Wednesday, August 26, 2009

ညီမလေးရေ .....


အမေရေ ကြည့်ပါဦး ညီမလေးကို ကျွန်တော် နှမပုတုကွေးလေး အောင်မယ်လေး ချစ်ဖို့ ကောင်းလိုက်တာမှ။ နမ်းလို့ တောင်မဝပါလား အမေရယ် … ကြည့်စမ်း ပါးကြီးတွေကို မို့ လို့ ဖွံ့ ဖွံ့ အိအိနဲ့  ….ဟောဟော အမေ တွေ့ လား မေ့သမီးက ကျွန်တော့်ကိုတောင် ရယ်ပြတတ်နေပြီ …ဟဟ…. ဟောဗျာ ပြောရင်းဆိုရင်း ရှူ ရှူတွေပေါက်ချပြီ အမေရေ လုပ်ပါဦး ဟဟ … အောင်မယ် အောင်မယ် မယ်မင်းကြီးမလေးက ရယ်တောင် ရယ် နေသေးတယ် … ဟဟချစ်တုံးလေး ချစ်ဆုံးလေး …. ။ အော်အမေရယ် ချစ်တာပေါ့ ဒီနှမလေးတစ်ယောက် တည်း ရှိတာ မေက ထပ်မွေးပေးမှာမှ မဟုတ်တော့ဘဲကို ….. ဟောဟော ငိုမဲ့ မဲ့ လုပ်နေပြီ အမေ မေ့သမီး နို့  ဆာပြီထင်တယ် အေးပါဗျာ အေးပါ မေလာပြီ မေလာပါပြီ။ … ခုနတော့ ငိုမလိုနဲ့ မေ့သမီး ကခုတော့ ရယ်နေ ပြန် ပလား …. အလိုဗျာ ငါ လုမစို့ ပါဘူး တွေ့ လားတွေ့ လား အမေ့သမီး လောဘကြီးလေး …. ဟဟ …. အမ် မယ် သူ့ ပြောမှန်းသိတယ် တွေ့ လားအမေ ဟဟ … မလွယ်ဘူး မေ့သမီး …. ဘာလဲ သည်းက …ဟဟ…. ။

အေးညီမလေးရဲ့ …. နင်ကျောင်းတက်တော့လည်း ကိုကြီး လိုက်ပို့ မှာပေါ့ …. အေးပါဟာ ဘာမှ အားမငယ်နဲ့  နော် ကိုကြီး နဲ့ တူတူ သွားရမှာ အင်းဟုတ်တာပေါ့ ညီမလေးရဲ့ ပညာတတ်မှ ဖြစ်မယ် င့ါညီမ ပညာတတ်ကြီး ဖြစ်အောင် ကျောင်းတက်ရမှာပေါ့ ….။ ကဲ ဆိုဆို ကကြီးကခွေး …. အင်းတော်လိုက်တာ …. ညအခါ လသာ သာ ကစားမလား နားမလား … အောင်မယ်လေး ငါ့နှမ တော်လိုက်တာ …. ။ ဟော အေဘီစီဒီတွေ တောင် တတ်နေပြီ … အေးကွ ညီမလေးရ ဘိုစကားလေးကလည်း တတ်မှကိုး ဘိုစကားမတတ်ရင် ငါတို့ နိုင်ငံမှာ မျက်နှာငယ်တယ်ကွယ့်  ။ နောက်တော့ ညည်း သိလာလိမ့်မယ် အသက်ကြီးလာတဲ့ အခါ… ။ခက်တာပေါ့ ဒါပေ မယ့် ကျက်လိုက်မှတ်လိုက်တော့ အလွယ်လေးပါပဲ ကွာ လာလာ ကိုကြီးနဲ့ တူတူ ကျက်မယ် …. ။ အမေ ….. မေ့သမီးက ဥာဏ်ကောင်းချက် တစ်ခါဖတ်ရင် ရပြီ။ သားနဲ့ တူတာဖြစ်မယ် အမေရဲ့ ….. ဂူစီ ဂူစီ ဂန်ဒါ …တောင်အလွတ်ရနေပြီ …. အစ်ကို့ ခြေရာနင်းမဲဟာလေး ဟဟ ….။ အင်း ဟယ် တစ်ခါနမ်းပစ်လိုက်မယ် အား မွှေးနေတာပါလား င့ါညီမပါလေးက ဟားဟား …အတော်ကလေး အတော် ကလေး …..။

ညီမလေးရေ ကျောင်းစာတွေလိုက်နိုင်ရဲ့ လားဟေ့ ။ အေးအေးပါ အေးပါ ငါ့ညီမက တော်တာကိုး ပထမရတာ ပေါ့ …. ကဲလာလာ သည်းကို မေးရဦးမယ် အနန္တော အနန္တငါးပါးကို သိလား …. ဟုတ်ပြီ … နေ့ တိုင်း ဘုရားရှိခိုး ရမယ်နော် … ငါးပါးသီလဆိုတာကော ညည်းသိရဲ့ လား အင်း။ အေးဟုတ်တယ် သိရမယ် ဒါလဲ … ။ သုံးဆယ့်ရှစ် ဖြာမင်္ဂလာဆိုတာ ကျောင်းမှာ သင်ရတယ် ဟုတ် …။ ကဲ ဆိုစမ်းပါဦး လင်္ကာလေးကို လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့  … ။ အေး တော်ပြန်ရော ငါ့ညီမက။ ဟုတ်ပြီ ဒါတွေသိဖို့ လိုတယ် ညီမလေး ရဲ့ ဒါတွေက ငါ့ညီမလေးကို ယဉ်ကျေးအောင် သိမ်မွေ့ အောင် လုပ်ပေးမှာ … ဟုတ်လား ။ အသိပညာဆိုတာ ဘာသာ တရား က ထိပ်ဆုံးကလာတယ် ဘာသာတရားမရှိရင် ငါ့ညီမကလေး ပညာလေးတော့တတ်ပါရဲ့  မသိ တတ် မလိမ္မာတဲ့ သူကလေး ဖြစ်တော့မပေါ့ …. ။ အေးအေး ဟုတ်တယ် ဒီလိုကလေး ထိုင်ရတယ် အမေအမြဲ ပြော တယ်မလား မိန်းကလေးဆိုတာ ကျုံ့ ကျုံ့ ယုံ့ ယုံ့ လေးထိုင်ရတယ် ဒါမှ ကျက်သရေ ရှိသတဲ့ ငါ့ညီမရဲ့ …။ မိဘ ဝတ္တရားတွေ ဆရာ့ဝတ္တရားတွေ သားသမီးဝတ်တွေ တပည့်ဝတ် တွေကော ကျေရဲ့ လား။ တရေးနိုးမေး တောင်ရနေရမယ်နော် …။ ရင်ထဲမှာ စွဲနေအောင် မှတ်ထား ….

ဒါတွေက ငါ့နှမကို လိမ္မာအောင် ပညာရှိ ဖြစ် အောင်လုပ်ပေးမှာ … ။ အလဲ … တယ်ကောင်းပါလားဟေ့ အမေရေ အမေ့သမီးလေးတန်းရှိသေးတယ် သား ကိုမေးခွန်းတွေထုတ်နေပြီ … ပညာတတ်တိုင်း ပညာရှိမဖြစ်ဖူး ညီမရဲ့ ထားပါလေ ပညာရှိနဲ့  ပညာတတ် ဘာ ကွာသလဲဆိုတာ နောက်တော့ ကိုကြီးပြောပြမယ် ဟုတ်ပလား …ကြိုးစား ညီမလေးရေ ကြိုးစားကွ။ ကိုကြီး တို့ မှာ ဒီပညာ ပဲ အဖေနဲ့ အမေ့ဆီ က အမွေရမှာ….။ အော် အမေ .. မေ့သမီးတောင် ဘာလို လိုနဲ့ ကြီးကောင်ဝင်လာတယ်နော် … မျက်စိအောက်က အပျောက် မခံ နဲ့ နော်အမေ ကျွန်တော်လည်း မျက်စိဒေါက်ထောက်ကို ကြည့်နေရတယ် …. သမီးမိန်းကလေး မွေးထားတာ မလွယ်ပါဘူး အမေရယ် ပူရပင်ရတယ် ..။ တွေးတွေးပြီး တစ်ခါတစ်လေ လမ်းသွားရင်းနဲ့ တောင် မပြောခဲ့ သတိ မပေးခဲ့ရတာလေး အိမ်ပြန်ပြေးပြီး ပြောလိုက်ချင်တာ … ။ စိုးရိမ်ရတယ် အမေရေ ဒီအရွယ် အဆော့ကလေးက လည်းမက် ဂုံညှင်းလေးထိုး သားရေကြိုးလေးခုန်နဲ့ … အင်း ပုံတိုပတ်စလေးလဲ ပြောပြအမေရဲ့  ဒါမှ သူလိမ္မာမှာ။ ဟဲဟဲ မိချောင်းမင်းရေခင်းပြတာ မဟုတ်ပါဘူး အမေရယ် ကျွန်တော့် နှမလေး ကိုပူလို့ ပါ ချစ်လို့ ပါ အကဲပို ပြောလဲ ခံရမှာပဲ ကိုယ့်မှာမွေးထားတာ ဒီတစ်ယောက်ရှိတာ …။ အမေ ညီမလေး အရွယ်ရောက်ရင် ဘယ်နှယ့်  လုပ်မလဲ ဟင်။ လမ်းသွားရင်း ကလေးမငယ်ငယ်တွေ ကောင်လေးငယ်ငယ်တွေနဲ့ တွဲတွဲလာရင် ကျွန်တော် တော့လေ လက်တောက်လောက်နဲ့  ရည်းစားထားရသလားလို့ ပြေးပြေးပြီးသာ ပိတ်တီးပစ် လိုက်ချင်တယ်။ ခက်တာက ကိုယ့်မလဲ နှမမွေးထားတော့ ဝဋ်လည်မှာလည်းစိုးရတယ် အမေရဲ့ … ကိုယ့်နှမလေး အဲလို မဖြစ် အောင် သေသေ ချာချာ ဆုံးမ မှဖြစ်မယ် … အဲလိုဖြစ်လို့ ရှိရင်တော့ ကျွန်တော်တော့ ရင်ကျိုးရချည်ရဲ့ …။ ဆယ် နှစ်ဆယ့်တစ်နှစ်ဆို တာ ငယ် သေးပေမယ့် မေ့သမီး လူကောင်ထွားပုံနဲ့ မို့ တွေးတွေးပြီး ပူရတယ်အမေရေ။ အပျိုများဖြစ်ရင် ကျွန်တော်တော့ဘီလူးဆိုင်းပြီး ငှက်ကြီးတောင် ဓါးကြီးပဲ ကိုင်ထားရမလား၊ ဝါးရင်းတုတ်ပဲ စွဲရမလား မသိပါဘူး …မေ့သမီး အချောလေးက ချစ်စရာလေးအမေရဲ့ ။

အဲ … ကျွန်တော်လည်း သူများနှမကြိုက်တာပေါ့ …. ဒါပေမယ့်ကြိုက်တာက ကျွန်တော်လေး အမေရဲ့ … မေ့သား လေ …. ကိုယ်မှာ နှမလေး မွေးထားတော့ သူများနှမကြိုက်ရင်တောင် ညီမလေးလိုကြိုက်တာပါ ဗျာ။ သားမှတ်မှတ် မယားမှတ်မှတ် ယူမှာပါ …။ ကိုယ်တွေက လူငယ်တွေကြား ပြောနေ ဆိုနေကြတာတွေ ကြား ကြား နေရတာ စိတ်ထဲ မချမ်းသာဘူး အမေရယ် …။ မိန်းမ စိုစိုပြေပြေလေး တွေ့ ရင် ဝတ်ပုံစားပုံက အိနြေ္ဒမရှိပဲ ဆတ် ကော့ နေလို့ ကတော့ ရစရာမရှိဘူး ပြောကြဆိုကြတာ …။ ခက်တယ် အမေရယ် ကျွန်တော်ကတော့ နှမ မွေးထားလို့ ရယ် လားမသိပါဘူး အဲလိုတွေကြားရရင် ရင်တွေ ပူတယ်။ အကြားတွေ မတော်ဘူး အမေရယ်။ အင်းနှမမွေးထားတာနဲ့ တော့ မဆိုင်ပါဘူး တချို့ မောင်တွေက နှမရှိရက်နဲ့ လဲ မစာနာ တတ်တာ တွေ အများ ကြီးပါဗျာ…။ ခက်တော့လည်း ခက်သားလား ဖော်တဲ့ သူက ဖော်တော့လည်း ကြည့်တဲ့ သူကလည်း ကြည့် သပေါ့။ ပါးစပ် ဟော့ရမ်းတဲ့ မောင်တွေ နဲ့ ဆို မောင်နဲ့ နှမ သားနဲ့ အမိ မကြားဝံ့မှ မနာသာ အမေရယ် ဒါမျိုး ကိုယ့်နှမလေး အပြောမခံရအောင် သွန်မှ သင်မှ ဖြစ်မယ် တန်ဖိုးလေး ရှိအောင် ချော့တစ်ခါ ခြောက်တစ်လှည့် ဆုံးမမှ ပဲ့ပြင်မှ ဖြစ်မယ် အမေရေ ….။ သိတဲ့ အတိုင်းပဲ ခေတ်ကသာ တိုးတက်လာတာ ပတ်ဝန်းကျင်ကြီးက ကလေး သာသာ ရှိသေးတာ အယူတွေ အဆတွေ အထင်တွေ အမြင်တွေ ဘာမှ တိုးတက်လာတာမဟုတ်ဘူး။ အရွယ်လေးက ရလာတဲ့ အခါ ဘာသာတရားလေးနဲ့ အုပ်မှ ကလေးများက လိမ္မာသ တဲ့  အမေရဲ့  အရှက် တရားကလေးနဲ့ အကြောက်တရားလေးနဲ့ မှ သိမ်သိမ်မွေ့ မွေ့ နဲ့ ဗိုင်းကောင်း ကျောက်ဖိလေး ဖြစ်မယ် မဟုတ် လား …။ အော်အမေရယ် အဲလို စီကာ စဉ်ကာလေး လုပ်မှ တော်ရာကျမှာ အမေ့ သမီးက အချိန်တန် လင်ယူမှာလေ …. ဟုတ်ဘူးလား…။ သူ့ ရှေ့ တော့ဘယ်ပြောမလဲ အမေရယ် မေ့မို့ ကျွန်တော်က ပြောတာပေါ့ …. အင်းလေ သိပါ့သိပါ့ ကျွန်တော့် အမေက အသွန်ကောင်း အသင်ကောင်း…. ဟဲဟဲ … ။



အော်….. ညီမလေး ညည်းတောင် ဘာလိုလိုနဲ့ အလယ်တန်းအောင်လို့ အထက်တန်းကို တောင်ရောက်ပါပေါ့ လား။ အသားအရေလေးက စိုစိုလက်လက်နဲ့  မျက်လုံးမျက်ဖန်လေးကလည်း အဖေတူလေးမို့  ကောင်းကောင်း ရယ် အရွယ် နဲ့ မမျှအောင် ထွားလိုက် ကျိုင်းလိုက်တာဆိုတော့ ငါ့ရင်ထဲ ပူတယ် ညီမလေးရယ်။ မတော်တရော် နဲ့ များ ဖြစ်သွားရင် အဖေ၊ အမေနဲ့ ကိုကြီးတို့ ရင်တွေကျိုးရချည်ရဲ့ ။ ဒီမယ် ငါ့ညီမ မှတ်ထား သည်းကိုးတန်းမှာ ရည်စားထား လို့ ရှိရင် ကိုးတန်းကျောင်းသားပဲရမယ် … ဟော တက္ကသိုလ်ကျောင်းရောက်မှ ဆိုရင် တက္ကသိုလ် ကျောင်းသားရတယ် ငါ့ညီမရဲ့ …. ညည်းက ပညာလေးသာ ကောင်းကောင်း တတ်လိုက်စမ်း ငါ့ညီမနား အစ်ကို ကြီးမှာ ကပ်လာတဲ့ ကောင်တွေ ဝါးရင်းတုတ်နဲ့ ရိုက်သတ်တောင် ကုန်မှာမဟုတ် ညီမလေးရဲ့  … ဒီတော့ ညည်း က ကိုယ့်ကိုကိုယ် တန်ဖိုးလေး ရှိအောင် ပညာလေးကြိုးစားသင်ပေါ့ကွာ … ဟုတ်လား အေးငါ့ညီမက ပြောသာ ပြောရပါတယ် အလိမ္မာလေးရယ် ပါ …..။ အေး ညည်းကို ပြောရဦးမယ် နာမည်ကျော် ဂျာနယ်လစ် တစ် ယောက် ကပြောတယ် … ယောကျာ်းတွေ က မျက်လုံးကနေကြည့်ချစ်ကြသတဲ့  မိန်းမတွေက နားက ကြားပြီး ချစ်ကြသတဲ့ … အေး ကိုကြီးပြောမယ် … ညည်းပညာတွေ မစုံမချင်းလေ ဘယ်ယောက်ျားပြောတာမှ မယုံမိ လေနဲ့  ။ ညည်းကို ကြိုက်လို့ ပလီပလာ ပြောတယ်သာ မှတ် … ။ အေး ညည်းပညာတတ်လို့ ကိုယ့်ကိုကိုယ် စဉ်းစား ချင့်ချိန်နိုင်တဲ့ အချိန်ရောက် တဲ့ အခါကျတော့မှ သင့်မသင့်ကို ချင့်ချိန်ပြီး ရွေးချယ်ရတယ် မှတ်ထား ဟုတ်လား ညီမလေး။ လောကမှာ လူကောင်းတွေ အများကြီးရှိပါတယ် ကွာ ဒါပေမယ့် လူကောင်းဆိုတာ “ချို” ပေါက်နေတာ မဟုတ်တော့ ညည်း မျက်စိမှိတ်ယုံလို့ ရတဲ့  ယောက်ျားသားဆိုလို့  အဖေနဲ့ ကိုကြီးပဲရှိတယ် မြဲမြဲ မှတ်နော် ။

ဟား င့ါညီမလေးကတော့ တကယ့် ရတနာလေးပဲ ကြည့်စမ်းအမေ ခုဆယ်တန်းအောင်ပြီ ကဲ ဂုဏ်ထူးတွေ ကလည်း တစ်သီကြီး ကြည့်စမ်း ကြည့်စမ်း လှကလည်း လှ အင်း … အေးပါ အေးပါ ဝယ်ပေးမှာပေါ့ ငါ့ညီမ အကြိုက်တွေ လက်ညှိုးသာထိုးစမ်း ကိုကြီးဝယ်ပေးမယ် ….ဟားဟား ဆေးကျောင်း တက်ချင်တယ်…. အေးပါ အေးပါ အမှတ်စာရင်းကြည့်တာ ပေါ့ကွာ ဆေးကျောင်းတက်လို့ ကတော့ ဟို ကိုကြီး သူငယ်ချင်းကိုင်တဲ့ လေ တစ်သိန်းလောက်တန်တဲ့ နားကြပ် တစ်ခု ဘာဆိုလဲ လစ်တမန်ဆိုလား …..အေး ဝယ်ပေးမယ်ဗျာ ငါ့နှမလေး အတွက်။ ညည်းသာ ကြိုးစားနော် ဖျားလို့ နာလို့  ရှိရင် ညည်းပဲ အားကိုးရမှာ ညီမလေးရ … ဟောကြည့် စမ်းပါ ဦး တွေ့ လား ဖေနဲ့ မေ့မျက်နှာကို ဟိုမှာ ညည်းအတွက် ပျော်နေပြုံးနေ လိုက်တာများ ….. အေးအေး ငါ့ညီမ ဆယ်တန်းအောင်ပြီဆိုတော့ ပြောစရာလေး တွေပြောရဦးမယ် ကွ ။….

ဆယ်တန်းဆိုတာ ဘဝမှာ ညည်းဖြေရမယ့် တက္ကသိုလ်က စာမေးပွဲတွေ တင်မကဘူး ဘဝ စာမေးပွဲတွေ အားလုံးရဲ့  အစပဲ … ခု င့ါညီမက ဆယ်တန်းအောင်ပြီ …. ဒီတော့ နောင်ငါ့ညီမ တွေ့ ရမယ့်အခက်အခဲတွေက ခုဆယ်တန်းထက် အဆပေါင်းများစွာ ခက်ခဲ တာတွေချည်းပဲ ….. ညည်းကို ကိုကြီးတို့  အမေတို့  အဖေတို့  က အမြဲ လိုက် စောင့်ရှောက်နိုင်မှာ မဟုတ်ဘူးကွ။ ဒီတော့ ငါ့ညီမကို စောင့်ရှောက်နိုင်တာ င့ါညီမ ကိုယ်တိုင်ပဲ … ကိုယ့်ကိုကိုယ် စောင့်ရှောက်နိုင်ဖို့  အသိ ဆိုတာကလေးက အင်မ တန် အရေးကြီးတယ်။ ဒီအသိကို ကိုကြီးတို့  ကပြောဆို ဆုံးမလို့ နည်းနည်းပဲ ရနိုင်မယ်။ ငါ့ညီမ စာတွေ များ များဖတ်ရင် ကိုကြီးပြောတာထက် အဆပေါင်းများစွာ သိလာလိမ့်မယ် … အဲဒီ “အသိတရား” က ငါ့ညီမကို တစ်သက် လုံးစောင့်ရှောက်လိမ့်မယ် …ဒီတော့ စာဖတ် များများ ဖတ် ကြိုက်တာဖတ် နိုင်ငံရေးဖတ်မလား၊ စီးပွားရေးဖတ်မလား၊ ရသစာပေ တွေဖတ် မလား၊ နာမည်ကျော် စာရေးဆရာ ဆရာမကြီးတွေရဲ့ ဝတ္တုတွေဖတ်မလား အကုန် ဖတ်ရ မယ် အဲဒီစာတွေက နေ ညည်းကို သင်ပေးလိမ့်မယ် ပြပေးလိမ့်မယ်။

အချစ်ဝတ္တု… ငယ်တုန်းတော့ ဒါတွေလည်း ဖတ်ချင်ဖတ်မှာပေါ့ အမေရယ် …. ဒါပေမယ့် အချစ်ဝတ္တုတွေထဲမှာ ကောင်းတာတွေ အများကြီးပါ … ဘဝ မှာ လူငယ်တွေ သိသင့်သိထိုက်တာတွေကို အချစ်အကြောင်း နဲ့  ရောထွေးပြီး ထည့်ပေးထားတဲ့၊ ရေးထားတဲ့ စာတွေ အများကြီးပါ။ နောက်သူ စာဖတ်သက် ရလာတဲ့ အခါ ဘယ် စာအုပ်တော့ ဖတ်သင့်တယ်၊ မဖတ်သင့်ဘူးဆိုတာ သိလာပါလိမ့်မယ် မေစိတ်မပူပါနဲ့ ။ ညီမလေးက အဲလောက် မတုံးပါဘူးနော် …အေး ကိုယ့်ကိုကိုယ် စောင့်ရှောက်နိုင်ဖို့ အသိ တွေပေးလိမ့်မယ် စာဖတ်တဲ့ သူဟာ အတွေး အခေါ်တွေ ကောင်းလာမယ် မှန်လာမယ် ချင့်ချိန်တတ်လာမယ် ဝေဖန်တတ်လာမယ်။ အမှားအမှန်ကို ထင်ထင် ရှားရှားမြင်တတ်လာမယ်။ဦးနှောက်ရှိတယ်ဆိုတာ ဒါကိုပြောတာ။ လူကြီးသူမ ဆုံးမလို့  စာတွေဖတ်လို့  ရလာ တဲ့ အသိပညာကသာ င့ါညီမလေး ကို အသက်ထက်ဆုံးစောင့်ရှောက်နိုင်တယ် ဟုတ်လား … ဒီတော့ ငါ့ညီမ စာကို ဖတ်ဖို့ ဘယ်တော့ မှမမေ့နဲ့ ဘယ်တော့မှ မပျင်းနဲ့ ။ ကျောင်းစာတွေ နဲ့ တင် တင်းတိမ်မနေနဲ့  ညည်း သင်ကြားမယ့် ကျောင်းစာတွေဟာ ညည်းကို ထမင်း ကျွေးလိမ့်မယ်။ ညည်းဖတ်တဲ့ စာတွေက စိတ်အတွက် အာဟာရတွေပေးလိမ့်မယ် ခွန်အားတွေ ပေးလိမ့်မယ်။ ပဲ့တစ်ခုလို လှေကို လိုရာရောက် အောင် လမ်းမမှားရအောင် ထိမ်းပေးလိမ့်မယ်။ စိတ်အဟာရ နှလုံးသား အဟာရ လို့ ခေါ်တယ် ညီမလေးရဲ့ ။ အဲတာ အသိတရားပဲ….. အသိတရားမရှိတဲ့ သူဟာ ပညာတွေ မိုးလောက်ကြီး တတ် ပျံနေအောင်တတ် … သူ့ ဘဝမှာ ဘယ်တော့မှ ကြီးပြင်းမလာဘူး … ရင့်ကျက်မလာဘူး … ဒီတော့ ငါ့ညီမ ပညာ တတ်ရုံမကဘဲ ပညာရှိကြီး ဖြစ်အောင် ကြိုစားပြီး ရသမျှ ဗဟုသုတတွေကို အရူးလွယ်အိတ်ထဲ တွေ့ သမျှ ပစ္စည်းတွေ ထည့်သလို စုတော့ ဆောင်းတော့ အဲဒီအသိတရားဟာ င့ါညီမရဲ့ အားကိုးရာပဲ သူကသာ ညည်းကို တစ်သက်လုံး စောင့်ရှောက် ပါလိမ့်မယ် ညီမလေးရေ ……….။



အော် င့ါနှမလေး ဆရာဝန်မလေး ကြည့်စမ်း ဂျူတီကုတ် အဖြူရောင်လေးနဲ့ ကျက်သရေတွေရှိနေလိုက်တာ … လည်ပင်းမှာလည်း ငါလက်ဆောင်ပေးထားတဲ့ နားကြပ်ကလေးစွဲလို့ အင်း …. ဆရာဝန်မအလောင်းလျာလေး ပညာ မာန်ကလေးနဲ့ မျက်နှာကလေးကလည်း ချီလို့ ။ ပြုံးလိုက်ရယ်လိုက်ရင် င့ါညီမလေး အင်မတန် ချစ်စရာ ကောင်းပါလား …. အင်း ငါ့မမြင်ကွယ်ရာမှာ ချစ်သူရည်းစားတွေများထားနေရော့သလား အင်းလေ အရွယ် ရောက်တော့လည်း အတောင်အလက်တွေ စုံတော့လည်း ပျံကြသန်းကြတာ မဆန်းပါဘူးလေ …. သူလည်း စဉ်းစား ချင့်ချိန် နိုင်တဲ့ အရွယ်ရောက်နေပြီပဲ … စကားပြောပုံ နေပုံထိုင်ပုံလေး ကြည့်ရသလောက်တော့ မဆိုး ရှာပါဘူး။ မိဘကိုလည်း သိတတ်၊ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့ မွေ့ လေး။ ဆေးကျောင်းသူလေး ဖြစ်ခါမှ မအား မလပ်ရတဲ့ ကြားထဲ ဘာသာတရားလေးကလည်း ယုံယုံကြည်ကြည်လိုက်စားတော့ အင်း လိမ္မာနေ တာ လည်း မဆန်းပါဘူးလေ …. ငါ့ဘာမှမပြောတာ ကောင်းတယ်။ ဒီအချိန်မှာ သူ့ မှာ ပညာလေးက တတ်လာ တော့ ကိုကြီး ချစ်လို့ ပြောတာတောင် တစ်မျိုးမြင်သွားဦးမယ် လိုမှအပ်မှ ထိန်းသိမ်းတာ ကောင်းပါတယ် … အစ်ကို လုပ်တဲ့ သူကို တော့ အချစ်ရှာသား။ ဘာမဆို ဖွင့်ဟ တိုင်ပင်လို့ ဒီအစ်ကိုကတောင့် ရှက်ရှက်နဲ့  အမေ့ ကိုပြောဟ ဒါတော့ ငါမပြောတတ်ဘူး လို့ ပြောပြောလွှတ်ရတယ် ခုတော့ ကိုကြီးပါးစပ်ကိုအသာလေး ပိတ်ထား တယ် ညီမလေးရယ် သိလား ညည်း အသိကလေး နဲ့  ငှက်ကလေး တစ်ကောင်လို ညည်း အပျံသင်ဦးတော့ အတွေ့ အကြုံတွေ ယူဦးတော့ ဒါမှ တကယ် ဘဝမှာ ပျံရသန်းရတဲ့ အခါ အစ်ကိုကြီးကို လှည့်မကြည့်ရမှာ …။

အော် … ထင်ပါတယ် မျှော်လင့်လည်းထားပါတယ် …. အမေရယ် အရွယ်ရောက်တော့လည်း သမီးကညာ အခါ မလင့်စေနဲ့ ပေါ့ မောင်တကျိပ်ရှိလို့ မတင့်တယ်ဘူး ဆိုတယ်မလား ခု မောင်လည်း တစ်ကျိပ်မရှိပါဘူး ပြေးကြည့် မှ ဒီအစ်ကိုနဲ့ ဒီိညီမ နှစ်ယောက်တည်းရှိတာ။ အမေတို့ ကလည်း အသက်ကြီးပြီ။ သူလေးလည်း ပညာစုံလို့  လုပ်ငန်းခွင် ရောက်ပြီ …… ခွင့်ပြုရမှာပေါ့ အမေရယ် ခွင့်ပြုလိုက်ပါ …နော် …။ မငိုနဲ့ အမေရယ် နော် မငိုနဲ့ …. ဟိုမှာ အဖေတောင် တမိုင်မိုင် တတွေတွေ ဖြစ်နေတယ်။ … သဘာဝလေ … ဒါသဘာဝပဲ …. သူတွေ့ မလာ ရင်တောင် မေနဲ့ ဖေ ကရှာပေးကြမှာ မဟုတ်လား ဟိုကောင်လေးကလည်း မဆိုးဘူးထင်ပါတယ် … ဥပတိရုပ် လေးက တော့ ခပ်ကောင်းကောင်းရယ်ပါ …. ဆရာဝန် ချင်းဆိုတော့လည်း သဘောတူလိုက်ပါ အမေ ရယ် တော်ကြာ ညီမလေး စိတ်မကောင်းဖြစ်နေရပါဦးမယ် …နော် ….။ ကဲ ပါအမေရယ် လာတောင်းလှည့်လို့ သာ ပြောလိုက်ပေါ့ ….. အချိန်ကျလာရင် ဘယ်အရာကိုမှ တားလို့ ဆီးလို့ မှ မရတာပဲ လေ ။

ဟင် …. သူတို့ ညီမလေးကို ခေါ်သွားကြတော့မယ်ပေါ့ … အင်း ယောင်နောက်ဆံထုံးပါတယ်ဆိုတာ ကိုကြီးသိ ပါတယ် ညီမလေးရယ် … ဒါပေမယ့်လေ ညီမလေးက ကိုယ်ကြီးလက်ပေါ်မှာ ကြီးလာတာ ငါ့ညီမလေးကို ငါ့ သမီးလေးလို လေ ချစ်ခဲ့တာ ပြုစုပျိုးထောင်ခဲ့ရ စောင့်ရှောက်ခဲ့ရတာ …. ခု အဖေနဲ့ အမေကို ကန်တော့နေကြပြီ ဟင် …. ဒါဆို ဒီညကတည်းက ညီမလေး အိမ်ကထွက်သွားတော့မှာပေါ့။ ညီမလေးရယ် … ငါလေ ဟန်ဆောင် နိုင်လိမ့် ကိုယ့်ကိုကိုယ် ထိန်းနိုင်လိမ့်မယ် ထင်ထားတာ။ ငါ အိမ်ကို ပြန်မလာဘဲ တစ်နေရာရာ မှာ သွားနေ လိုက်ရမှာ။ ခုတော့ ခက်ပြီ ညီမလေးရယ်။ ဟိုမှာ ဖေဖေ့ မျက်နှာညိုနေတယ် ဖေ ဆုတောင်မပေးနိုင်ဘူး …. မေကတော်လိုက်တာ မေအရမ်းထိန်းနိုင်တယ်နော် ….. မေ ကျွန်တော် လေ ဒီကန့် လန့် ကာနောက်ကနေ ရပ်ကြည့်နေတယ် သိလား ညီမလေးများလှနေလိုက်တာ ညီမလေးရေ နင့်ကို ကိုကြီးတို့ ဆိုင်ပဲဆိုင်ပါတယ် မပိုင်တော့ပါဘူး …. လိမ္မာရစ်နော်။ လင့်အိမ်ယာမှာ သာယာပျော်ရွှင်ပါစေ ညီမ လေး ရယ် ဟိုကောင်လေး ကလည်း နင့်ကို ချစ်ရှာသားလား …. အေးပေါ့ကွာ … ငါ့ညီမလေး ကို ခွဲရတော့ မှာ ဆိုတော့ ကိုကြီးလေ ကိုကြီးရင်ထဲမှာ မချိဘူးကွာ ဟာတာတာကြီးနဲ့ ။

မနက်လင်းလို့ အသံစာ စာနဲ့ အိမ့်ဆည်းလည်းလေး မြည်တာ ကို ကိုကြီးတို့ ကြားရမှာမဟုတ်ဘူး မနက်စာစား ရင် နင်ထိုင်တဲ့ ခုံကိုကြည့်ပြီး ကိုကြီးတို့ တွေ ညီမလေးကို လွမ်းကြရ မှာ …. ရင်ထဲမှာ ဘယ်လိုလဲမသိဘူး ညီမ လေးရယ် နင့်ကို မသွားနဲ့  မသွားပါနဲ့  လို့  ကိုကြီး ပြောချင်တယ်။ ဟိုကောင့် လက်ထဲကနေ င့ါညီမလေးကို ပြန်စွဲထားလိုက်ချင်တယ် …. ဒါပေမယ့် ခုတော့ နင်ကောင်းစားဖို့  နင်စိတ်ချမ်းသာဖို့  ကိုကြီးတို့ လွမ်းရ ဝမ်းနည်းရတာ အပရိက ပါ ကွာ။ ပျော်အောင်နေ ပေါ့ကွာ … နော် ညီမလေး …. ။

ဟင် မလာနဲ့ ညီမလေး နင်ငါ့ဆီမလာနဲ့ … ငါ့ အခန်းထဲ ဝင်ပြီး တံခါး ပိတ်ထားလိုက်ပြီ။ နင့်ကို ငါတွေ့  လို့ မဖြစ်ဘူး။ ငါ …. ငါလေ ကိုကြီး င့ါညီမကို မတွေ့ ချင်ဘူး။ နောက်နေ့ မှ လာ ပါ ကွာ။ ငါ ပြင်ဆင်ထားပေ မယ့် ဖေ့လိုပဲ ငါ ဟန်မဆောင်နိုင်ခဲ့ဘူး … နင့်ကို တွေ့ ရင် ငါငို မိလိမ့်မယ် ဟင် ညီမလေး မလာပါနဲ့ နင် ဘယ် လောက် တံခါးခေါက်ခေါက် ငါမဖွင့်ဘူး။ ကိုကြီး ငိုနေတယ် ညီမလေးရဲ့ ။ ကိုကြီးလေ ရင်ထဲ ဘယ်လို ကြီး ရယ် မသိဘူး မျက်ရည်တွေလည်း ကျတယ်ညီမလေးရယ်။ နင်ကိုမြင်ရင်လေ အိုမဖြစ်ပါဘူး နင့် ယောက်ျားရှေ့ မှာလည်း ငါရှက်ရမယ်။ ညီမလေး လည်း ငါ့မြင်ရင် ဝမ်းနည်းရမှာ သွားတော့ …..သွားတော့ ….သွားတော့ညီမလေး ငါမဖွင့်ဘူး ငါ … ဟင် အဲသည်လို မလုပ်နဲ့ လေ ကလေးလေးရဲ့ ဟိုမှာ မိဘတွေ ဧည့်သည် တွေလည်းရှိတယ် …. ဒီကလေးတော့လား ခက်ပြီ…. အေး နေဦးနေဦး ငါ့မျက်ရည်တွေ သုတ်ပါရစေဦး ဟင် .. ညီမလေး နင်လည်း ငိုနေတယ် ဟလား … ဟော ကိုကြီးမလာရင် နင်မသွားဘူးတဲ့ လားညီမလေးရယ်။ ဒုက္ခ ပါပဲ ။ဟင်း …… ဒီမျက်ရည်တွေကလည်း ဘယ်လိုလုပ် ကျနေပါလိမ့် ခက်တော့တာပဲ လုပ်ပါဦး။ ဘယ့်နှယ့် လုပ်ရပါ့မလဲ ….

အေးအေး ငါလာပါပြီ… ညီမလေးရယ် … ဟင် မျက်ရည်တွေနဲ့ ပါလား … တိတ်တိတ် ကလေးလေး ကိုကြီး ခေါင်းနည်းနည်းကိုက်လို့ ပါ…. အင်းဒါမှလည်း လူကြားကောင်းမယ် မဟုတ်လား …. ဟိုမှာ လူတွေကလည်း ကြည့်နေတယ် ကလေးလေးရယ် … အေးပါ။ ဟင် ငါဘယ်လို ဆုပေးရမလဲ ညီမလေး အိုအောင် မင်းအောင်ပေါင်းရပါစေ ငါ့အသံတွေ တုန်နေတယ် ညီမလေးရယ် ငါ … အံကြိတ်ထားတယ် သိလား ငါမငိုဘူး ကန်တော့ ကန်တော့ အေးအေး သွားတောညီမလေး ရယ် ကိုကြီးတာဝန်တွေလည်း ကျေပါပြီ ငါ့ညီမလေးလည်း ပျော်ရွှင်ရပါပြီ ကိုကြီးက င့ါညီမလေးကို ချစ်တာကိုး ..... ကွယ် ….အေးအေး သွားတော့ ညီမလေးရေ သွားတော့ …..သတိရနေမယ်နော် ….. ကိုကြီးလွမ်းနေမယ် ….. ညီမလေးရေ…….. ။

ချစ်သော ညီမများရဲ့  ဘဝတွေ အေးမြသာယာကြပါစေ .....

***********

ကျွန်တော့်ရဲ့  “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူးတင်ပါတယ်....ကျွန်တော့်ရဲ့ မတတ်တ တတ်နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင်တော့....အတိုင်းထက်လွန်ပါပဲဗျာ....ပြောမပြနိုင်အောင်ပဲ ကျေးဇူးတင်ပါတယ်.....
(ရန်ကုန်သား)




31 comments:

Angel Shaper said...

တစ်ယူပါတယ်။
သူငယ်ချင်း ရန်ကုန်ရဲ့ ညီမလေးကို
တစ်ယူပါ၏။ ဟိဟိ
၁၁၁၁၁၁၁၁
တစ်တစ်တစ်
1111
၁ပါနော်။
ဒါပဲ။

Angel Shaper said...

အယ်နှစ်ရပြန်ပြီနော်။
၂ လဲ ယူပါတယ်။
ခုတော့ သုံးယူရန် ဖတ်လိုက်ပါဦးမယ်။

Angel Shaper said...

ဟော သုံးလဲ ရတာပဲလားဟ။
ရင်နှင့်အောင် ခံစားလိုက်ရပါတယ် ညီမလေးရယ်။
ကောင်းချက် ကယ်။။။။
ရင်ထဲကို နင့်သွားတာပဲ ရေးတတ်လိုက်တာ သယ်ရင်းရာ။
ငါတော့ နင့်ပိုစ့်အောက်က စာတန်းကြီးကို ဖြုတ်စေချင်နေပြီနော်။
ငါ့ကို စော်ကားနေသလိုပဲ၊ ဟဟားးး
မဖြုတ်ရင် စိတ်ကောက်တော့မယ်နော်။ ဒါပဲ

Angel Shaper said...

လေးလည်း ထပ်ယူလိုက်ပါဦးမယ်ဟာ။
ပြန်သွားပါပြီလို့  ပြောခဲ့မလို့ ဟ။
ဒါပဲ ဘိုင်ဘိုင်။

Angel Shaper said...

ဟ။။။။ ငါးလည်း ရနေပြန်ဘီ။
တကယ်သွားပြီ ဘိုင်ဘိုင် တတာလို့ ပြောမလို့ ။ ဟီးးး
ဟဲဟဲ အမြင်ကတ်နေသူများအားလုံး ပျော်ရွှင်ပါစေနော်။ ဟိဟိ

မေဇင် said...

နောင့် မှာလဲ အစ်ကိုကြီး ရှိတယ်.. ဒီစာလေး ဖတ်ပြီး အရမ်းနဲ့ကို ခံစားရတယ်... ဘာလို့လဲဆိုတော့ နောင့် အစ်ကိုကြီး ကိုသတိရလို့.... သူ နေမကောင်းဘူးတဲ့... တော်တော်လေး ကို ဖြစ်နေတယ်ကြားလို့ နောင့် ပြန်ဖို့ လေယာဉ်လက်မှတ်တောင် ၀ယ်ထားပြီးပြီ..။ ကိုကြီးကို သတိရလိုက်တာ...။

ကာရံဆူး said...

ကဲ လာဖတ်သွားတယ်နော်...နောက်ကျ ပြန်ပြီပေါ့နော်..ကာရံတို့ မှာလည်း အစ်ကို ရှိတယ်...ဒါပေမဲ့ ကာရံတို့ မောင်နှမတွေက သိပ် လက်ပွန်းတတီးမရှိဘူး..အစကတည်းက ဒီလိုမျိုးနေလာရမှာနော်...အသိဥာဏတွေ အလင်းပေးတဲ့ ကိုရန်ကုန် တုစရာတွေ တုပြီး ပိုက်စရာ ပိုက်လို့ ပြန်ပါပြီနော်...အော် ဒါနဲ့ ကျောပေါက်ကြီးနဲ့ တွေ့ ပြီးပြီလား..ဟီးဟီး

ဂျာမုန်းဒန် said...

အ၇မ်းကောင်းတဲ့ပို့စ်လေးပါ။
ရသစုံလို့မျက်စိထဲမြင်ယောင်မိတယ်။
အကိုတစ်ယောက်ရဲ့ချစ်ချင်းမေတ္တာတွေဟာအနိုင်းမဲ့ပါ။
လေးစားလျှက်
ဂျာမုန်း

ကြယ်ဖြူစင် said...

အကိုတစ်ယောက်ရဲ့ချစ်ခြင်းကိုမျက်လုံး
ထဲပေါ်လွင်အောင်ရေးနိုင်ပါတယ်..
ခင်မင်လျှက်
မကြီးကြယ်ဖြူစင်

ရွက်လွင့်ခြင်း said...

သိပ်ကောင်းပါတယ်
ကျွန်တော်မှာ ညီမတစ်ယောက်ရှိတော့ ပိုပြီးတော့ထိတယ်

စည်သူ said...

ဟာ............

အဲဒါမှ ကွိုင်..
ကွိုင်မှ ကွိုင်အစစ်ပါပဲ..

ကို့ညီမကလည်း.. အခုမှ ၈ တန်းလေ..
စာကလည်းတော်.. ငါးဘာသာကို အမှတ်ပေါင်းက ၄၇၈ ဖြစ်ချင်တာက ဆရာဝန်တဲ့.. အခုချိန်ထိ ပဒု ပဒု ပဲ
ညီမလေးကို အရမ်းသတိရသွားတယ်..

အော်.........
ခေတ်ကသာတိုးတက်လာတယ်.. ပတ်ဝန်းကျင်က ဒီအတိုင်းပါပဲတဲ့.. ဟုတ်ပါတယ် ကိုရန်ကုန်သားရေ..

မွေးကင်းစ အရွယ်မှစ..
တောင်ပံစုံလို့ ပျံသန်းသွားတဲ့ထိ
သရုပ်ဖော်မှုအတွက် ကျေးဇူးပါပဲဗျာ..

ခင်မင်စွာဖြင့်
စည်သူ။

မြစ်ကျိုးအင်း said...

သံယောဇဉ် အဖွဲ့လေးကို ခံစားသွားပါတယ်။
မွေးစကနေ အတောင်အလက်စုံတဲ့အထိကို သေသေချာချာရေးထားတာပဲ....။
ယူတတ်ရင် အကိုတယောက်ဆိုတာ အဲလို ထိန်းသိမ်း စောင့်ရှောက်ရမယ်လို့ပါ သင်ခန်းစာယူရမှာပဲ။

jr.lwinoo said...

ငိုချင်တယ်..
ကိုကြီးကိုလည်းသတိရတယ်..
ဒါပေမယ့် မဂျူက ပိုချစ်ရတာ..
း)

အနော် said...

အကိုတစ်ယောက်ရဲ့ ညီမလေးအပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာကို ခံစားရတာထက်
အကို ရန်ကုန်သားရဲ့ အကိုပီသတဲ့စိတ်ဓာတ်ကို ဒီပို့စ်လေးမှာ အသေအချာကို မြင်လိုက်ရတယ်
ကျေးဇူးတင်ပါတယ် အကိုရေ ဒီပို့စ်လေးထဲကနေ
မှတ်သားသင့်တာ အတုယူထိုက်တာတွေကို အကုန် ယူသွားပါတယ်နော်
ဒီပို့စ်လေးအတွက်လဲ အကိုရန်ကုန်သားကို ကို့အကိုတစ်ယောက်လို တကယ့်ကို လေးစားမိပါတယ်
အနော့်မှာ အကို သုံးယောက်တောင် ရှိတော့ အခုဆို လေးယောက် ရှိလာတဲ့သဘောပေါ့ :P
ငယ်ငယ်ကဆို အမေရိုက်မယ်ဆိုတိုင်း အကိုအလတ်က ချီပီး သူပဲ အရိုက်ခံတာကို သတိရမိတယ် အခုတော့ အကိုအလတ်မရှိတော့ဘူး ဘဝတစ်ပါးပြောင်းသွားပါပီ :(
မောင်နှမတွေ အကုန်လုံးကို တကယ့်ကို သတိရမိသွားတယ်
မိုးကလဲ အေးအေးနဲ့လေ :(

သားကြီး said...

သမီးကြီးတို့သောင်းကျန်းချက်
၅အထိတောင်ယူတယ်
ကျေနပ်ဘူးဝေးးး
....
အရေးအသား ညက်ညက်ညောညောလေးနဲ့
ဖတ်ကောင်းတယ်
အစ်ကိုကြီးတစ်ယောက်ရဲ့ ညီမလေးအပေါ်ထားတဲ့
မေတ္တာကို ပြက်ပြက်ထင်ထင်မြင်ရတယ်
ညီမရှိတဲ့အစ်ကိုကြီးတစ်ယောက်အနေနဲ့ ကျနော်လည်း
ဒီပိုစ်လေးဖတ်ရင်း ညီမလေးကို လွမ်းသွားတယ်ဗျာ

ကိုလူထွေး said...

အကိုတယောက်ရဲ့ ညီမအပေါ်ထားတဲ့ သံယောဇဉ်ကို ဖတ်ရတာ ကြက်သီးဖျန်းဖျန်းထမိပါတယ်...

အချိန်ရရင် ကိုလူထွေးရဲ့ ညီမလေးအကြောင်း ရေးထားတဲ့ စာကို ဖတ်ကြည့်စေချင်တယ်...

http://koluuhtwe.blogspot.com/2009/05/blog-post_5843.html

Anonymous said...

ရေးနိုင်လိုက်တဲ့ငါ့သူငယ်ချင်း ။ တစ်နင့်ကြီးဖတ်သွားပါကြောင်း :P

ငှက်ငယ်လေး said...

စာအရေးအသားကောင်းသလို ရေးလည်းရေးနိုင်တယနော်..
စာတွေလာဖတ်သွားပါတယ်ရှင်

Unknown said...

ရန်ကုန်သားရေ....
အရမ်းဝမ်းနည်းသွားတယ်
ငါ့မှာ အဲလိုအဲလောက်ချစ်တက်တက် အစ်ကိုကြီး တစ်ယောက်လောက်များ ရှိခဲ့ရင် အရမ်းကောင်းမှာပဲလို့
တောင့်တလိုက်မိတယ်...။
ခံစားချက်ကို ပေါ်လွင်အောင်သရုပ်ဖော်သွားတာများ
လေးစားစရာပဲ
အားပေးနေမယ်နော်
ခင်မင်စွာဖြင့်
နှင်းဟေမာ

WWKM said...

ရေးတတ် တွေးတတ်ပါပေ့ မောင်ရန်ကုန်ရေ..
ရေးလည်းရေးနိုင်ပါ၏။တွေးလည်းတွေးနိုင်ပါ၏။
အရေးကောင်း အတွေးကောင်းလေး တစ်ပုဒ်ပါပဲ။

စာတွေအများကြီး ဆက်လက်ရေးသားနိုင်ပါစေ။

မကြီးဝါ

ဇော် said...

ကျနော့်မှာလဲ အဲ့လို အကိုတစ်ယောက်ရှိရင် သိပ်ကောင်းမှာလို့ တမ်းတမိတယ်။ ဒါပေမယ့် ကျနော်က တစ်ဦးတည်းသော သမီးဖြစ်နေတာ ခက်တယ်။ =]

ဒါပေမယ့် ကိစ္စမရှိပါဘူး။ ကျနော့်မှာ ကိုရှိတယ်လေ။ ကိုက ကျနော့်အတွက် အရာအားလုံးကို ဖြစ်လို့။ အကိုလဲဟုတ်၊ ဆရာလဲဟုတ်၊ ကျနော့်အုပ်ထိန်းသူလဲ ဟုတ်နေပြန်ရော။ ကျနော့်အတွက်ကတော့ လောကမှာ ဖေဖေရယ် ကိုရယ် ဒီနှစ်ယောက်သာ အယုံကြည်ရဆုံးလူတွေပါပဲ။ ကျနော့်ကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူးလို့လေ။ တကယ်လဲ အဲ့အတိုင်းပဲ ဆိုတာ အချိန်ကြာလာတာနဲ့အမျှ ကျနော် ပိုပိုသိလာရတယ်။

ကိုရန်ကုန်မှာရော ညီမရှိသလား။ =]

NangNyi said...

ဒါကိုဖတ်ပြီးတော့ တွေးမိတာတွေ သတိရသွားတာတွေ တသီတတန်းကြီးပဲအစ်ကိုရာ..
ပထမဆုံး မင်းလူရဲ့ မိညီမ ကိုသတိရတယ်..
နောက်တော့ မိညီမလို့ ညီညီ့ကိုခေါ်တတ်သော Littlebrook ကို..
အတွေးတွေ ဝေစေသော ပို့စ်လေးပေါ့

may16 said...

အကို့ရဲ့စေတနာကို ညီမလေးများ အားလုံးနားလည်နိုင်ပါစေ..

သက်တန့်ချို said...

အရမ်းကောင်းတဲ့ပိုစ်လေးပါဗျာ..လေးစားပါတယ်

ဝက်ဝံလေး said...

တခုလောက် ပြောချင်တယ် စာရေးဆရာ လုပ်စားပါလားဟင် ဂယ် ပြောတာ စာရေးတာ ညက်နေတာပဲ မောင်နှမ မေတ္တာလေးကို ဖော်ပြသွားတာ

rose of sharon said...

မတတ် တတတ်နဲ့ ရေးထားပေလို့သာဘဲ... ဖတ်လို့ကောင်းလိုက်တာ

မယ့်ကိုး said...

မနှင်းဆီကို ထောက်ခံပါတယ်။ .ကျွန်တော့်ရဲ့ မတတ်တ တတ်နဲ့ ရေးထားတဲ့ စာလေးတွေကို ..... စာကို ဖြုတ်ပစ်သင့်ပြီနော် =)

moekhar said...

ငိုချင်စရာကြီးနော် ..း((
မမယ်ကိုးပြောတာ ထောက်ခံပါတယ်း)

ဧရာဝတီသား said...

အစ်ကိုရေ စာအရေးအသားကလည်း ကောင်းလှချည်လားဗျာ။ ယူတတ်ရင် ပညာလေးတွေလည်း အများကြီးပါတယ်နော်။

အထက် ကလူတွေ ရေးသွားသလို မတတ်တတတ် ဆိုတာကြီး ဖြုတ်ပေးဖို့ ကျွန်တော် လည်း တောင်းဆိုသွားတယ်။

Dr Phyo Wai Kyaw said...

ဒါလေး ကြိုက်တယ်။ အများကြီးရေးနိုင်ပါစေဗျို့။

Unknown said...

ရင်ထဲ အထိရောက်အောင် ရေးတတ်ပါပေးတယ် ကိုရန်ကုန်... မျက်ရည်တောင် ကျတော့မလို့ မနဲထိန်းထားရတယ်