Friday, September 25, 2009

နိုးလျှက်မက်သော အိပ်မက်ဆိုးများ (ဇာတ်သိမ်းပိုင်း)


“ညီညီ ..... ညီညီ..... ဟေ့ရောင် .... ”
ညီညီ့အခန်းတံခါးခေါက်ရင်း ခေါ်လိုက်သည်။ အိပ်ရာခပ်စောစော နိုးသဖြင့် ညီညီနှင့် အတူ အပြင်ထွက်ခါ မနက် စာသွားစားဖို့ စိတ်ကူးထားသည်။ အခန်းထဲမှာ ညီညီထွက်လာသည်။ သူ့ အခန်းထဲသို့ ဝင်စေ့ချင်ပုံမရပေ။ ညီညီ မျက်နှာက ညိုးမြဲညိုးနေ၏။ သာမန် အိပ်ရေးပျက်လို့  ပင်ပန်းလို့ ညိုးရော်သည့်ပုံမျိုးမဟုတ်။ နောက်သူ ရောက် နေ သော သုံးရက်အတွင်း ညီညီ အပြင်မထွက်။ အိမ်တွင် လည်း ဘာမှ မယ်မယ် ရရ လုပ်စရာရှိသည်မဟုတ်။ ညီညီ ဘာလို့ အပြင်မထွက်ရသလဲဟု ကိုကိုသိချင်နေသည်။

“ပြော ကိုကို ဘာလဲ ......”

“ဒေါ်အေးဝယ်ဝယ် ပို့ တဲ့ မနက်စာတွေ စားရတာ မမိုက်ပါဘူးကွာ လာ အဝတ်အစားလဲ ငါတို့ တစ်ခုခု သွားစားရအောင် ....” ညီညီက မဆိုင်းမတွဘဲ ခေါင်းခါပြီးငြင်းသည်။

“ဟင့်အင်း ငါဒေါ်အေးလာပို့ တာပဲ စားတော့မယ် ... မင်းပဲသွားပါ .... ညီ မလိုက်တော့ဘူး .....”

ကိုကို ညီညီ့ကို မျက်မှောင်ကုတ်ပြီး ကြည့်လိုက်သည်။ ညီအစ်ကို နှစ်ယောက် လက်ဖက်ရည်ဆိုင်သွား တစ်ခုခု စားသောက်ဖို့ ညီညီ ဘာလို့ ငြင်းရသနည်း။ ညီညီ့ကို အပါခေါ်ဖို့ ဆုံးဖြတ်လိုက်သည်။ မပါပါအောင် ခေါ်သွားမည်။

“လာပါကွာ မင်းကလည်း တို့ ညီကို နှစ်ယောက် လက်ဖက်ရည်ဆိုင်ထိုင်ပြီး စကားလေးဘာလေး ပြောရအောင်။ လာပါ.... မင်းကလည်း။ လုပ်လုပ်..... ပြောနေကြာတယ်။ အဝတ်အစားလဲ ..... မလဲဘူးလား မလဲရင် ငါလဲပေး
မှာနော် ညီညီ ....ဟဟဟ..... ဟေ့ကောင် လုပ် ....”

ကိုကို ကစနောက်နေသည့်တိုင် ညီညီ့ မျက်နှာပေါ်က မချိပြုံးကြီးက ပျောက်မသွား။ မသက်မသာဖြစ်သွားသော ညီညီမျက်နှာကို မသိကျိုးကျွံပြုလျှက် ကိုကို ညီညီ့လက်ကို အတင်းဆွဲကာ အခန်းထဲ ဝင်ဖို့ ပြင်သည်။ ညီညီက ကိုကို့  လက်ထဲမှ သူ့ လက်ကို အတင်းရုန်းသည်။ ပါးစပ်ကလဲ

“ လွှတ်လွှတ် .... ငါဖာသာ လဲမယ် လွှတ်လွှတ် .... လက်ကို ....”

ကိုကို ညီညီ့ကို ကြည့်ပြီး အံ့သြသွားပြန်သည်။ လက်ကို အတင်းဆွဲနေပုံမှာ တစ်ခုခုကို အကြောက်ကြီး ကြောက် နေပုံမျိုး ...။ ရုန်းလို့ လွတ်သွားတော့ လက်နှစ်ဖက်ကို ရင်ဘတ်နားတွင်ကပ်ထားသည်။ ကိုကို့ စိတ်ထဲ ဒေါသပင် ဖြစ်ချင်သွားသည်။

“မင်းက ဘာဖြစ်တာလဲ ... အထိကို မခံတော့ပါလား ..... ”

“ဘာမှ မဖြစ်ဘူး။ ကိုကို ငါ မလိုက်တော့ဘူးကွာ မင်းကလည်း ကိုယ့်ဖာသာသွားလို့ ရသားနဲ့ ကွာ .... နော် ညီညီ မလိုက်တော့ဘူး ....”

“အာ .. မရဘူး မင်းမလိုက်ရင် ငါအတင်းဆွဲ ခေါ်မှာနော် ... မင်းအိပ်ရာက ထလာတဲ့ပုံကို ကောင်မလေးတွေ မတွေ့ စေချင်ရင်လုပ် ... လုပ်လုပ် မြန်မြန် လုပ်ကွာ....ကြာတယ် လစ်မယ် ....လာ”

ကိုကို က ပြောလျှင် တကယ်လုပ်တတ်မှန်း ညီညီသိသည်။ ညီညီ စိတ်မသက်မသာနှင့် အခန်းထဲပြန်ဝင်သွား သည်။ ခဏနေတော့ သဘက်လေးကိုင်ပြီး ရေချိုးခန်းထဲ ဝင်သွားသည်။ ကိုကိုကတော့ ညီညီ့ကို ဧည့်ခန်းတွင် ထိုင်ကာ စောင့်နေရသည်။ ညီညီသည် ကိုကို့ အတွက် ပဟေဠိ တစ်ပုဒ် ဖြစ်လို့ နေပေပြီ။

************

ညီညီ မျက်နှာသစ်သည်ကို လေးဆယ့်ငါးမိနစ်တိတိ ကိုကို ထိုင်စောင့်ရသည်။ သူ့ နှင့်အတူ လိုက်မည်ဆို၍သာ ထိုမျှ စိတ်ရှည်စွာစောင့်နေခဲ့ခြင်းဖြစ်သည်။ နောက် .... ညီညီဘာလို့ အပြင်မထွက်ချင်ရသလဲ ဆိုသည်ကို သိချင် တာ လည်းပါသည်။ အိမ်ထဲကနေ ညီညီ တော်တော်နှင့်ထွက်မလာသေး အခန်းထဲကို ဝင်သွားလိုက် မီးဖိုဖက် ပြန် သွားလိုက်။ ထမင်းစားခန်းထဲ ပြန်ရောက်သွားလိုက် လုပ်နေသည်။ အတော်ကြာမှ ညီညီ အဝတ်အစားလဲ ပြီး ကိုကို့ နားသို့  ရောက်လာသည်။

“အင်း အဲလို လုပ်ပါ ညီညီရ လန်းတယ် လာလစ်မယ် ..... ”

“မင်းဖာသာ တံခါးပိတ် မင်းမှာ ငါပေးထားတဲ့ အိမ်သော့ ရှိတယ်မလား ....” ညီညီ့စကားကြောင့် အိမ်ထဲမှ ထွက်မည်ပြင်နေသော ကိုကိုနောက်ပြန်လှည့်ကြည့်သည်။ “ပိတ်လိုက်ပါကွာ ငါကားထုတ်လိုက်ဦးမယ်လေ .....”

“အာ.... မင်းပိတ်ပါဆိုကွာ ကိုကို ကလည်း ..... ” ဟုပြောကာ ကိုကို့ ကို ကျော်ပြီး အိမ်ပေါ်ကဆင်းသွားသည်။ ကိုကို ဟထသောတံခါးကို ခြေထောက်နှင့် အသာ တွန်းဖွင့်သွားသည်ကို ကိုကို သတိထားလိုက်မိသည်။ ညီညီ
ခြံထဲရောက် သွားသည်။ ကိုကို ကားထုတ်ပြီးတော့ ကားပေါ်မှ တစ်ခါ ပြန်ဆင်းကာ ညီညီ ပြောသည့်အတိုင်း တံခါးဆင်းပိတ်ရသည်။ ညီညီက အိမ်တံခါး နားတွင်ရစ်သီရစ်သီ လုပ်နေသည်။

“ကိုကို ငါမလိုက်တော့ဘူးကွာ မင်းဟာမင်းသွားတော့ ....” ညီညီ့စကားကြောင့် ကိုကိုဒေါသထွက်သွားသည်။

“ဟေ့ကောင် ခွီးထဲမှပဲ သွားကားပေါ်တက် ဘာလုပ်နေတာလဲ အဲဒီမှာ ..... အိမ်အပြင်ရောက်ပြီးမှ .... ”

ကိုကိုဟောက်လိုက်သဖြင့် ညီညီ ရှုံ့ မဲ့မဲ့ဖြင့် ခြံထဲမှ ထွက်လာသည်။ ညီညီက သူ့ လက်နှစ်ဖက်ကို အတင်းဆုပ် ထားသည်။ စိတ် လှုပ်ရှားနေချိန်တွင်ပြုလုပ်တတ်သော ပုံစံမျိုး။ ကိုကို ခြံတံခါးပိတ်သည်ကို အနားမှ သေချာ ကြည့် နေသည်။

“ကားပေါ်တက်လေ ... ဟာ ညီညီ မင်းဘာဖြစ်နေတာလဲ .... ဒီကောင် အူကြောင်ကြောင်နဲ့ .....”

ကားပေါ်ရောက်တော့ ညီညီ ထိုင်နေသည့်ပုံမှာ ကားပေါ်တွင် လူကြပ်၍ နေရာနည်းနေသလို သက်တောင့်သက် သာ မရှိ။ ညီညီ့ ပုံက ကျုံ့ ကျုံ့ လေးဖြစ်နေသည်။ ကား door lock ကို တင်လိုက်ချလိုက်လုပ်ပြီး ကိုကို့ ကို စောင့် သည်။ ညီညီ မျက်နှာက နေရောင်အောက်တွင် အုံ့ ဆိုင်းနေသည်ဟု ကိုကို ထင်သည်။ ဘယ်ဆိုင်ထိုင်ချင်သလဲ ဟု မေးသော်လည်း မေးမရ။ သိပ်အဝေးကြီး မသွားနှင့်ဆို၍ သုံးလမ်းကျော်လောက်က ထိုင်နေကျ လက်ဖက် ရည် ဆိုင်ကိုသာ မောင်းသွားလိုက်သည်။ ထိုဆိုင်ရောက်တော့လည်း လူတွေများလိုက်တာဟု ဆိုပြန်သည်။ သူတို့ ညီအစ်ကို လမ်းမနှင့်နီးသောထိုင်ခုံတွင် ထိုင်လိုက်ကြသည်။

“ကဲ ညီ မင်းဘာစားမလဲ ဘာသောက်မလဲ .... ”

“ဟင့်အင်း မင်းပဲစား ငါမစားချင်ဘူး ..... ”

“ဟာ ညီ မင်းငါ့ကို စိတ်ကောက်နေတာလား ..... စားပါကွာ တစ်ခုခု မုန့် ဟင်းခါးစားမလား ဒီဆိုင်မှာ ကောင်းတာပဲ .... ဆိတ်စွတ်သောက်မလား နံပြားနဲ့  .... ပဲအီကြာကော ...”

“မင်းကြိုက်တာမှာ......... ငါမစားချင်ဘူးကိုကိုရာ....” ကိုကို စိတ်ညစ်သွားသည်။ ညီညီက ထိုင်ခုံတွင် ကိုယ်လေးကို ခပ်ကျုံကျုံလုပ်ပြီးထိုင်နေသည်။

“တစ်ခုခု တော့သောက်ကွာ လိမ္မာပါတယ်ကွာ မင်းကလည်း ကျော့် ထက်ဆိုးနေပြီ ... ခက်တာပဲ .... ပေါ့ဆိမ့်ပဲမှာမယ်နော် ....” ကိုကို ညီညီ့သဘောတူညီချက် ယူမနေပဲ စားပွဲထိုးလေးကို ညီညီကြိုက်သော ပေါ့ဆိမ့်အပါအဝင် သူ စားချင်တာတွေမှာလိုက်တော့သည်။

“ပေါ့ဆိမ့်မသောက် ရရင် သေမလို ဖြစ်နေတဲ့ကောင် ခုကျတော့ လက်ဖက်ရည်မသောက်ချင်ဘူးတဲ့။ ငါတော့ အံ့တာပဲ ...။ ညီညီ မင်းနေမကောင်းဘူးလား ကိုကို့ ကို ပြောလေ .... ဟင် ...”

“ကဲ .... ကိုကို မင်းစားမှာသာစားပါကွာ မေးခွန်းတွေ မေးမနေပါနဲ့  ...စားစား ပြီးရင်ပြန်ရအောင် .....”

“ဟာ မင်းကလည်း ထိုင်တောင် မထိုင်ရသေးဘူး အေးဆေးပေါ့ ဘာတွေလောနေတာလဲ ....”

“ငါ အကြာကြီး မထိုင်ချင်လို့ ပေါ့ကွ။ ဒါတောင် မင်းကို အားနာလွန်းလို့ လိုက်လာတာ .....”

“ဟားဟား ခွေးကောင် ငါ့ကို အားနာစရာလား ..... အစ်ကိုနဲ့ ညီလက်ဖက်ရည်ဆိုင်ထိုင်တာ ဆန်းလားကွာ .... တကတည်းမှ .... ရော့ရော့သောက်သောက် .... ငါတော့ဆာပြီ ကြိတ်လိုက်ဦးမယ် ....”

“မင်းက သောက်စားကြီးကို ကြီးပါတယ် .... ” ညီညီက ရှုံ့ မဲ့မဲ့လုပ်ကာ ပြောနေပေမယ့် ထိုစကားကြောင့် ကိုကို နည်းနည်းပျော်သွားသည်။ ထိုစကားသည် ညီညီ သူ့ ကို အမြဲပြောနေကျစကားဖြစ်သောကြောင့်ပင်။ ကိုကိုက တော့ အာလူးပူရီ တစ်ပွဲ ပဲအီကြာတစ်ပွဲ အပြင် ပေါက်ဆီတစ်လုံးပင် ကုန်သွားသည်။ ညီညီကတော့ လက်ဖက် ရည်ခွက်ကို လုံးဝမထိပေ။ ညီညီ ဘယ်အချိန်လက်ဖက်ရည်သောက်မလဲ ဟုသာ ကိုကို အသာစောင့်ကြည့်နေ သည်။ ကိုကိုက စကားကို ဖောင် ဖွဲ့ အောင်ပြောနေသော်လည်း ညီညီက အင်း အဲသာလုပ်နေသည်။ ထိုင်ခုံတွင် ထိုင်နေရသည်မှာ လည်း အေးအေးသက်သာ ရှိပုံမရ ....။ လက်ဖက်ရည်ဆိုင်ထဲတွင်လည်း လူတွေ တစစ များ များလာသည်။ ညီညီ ကျောကို ကော့ လက် နှစ်ဖက်ကို ပေါင်ပေါ်တွင်တင်ကာ ဆုပ်လျှက် မသက်မသာ ဖြစ်နေ သည်။ လူတွေကလည်း ပိုတောင်များလာသေးတယ်ဟု ခပ်တိုးတိုးရေရွတ်နေသေးသည်။

“ညီ သောက်လေကွာ အေးကုန်ပြီ ... ” ကိုက်လက်စ ပေါက်ဆီလက်ကျန်ကို ပါးစပ်ထဲထည့်ရင်းကိုကိုက ညီညီ့ ကိုပြောသည်။ ညီညီ လက်ဖက်ရည်ခွက်ကို သူ၏ ဖွေးစွတ်နေသော လက်များဖြင့် ကိုင်လိုက်သည်။ ညီညီ လက် ဖက်ရည် ခွက်ကိုင်ဖို့ အဘယ့်ကြောင့် တွန့် ဆုတ်နေရသနည်း။ လက်ဖက်ရည်ကို သောက်တယ်ဆိုရုံကလေး သောက်ပြီး ချက်ချင်း ခွက်ကိုပြန်ချလိုက်သည်။ ကိုကို ကတော့ ဖန်စိမ့်ကို အရသာခံမသောက်နိုင်ပဲ ညီညီ့ကို အကဲခတ်နေသည်။ လက်ဖက်ရည် အနည်းငယ် သောက်အပြီးတွင် ညီညီ ငြိမ်ကျသွားသည်။ လက်ဖက်ရည်ခွက် ကို စိုက်ကြည့်နေ သော ညီညီ့ကို ကိုကို ရင်တထိတ်ထိတ်နှင့်ကြည့်နေမိသည်။ ညီညီ၏ ငြိမ်သက်မှုကို ကိုကို ထိတ်လန့် လာ သည်။

“ညီညီ ... ဟေ့ ...ညီ ဘာဖြစ်တာလဲ .....” ညီညီ အသက်ကို ပြင်းပြင်းရှုနေသည်။ ငြိမ်သက်နေရာက ဂနာ မငြိမ် ဖြစ်လာသည်။ တစ်ခုခုကို ချုပ်တီးထားရဟန်တူသည်။

“ကိုကို ငါပြန်တော့မယ် ....” ဗြုန်းဆို ထိုင်ရာမှ ထထွက်သွားသည်။

“ဟာ .... ဟေ့ ညီညီ ....ဟေး ....နေဦးခဏ.... ဟာ ဒီကောင် ....” ပိုက်ဆံပြန်အမ်းသည်ပင် မယူနိုင်တော့ဘဲ ကားပေါ်အတင်းတက်ပြီး ထွက်သွားသောညီညီ့ နောက်လိုက်ရသည်။ ညီညီ့ရှေ့ နားတွင်လွန်၍ ကားကို ရပ်ပြီးစောင့် နေလိုက်ရသည်။

“ကဲလာ တက်တက် မင်းနဲ့ တော့ ခက်တော့တာပဲ ....” တရှူးရှူး ဖြစ်နေသော ညီညီ ကားပေါ်တက်ထိုင်၍ တော် သေးသည်။ ဘာဖြစ်တာလဲ ဟုလည်း မေးလို့ မရ ....။

“ညီညီ အိုကေလား မင်းဘာဖြစ်တာလဲ .... ” ကိုကို ညီညီ့ကို ကြည့်ပြီး လန့် လာသည်။ ညီညီက သူ့ ကိုအားငယ် စွာ ကြည့်သည်။ တစ်ကိုယ်လုံးလည်း တုန်ရီနေသည်။

“ငါ .... ငါ .... အိမ်ပြန်မယ် ... ဘာမှ မဖြစ်ဘူး ..... အိမ်ပြန်ရအောင် ကိုကို ......”

“အေးအေး ပြန်မယ် ပြန်မယ် .... ” ကိုကို့ စိတ်တွေ မချမ်းမသာဖြစ်သွားရသည်။ ဘာဖြစ်နေမှန်းလည်း နားမ လည်။ မဖြစ်ပေ ညီညီ့ကို အိမ်ပြန်ပို့ ပြီးသည်နှင့် အန်ကယ်ဇော်ဝင်း ဆီသွားမှဖြစ်တော့မည်။ အန်ကယ် ဦးဇော် ဝင်း သည် မေမေ့ မောင်ဝမ်းကွဲ ဆရာဝန်ကြီးတစ်ယောက်ဖြစ်သည်။ ရောဂါဖြစ်နေတယ်ဆိုရင်လည်း စောစော စီးစီး ကုသမှဖြစ်တော့မည်။ ညီညီ့ကို အဆုံးရှုံးမခံနိုင်ပေ။ ခြောက်လနီးပါး ရန်ကုန်မရောက်ခင် အချိန်အတွင်း ညီညီ ဘာတွေဖြစ်ခဲ့သည်မသိ။ အိမ်ရှေ့ ရောက်သည်နှင့် ညီညီ ကားပေါ်မှ ကဆုန်ပေါက်ပြေး ဆင်းသွား သည်။ ခြံတံခါးကို သူ့ တွင်ပါလာသော သော့ ဖြင့်ဖွင့်ကာ အိမ်ထဲသို့ အတင်းပြေးဝင်သွားသည်။ ကိုကို ခြံတံခါးကို ဆင်း စေ့ပြီး အန်ကယ်ဦးဇော်ဝင်းထံသို့  မောင်း ထွက် ခဲ့လေတော့သည်။

************

ကိုကို အိမ်သို့ လေးလံသော စိတ်များဖြင့် ပြန်ရောက်လာသည်။ ညီညီ့အကြောင်းကိုသာ တွေးရင်းက ရင်တွေပူ နေ မိသည်။ အိမ်တံခါးကို သော့ဖွင့်လိုက်သည်။ ညီညီ့ အရိပ်အရောင်မတွေ့ ရ။ စိတ်ထဲ ဒိတ်ကနဲဖြစ်ပြီး ညီညီ့ အခန်းတံခါးကို ကဗျာကယာ ဖွင့်လိုက်သည်။ တံခါးက အလိုက်သင့်ပွင့်သွားပါသည်။ သို့ သော် ညီညီ အခန်းထဲ တွင်မရှိ။ ညီညီ ဘယ်ရောက်သွားလဲ။ ညီညီ .... ကိုကို ရင်တထိတ်ထိတ်နှင့် ရေချိုးခန်းဖက် အသော့ထွက်ခဲ့သည်။
ရေချိုးခန်းတံခါးပွင့်ဟ လို့ နေသည်။ ရေသံတွေလည်း ကြားနေရသည်။

“ဒီရောဂါ ရနေတဲ့သူတွေမှာ Suicide လုပ်တာမျိုးတွေ တွေ့ ရတတ်တယ်။ အဓိကအကြောင်းအရင်းကတော့ စိတ်ကျရောဂါ Depression ဝင်လာတာကြောင့်ပဲ။ Depression သိပ်ဆိုးဝါးလာရင် Suicidal tendency ကိုယ့် ကိုကိုယ် သတ်သေဖို့ အခြေအနေတွေ ပိုလာနိုင်တယ် .... မင်းပြောတဲ့ ပုံအရဆိုရင် ညီညီ့ ဆီမှာ Depression ကအတိုင်းအတာ တစ်ခုအထိ ဝင်ကောင်းဝင်နေပုံရတယ်.....”

အန်ကယ် ဦးဇော်ဝင်းစကားသံတွေကို ကိုကို ကြားယောင်လာမိသည်။ ညီညီ ... ဘုရားဘုရား .... ရေချိုးခန်းထဲသို့ ကိုကို အလောသုံးဆယ်ဝင်ရောက်လိုသည်။ ရေသံတွေ ရယ် ..... နောက်တော့ ညီညီရဲ့ တိုးဖွဖွ ရေရွတ်သံတွေ ရယ် ........ ညီညီ ......။ ရေချိုးကန်ဘေးတွင် ဆပ်ပြာဆီဘူးများ ဖရိုဖရဲပြိုလဲ ကျနေသည်ကို တွေ့ ရ၏။ ရေပန်းမှ ရေ တွေက ညီညီ ကျောပေါ်သို့ တဖွားဖွားကျနေသည်။ တစ်ကိုယ်လုံးကို တုန်လှုပ်ခြောက်ခြားစွာနှင့် ပွတ်တိုက် လျှက် ဆေးကြောနေသည်။ သူ့ လက်ထဲ၌ ပန်းကန်ဆေးရာတွင် အသုံးပြုသော ဖော့တုံးလေးကို ကိုင်လျှက် တစ် ကိုယ်လုံးကို ပွတ်သတ်ပြီး ဆေးကြောနေသည်။ လက်ဖက်ရည်ဆိုင်မှ အပြန် အန်ကယ်ဇော်ဝင်းရှိရာ ဆေးရုံ သို့  သွားသည်။ ခု ဆယ့်တစ်နာရီ ထိုး ပြီ ညီညီ ဘယ်အချိန်ကတည်းက ဒီရေချိုးခန်းထဲရောက်နေသနည်း။ နှစ်နာရီခန့် ရှိပြီ။ ဒုက္ခတွေတော့ရောက်ကုန်တော့မှာပဲ။

“ညီညီ ... ညီညီ ... ညီလေး တော်ပြီလေ တော်ပြီ အအေးတွေ ပတ်ကုန်မယ် ....တော်ပြီနော် ညီ ... ဟာ ......တစ်ကိုယ်လုံးပြာနေပြီ .... ”

“လူတွေ .... ကိုကို ငါ့တစ်ကိုယ်လုံး ပိုးမွှားတွေနဲ့  ဟီးဟီးအား .... ငါမဆေးလို့ မရဘူး ပိုးမွှားတွေ နဲ့  ..... ဟီးဟီးအီး ....ငါ.... ငါ ....” ညီညီ တစ်ကိုယ်လုံးတုန်ခါလျှက် ငိုသံတစ်ဝက်နဲ့  ပြောသည်။ ကိုကို့ ရင်တွေ အလွန်တရာနာကျင် သွားရလေသည်။

“အေး သန့် ပါပြီ ခုသန့် သွားပြီ ..... ကိုကို မှားတာပါ ညီ့ကို ကိုခေါ်သွားတာ ကိုကိုမှားတာ။ တော်တော့နော်.... လာပါညီညီရယ် လာပါကွာ အေးနေပြီ လာ .....”

ညီညီ ကိုကို့ ကို ကြည့်သည်။ ရေစက်တွေနဲ့ ညီညီ မျက်ရည်တွေ ရောထွေးနေသည်။ တအီးအီးနှင့် ကလေးငယ် လေး တစ်ယောက်လို ငိုကြွေးနေလေသည်။ ကိုကို မျက်နှာသုတ်ပဝါနှင့် ပုဆိုးပြေးယူရသည်။ ညီညီက ရေချိုးကန် ထဲတွင် တစ်ကိုယ်လုံးတုန်ရီစွာဖြင့် အော်ငို၍သာနေလေသည်။ အေးလွန်း၍ မေးတွေလည်း ရိုက်နေပြီ...။ ခြေ တွေ လက်တွေ လည်း ပဲကြီးရေလိုက်နေသည်။ လက်ပေါ်မှ အရေပြားတချို့ လည်းရိပြီး အသားနီတွေ လန်နေပြီ။

“ကိုကို ... ဟီးဟီး ....ငါ့ကို ကယ်ပါဦး ....အီး ဟီး .....ညီညီ့ကို ကယ်ပါဦး ကိုကို ရယ် အား ...............ဟီး..ဟီး....”

“အေးပါညီ ကိုကို ရှိတယ်လေ လာလာ အားမငယ်နဲ့ ညီ .... နော် အေးလာလာ .....”ညီညီ့ကို မျက်နှာသုတ်ပုဝါဖြင့် ထွေးကာ ကိုကို ဆွဲထူလိုက်သည်။ ညီညီ့တစ်ကိုယ်လုံး အေးစက်ပျော့ခွေလျှက်ရှိ၏။

“ပိုးတွေ ပိုးတွေ ငါ့တစ်ကိုယ်လုံးမှာ....ငါသေတော့မှာ ငါသေတော့မှာ ကိုကိုရ ...ဟီး ”

“မသေပါဘူး မသေရပါဘူး .... ဘာလို့ သေရမှာလဲ .... ခုမရှိတော့ဘူးလေ ကုန်သွားပြီလေ နော် သန့် သွားပြီ သန့် သွားပြီ ...လာလာ ညီလေး အေးအေးပါကွာ မငိုနဲ့ နော် ....”

ညီညီကို ကိုကို ပွေ့ ချီလိုက်ရသည်။ ညီညီ့၏ ရှိုက်ငင် တုန်ခါမှုသည် ကိုကို့ ရင်ကို ပင်ကူးစက်လာသည်။ အန် ကယ် ဦးဇော်ဝင်းပြောပြသော စကားသံကိုပြန်လည်ကြောင်းယောင်လာပြန်သည်။

“သူ တို့ စိတ်ထဲမှာ ပစ္စည်းတစ်ခုခုကို လက်နဲ့ ကိုင်လိုက်ရင် ပိုးမွှားတွေ နဲ့ ထိတွေ့ မယ်။ ဒါတွေကို ဆေးကြောမ ပြစ်ရင် ဒုက္ခရောက်မယ် တစ်ခုခု ဆိုးဆိုးရွားဖြစ်လာလိမ့်မယ် ဆိုတဲ့အတွေးက ထပ်ပြန်တလဲလဲဖြစ်နေတယ် .... ဒါကြောင့် သူတို့ ဟာ လက်ကို တစ်နေ့ မှာ အကြိမ်ပေါင်းများစွာဆေးနေကြရတာ ....။ သာမန်လူတစ်ယောက် အသန့် ကြိုက်လို့ လက်ဆေးသလို မျိုးမဟုတ်ဘူးကွ ကိုကို ရ ....။ သူ တို့ ခေါင်းထဲမှာ တစ်ယောက်ယောက်က လာပြောနေတာ တွန်းအားပေးနေသလို ခံစားနေရတာ။ မဆေးပဲ မနေ နိုင်အောင် လုပ်နေတာ ...။ အဲဒါကို Obsession လို့ ခေါ်တယ်ကွ ....။ သနားစရာ အံ့သြစရာ ကောင်းတာက ဒီအတွေးတွေဟာ မမှန်ဘူး သဘာဝ မ ကျဘူးဆိုတာ သူတို့ သိနေတယ်။ ဒါပေမယ့် သူတို့ ဘယ်လိုမှ အဲဒီဆေးကြောတာတွေကို ရပ်တန့် လို့ မရဘူး .... ဒါ့ကြောင့် တစ်နေ့ ကို အကြိမ်ပေါင်း ရာနဲ့ ချီပြီး သူတို့ လက်ကို ဆေးနေကြရတာပေါ့ ....”

ညီညီ့ကို အိပ်ယာပေါ်သို့ လှဲလျောင်းစေလိုက်သည်။ ညီညီက တအီအီ ငိုကြွေးနေလေသည်။ “ကိုကို ငါ ဒီလို ဖြစ် တာ ဘယ်သူ မှမပြောပါနဲ့ ကွာ နော် ... ငါ ...ငါ ကြောက်တယ် ရှက်လို့ ပါကွာ ..... ငါ အားဟား ......ငါ ရူးနေ ပြီထင် ပါတယ် ....ဟီးဟီး”

“ ငါက ဘယ်သူ့ ကိုပြောရမှာလဲ ....ပေါက်ပေါက်ရှာရှာကွာ မင်းမရူးပါဘူး ညီညီရာ .... နော် ညီညီ မငိုနဲ့ မငိုနဲ့ .... ကိုကိုလည်းဘေးနားမှာရှိတယ် မကြောက်နဲ့ နော် ..”

ညီညီတစ်ကိုယ်လုံးကို စောင်ခြုံပေးပြီး ခေါင်းကို ရေခြောက် အောင် သုတ် ပေးနေရင်းက ညီညီ့ကို အားပေးနေ ရသည်။ ညီညီ ကုတင်ခြေရင်းတွင် များစွာသော ဆပ်ပြာဆီ ဘူးများကို ကိုကို တွေ့ လိုက်ရသည်။ ထိုဘူးများ၏ နှုတ်သီးသဏ္ဌာန် ခေါင်းလေးများက ကုတင်ဘက်သို့ လှည့်ကာ တညီတညာတည်း စီထားသည်။ အခန်းနံရံကို ကပ်၍စီထားသော ဆပ်ပြာဆီဘူးများမှာ တစ်ရာလား နှစ်ရာလား ကိုကို မရေတွက်လိုက်နိုင်ပါ။ ဒီဆပ်ပြာဘူးတွေ ကြည့်ပြီး တစ်နေ့ တစ်နေ့ ညီညီ ဘယ်နှစ်ကြိမ်မျှ လက်ဆေး နေ သည်ကို ကိုကိုတွေးကြည့်မိသည်။ အန်ကယ်ဦး ဇော်ဝင်းပြောသလို အကြိမ်ပေါင်းများစွာရှိနေမည်သာဖြစ်သည်။ ညီညီ အခန်းထဲမှ စာကြည့်စားပွဲပေါ်တွင် စာ အုပ်များကို သပ်ရပ်စွာစီထားသည်။

မီးအုပ်ဆောင်း ကွန်ပျူတာ အရာအားလုံးသပ်ရပ်သန့် ရှင်းနေသည်။ ပွင့်ဟနေသော ဘီဒိုထဲတွင်အကျီ င်္များချိတ် ထားသော အကျီ င်္ချိတ်များမှာလည်း တစ်ခုနှင့် တစ်ခု အကွာဝေးတူညီစွာစနစ်တကျရှိနေသည်။ ညီညီ့ အခန်းထဲ မှ ရှိသမျှ ပစ္စည်းများအားလုံး သည် နေသားတကျရှိနေသော်လည်း ပုံမှန်မဟုတ်ပေ။ အားလုံးက တိကျသော အ ကွာအဝေး ဖြင့်စနစ်ကျလွန်းစွာ ညှိထားသလိုဖြစ်နေသည်။ ဒါကို ယခုတော့ ကိုကို နားလည်နေပြီဖြစ်သည်။

“သူ တို့ စိတ်ထဲမှာ အရာဝတ္တုတွေ နည်းနည်းကလေး မညီမညာဖြစ်နေတယ်ဆိုရင် အတင်းကို မညီ ညီအောင် လိုက်ညှိ တော့တာကွ ...။ ခုနပြောသလိုပေါ့ဒါတွေကို မညှိရင် တစ်ခုခု ဆိုးဆိုးဝါးဝါးဖြစ်တော့မယ်လို့ သူတို့ ထင် နေတာ။ တစ်ချို့ ကျတော့လည်း တစ်ယောက်ယောက်က ဓားနဲ့ ထောက်ပြီး သေနတ်နဲ့ ချိန်ပြီး လုပ်ခိုင်းနေတယ် လို့ ထင်နေတာ။ သူ တို့ ဟာ မညီညာတဲ့အရာတွေကို ညှိနေရင်းနဲ့ ထိတ်လန့် ကြောက်ရွံ့ နေကြရတယ်....။ ဒါကို လည်း အဓိပ္ပါယ်မရှိ ဘူး ဆိုတာ သိပေမယ့် သူတို့ ဘယ်လို မှ ရပ်တန့် လိုမရဘူး .....။ အဲလို ရပ်တန့် လို့ မရတဲ့ အပြုအမူတွေကို Compulsion လို့ ခေါ်တယ် ....။”

ညီညီ အနည်းငယ် ငြိမ်သွားသည်။
“ကိုကို ငါ ဆေးမသုံးပါဘူးကွာ ငါ .... ရှက်လည်းရှက်တယ် ကြောက်လည်းကြောက်တယ် ... မင်းငါ့ကို ရူးနေပြီလို့ ထင်နေပြီလား ....ဟင် ကိုကို .... ဒီအဓိပ္ပါယ်မရှိတဲ့ အတွေးတွေကို မတွေးဖို့  ငါဘယ်လောက် ကြိုးစားပြီး မေ့ပစ် မေ့ပစ် ဘယ်လိုမှ မေ့ဖြောက်ပစ်လို့ မရလို့ ပါကွာ .... ငါ.... လူတွေနဲ့ နေလို့ မရတော့ ဘူး ....အင့် ..ငါ ဘဝတော့ ဆုံးပြီထင်ပါတယ် .....ကိုကိုရယ် ဟီးဟီး .... ”

“မရူးပါဘူး ညီညီရယ် မင်းဘာတွေ ခံစားနေရလဲ ... ကိုကို ကိုပြောလေ မင်းနားမှာ ကိုကို ရှိတယ် ပြောလိုက် မင်းရင်ထဲ ပေါ့သွားအောင် ပြောလိုက်နော်....”

“မေမေ ရှိရင် သိပ်ကောင်းမှာပဲ ... မေမေ့ကို သတိရလိုက်တာကွာ .....”

“အော် ..... ညီညီ ရယ်...........”

“တစ်ချို့ ပညာရှင်တွေက ဒီရောဂါဟာ ပြင်းထန်တဲ့ စိတ်ဒဏ်ရာကြောင့် ဖြစ်တယ်လို့ စာတွေထဲတော့ပြောတယ် .... ငါ့အထင် မမဆုံး သွားတာ ကောင်လေး အတော် ထိခိုက်သွားတယ်ထင်တယ်ကွ .... ဒါဟာ အဖြစ်နိုင်ဆုံးပဲ က လေးက အမေကို တအားတွယ်တာတယ် မလား..... ဒီအသက် ဒီအရွယ်တွေမှာ မိသားစုကွဲကြပြဲကြတဲ့ ပြဿနာ တွေ၊ မိဘတွေ သေဆုံးသွားတာတွေ၊ သူတို့ နဲ့ သိပ်ရင်းနှီးချစ်ခင်တဲ့ သူတွေနဲ့  ဝေးကွာသွားရလို့ နာကျင် ကြေ ကွဲကြရတာတွေကြောင့် ဖြစ်တယ်လို့ ဆိုကြတယ်ကွ။ တစ်ချို့ ကလည်း ဒီလို အကြောင်းအရင်းတွေ မရှိပဲ ဖြစ်ကြ တယ်လို့ လည်း ပြောကြပြန်တယ် ....သူတို့ ကတော့ ဦးနှောက်ထဲမှာ ရှိတဲ့ Serotonin ဆိုတဲ့ ဓါတ်တစ်မျိုး က မောက်ကမ ဖြစ်တာကြောင့်လို့ လည်းဆိုကြတယ် ... တိတိ ကျကျတော့ မသိကြသေး ဘူးပေါ့ကွာ ”

ညီညီက တစ်ကိုယ်တည်း ပြောနေသလို တိုးတိုးကလေး ပြောနေသည်။ ညီညီ့နဖူးမှ ဆံပင်များကို ဖယ်ရှားပေး ရင်း ကိုကို ညီညီ့ စကားများကို နာကျင်စွာနားထောင်နေမိသည်။

“ငါ ညဘက်အိပ်လို့ မရဘူးကိုကို .... ငါအိမ်တံခါးတွေ ပိတ်ထားရဲ့ လား မီးဖိုတွေပိတ်ထားရဲ့ လားလို့ ငါပူပင် နေရ တာ၊ ငါမြဲထစစ်နေရတယ် ....။ ငါကိုယ်တိုင် တံခါးကို သေချာပိတ်ထားတယ်ဆိုတာ ငါသိပါတယ်ကွာ ။ ဒါပေမယ့် ငါမစစ် လို့ ရဘူး။ မစစ်ဘဲ မနေ နိုင်ဘူး ကိုကိုရာ .....။ တစ်ယောက်ယောက် ဝင်လာပြီး ငါ့ကို ဒုက္ခပေးမှာကို ကြောက်နေရတယ်။ ငါအိမ်က ထွက်သွားရင် အိမ်မှာတစ်ခုခု ဖြစ်လိမ့်မယ်လို့ ငါထင်နေတာ ... ပြီးတော့ လူတွေ နဲ့ တွေ့ ရင် သူတို့ ဆီကရောဂါပိုးတွေငါ့ဆီကို ကူးလာမှာလေ .... ငါ .... ငါ ကျောင်းတောင် မသွား နိုင်တော့ဘူး ..... ငါသိပ်စိတ်ဆင်းရဲတာပဲ ... ငါသေသွားရင်ကောင်းမယ် ကိုကိုရာနော် ....ငါသေသွားရင်ကောင်းမယ် ....”

“ဟာ ညီညီ ကလည်း နမိတ်မရှိ နမာမရှိတွေ မပြောစမ်းနဲ့  ...... ငါ အန်ကယ်ဇော်ဝင်းဆီသွားခဲ့ပြီ စိတ်မပူနဲ့  ...ဒါကုသလို့ ရတယ်တဲ့ကွ ...နော် .... ညီလေး မင်းဘာမှမဖြစ်ဘူး ကိုကို တစ်ယောက်လုံး မင်းနားမှာရှိပါတယ် ..... အဲလို မတွေးကောင်းတာတွေ မတွေး ရဘူး နော် .... မင်းမသေရဘူးဟုတ်လား ....ညီညီ”

ညီညီက မျက်နှာကြက်ကို အဓိပ္ပါယ်မဲ့စွာမော့ကြည့်ရင်း ငြိမ်သက်နေသည်။ သူ ခံစားနေရတာတွေကို ကိုကို့ ကို ပြောပြဖို့ ဆုံးဖြတ်လိုက်ဟန်တူလေသည်။ ဒီ့မတိုင်ခင်က ညီညီ ဘယ်လောက်ထိ ပင်းပန်းဆင်းရဲနေလိုက်မလဲ။ သူ သာ ရန်ကုန် ဆင်းမလာဖြစ်ခဲ့ရင် ညီညီသာ တစ်ခုခု ဖြစ်သွားခဲ့ရင် ....ကိုကို ဆက်မတွေးရဲတော့.....။ ညီညီကို ပစ်ထားခဲ့မိတဲ့ သူ သာလျှင်အပြစ်ရှိသည်ဟု ခံစားလာရသည်။ မေမေ ဆုံးကတည်းက ညီညီ ဘယ်လောက် အ ထီးကျန် နေခဲ့ မလဲ။ သူ အိမ်ထောင်ကျပြီးနောက်ပိုင်း ညီညီ့ကို ဂရုမစိုက်နိုင်ခဲ့တဲ့အတွက် လွန်စွာ စိတ်မကောင်း ဖြစ်ရလေသည်။

“ဒီရောဂါရဲ့  အစွယ်အပွားတွေ က အတော်များတယ်ကွ .... ညဘက် အိမ်တံခါးတွေ မီးခလုပ်တွေ အကြိမ် ပေါင်း များစွာ ထထ စစ်ဆေးတာ၊ ခြေသံတွေ လိုက်ရေတွက်တာ၊ စကားလုံးတွေ လိုက်ရေတွက်တာ၊ နံပါတ်တွေနဲ့ ပတ် သက် ပြီး အကြိမ်တွေနဲ့ ပတ်သက်ပြီး အစွဲအလန်းဖြစ်တာ ... ဥပမာကွာ လေးဂဏန်းက မကောင်းဘူးလို့ သူ ထင် တယ် သူ တံခါးကို လေးခါစစ်ပြီးရင် လေးဂဏန်းကမကောင်းဘူးလို့ သူယူဆတော့ ငါးခါပြည့်အောင် ထစစ်တယ် အဲဒါမျိုးပေါ့ တို့ အတွက်ကတော့ ဒါဟာ အဓိပ္ပါယ်မရှိဘူးပေါ့ကွာ ဒါပေမယ့် .... သူတို့ အတွက်က ဒါဟာ လေးနက် နေမယ်။ ဒီလိုမှမလုပ်ရင် မကောင်းတာတစ်ခုခု ဖြစ်လိမ့်မယ်လို့ သူတို့ ထင်နေတယ်။ တစ်ခါတစ်ရံ ကိုးဂဏန်း ရောက်မှ ကိုးကြိမ်ရောက်မှ စိတ်ထဲ နေသာသွားတာမျိုးပေါ့ ... မင်းစဉ်းစားကြည့်လေကွာ သူ့ ကို ပြောသမျှ စ ကားလုံးတွေကို စိတ်ထဲက လိုက်ရေတွက်နေရတဲ့လူတစ်ယောက်ရဲ့ ဒုက္ခဘယ်လောက်ကြီးလိမ့်မလဲ .... သူတို့ စာသင်ဖို့ လည်း အခက်အခဲဖြစ်လာတယ် လူတွေကိုလည်း ရှောင်ရှားလာတယ်ပေါ့ကွာ ....”

ညီညီပြောသမျှ အကြောင်းအရာတွေကို နားထောင်လိုက် အန်ကယ်ဇော်ဝင်းက သူ့ အားရှင်းပြလိုက်သော ညီညီ့ ရောဂါနှင့်ပတ်သက်သော အချက်အလက်များကို ကြားယောင်လိုက်ဖြင့် ကိုကို အတော်ကြီးတုန်လှုပ်နေမိသည်။ အချိန်မှီသာ သူ မသိခဲ့လျှင် မကုသနိုင်ခဲ့ရင် ......ညီညီ ဘဝရေတိမ်နစ်ရမည်သာဖြစ်သည်။ ညီညီသည် အလွန် သနားစရာကောင်းသော ရောဂါဝေဒနာ သည်တစ်ယောက်ဖြစ်လို့ နေသည်။ ညီညီ့ကို ဆေးသမားဟု ထင်ခဲ့မိ သည့် အတွက် ကိုကို အလွန်စိတ်မကောင်းဖြစ်နေမိသည်။ ကြောက်ရွံ့ ထိတ်လန့် နေသော ညီညီ့ကို လက်ဖက် ရေဆိုင် သို့ အတင်းခေါ်သွားခဲ့မိသည်။ ငါ မသိလို့ ပါ ညီလေးရယ် ဟု ကိုကို စိတ်ထဲမှ တောင်းပန်နေမိသည်။

“ငါဒီ အိပ်မက်ဆိုးတွေက နိုးချင်လှပါပြီ ကိုကိုရာ ...။ ငါ ပင်ပန်းလှပြီ .... ငါကျောင်းပြန်တက်ချင်လိုက်တာ .....။ သူ ငယ်ချင်းတွေနဲ့ အတူ သာမန်လူတစ်တွေလို နေချင်လိုက်တာ....။ ဒီမှာကြည့်စမ်း ငါ့လက်တွေ .... ရေတွေဆပ်ပြာ
တွေစားထားတာလေ။ ခဏခဏ မင်းမေးနေတာလေ ....။ ငါခြေထောက်နဲ့  တံခါးတွေကို ဖွင့်ဖို့ ပိတ်ဖို့ ကြိုးစား တာအဲဒါကြောင့် ပါကွာ။ ဒါပေမယ့် ကိုကိုရယ် မထူးပါဘူးကွာ။ ငါရပ်လို့ မရဘူး .... တစ်နေ့ လုံး လက်ဆေးလိုက် ဒီပြန့် ကျဲနေတာ တွေလိုက်စီလိုက် ညညဆို လည်း တံခါးတွေ မီးခလုပ်တွေထစစ်လိုက် နဲ့  ....မင်း သိလား ... ငါ တစ်နေ့ ကို အခါ တစ်ရာကျော်တယ် .... လက်ဆေးတာ အခါတစ်ရာကျော်တယ် ကိုကိုရဲ့  ...... ဒါပေ မယ့်ကွာ ငါ့လက်တွေ က သန့် မလာပါဘူး ....။ ငါ မကြောက်ဘဲ မတွေးဘဲ သူတို့ အသံတွေ မကြားရဘဲ နေရတဲ့ အချိန်လေးက တစ်နေ့ မှာ နည်းနည်းလေးပဲရှိတယ် ..... ဟင်း ...စိတ်ညစ်လိုက်တာကွာ .....စိတ်ဆင်းရဲဖို့ ကောင်း လိုက်တာ......”

ညီညီ့၏ စကားတွေကြောင့် ကိုကို ညီညီ့ကို သနားခြင်းကြီးစွာဖြစ်မိသည်။ လူမှန်းသူမှန်း မသိအောင်ဖြစ် နေတာ လည်း မဟုတ်။ သူ ကိုယ်တိုင်သိနေရဲ့ သားနဲ့  ထိတ်လန့် ကြောက်ရွံ့ စွာ မက်နေရသော အိပ်မက်ဆိုးတွေသည် အဘယ်မျှ သူ့ ကိုပန်းဆင်းရဲ စေလိုက်မလဲ။

“ဒီရောဂါကို Obsessive Compulsive Disorder လို့ ခေါ်တယ် သူတို့ တွေးနေတဲ့ သူတို့ ကြားနေတဲ့ အရာ တွေ ဟာ Obsession ပေါ့။ မလုပ်ဘဲ မနေနိုင်လောက်အောင် သူ့ ကိုတိုက်တွန်းနေတဲ့ တွေးတွေပေါ့ ... အဲတာ တွေ ရဲ့ တိုက် တွန်းမှုကို ထလုပ်တာကို Compulsion လို့ ခေါ်တယ် ... စိတ်ရောဂါတစ်မျိုးပေါ့ကွာ အမေရိကား မှာ လူ ငယ်လေး ယောက်မှာ တစ်ယောက် ဖြစ်နေတယ်လို့  ပြောကြတယ်။ ဆိုလိုတာကကွာ ပြင်းထန်မှု ဆိုးရွားမှု ခြင်း တော့ မတူဘူးပေါ့ ...။ နည်းနည်းပေါ့တဲ့သူ နည်းနည်းဆိုးတဲ့သူရယ်တော့ကွာတာပေါ့။ သူ တို့ နိုင်ငံမှာ လူ ငယ် တော်တော်များမျးဟာ ဒီရောဂါကို ခံစားနေကြရတယ်။.... လူပျို အပျိုဖော်ဝင်စအချိန်တွေမှာ အဖြစ်များ တယ်ကွ အသက်ကြီးတဲ့လူတွေမှာလည်း ဖြစ်တာပေါ့ကွာ။ တစ်ချို့ ကမ္ဘာကျော် နာမည်ကြီးပုဂ္ဂိုလ်တွေတောင် ဒီလို ရောဂါမျိုးရှိ တယ်လို့ ပြောသံတွေကြားရတယ်..... ကုသလို့ ရပါတယ် ....မင်းတအားကြီးတော့ စိတ်မပူနဲ့ ။ င့ါ မိတ်ဆွေ (Psychiatrist) စိတ်ကျန်းမာရေး အထူးကုဆရာဝန်တစ်ယောက်ရှိတယ်။ သူ့ ကို ငါအကျိုး အ ကြောင်း ပြောပြ ထားမယ်လေ ဟုတ်လား။ မင်းက ညီညီ့ကို သေချာစောင့်ကြည့်ပြီး ဆရာဝန်ပြဖို့  စည်းရုံးထား။ နားဝင် အောင် ချော့ပြီးပြောထား ။ မင်းကလည်း စိတ်ရှည်မှဖြစ်မယ်။ အခြေအနေထူးခြားတာရှိရင် ငါ့ဆီချက်ချင်းဖုန်း ဆက် ....။ Depression သိပ်ဆိုးလာရင်တော့ Suicide လုပ်တာ ဘာညာဖြစ်မှာတော့ စိုးရတယ်။ မင်းရှိနေလို့  တော်သေးတယ်။ သူ့ ကို တစ်ယောက်တည်း မထားနဲ့  .... သတိထားပေါ့ ။ ငါ ညနေ အပြန် အိမ်ဝင်ခဲ့မယ် ဟုတ်ပြီ လား .... အေးကွာ င့ါတူလေး ကံဆိုးပါတယ်ကွာ ..... ”

ညီညီ စကားပြောရင်းက အိပ်ပျော်သွားသည်။ ပြာလဲ့လဲ့ဖြစ်နေသော ညီညီမျက်နှာလေး ပြန်သွေးရောင်သန်း လာသည်။ မျက်တွင်းလေးတွေ ချိုင့်နေသော ညီညီ့ကို ကြည့်ပြီး ကိုကို မျက်ရည်ကျရပါသည်။ ကုလို့ ရလို့ တော် သေးတာ ပေါ့ညီညီရယ်ဟု စိတ်ထဲရေရွတ်လိုက်မိသည်။ ညီညီ့ရဲ့ စိတ်ကျရောဂါဟာ Suicide လုပ်ရလောက် အောင် ပြင်းထန်ဆိုးဝါးနေမနေ တော့ ကိုကို မသိပေ။ သို့ သော် ညီညီ့ ခံစားမှုတွေသည် အလွန်တရာ ပြင်းထန် နာကျင်နေပြီဆိုတာကိုတော့ ကိုကို ခံစားသိရှိ နေမိသည်။ ချစ်လှစွာသော ညီငယ်လေး နားမှ သူ ထွက်သွား၍ မဖြစ်တော့ .... ။

ညီညာသော ပြန့် ကျဲ မှုတွေကြားက ညီညီ .... သန့် ရှင်းနေတဲ့ ညစ်ထေးမှုများကြားက ညီညီ ... လုံခြုံပေမယ့် စိတ် မချမှုများနဲ့ ညီညီ .... ညီညီ ရယ်။ ..... နိုးနေရက် နဲ့  မက်နေရတဲ့ အိပ်မက်ဆိုးတွေကနေ တပည့်တော်ရဲ့ ညီ လေး လွန်မြောက်ပါစေဘုရား ...... ညီလေးရဲ့ နာကျင်မှုတွေလျော့ပါးပါစေတော့ ..... ဝဋ်ကြွေးတွေ ရှိခဲ့ရင် လည်း ကြေ ပါစေတော့ ..... ညီညီ ..... ကံဆိုး လိုက်တဲ့ ညီလေးရယ် .....။ ကိုကို အိပ်ပျော်နေသော ညီညီ့ မျက်နှာကို ကြည့် ရင်း မျက်ရည်တွေကြားက တိုးတိုးရေ ရွတ်နေမိသည်။ အခု အိပ်ပျော်နေတဲ့ အချိန်မှာတော့ ဘာအိပ်မက်ဆိုးမှ မမက်ဘဲ အေးအေးချမ်းချမ်း အိပ်ပျော် နိုင်ပါစေ .... ညီညီရာ....။

**************

ဒီဇာတ်သိမ်းပိုင်းလေးကို ပြင်ဆင်ရတာတွေ နည်းနည်းများနေလို့  စောင့်မျှော်ခဲ့ရတဲ့ စာဖတ်သူမောင်နှမများ ကို အနူးညွတ် တောင်းပန်ပါတယ်ခင်ဗျာ ..... သုံးပိုင်းပိုင်းဖို့ ရည်ရွယ်ထားပေမယ့် စာဖတ်သူတွေ ကို အားနာလို့  တစ်ခါတည်း ဇာတ်သိမ်းလိုက်ပါတယ် .....။ စာရှည်သွားလို့ ထပ်ပြီးအားနာမိပါတယ်။ ကျေးဇူးတင်ပါတယ် ..... :D

စာဖတ်လည်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ ....
ရန်ကုန်သား

30 comments:

Chitpalonelay said...

အဲ့ စာလုပ်နေလို့ နောက်ကျသွားတယ်မှတ်တာ တစ်ဟ အဟိ ယူလိုက်ဦးမယ်။ ဖတ်တာ တဝက်ရောက်မှ သတိယတယ် အဟိ
ခင်မင်လျှက်
ညီမလေး ပါးလုံး

Chitpalonelay said...

ဟယ် ဒါဗဟုသုတပဲနော် ဖတ်နေရင်းနဲ့ ညီညီ့လိုပဲ ထိုင်မရထမရဖြစ်နေတာဗျို့။ ရင်ကိုတထိတ်ထိတ်နဲ့ ဘာတွေဖြစ်ကုန်ပီလည်းပေါ့ ဒီလိုဒီပရက်ရှင်ဝင်တာ အဲ့လောက်ကြောက်ဖို့ကောင်းလိမ့်မယ် မထင်ဘူးဗျ။
ဟူးးးးးးးးးးးးး သတိထားမှ။ ကျေးဇူးဗျို့။ မြန်မြန်တင်ပေးလို့ မတင်ပေးရင်လည်း အိမ်မီးနဲ့လာရှို့မလို့ အဟိ အဲ့လို မိုက်တာ။
ခင်မင်လေးစား အားကျလျှက်
ညီမလေး ပါးလုံး

Chitpalonelay said...

ပြန်ပီ တာ့တာ မပြန်ခင် တတိယ ပါယူသွားတယ်။ အခုရင်ထဲမှာ တခုခုဖြစ်ခဲ့တယ်။ ကုလို့ရသွားလား ဘယ်လိုလည်းနဲ့ ဟူးးးးးးးးးးးးးးးးးးးးးးးးးးးး။ ဘာမှမဖြစ်ပါစေနဲ့ညီရယ် အဟိ
ခင်မင်လျှက်
ညီမလေး ပါးလုံး

momiji said...

တော်သေးတယ်..ကိုကို အချိန်မီသိသွားလို့..

ဖတ်ရင်းနဲ့ မျောသွားတာ..

စာရေးသိပ်တော်တာပဲ

Angel Shaper said...

ညီညီ ပြန်ကောင်းသွားတယ်မို့လား ဟင်။
ရကောက်လာပြောဦး။
ဖတ်လို့ကောင်းလိုက်တာဟယ်။

အိပ်မက်ခြေရာ said...

အားးး ဇာတ်လမ်းကဖတ်ရင်းဖတ်ရင်းဘာဖြစ်မလဲ ဘာဖြစ်မလဲနဲ့ ဇာတ်သိမ်းပိုင်းပြီးတော့မှ ဟ ဘယ်လိုမျိုးလဲဟ ဆိုပြီးသိချင်လာပြန်ရော အရင်က လင့်မယူလိုက်မိဘူး ယူလိုက်တယ်ထင်တာ ပထမပိုင်းပြန်ဖတ်လိုက်ဦးမယ်ဗျာ နော့း)

ဧပရယ်လ်ပူး@ပူးတေ said...

ရန်ကုန်သားရယ် ဖတ်ပြီးတော်တော်စိတ်မကောင်းဖြစ်ရတယ်။ ရန်ကုန်မှာ အဲဒီလိုမျိုးရောဂါကို တကယ်နားလည်တဲ့ ဆရာဝန်မျိုးရှိလားဟင်။ တို့အစ်ကို တယောက်ကို ပြချင်တယ်။ ဟုတ်မဟုတ်တော့ မသေချာဘူးလေ။ ဒါပေမယ့် ရောဂါလက္ခဏာတော်တော်များများ တူတယ်။ ဆရာဝန်သိရင်ပြောပြပေးလို့ရမလား။ ခုလဲ သူတို့ ဆရာဝန်နဲ့ ပြနေကြပါတယ်။

ရွက်လွင့်ခြင်း said...

စိတ်ဝင်စားဖို့  ကောင်းအောင်ရေးတက်ပါ့
ဆေးပညာ အသိလည်း ရသွားပါတယ်ဗျာ
အဲလိုမျိုးလေးတွေကို စောင့်နေမယ်
း)

hmwe said...

Depression Depression ကြောက်ဖို့ ကောင်းတယ်နော်
တယောက်ထဲနေရင်ပိုဆိုးတယ်

Depression ဝင်ချင်တယ်ထင်ရင်
သူငယ်ချင်းတွေကို ခေါ် လျှောက်သွား စိတ်ညစ်တာတွေ ပြောလိုက်ရင် နည်းနည်းသက်သာမယ်။

မဆုမွန် said...

စာလေးကိုဖတ်ပြီး စိတ်မကောင်းလိုက်တာ..တစ်ယောက်တည်း နေတာ ကြာတဲ့သူတွေမှာ ဖြစ်တတ်တဲ့ စိတ်လဲဖြစ်နိုင်တယ် အရာရာကို စိတ်မချတာလေ...
ပြန်ကောင်းတယ် ဟုတ်လား

စိမ်း... said...

အောင်မလေး ဒုက္ခပါပဲ ဖတ်ရင်း ဖတ်ရင်းနဲ့ အရှိန်မထိန်းနိုင်ဘူး... အဆုံးထိပါသွားတယ်... နောက်ကျကုန်ပါပြီ... သွားတော့မယ် သိလား

rose of sharon said...

လာဖတ်သွားတယ်.... စိတ်မကောင်းစွာနဲ့

ကြယ်ကလေးချစ်သူ said...

နေ့ တိုင်းလာစောင့်ဖတ်တယ် သိလား ၊
တော်သေးတာပေါ့ ၊ ၃ပိုင်းမခွဲလိုက်လို့ ။

ကာရံဆူး said...

အယ် စာဖတ်နေတုန်း ကြည့်တော့ ကွန်မန့် က ၇ရောက်နေပြီ..စာလဲ ဖတ်ပြီးရော ၁၄ ဖြစ်သွားတယ်... အဲ့လို ရောဂါမျိုးတွေ ဖြစ်တတ်တာ ခုမှ သိရတယ်... အော် စိတ်ဓါတ်က လူတွေမှာ တော်တော် အရေးကြီးတာပဲနော်...ကျေးဇူးပါ... ဗဟုသုတတွေ အများကြီးရသွားပြီ...အဲ့ ကိုရန်ကုန်ကတော့ အကြွေးဆပ်သွားပြီ...ကာရံပဲ ကျန်တော့တယ်...မြန်မြန်ရေးမှ..တော်ကြာ ကိုယ့်အိမ်လာအော် နေဦးမယ်..

နှင်းဆီချစ်သူ said...

ဟူးးး တော်သေးတာပေါ့
အချိန်မှီသိလို့နော်
ပထမပိုင်းတုန်းက မအားလို့မဖတ်ဖြစ်တာ
ခုမှလာဖတ်တာ အတော်ဘဲဖြစ်သွားတယ်
စာရေးကောင်းတယ် သယ်ရင်း

poemflower said...

ကောင်းတယ်ဗျို့ ဆေးပညာဗဟုသုတရော ရသရောပေးတဲ့ပို့စ်လေးပါ ကျေးဇူး ကိုရန်ကုန်သား မြန်၂သိမ်းပေးလို့ :P

ကိုလူထွေး said...

ဒါဟာစိတ်ရောဂါတမျိုးလို့တော့ တွက်မထားမိဘူးညီရေ...

ဒီစာကလည်း ရှေ့ကပြောသွားတဲ့ ပိုစ့်တွေနဲ့ ဆက်စပ်နေတယ်နော်... မမ ဆုံးတာတို့.. မိသားစု ကွဲသွားရတာတို့...

ဒီအဖြစ်တွေ ညီ့ဘဝမှာ တကယ်ဖြစ်ခဲ့တယ်ဆိုရင် အကိုတကယ်စိတ်မကောင်းပါဘူး...

သြော်... လောကဓံ လို့ပဲ ညည်းမိတော့မလားမသိ...


အဆင်ပြေပျော်ရွှင်ပါစေကွာ
ကိုလူထွေး

အနော် said...

အရမ်းအသန့်အပြန့်ကြိုက်တဲ့သူတွေကို တွေ့ဖူးတယ်
တစ်ခုခုဆို လက်ကိုပဲ အမြဲတမ်းဆေးနေတာလေ
ဒါပေမဲ့ ဒါကို စိတ်ရောဂါတစ်မျိုးလို့တော့ သိတယ်
တကယ်ရောဂါခံစားနေရတယ်လို့တော့ မထင်မိဘူး
ဒါပေမဲ့ ဂေါက်နေတယ် ကြောင်နေတယ်ပေါ့ အဲ့လိုမျိုးပဲ ထင်မိတယ် အခုမှပဲ သိတော့တယ် သနားပါတယ်နော်
လူတစ်ကိုယ် စိတ်တစ်မျိုးလို့တော့ ကြားဖူးတယ်
စိတ်က ကျန်းမာရေးအတွက် အဓိကကျတယ်နော်
သနားပါတယ် ညီညီ့ကို စဖတ်ကတည်းက သူ့ကို သနားမိတယ် :(

daydream said...

တော်တော်ဖတ်လို့ကောင်းတယ်.. နေ့အိပ်မက်ကစိတ်ပညာနဲ့ပတ်သက်တာတွေ နကန်းတစ်လုံးမှမသိပေမဲ့ တော်တော်တော့စိတ်ဝင်စားတယ်....
တော်တော်ကြိုက်မိပါတယ်..

jeujue said...

ကျေးဇူးရှင်ရယ်၊ ကျေးဇူးကြီးပါပေ့။ ပို့စ်ကိုမျှော်ရတာ လည်ပင်းတောင် ညောင်ရေအိုးဖြစ်တော့မယ်။ ကျေးဇူးတင်ပါဧ။်။

jr.lwinoo said...

ဒီလိုစာတွေ မဂ္ဂဇင်းတစ်ခုခုမှာ ပါစေချင်တယ်။
ပို့ပါလား မောင်ငယ်ရေ။း)

သက်တန့်ချို said...

အင်းတော်သေးတာပေါ့နော်...ဘာမှမဖြစ်လို့...စာအုပ်တိုက်
တွေပို့စေချင်တယ်ဗျာ...အားလုံးရွေးကြမှာပါ...စာအရေးသားနဲ့ ကွန့်မြူးနိုင်တဲ့ ဥာဏ်က အံ့သြလောက်ပါတယ်ဗျာ....ကျေးဇူးပါနော်..ဇတ်လမ်းကောင်းလေးတစ်ခုဖတ်လိုက်ရလို့...

ဝက်ဝံလေး said...

ရန်ကုန်သားရေ အားလုံးပြောသလိုပဲ မဂ္ဂဇင်းတိုက်ပို့ပါလားဟင် အရမ်းကောင်းတာပဲ ရေးတာ

အခုကျောင်းကပြန်ရောက်တယ် ဇာတ်သိမ်းဆိုတာနဲ့ လာဖတ်တာ အရမ်းသိချင်လို့ ဒါနဲ့ ဆေးပညာအကြောင်း တော်တော်သိတယ်နော် ဆရာဝန်လားလို့ မေးထားတာ မပြောဘူးနော် ရန်ကုန်သား

ပြန်တော့မယ် ဖတ်ရတာ နဲ့ ဗိုက်တောင် ဆာလာပြီ ဘိုင်တာ့တာ

သံလွင် HeRo said...

အခုအိမ်ပြန်ရောက်မှပဲအေးအေးဆေးဆေး
လာဖတ်တယ်ဗျာ...စောင့်ရကျိုးနပ်လိုက်တာဗျာ
ဖတ်ရတာအရမ်းကိုအရသာရှိတယ်
ဗဟုသုတလည်းတိုးသလို ညီညီ့နဲ့ပတ်သက်တဲ့
အကြောင်းတွေကိုသိရတဲ့အတွက် ကျနော်တောင် သူ့လိုဖြစ်နေသလားလို့တောင်
သံသယဝင်လာပြီ။ ကိုရန်ကြီး ပြောတဲ့ရောဂါ
ရဲ့အစွယ်ပွားလေးတွေလည်း တစ်ခါတစ်လေ
ကျနော်ဖြစ်တတ်လို့ပါ...နောင်သတိထားမှပဲ
ကျေးဇူးဗျ

မယ်ကိုး said...

ပညာပေးနဲ့ ရသကို တွဲရေးထားတာ အပိုအလိုမရှိဘဲ နည်းပညာအရမ်းလှတယ်။
အားပေးလျက်ပါ။

Maydarwii said...

စိတ်ဝင်စားဖို့ကောင်းတယ်။
မယ်ကိုးပြောသလိုပဲ သုတနဲ့ ရသကို မျှအောင်ရေးထားတာ သိပ်ကောင်းပါတယ်။ သုတချည်းသက်သက်ဆို မဖတ်ချင်ဘူး ပျင်းတယ်။ ခု ... ဒီဇာတ်လမ်းလေးက အကြောင်းအရာလဲ ကောင်းတယ်၊ အရေးအသားလဲ ကောင်းတယ်။ တင်ပြပုံလဲ ကောင်းပါတယ်။
ညီညီ ဘာဆက်ဖြစ်သွားလဲ ... စာဖတ်သူတွေ ရင်ထဲ အတွေးများစွာနဲ့ ကျန်ခဲ့လေရဲ့။

reenoemann said...

အရေးအသားက ဖတ်နေတဲ့ လူကို တော်တော်
စွဲဆောင်သွားတာပဲ။
ပြင်ဆင်မှုအတွက် အချိန်ကြာသွားပင်မဲ့
စောင့်ဖတ်ရတဲ့ လူ အတွက်တော့
တကယ်ကို စောင့်ရကျိုးနပ်တယ်လို့
ပြောလို့ရပါတယ် ညီ။

နောက်ထပ်ဇာတ်လမ်း များကိုလည်း မျှော်နေပါတယ်။

ခင်တဲ့
ရီနိုမာန်

maylay said...

ဖတ်ရကောင်းလိုက်တာ သုတလည်းရတယ်။ ရသလည်းပါတယ်။ ကိုရန်ကုန်သားနော် ။ ပထမပိုင်းတည်းက ဖတ်ရတာကို တဝက်မို့လို့ မမန့်ခဲ့တာ။ ဘာဖြစ်နေတာလဲ သိချင်လို့လေ။ ရေးကောင်းချက်ကွယ် ဖတ်ရင်း စိတ်ထဲပါလိုက်သွားတာ။ အဟုတ်။ ညီ့လိုရောဂါရှင်မျိုး တွေ့ဖူးတယ်ထင်တယ်။ ကျန်းမာပျော်ရွှင်ပါစေနော်။

WWKM said...

သြော.. Depression ကိုး.. အစ်မလည်း Depression ရ
ဘူးတယ်. သူ့လောက်တော့ မဆိုးခဲ့ဘူး။ဟီးဟီး.
အစ်မ ဒီရောက်ပြီး ၈ လလောက်မှာ မထင်မှတ်ပဲ အစ်မ
ဖေဖေ ဆုံးသွားခဲ့လို့ အရမ်းခံစားရပြီး Depression ၀င်
သွားတာလေ။း))))))
ဖတ်လို့ ကောင်း၏။

မြစ်ကျိုးအင်း said...

ဖတ်ရတာ တကယ်ကိုကောင်းမွန်ပါတယ်။

ပို့စ်တိုင်းမှာ ကြိုးစားအားထုတ်မှုကိုမြင်ရတယ်.။

ဖတ်ပြီးတော့ ကျေနပ်အားရတဲ့ ခံစားချက်တခု ရတယ်။