့  အိမ်နဲ့ နည်းနည်းလှမ်းတဲ့ နေရာကို ကျွန်တော့်ထက် အသက်သုံးနှစ်လောက်ကြီးတဲ့ သူငယ်ချင်းခေါ်ရာနောက်သို့ လိုက်သွားတော့တယ်။ သူ့ က ကျွန်တော့်ကို သရက် သီးတွေ အများကြီးကြွေကျနေတဲ့ နေရာကို ခေါ်သွားတာလေ။ အိုဗျာ...ရင်ကွဲသရက်သီးတွေများ ကြီး ကလည်းကြီး ဝမ်းပျင်းသီးတွေ ဖြစ် တော့ ဝါဝါထိန်ထိန်နဲ့ ချိုလိုက် တာဗျာ။ တွေးမိတိုင်း ကျွန်တော်ဖြင့် သွားရေ တောင်ကျတယ်။


ကျွန်တော်တို့ သရက်သီးကိုက်ရင်း လမ်းထိပ်ဖက်ရောက်လာတယ်။ ကျွန်တော်တို့ လမ်းထိပ်မှာ အိမ်လှလှကြီး ကြီး....ကြီးတစ်လုံးရှိတယ်။ သူတို့ အိမ်က ရေတံလျှောက် ကြီးကလည်း ဟိုးအမြင့်ကြီးကနေ တဝေါဝေါနဲ့ ကိုကျ နေတာ ရေတံခွန်ကြီးလားအောက်မေ့ရတယ်။ ကျွန်တော့်သူငယ်ချင်းတွေက ကျွန် တော်ကို အရင်ချိုးခိုင်းတယ်။ ခေါင်းပေါ်ကို တဗြန်းဗြန်းကျနေတဲ့ ရေလုံးကြီးများ ကျွန်တော်များ ဇက်ကလေးကိုပုလို့ ။ ကျောပေါ်ကျပြန်တော့ လည်း မိတ်ဖု တွေဝေနေတဲ့ ကျွန်တော့ကျော ပြင်မှာ အေး စိမ့် စိမ့်နဲ့ အယားကို ပြေလို့ ။


“ဝါဆို ဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့်ကောက်စို့ကွယ်
ခရာဆူးခြုံ ဟိုအထဲက
မျှော့နက်မည်းကြီး တွယ်တတ်တယ်
မျှော့နက်ဆိုတာ ချိုနဲ့လားကွယ့်
မြွေနဂါးတောင် ကြောက်ဘူးကွယ်
တို့လည်းကြောက်ပေါင် အတူသွားစို့
အုန်းလက်နွားလေး ထားခဲ့မယ်
သွားမယ် သွားမယ်။”


ကောက်စရာ သပြေသီးတော့ ကျွန်တော်တို့ နေတဲ့ ရန်ကုန်မြို့ ဒီနေရာမှာ မရှိပါဘူး။ ဒါပေမယ့် သရက်သီးတွေ တော့ရှိတာပေါ့။ ခရာဆူးခြုံလည်းမရှိပါဘူး။ ဒါပေမယ့် ဆရာကြီးမင်းသုဝဏ်ရဲ့ ဒီကလေး ကဗျာလေးကိုတော့ ကျွန်တော်တိုသံပြုင်ရွတ်ကြတာပါပဲ။ ရေတွေကတော့ မိုးသိပ်ကြီးတဲ့ အခါ ရန်ကုန် ပေတစ် ရာလမ်းပေါ်မှာ ချောင်း ကြီးကိုဖြစ်လို့ ။ ကျွန်တော်တို့ လမ်းထိပ်က ရေမြောင်းကြီးက အနက်ကြီးပဲ။ အဲဒီရေမြောင်းကြီး ထဲတော့  ကျွန် တော်ကော ကျွန်တော့် သူငယ်ချင်းတွေကော တစ်ယောက် မှ မဆင်းရဲပါဘူး။ မျှော့နက်မည်းကြီးလည်း မ ကြောက်ဘူး၊ မြွေနဂါးလည်းမကြောက်ပါဘူး။ ဒါပေမယ့် ကိုယ်အန္တရာယ် တော့ကိုသိတာပေါ့။


ကျွန်တော့သူငယ်ချင်းတချိုကတော့ လမ်းပေါ်ကိုတက်လာတဲ့ ရေတွေထဲ ဝမ်းယားထိုးပြီးကူးနေကြတယ်။ အဲဒီ အိမ်အကြီး ရှေ့ မြောင်းက သိပ်မနက်ဘူးဗျ။ ရေတွေက လည်း မိုးတွေသိပ်ရွာရင် မိုးမရွာခင်တုန်းကလို မည်း နောက်နောက်ကြီးတွေ မဟုတ်ဘူး။ ကြည်လင်နေတာပဲ။ ကလေးတွေကလည်း မြောင်းထဲ ဝင်ပြီးထိုင်သူ ကထိုင် မတ်တပ်ရပ်တဲ့ သူကရပ်၊ မြေင်းကမ်းပါးထိုင်ပြီး ရေထဲခြေခတ်နေတဲ့ သူ ခတ်ရင်း ပျော်နေလိုက်ကြတာ။


ပထမတော့ ကျွန်တော်က တစ်ခါမှ မိုးရေထဲဆင်းပြီး ရေမချိုးဘူးတော့ နည်းနည်းတော့ တွန့် နေတာပေါ့။ မြောင်း ထဲဆင်းလို့ ဟို သိန်းအောင်ဆိုတဲ ကောင် လိုခြေထောက်မှာ ဝဲတွေ ပေါက်ဘယ်လိုလုပ်မလဲ။ နောက်တော့ ကျွန်တော်လည်းမနေနိုင်ပါဘူး သူတို့ လိုပဲ အဲဒီရေမြောင်းထဲ ဝုန်းကနဲ့  ခုန်ချလိုက် တာပဲ။ ဟော… ရေတံ လျှောက်က ကျတဲ့ မိုးရေစိမ့်စိမ့်အေးအေး အောက်မှာ ရေတံခွန်အောက် ရောက်နေသလိုပါပဲ။ ပျော်စ ရာ ကောင်းလိုက်တာ။


အဲလို အပျော်မျိုးအတွက် အမေ့အရိုက်ခံရမယ် ဆိုရင်လည်း နေ့ တိုင်းတောင် ကျွန်တော်အရိုက်ခံနိုင်ပါတယ်။ မြောင်းထဲမှာရေချိုးလို့ မောလာရင် ပေတစ်ရာ လမ်းပေါ်ငုတ် တုတ်ထိုင် ရင်း ကဗျာလေးတွေဆို။ သရက်သီးအ ကြွင်းအကျန်လေး တွေကိုက်။ အေးရကောင်းမှန်းပင်မသိ။ မိုးကြိုးများပစ်လိုက်ရင်ခေါင်း လေး တွေ ပု နားလေး တွေအုပ် ပြီး ဟေး ကနဲအော်ကြနဲ့ ။ ကျွန်တော် အမေ့ကိုပင်ပေးသွားတယ်ထင်သည်။ အမေ့ လက်စွဲတော် ဝါး ခြမ်းပြား ကိုလည်းမေ့။


မိုးကမမောသေးပေမယ့် ကျွန်တော်တို့ ကမောပြီ။ ရေမြောင်းထဲကတက်ပြီး ရွ့ံပေါက်တမ်းကစားထားတော့ တစ် ကိုယ်လုံးလဲ ရွံ့ တွေကပေ။ စားထားတာ လေးတွေကုန် တော့ ကျွန်တော့ခန္ဓာကိုယ်သေးသေးလေး နည်းနည်း တော့တုန်လာပြီ။ မေးလေးကလည်းရိုက်လာပြီ။ တချို့ ကလေးတွေ အိမ်ပေါ်တောင်ပြန် တက်သွားကြပြီ။ မိုးက တော့ သည်းတုန်း။ ကျွန်တော့ကို ရံပြီး သူငယ်ချင်းတစ်သိုက်စိုက်စိုက် စိုက်စိုက်နဲ့ ပြန်လာကြသည်။ တော်သေး တာပေါ့ အမေပြန်မ ရောက်သေးဘူး။ အိမ်တံခါးတောင် ကျွန်တော်ပိတ်ခဲ့ ဖို့ မေ့နေတာကိုး။


************************* **********************************


ကျွန်တော် မျက်လုံးဖွင့်ကြည့်တော့ အဖေ့ မျက်နှာကိုတွေ့ ရသည်။ ကျွန်တော့ ခန္ဓာကိုယ်က ရွေ့ လျားနေ ပါ လား။ အဖေ ကကျွန်တော့ကို ပွေ့ ပြီးလမ်း လျှောက် နေတာကိုး။ အိမ်ပေါ်ကဆင်းလာတော့ လေးဘီးကား အပြာလေးကိုတွေ့ ရတယ်။ အမေက အဖေ့ ဘေးမှာ ထီးမိုးပေးရင်းလိုက်လာတယ်။ ကျွန် တော့ မျက်လုံးတွေ ပူလိုက်တာ။


လေးဘီးကား ရှေ့ ခေါင်းခန်းကို အဖေ အသာလျှိုပြီးဝင်လိုက်တော့ ကျွန်တော့ မျက်နှာပေါ်ကို မိုးစက်တွေ ဖွား ဖွား ဖွားဖွားကျလာပါတယ်။ ကျွန်တော့ရဲ့ ခြစ်ခြစ် တောက် ပူနေတဲ့ မျက်နှာလေး အေးမြလို့ သွားပါတယ်။ ကျွန် တော် ကျေနပ်သွားမိတယ်။ မျက်စိကို အသာလေး ပြန်မှိတ်ထားလိုက်မိတယ်။ ကျွန်တော့ မျက်လုံးထဲမှာ မိုးတွေ က သည်းသည်းမည်းမည်း နဲ့ ရွာနေတော့တာပဲ။ မိုးတွေကို ချစ်လိုက်တာဗျာ……………..

************

ကျွန်တော့်ရဲ့  “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူး တင်ပါတယ်..... ကျွန်တာ့်ရဲ့ မတတ် တတတ် နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင်တော့ အတိုင်းထက် လွန်ပါပဲဗျာ ....ပြောမပြနိုင်အောင်ပဲ ကျေးဇူးတင်ပါတယ်........
(ရန်ကုန်သား)



3 comments:

ဧရာဝတီသား said...

ဆရာကြီး မင်းသုဝဏ် ရဲ့ သပြေသီးကောက် ကဗျာလေး ကူးသွားပါတယ် အစ်ကိုရေ။ ကျေးဇူးပါခင်ဗျာ။

Anonymous said...

ကောင်းလိုက်တာ..
ငယ်ဘဝကိုတောင် သတိရသွားတယ်..
အဲလိုပဲ...အများမိုးရေထဲ မှာ ဆော့နေတာကို ငေးကြည့်နေခဲ့ရတဲ့သူထဲမှာ ကျနော်လဲပါခဲ့ပါတယ်..။

မိုးကိုချစ်ပေမဲ့ မိုးရေထဲမှာ ထွက်ကစားခွင့်မရခဲ့ဘူး။ လူကြီးတွေ လစ်ရင် ထီးမဆောင်းပဲ မိုးရေထဲ ဒီအတိုင်း လျှောက်ခွင့်...
ဗွက်တွေထဲ တဗွမ်းဗွမ်းနဲ့ ဆော့ခွင့်..ဆုံးရှုံးခဲ့တာ ..ကျနော်လဲပါပါတယ်..။ လွမ်းလိုက်တာဗျာ.. ဖြစ်နိုင်ရင် မိုးရေတွေထဲ ရေချိုးချင်လိုက်တာ...

အခုတော့ တယောက်တည်း .. မိုးရေထဲမှာ လမ်းလျှောက်ခွင့်ကို ရပီဖြစ်ပေမဲ့..ငယ်ဘဝနဲ့တော့ ခံစားချက်မတူဘူးး..

မြတ်နိုး

Anonymous said...

စာဖတ်ရင်းပျော်လာတယ်...။ အသေးစိတ်ရေးထားတာပဲ....။


sdl