Monday, January 4, 2010

ချွတ်ယွင်းမှု၌ တွေးခေါ်ခြင်း

ခုတလောမှာ အတွေးတစ်ခု ကို ချဲ့ ထွင်ပြီးတွေးမိနေပါတယ်။ ကျွန်တော်ဘာတွေးမိနေသလဲဆိုတာလေး တင်ပြ ချင်စိတ်ကလေး ဖြစ်လာတာနဲ့  ဒီဆောင်းပါးကို ရေးဖြစ်ပါတယ်။ ကျွန်တော်တို့ တွေ မိဝေးဘဝေး နိုင်ငံဝေး နဲ့  ပညာသင် တဲ့ သူကသင်၊ ငွေရှာတဲ့သူကရှာနဲ့  နိုင်ငံရပ်ခြားမှာ အေးအေးပူပူ ကောင်းကောင်းဆိုးဆိုး နေထိုင် နေ ကြ ရပါတယ်။ ကျွန်တော့်အတွေးက ဒီကနေစပါတယ်။ ကုသိုလ် ပညာ ဥစ္စာ တွေ ရဖို့  သင့်တော်တဲ့ အရပ်ဒေသ မှာ အခိုက် အတန် ဖြစ်စေ အမြဲဖြစ် စေ မိဝေးဖဝေး ဆွေဝေးမျိုးဝေးနဲ့ တပါးသောတိုင်းပြည်မှာ ကျွန်တော်တို့  ဘယ်လို နေထိုင်နေကြပါသလဲ။ လွမ်းရတာတွေလည်း ရှိတာပေါ့၊ ဆွေးရတာ တွေက လည်း ဒုနဲ့ ဒေး၊ အားမတန် လို့ မာန်လျော့ မချိပြုံးပြုံးခဲ့ရတာတွေကလည်း အကြိမ်ကြမ်၊ ဒုက္ခတွေတွေ့ ရလို့ ဆင်းရဲ တွေ နဲ့ ကြုံရလို့  ဝမ်းနည်း အားငယ်ခဲ့ရတာလည်း အခါခါ၊ စသဖြင့်၊ ခြုံပြောရရင် အဆင်မပြေမှုတွေကြားမှာပဲ ပျော် အောင်နေနေ ကြရပါ တယ်။

ဒီအခါမှာ ကျွန်တော်တွေးမိလာလေးက adaptation ဆိုတဲ့စကားလုံးလေးပါ။ အဘိဓါန်မှာတော့ သင့်လျော် အောင် စီစဉ်ခြင်း။ ဆလျော်အောင် ပြုပြင်ခြင်း။ (ဇီဝဗေဒအနက်) သပ္ပါယ ဖြစ်ခြင်း။ သပ္ပါယပြုခြင်း။ (ဥပဒေစကား ရပ်များ) အစားထိုး ပြောင်းလဲခြင်း။ .... စသည် စသည်ဖြင့် အဓိပ္ပါယ်ဖွင့်ပါတယ်။ မြန်မာလို တိုတိုလိုရင်း ပြောရ ရင် တော့ မျှတအောင်သင့်လျော်အောင် အဆင်ပြေအောင်နေတယ်ပေါ့။ နောက်တစ်ခုက compensation ဆိုတဲ့ စကားပါ။ ဒီစကားလုံးမှာ အဓိပ္ပါယ်အမျိုးမျိုးရှိပါတယ်။ ကျွန်တော်ပြောချင်တဲ့ အဓိပ္ပါယ်ကတော့ “something that makes you feel better when you have suffered something bad" လို့  ကမ်းဘရစ်ခ်ျ အင်္ဂလိပ်-အင်္ဂလိပ် အဘိဓာန်က အနက် ဖွင့်ပါတယ်။ တစ်ခုခု စိတ်ထဲ မကောင်းဖြစ်နေရင် ကောင်းသွားအောင် ခံစားနေရတာတွေ ကို နေသာသွားအောင်လုပ်ခြင်းပေါ့။ ဒီတော့က ကျွန်တော်တို့ တွေ ရဲ့  နွမ်းနေ လွမ်းနေတဲ့ စိတ်ကလေးတွေ ကြမ်းနေ ပန်းနေတဲ့ နေ့ ရက်ချိန်ခါတွေမှာ နည်းမျိုး လမ်းစုံနဲ့  ဒီအရာတွေ ကိုဖြေ ဖျောက်ခဲ့ကြရတယ်။ ပျောက် တာ တွေ လည်း ရှိပါတယ်၊ မပျောက်သော်လည်း မတတ်နိုင်တဲ့အဆုံး မှိတ်ပြီး နေ လိုက်ရတဲ့အခါတွေလည်း ရှိမှာ ပါ။ ကျွန်တော်စကားချီးတွေ များနေတာနဲ့ တင် လိုရာမရောက်ဖြစ်တော့မယ်။ ကျွန် တော့်အတွေးက ဒီပြဿနာ မဟုတ်ပါ။ စာရှုသူ မြင်သာ သိသာမယ့် ထင်ရှားတဲ့ ဥပမာကလေး ထုတ် နှုတ် တင်ပြလိုက်ခြင်းသာဖြစ်ပါတယ်။

လူတွေမှာ ပြုပြင်လို့ ရတဲ့အားနည်းချက်တွေ ရှိပါတယ်။ ဆိုပါတော့ စကား ကို နားမခံသာအောင် ကျယ်ကျယ် လောင်လောင် ပြောတတ်တဲ့သူတစ်ယောက်ဟာ ပုံမှန်လေသံနဲ့ ပြောတတ်ဖို့ ကျင့်ယူလို့ ရပါတယ်။ အပြေးနှေး တဲ့သူ ဟာ လည်း မြန်လာအောင်လေ့ကျင့်ယူလို့ ရပါတယ်။ အဆုံးစွန်ဆုံးပြောရရင် မိုက်နေတဲ့သူကိုတောင် လိမ္မာရေးခြားရှိလာအောင် သွန်သင်လို့ ရပါတယ်။ ဒါလိုဆို ပြင်လို့ မရတဲ့အားနည်းချက်တွေကဘာတွေလဲ။ ကျွန် တော်လှည့်ပတ်တွေး ကြည့်ပါတယ်။ ခေါင်းထဲမှာလည်း ကျွန်တော့အမြင်ကို ဆန့်  ကျင်တဲ့ အတွေးတွေက ချေပ လာ ပြန်တယ်။ လူတစ်ယောက်ဟာ အင်မတန် အရုပ်ဆိုးတယ် ဆိုကြပါစို့ ။ ဟိုး အရင့် အရင်အချိန်ကာလတွေ က တော့ ဒါဟာ ပြင်လို့ မရတဲ့ ချွတ်ယွင်း ချက် ဖြစ်ခဲ့မှာပါ။ ဟောခု တကယ်သာ ဆန္ဒ ရှိခဲ့ရင် ချောသွားအောင် လှသွားအောင် ပြင်လို့ ရနေပြီ။ ကိုးရီးယား နိုင်ငံက မင်းသား မင်းသမီးတွေက သက်သေပါပဲ။ ဒီလို ဆင်ခြေတက် တဲ့ အတွေးမျိုးပါ။

ကဲဒါဆိုရင် ကျွန်တော်ဘာတွေးပါသလဲ။ လူဟာ ကိုယ့်မှာ ဘာချွတ်ယွင်းနေသလဲဆိုတာကို တော်တော်များများ က သိထား ကြပါတယ်။ (မသိသေးရင်လည်း သိထားဖို့ သင့်လှတယ်လို့ ဆိုချင်ပါတယ်။) သိထားကြလို့ လဲ ဦးဖြူ ၊ ဒေါ်မဲ၊ ဦးပြာ ၊ဒေါ်နီ စသဖြင့် ကွဲလွဲကုန်ကြတာပါ။ ရုပ်ပိုင်းဆိုင်ရာထက် စိတ်နေသဘောထားကို ဆိုချင်ခြင်း ဖြစ် ပါတယ်။ ဒီလူကတော့ စိတ်ကောင်းရှိတယ် သူကတော့ စိတ်ယုတ်တယ် မကောင်းဘူး စသည်ဖြင့်ပေါ့။ ဒီလို စိတ် ကောင်းရှိတယ်ဆိုတဲ့ မကောင်းဘူးတော်တော်ဆိုးတယ်ဆိုတဲ့ နာမဝိသေသန တွေ ဘယ်လို ဖြစ်လာရသလဲ။ ဒီ နေရာမှာ ဆက်တွေးကြည့်မယ်ဆိုရင် ဘာတွေက အဲဒီလူတွေကို စိတ်ကောင်းရှိစေ တာလဲ မကောင်းတဲ့ စိတ် ဖြစ် စေတာလဲ ဆိုတာ တွေးစရာဖြစ်လာပါတယ်။ သူတို့ မှာ ချွတ်ယွင်းချက်တွေ ရှိနေလို့ ဒီလိုအမျိုးမျိုး အစား စား ကွဲပြားသွားတာဖြစ်တယ်လို့ ထင်မိပါတယ်။ ဒါနဲ့ ဘယ်လိုချွတ်ယွင်းချက်တွေ ကြောင့်ဒီလို ကွဲသွားကြသလဲ။ ဒီနေ ရာမှာ တော်တော် ကလေး ဝိရောဓိ ဖြစ်စရာဖြစ်လာပါတယ်။

ဒီတော့ ဥပမာလေး တွေ ရှာကြည့်မိတယ်။ ဆိုကြပါစို့  မောင်ဖြူဟာ အင်မတန် အရုပ်ဆိုးပါတယ် ဒါပေမယ့် အင်မ တန် စိတ်ထားကောင်းတယ်။ နောက် မောင်ညိုကလည်း အင်မတန် အရုပ်ဆိုးတာပဲ။ ဒါပေမယ့်သူကျပြန်တော့ စိတ်ထား မကောင်းဘူး၊ ကောက်ကျစ်ချင်တယ် ညစ်ပတ်ချင်တယ်။ ဒါဆို အရုပ်ဆိုးသူချင်းတူတူ ဘာလို့ မတူရ သလဲ။ ခပ်ကပ်ကပ်ဖြေရင်တော့ဆက်တွေးဖို့ မလိုဘူးပေါ့။ “ဟ လူချင်းမှ မတူတာ အသက်ရှူကွဲ တာပေါ့ကွာ” လို့ ပြောတာနဲ့ ပြတ်ချင် ပြတ်ပါလိမ့်မယ်။ ကျွန်တော် စဉ်းစားကြည့်တယ်။ မောင်ဖြူက အရုပ်ဆိုးပေမယ့် “ငါ အရုပ် ဆိုးတာ ငါ့ကံ ငါ့ အကြောင်းပဲ စိတ်ကောင်းဖို့ က အရေးကြီးတယ် ”လို့ တွေးချင်တွေးမပေါ့။ မောင်ညိုကျပြန်တော့ “ငါ အရုပ်ဆိုးတယ် ကွာ အရုပ်ချောတဲ့လူတွေ တွေ့ ရင် တွယ်လိုက်ဦးမယ်ကွာ၊ နှိပ်ကွပ်လိုက်ဦးမယ်ကွာ၊ ဆိုတဲ့ စိတ်ရှိလို့  လူတွေကသူ့ ကို စိတ်မကောင်းဘူး ညစ်ပတ်တယ် လို့ ပြောကြတာကော မဖြစ်နိုင်ဘူးလား။ ဒီတော့ မောင်ဖြူက သူ့ ကိုယ်သူ adaptation လုပ်နိုင်တဲ့ သူဖြစ်တယ်။ “ငါကောင်းရင်တော့ ငါ့အရုပ်ဆိုးတာ ကွယ် လောက် တယ်။ မှေးမှိန်သွားလောက်တယ်။ ငါ ကောင်းအောင်၊ အသုံးဝင်တဲ့သူတစ်ယောက် အဆင်းမရှိပေမယ့် အချင်းရှိတဲ့သူတစ်ယောက် ဖြစ်အောင်၊နေမှပဲ ”ဆိုပြီးတွေးလို့ ပေါ့။ ဒီတော့သူက ကြိုးစား လာရတယ်။ အသိ ပညာ နဲ့ ပြည့်စုံအောင် လူ့ လောကမှာ သူဟာ အသုံးဝင်တဲ့ သူ ဖြစ်အောင် ကြိုးစားတယ် အားထုတ်တယ်။ ဒီ တော့ သူဟာ မှန်ကန်တဲ့ compensation တစ်နည်းအားဖြင့် adaptation လုပ်တာပဲ။ သူဟာ ထင်ပေါ်ကျော် ကြားလာမယ် အောင်မြင်မှုတွေရလာမယ်။ သူ့ ထက် အရုပ်ချောသူတွေကလည်း သူ့ ကိုရိုသေလာမယ်။ အဲဒီလူ တွေ ထက်လည်း ပညာတတ်လာမယ်။ မိမိရဲ့ ချွတ်ယွင်းမှု တစ်ခု အတွက် စိတ်ပျက်အားငယ် နေလို့ အကျိုးမရှိနိုင် ဘူးလို့  ဒီနေရာမှာ လေးထားပြီးဆိုလိုချင်တာပါ။ မောင်ညို့ အကြောင်းကိုချဲ့ ကားပြောစရာမလိုတော့ဟု ထင်ပါ တယ်။

ဒီတော့ အထက်မှာ ဥပမာနဲ့ စပ်လျင်းပြီး တင်ပြထားတဲ့ adaptation နဲ့ compensation ဆိုတဲ့စကားမှာ ကျွန် တော်က compensation ကိုသုံးရင်နေရာပိုကျလိမ့်မယ်လို့ ထင်ပါတယ်။ (အဓိပ္ပါယ်ချင်းတော့ ခပ်ဆင်ဆင် တူပါတယ်) ဆိုတော့က လူတစ်ယောက် ကောင်း တယ် ဆိုး တယ်ဆိုတာ သူ ဘယ်လို ခံစားတယ် (ဘယ်လို compensate လုပ်တယ်) ဆိုတဲ့ အပေါ်မှာ မူတည်ပါ တယ်။ ဒီတော့ compensation ဟာ သူ့ ရဲ့ အတွေး အမြင်ဖြစ်လာပါတယ်။ တစ်နည်းအားဖြင့်သူ့ အတွေး အမြင်မှန်လာရင် compensation လုပ်နိုင်လာမယ်။ မိမိစိတ်ကို ထိန်းညှိခြင်းဟာ လူတစ်ယောက် အတွက် အင်မတန် အရေးကြီးပါလားဆိုတာကျွန်တော် လင်းလင်းကြီးတွေ့ မိတယ်။ အင်မတန် ခက်ပါလားလို့ လည်း မြင်မိတယ်။

ဒီတော့ ပြုပြင်လို့ မရတဲ့ ချွတ်ယွင်းချက် တွေရှိနေတဲ့ လူသားတစ်ယောက် အနေနဲ့  မှန်ကန်တဲ့ အတွေးရှိဖို့  မှန် ကန်တဲ့ compensation ရှိဖို့ အင်မတန်အရေးကြီးပါတယ်။ (၃၈) ဖြာမင်္ဂလာတရားတော်မှာလည်း အတ္တသမာ ပဏိဒိစ- မိမိ ကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း ဆိုတာရှိပါတယ်။ ဒီတော့ မှန်ကန်တဲ့ compensation ဟာ လည်း ဒီမင်္ဂလာ တရားတော်ရဲ့ အစိတ်အပိုင်းဖြစ်ကောင်းတယ်လို့  ယူဆမိပါတယ်။ ဒါ့ကြောင့် ဘယ်နယ်ပယ် မှာ ပဲဖြစ်ဖြစ် ကမ္ဘာကျော်နိုင်ငံကျော်ပုဂ္ဂိုလ်တွေဟာ ငယ်ဘဝက ဆင်းရဲ မွဲတေသူတွေ ချွတ်ယွင်းချက်အမျိုးမျိုး ရှိခဲ့ သူတွေ ဖြစ်ခဲ့ကြတယ် ဆိုတာ သူတို့ ရဲ့ အတ္ထုပ္ပတ္တိတွေမှာ အထင်အရှားတွေ့ နိုင်ပါတယ်။ သူတို့ ဟာ မှန်ကန်တဲ့ compensation ရှိခဲ့ကြလို့ ပဲလို့ ဆိုနိုင်မယ်ထင်ပါတယ်။ သူတို့ ရဲ့ ကံတရား အပါအဝင် ရုပ်ပိုင်းဆိုင်ရာ အားနည်းမှု ကြောင့် ရရှိလာတဲ့ ပြင်းရှတဲ့ ခံစားမှုတွေ ကို အားအဖြစ်ပြောင်းလဲ တတ်ဖို့  သိပ် အရေးကြီးတာကို တွေ့ ရမှာဖြစ် ပါတယ်။

တစ်ခါတစ်ရံမှာ အဲဒီလို အားငယ်မှုတွေ နာကျင်မှုတွေ ကြောင့်လူတွေဟာ ဘာသာရေးအဆုံးအမတွေ၊ လူကြီး သူမ တွေရဲ့  အဆုံး အမတွေ၊ သဘာဝရဲ့ သဘော တရားတွေ နဲ့ လွတ်ပြီး တွေးခေါ်မိတဲ့အခါ တရားလက်လွတ် တွေ ဖြစ်ကုန်တတ်ပါတယ်။ အပြစ်ရှာမရတော့ တဲ့အခါ ကံဆိုးလိုက် လေခြင်းဆိုပြီး ကိုယ့်ကံကြမ္မာကို အပြစ်ရှာ ကြ တယ်။ နောက် ဒီအပေါ်မှာ အားငယ်စိတ်တွေ တစ်လှေကြီးဝင်လာကြ၊ စိတ်ဖိစီးမှုခံစားလာရ ဖြစ်လာကြ တယ်။ ကြောက်ရွံ့  တုန်လှုပ်လာကြတယ်။ ဒေါသတွေ ဖြစ်လာကြတယ်။ အဲဒီနေရာ မှာ စတင်မှားကြ တော့တာ ပါပဲ။ ပေါက်ကွဲလာကြတယ်။ မိမိကိုယ်ကို အပြင် ပတ်ဝန်း ကျင်ကိုလည်း နှိပ်စက်လာကြတယ်။ ပတ်ဝန်းကျင်ကို ပြန်လည် တိုက်ခိုက်လာကြတယ်။ သူ ဟာ အသုံးဝင်တဲ့သူ အရေးပါတဲ့သူ အရည် အချင်းရှိတယ် သူဖြစ်တယ် ဆို တာ မှားယွင်းတဲ့နည်းလမ်းတွေနဲ့ ပြသလာကြတယ်။ ဒီအရာ တွေ အားလုံးဟာ မှားယွင်းတဲ့ compensation လို့ ဆိုချင်ပါတယ်။

စိတ်ကို ထားတတ်ဖို့  အင်မတန်အရေးကြီး ပါ တယ်။ စိတ်ထားတတ်တဲ့သူဟာ ဘယ်လောက် ဆိုးရွားတဲ့ အခြေ အနေမှာပဲဖြစ်ဖြစ် compensate လုပ်နိုင်ပါ တယ်။ ဒီလို လုပ်နိုင်ရင် နည်းလမ်းဆိုတာ ပေါ်လာတာပါပဲ။ မိမိရဲ့  ဆန္ဒ လက်တွေ့ ဘဝမှာ ဖြစ်ထွန်းပေါ်ပေါက် လာ ဖို့ “နည်းလမ်းကောင်း” ရွေးချယ်တတ်ဖို့ လိုပါတယ်။ ဆိုးရွားနေ တဲ့ ဖြစ်တည်မှု သို့ မဟုတ် အခြေအနေတစ်ခုခုက ရလာတဲ့ ခံစားမှုကို အားအဖြစ်ဖန်တီးနိုင်ဖို့ လိုပါတယ်။ စိတ်ဆို တာ မထားတတ်ရင် compensation မလုပ်နိုင်ရင် မျှတစွာ မတွေးတတ်ရင် မချမ်းသာပါ ဘူး။ ထို့ အတူပဲ မိမိ ကိုယ်တိုင် (စိတ်) ချမ်းသာမှု မရှိတဲ့သူဟာ တပါးသူအပေါ် ကောင်းကျိုးချမ်းသာ ပြုနိုင်ဖို့ မဖြစ်နိုင်ပါ။ ကု သိုလ် ပညာ ဥစ္စာတွေ ရဖို့  မပျော်ပေမယ့် တော်ရာ အရပ်မှာနေ ကြရလို့  ပျော်အောင် တစ်နည်း အားဖြင့် မပျော် သော် မှ နေသာအောင် compensate လုပ် ပြီးနေကြရသလို မိမိကိုယ်မှာ ရှိနေတဲ့ မပြည့်စုံမှု ချွတ်ယွင်းမှုတွေကြောင့် နင့်နင့်သည်းသည်း နာနာကျင်ကျင် ခံစားရတဲ့အခါမှာလည်း compensate လုပ်နိုင်ဖို့ အရေးကြီးပါတယ်။ စိတ် ရှည် သည်းခံဖို့ အရေးကြီးပါတယ် စိတ်ထားတတ်ဖို့ အရေးကြီးပါတယ်။ ကိုယ့်လို လူတွေ ဘယ်လို နေနေကြရသ လဲ ဆိုတာမျိုး လေ့လာတတ်ဖို့ လိုပါတယ်။

ဘာဖြစ်လို့ ကျွန်တော် အထပ်ထပ် တွေးမိနေလဲဆိုတော့ တချို့ ကိစ္စ တွေဟာ ဘယ်သူမှ မသိနိုင်ပေမယ့် ကိုယ် တစ်ယောက်တည်း ကြိတ်ပြီးခံစားနေရတာမျိုးတွေ ရှိတဲ့ အတွက်ကြောင့်ပါ။ လျှို့ ဝှက်အပ်တဲ့ လူသိမခံနိုင်တဲ့ အားနည်းချက်တွေဟာ လူတစ်ယောက်ရဲ့ အတွေးအခေါ်ကို များစွာပြောင်းလဲစေတတ် လို့ ဖြစ်ပါတယ်။ လူတိုင်း မှာ ဒီလို ယွင်းချွတ်မှုတွေ ရှိနေမှာ မလွဲတဲ့အတွက် လူတိုင်း လူတိုင်းဆင်ခြင်သင့်လှတယ်လို့ တွေးမိပါ တယ်။ ဒီ စာလေးဖတ်ပြီး တွေးစရာလေးတွေ ရသွားလိမ့်မယ်လို့ လည်းမျှော်လင့်ပါတယ်။ ပြုပြင်လို့ မရတဲ့ အားနည်း ချက် များအတွက် မှန်ကန် ကောင်းမွန်တဲ့ compensation တစ်နည်းအားဖြင့် သင့်တင့်မျှတအောင် တွေးခေါ်ယူဆခြင်း သည် များစွာလိုအပ်လှပါကြောင်း တွေးမိတာလေး ဖောက်သည်ချရင်း တင်ပြလိုက်ရပါတယ်။


စာဖတ် လည်လာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ
ရန်ကုန်သား


16 comments:

Anonymous said...

ဆရာအောင်သင်း ရေးဖူးပါတယ်

မောင်ညို

HAPPY CLOUD said...

ဒီလိုစာမျိုးဖတ်ရတာ အကျိုးရှိပါတယ်။

မိုးမောင်

WWKM said...

ဖတ်သွားတယ် ရန်ကုန်သားရေ.
အတွေးအမြင်လေး တင်ပြထားတာ ကောင်းပါတယ်။
ပြန်ဖို့ နီးလာပြီပဲ...
အလွမ်းတွေ ပြေပျောက်နိုင်ပါစေ.

မကြီးဝါ

အနော် said...

စိတ်တွေထဲမှာ တအားတင်းကျပ်ပီး ဘယ်လိုဖြေလျော့ရမလဲ စဉ်းစားနေတုန်း ဒီပို့စ်လေးကို ဖတ်လိုက်ရလို့ တကယ်ကျေးဇူးတင်ပါတယ် အကိုရန်ကုန်သားရေ
စိတ်ဖိစီးမှုတွေ တအားများလာတယ်အကိုရေ တစ်နေရာရာကိုတော့ စိတ်လွတ်ကိုယ်လွတ် သွားပစ်လိုက်ချင်တယ် :(

မေဓာဝီ said...

အမှန်ပဲ ရန်ကုန်သားရေ ..
ပါဠိလိုဆိုရင်တော့ ယောနိသောမနသိကာရပေါ့။ နှလုံးသွင်းမှန်ကန်မှု (သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းခြင်း) လို့ မှတ်သားဖူးပါတယ်။
ကိုယ့် အတိတ်က အကုသိုလ်ကံကြောင့် မကောင်းတာ မြင်ရ ကြားရ ခံစားရပေမဲ့ ယောနိသော မနသိကာရနဲ့ နှလုံးသွင်းနိုင်ရင် ကုသိုလ်ဖြစ်တယ်။ အဲဒီလို နှလုံးသွင်းနိုင်ဖို့ကလဲ လေ့ကျင့်ပေးမှ ရမယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ မကောင်းတာနဲ့တွေ့ရင် ရုတ်တရက် မကောင်းသလို တုန့်ပြန်ချင်တတ်တဲ့ မိမိမသိစိတ်အခံကြောင့်ပေါ့။ ဒါကြောင့် လေ့ကျင့်ယူမှသာ အကုသိုလ်ကနေ ကုသိုလ်ဖြစ်အောင် ပွါးယူနိုင်မှာ။

အမလည်း သိသာသိပေမဲ့ မကျင့်ဖြစ်ပါဘူး။ ကျင့်ဖြစ်အောင် ကြိုးစားနေဆဲပါ။
ဒီစာလေးအတွက် ကျေးဇူးပါ ကိုရန်ကုန်သားရေ ... ။

သက်တန့်ချို said...

Adaptation နဲ့ Compensation လေးအကြောင်းအတွေးတွေမျှယူသွားပါတယ် ရန်ကုန်သားရေ.. ခင်မင်စွာဖြင့်း)

မိုးစက်အိမ် said...

တွေးစရာတွေတကယ်ရတာပေါ့ဗျာ . . . တစ်ခါတစ်လေများ
ဘယ်လောက်ဖြစ်လည်းဆိုရင် ကိုယ့်စိတ်အမှန်တောင်မသိ
ရတော့ဘဲ ကိုယ့်စိတ်က ကို့ ကိုပြန်လှို့ ဝှက်နေတတ်သေးတယ်ဗျာ . . .

ကိုလူထွေး said...

လူသားတွေပဲ ဖြစ်ဖြစ် တိရိစ္တာန်တွေပဲ ဖြစ်ဖြစ် တစုံတဦးရဲ့ အသိအမှတ်ပြုမှုကို ခံချင်ကြသူချည်းပါပဲ။

ကောင်းတာတွေနဲ့ အသိအမှတ်ပြု မခံရတဲ့အခါ ဆိုးသွမ်းတဲ့ နည်းနဲ့ လူစိတ်ဝင်စားလာအောင် လုပ်ပြတတ်ကြပါတယ်။

အကောင်းဘက်ပဲ ဖြစ်ဖြစ် အဆိုးဘက်ပဲ ဖြစ်ဖြစ် တရားလွန် ဖြစ်လာရင်တော့ လူတွေမှာ စိတ်ရောဂါ တမျိုးလို ရလာမယ် ထင်တာပါပဲ...

ဒီစာဖတ်ပြီးတော့တော့ တွေးမိတာလေးတွေ ရေးချမိတာပါ ရန်ကုန်သားရေ...

းဝ)

မြတ်မွန် said...

စိတ်က အရေးကြီးဆုံးဘဲဆိုတာ လက်ခံပါတယ်။
လူတစ်ယောက်စိတ်ဓာတ်က အတွေးနဲ့ဘဲ ဆိုင်လို့ထင်မိတယ်။အတွေးကောင်းလေးတွေမှ ကိုယ်ရဲ့စိတ်ကို ကွန်ထရိုး လုပ်နိုင်မှာပါ။
လေးစားစွာဖြင့်။

မြတ်မွန် said...
This comment has been removed by the author.
မြစ်ကျိုးအင်း said...

စိတ်ဓါတ်ခွန်အားကို တစုံတရာအထိ ပေးနိင်တဲ့ ဆောင်းပါးပါပဲ။
လူတိုင်းမှာသာ မျှတွေးခြေ ရှိရင် တနည်းအား ဖြင့် ကိုယ်ချင်းစာတရား ရှိနေရင် လောက ကြီးက တော်တော်သာယာ မှာပါ ဒါပေမယ့် မဖြစ်နိင်ပါဘူး။

လောကမှာ ဗုဒ္ဓတရားတော်နဲ့ သဘာဝတရား ကလွဲရင် အမှန်စစ်စစ်ဆိုတာ မရှိဘူး ယေဘူယျ အမှန်တရားပဲ ရှိတယ်လို့ ကျွန်တော် တော့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် ကိုယ့်ဘက် ကိုယ်ကြည့်ပြီး အမှန်တွေ ၂ ဘက် ဖြစ်လာလို့ ရန်ပွဲတွေ နိင်ငံရေး စစ်ပွဲ တွေဖြစ်လာတာပေါ့။

ဒါကြောင့် မျှတွေးခြေ ရှိလာဘို့ အတွက် လူတိုင်း ကိုယ့်တာဝန် ကိုယ်ယူသင့်တာပါပဲ
ကိုယ့်စိတ်ဓါတ်ကို ကောင်းအောင် မျှတွေးတတ်အောင် လေ့ကျင့်သင့်ပါတယ်။

ဒီဆောင်းပါးလေးက များများ ဖတ်သင့်တဲ့ ဆောင်းပါးလေးပါပဲ။

(စိတ် ရှည် သည်းခံဖို့ အရေးကြီးပါတယ် စိတ်ထားတတ်ဖို့ အရေးကြီးပါတယ်။ ကိုယ့်လို လူတွေ ဘယ်လို နေနေကြရသ လဲ ဆိုတာမျိုး လေ့လာတတ်ဖို့ လိုပါတယ်။)
ဒီစာစုလေးကို ကျွန်တော်တို့ရဲ့ နိင်ငံ ရဲ့ ကြုံတွေ့နေရပုံကို မြင်ယောင်ပြီး ဖတ်လိုက်မိရင် အငြင်းပွားဖွယ်ရာတွေ ဆက်တွေးမိမှာပဲ ။ တခါတလေ ပိုအင်အား ကောင်းတဲ့ အမှန်တရားနဲ့ ကြုံရတဲ့အရာ တချို့ အခြေအနေတွေက ပြိုလဲသွားရတယ်။

အဓိကက တော့ ကိုယ်ချင်းစာ တရားနဲ့ မျှတွေးတတ်သူတွေ ပိုများလာရင် လောကကြီးက ဒီ့ထက်ပိုသာယာလာမှာပါ။

ဆောင်းပါးဖတ်ပြီး အတွေးတွေ ပွားသွားမိ တယ် ရန်ကုန်သားရေ။

ခင်မင်သောအားဖြင့်.....

အောင်ငဲ said...

have a nice day bro
i've read it n i like it
a nice post with active thinking
keep going!

Libratun said...

ဟုတ်တယ်ကွာ။ အဓိကကတော့ အားလုံးစဉ်းစား ချင့်ချိန်ပြီး လုပ်ရင်ကောင်းမယ်။ ကောင်းတဲ့ အကျိုးမဖြစ်စေတဲ့ လုပ်ရပ် တော်တော်များများက စဉ်းစားနိုင်စွမ်း ကင်းမဲ့လို့ထက် မစဉ်းစားလို့ဖြစ်နေတာဆိုတော့ ရင်နာဖို့ကောင်းပါတယ်။ တစ်ယောက်တစ်ယောက် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပြိုင်ဆိုင်ရန်လိုတာထက် အတူ နားလည်ပေးနိုင်မယ်ဆိုရင် ဘယ်လောက်သာယာလိုက်မလဲ။ ဗီဇာတို့ နိုင်ငံသားတို့ လည်းရှိမှာမဟုတ်ဘူး။ နယ်နိမိတ်ဆိုတာလည်း ၀န်ရိုးစွန်းတွေပဲ ဖြစ်လိမ့်မယ်။
တစ်ယောက်တည်းပဲ စာချည်းဖတ် သဘောပေါက်တယ် ဆိုရင် စာရဲ့ သဘောတရားတွေပဲ အကျိုးသက်ရောက် လိမ့်မယ်။ လက်တွေ့မပါတဲ့အတွက် သူ့ဘာသာတော့ ပညာရှိပဲ ဒါပေမယ့် လူအများနဲ့ သဟဇာတဖြစ်ဖို့ ခဲယဉ်းလိမ့်မယ်။ ဆွေးနွေးဖော် တိုင်ပင်ဖက် မရှိဘဲ တစ်ယောက်တည်း ဖြစ်မှုဟာ လူမိုက်နဲ့ ပေါင်းသင်းသလောက် ဆိုးပါတယ်။ (စာတွေက မစီထားဘူးကွာ၊ ငါပေါ်လာတာတွေ ချရေးလိုက်တာ၊ အကြောင်းမညီလို့ သည်းခံပါ) အီးမေးလ်မှာလည်း မတွေ့ဘူး။ စာမေးပွဲနဲ့ လုံးပန်းနေရပြီလား။ ကြိုးစားထားကွာ။ နောက်မှ တွေ့ကြတာပေါ့။

Unknown said...

"စိတ်ကို ထားတတ်ဖို့  အင်မတန်အရေးကြီး ပါ တယ်။ စိတ်ထားတတ်တဲ့သူဟာ ဘယ်လောက် ဆိုးရွားတဲ့ အခြေ အနေမှာပဲဖြစ်ဖြစ် compensate လုပ်နိုင်ပါ တယ်။ ဒီလို လုပ်နိုင်ရင် နည်းလမ်းဆိုတာ ပေါ်လာတာပါပဲ။ မိမိရဲ့  ဆန္ဒ လက်တွေ့ ဘဝမှာ ဖြစ်ထွန်းပေါ်ပေါက် လာ ဖို့ “နည်းလမ်းကောင်း” ရွေးချယ်တတ်ဖို့ လိုပါတယ်။ ဆိုးရွားနေ တဲ့ ဖြစ်တည်မှု သို့ မဟုတ် အခြေအနေတစ်ခုခုက ရလာတဲ့ ခံစားမှုကို အားအဖြစ်ဖန်တီးနိုင်ဖို့ လိုပါတယ်။ စိတ်ဆို တာ မထားတတ်ရင် compensation မလုပ်နိုင်ရင် မျှတစွာ မတွေးတတ်ရင် မချမ်းသာပါ ဘူး။ ထို့ အတူပဲ မိမိ ကိုယ်တိုင် (စိတ်) ချမ်းသာမှု မရှိတဲ့သူဟာ တပါးသူအပေါ် ကောင်းကျိုးချမ်းသာ ပြုနိုင်ဖို့ မဖြစ်နိုင်ပါ။ ကု သိုလ် ပညာ ဥစ္စာတွေ ရဖို့  မပျော်ပေမယ့် တော်ရာ အရပ်မှာနေ ကြရလို့  ပျော်အောင် တစ်နည်း အားဖြင့် မပျော် သော် မှ နေသာအောင် compensate လုပ် ပြီးနေကြရသလို မိမိကိုယ်မှာ ရှိနေတဲ့ မပြည့်စုံမှု ချွတ်ယွင်းမှုတွေကြောင့် နင့်နင့်သည်းသည်း နာနာကျင်ကျင် ခံစားရတဲ့အခါမှာလည်း compensate လုပ်နိုင်ဖို့ အရေးကြီးပါတယ်။ စိတ် ရှည် သည်းခံဖို့ အရေးကြီးပါတယ် စိတ်ထားတတ်ဖို့ အရေးကြီးပါတယ်။ ကိုယ့်လို လူတွေ ဘယ်လို နေနေကြရသ လဲ ဆိုတာမျိုး လေ့လာတတ်ဖို့ လိုပါတယ်။" ဒီစာပိုက်လေးကို အကြိုက်ဆုံးဘဲ..ဟုတ်တယ်ဟ.. အဲဒီလိုမှဘဲ လူဘ၀မှာနေပျော်တော့မှာပေါ့..တန်ဖိုး၇ှိတဲ့ဆောင်းပါးလေးပါဘဲ..

သိင်္ဂါကျော် said...

စိတ်ထားတတ်ဖို့က တကယ်အရေးကြီးပါတယ်..
မဖြစ်နိုင်တဲ့အရာတွေ.. ဖြစ်ပြီးသားတွေ အတွက် စိတ်ဆင်းရဲနေလို့လည်း ဘာမှ ဖြစ်မလာဘူးလေ.. ဖြစ်နိုင်တာကိုသာ ဖြစ်အောင် ကြိုးစားရမှာပေါ့နော်..

Unknown said...

ဆက်လက်အားပေးနေပါမယ်။