Thursday, July 30, 2009

မမ ပေးခဲ့ တဲ့ အိပ်မက်လှလှတွေ



စိန်ပန်းပြာတွေ ကမြေမှာ အထွေးလိုက်ကြွေကျနေ၏။ ကျယ်ပြောသော လမ်း မ သည် အဖော်ကင်းလျက် ပျင်းရိ ငြီးငွေ့ ဖွယ်ရာ တိတ်ဆိတ် ခြောက် ကပ်လို့ နေသည်။ တစ်ချက်တစ်ချက် တိုက်ခတ်လာသော လေပြင်း အ ဝှေ့  တွင် စိန်ပန်းပွင့်တွေ လေမှာပျံဝဲကုန်ကြလေသည်။ နီရောင်သွေးသော စိန်ပန်းပင် တွေကြားက ထိုစိန်ပန်း ပြာပြာ တွေသည် ကောင်းကင်ပြာ ၏ အ ရိပ် အောက် တွင် လှချင်းတိုင်း လှနေကြ လေ၏။


ရှေ့ ကိုမျှော်ကြည့်ပြန်တော့ ထိုထိုသော လမ်းခွဆုံတွင် မှုန်ကုပ်ကုပ်နှင့် ထိုင် နေသော ကုက္ကုပင်အိုကို တွေ့ ရ သည်။ သူဘာများအလိုမကျ ဖြစ်နေလဲ။ ကျွန်တော်လည်း ဘာတွေ အလိုမကျ ဖြစ်နေမှန်း ကိုယ်ဟာ ကိုယ်ပင်မ သိ။ လေအတိုက် တွင်တော့ ထို ကုက္ကိုပင်အိုက ရှဲရှဲ ရှဲရှဲ အသံပေးကာ မြည်၏။ သူ ငိုနေတာ ဖြစ်မှာပါ။


သုတ်ကနဲ့ မျက်နှာကို ဖြတ်တိုက်သွားသောလေကြောင့် ဖုန်စတချို့ မျက်လုံးထဲဝင်လာသည်။ မျက်လုံးထဲ သဲဝင် တာ တကယ့်ကို အခံရခက်လေသည်ပဲ။ ဟိုးအဝေးဆီက စက်ဘီးစီးလာသည်ဟု ထင်ရသော ပုံရိပ်တစ်ခု သည် တဖြည်းဖြည်း နီးလာသည်။ ဆယ်လေ့ငါးခြောက်နှစ် အရွယ်မိန်းမငယ် တစ်ယောက်။ သူမက ကျွန်တော့ကို စက် ဘီး ပေါ်မှနေ ခေါင်းငဲ့ကြည့်သွားသည်။ ကျွန်တော့မျက်လုံးထောင့်က သူမပြုံးလိုက်တာကို ဖျတ်ကနဲ တွေ့  လိုက်ရသည်။ ကျွန် တော်ရယ်စရာကောင်းနေလို့ လား။ တစ် ယောက်တည်း လမ်းမလယ်မှာ အူကြောင်ကြောင် ရပ်နေတဲ့ လူက အနည်းဆုံးတော့ရယ်စရာကောင်းမှာပေါ့။


ကျွန်တော့ကို ရယ်တဲ့ ပြုံးတဲ့ သူတွေက ရယ်ကြပြုံးကြကုန်ပြီ မမရေ။ မမ အကြောင်းတွေးလိုက်တိုင်း ကျွန်တော့ ရင်ထဲမှာ နွေးထွေးတဲ့ ခံစားချက်လေးတစ်ခုက အမြဲ လှုပ်ရှားလာတယ်။ ပြီးတော့ ကျွန်တော့ ရင်ဘတ်ထဲ ကို ပျံ့  နှံ့ သွားတယ်။ ရင်ခုန်သံလေးကတော့ နည်းနည်းလေး မြန်လာတတ်တယ်ဗျာ။ ပြီးတော့ ကျွန်တော်တစ် ယောက် တည်းပြုံးမိတာပဲ။


ခုတော့ အဲဒီနွေးထွေးမှုလေးက အားပျော့သွားလို့ လာမသိဘူး မမရယ်။ ကျွန်တော့ ရင်ခုန်သံတွေက မြန်တစ် ချက်နှေးတစ်ချက်နဲ့ စည်းဝါးမကိုက်တော့ဘူးဗျာ။ မကြာခင် အဲဒီရင်ခုံသံတွေတိတ်ဆိတ်သွားမှာ ကျွန်တော်ဖြင့် တွေးပူနေမိတယ်။ ဒါဆိုကျွန်တော် သေသွားမှာပေါ့နော်။ အင့်ဟင်း မမ။ ကျွန်တော်မသေချင်သေးဘူး။ ကျွန် တော်မမကို သိပ်ချစ်တာ။ ကျွန်တော့နှလုံးသားက မမနဲ့ အတူ ရှင်သန်ပျော်မွေ့ နေတာပါဗျာ။


မနေ့ က ကျွန်တော် နှင်းဆီဝိုင်သောက်ဖြစ်သေးတယ်ဗျာ။ နှင်းဆီဝိုင်ကို မမနဲ့ တူတူ ကျွန်တော် သောက်တုန်း က နှင်းဆီနံ့ သင်းသင်း နဲ့ လည်ချောင်းထဲစီးဝင် သွားတာ များ တစ်ကိုယ်လုံးတောင် ရှိန်းကနဲ့ ပူသွားသလိုပဲ။ လျှာပေါ်က အရသာလေးက လေ နှင်းဆီဖတ်ကလေးတွေကို ဝါးနေရသလို ပဲ။ ဒါပေမယ့် မနေ့ က ကျွန်တော် သောက်တဲ့ နှင်းဆီဝိုင်ကလေ နှင်းဆီနံ့ လည်းမသင်းဘူး။ မျိုချလိုက်တော့လည်း စူးရှရှနဲ့ ။ လျှာပေါ်မှာလည်း ခါးသက်သက်နဲ့ မမရယ်။ဝိုင်ပုလင်းကုန်သွားတော့ လည်း မမပြောသလို အဲဒီပုလင်းကို စားပွဲအောက်ကို မချဖြစ်ခဲ့ဘူး။


“ ဝိုင်ပုလင်းက သောက်လို့  ကုန်သွားရင် အောက်ချရတယ်။ ဘာလို့ လဲဆိုတော့ ဝိုင်က ပေးတဲ့ အရသာကို တို့ တွေခံစားပြီးပြီ။ ဒီပုလင်း အခွံက အဲဒီအရသာတွေကို ဘာမှမပေးနိုင်တော့ဘူးလေ။ ပြီးတော့ သူက မမ တို့ စားပွဲပေါ်မှာ ပိုနေတယ်။ အသုံးလည်းမဝင်ဘူး။ ဒီတော့ စားပွဲအောက်ချထားလိုက်တာပိုကောင်းတယ်။”


အဲဒီတုန်းက ကျွန်တော် ဝိုင်ပုလင်းကိုအောက်ချထားလိုက်တယ်။ မမပြောတဲ့ အတိုင်းလေ။ ဒါမေမယ့် မမ ပြောတာကို လက်ခံလို့ တော့မဟုတ်ဘူး။ ကျွန်တော်က အဲလို ရှာကြံတွေးတာတွေကိုမကြိုက်တာ မမသိသားပဲ။ မမ နဲ့ ကျွန်တော့ကြားမှာ ဘာမှ ရှိမနေစေချင်လို့ ဝိုင်ပုလင်းကို ကျွန်တော်အောက်ချထားလိုက်တာ။ မနေ့ က တော့ အဲ ဒီဝိုင်ပုလင်းလေးက ကျွန်တော့်ကို အဖော်လုပ်ပေးနေတာ မမရဲ့ ။ ဘယ်လိုလုပ်ပြီးကျွန်တော် စားပွဲ အောက်ကို ချရက်ပါ့မလဲလေ။


နှင်းဆီနံ့ ကို ကျွန်တော်ချစ်သွားတာဘယ်နေ့ လဲ သိလားမမ။ ပွင့်ဖတ်တွေကြီးတဲ့ နီစွေးစွေး နှင်းဆီပွင့်ကြီး တစ်ပွင့်မမကို လက်ဆောင်ပေးတုန်းကပေါ့။ ကျွန်တော် အဲဒီနေ့ ကမမ ကိုစကားပြောတာတွေ ကပေါက်တိ ကပေါက်ချာဖြစ်နေတာ မမသိရဲ့ လား။ ကျွန်တော်အာခေါင်တွေလည်းခြောက်နေတယ်။ လက်ဖျားတွေဆို လက်အိတ်တွေ စွပ်ထားတဲ့ ကြားက အေးစက်လွန်းလို့ ထိမှန်းတောင်မသိတော့ဘူး။ ပြီးတော့ ကျွန်တော့ ရင် တွေအရမ်းကိုခုန်နေတာဗျ။


ကျွန်တော်က မမကိုမေးတယ်လေ။ ပန်းအနီတစ်ပွင့်တည်းပေးတာ ဘာအဓိပ္ပါယ်လဲဆိုတာ။ မမ ဘာလို့ မဖြေ တာလဲဟင်။ မမသိရဲ့ သားနဲ့ ဗျာ။ ဒါပေမယ့် မမက ကျွန် တော်ပေးတဲ့ နှင်းဆီပန်းလေးကို မျက်တောင်လေးစင်း ပြီးနမ်းလိုက်တယ်လေ။ မမရယ် ကျွန်တော်အလှဆုံးဆိုပြီး ရွေးဝယ်လာတဲ့ အဲဒီနှင်းဆီပန်းဟာ မမရှေ့ မှာတော့ နေရှေ့ ရောက်တဲ့ လလိုပါပဲလား။ အရောင်တွေမှိန်သွားလိုက်တာ။ ကျွန်တော့ ရင်ထဲမှာတော့ လှိုက်ကနဲကို နွေး သွားတာပဲ မမ ရာ။


မမ ကျွန်တော့ကိုသတိရနေလားဗျာ။ ကျွန်တော် မမကို အိပ်မက်ထဲမှာနေ့ တိုင်းလို ပဲတွေ့ တွေ့ နေရတယ်။ မမ များနေမကောင်းလို့ လား။ မမပြောတယ်လေ ကျွန်တော်က မေးတော့။


“ မမ…..လူတစ်ယောက် က တခြားတစ်ယောက်ယောက်ကို အိပ်မက် မက်တာဘာလို့ လဲဟင်….။”


“ အဲဒီလူကမင်းကို သတိရနေလို့ ပေါ့…… ”


ကျွန်တော်က ပြုံးပြီး ကျွန်တော်မမကို ညက အိပ်မက်မက် တဲ့ အကြောင်းပြောတော့ မမ ဘာလို့ စကားပြန်မ ပြောဘဲပြုံးနေရတာလဲ။ မမ ကျွန်တော့်ကို အမြဲသတိ ရနေလို့ လားဟင်။ ကျွန်တော် မေးလည်း မမ ဖြေမှာမ ဟုတ်ပါဘူးလေ။ မမ မဖြေပေမယ့်ကျွန်တော်ဖြည့်တွေး လိုက်တယ်။ မမ ကျွန်တော့ကို သတိရနေတယ်လို့ လေ။


ကျွန်တော်တို့ ပန်းခြံကြီးထဲမှာ ဓါတ်ပုံတူတူ ရိုက်တဲ့ နေ့ ကို မမပြန်သတိရမှာလား။ ကျွန်တော်ကတော့ အသေး စိတ်ကိုမှတ်မိနေသေးတယ်ဗျာ။ ပန်းခြံထဲမှာ ကျွန်တော် တို့ ရှေ့ ကဖြတ်သွားတဲ့ လူတစ်ယောက်ကို ဓါတ်ပုံရိုက် ဖို့ အကူအညီတောင်းတယ်လေ။ ဓါတ်ပုံရိုက်တော့ ကျွန်တော်ကလည်း မမနားကို မကပ်ရဲ၊ မမကလည်း ကျွန် တော်နားကို မကပ်ဘဲနဲ့ ပေကပ်ကပ်လုပ်နေတာ။ ကျွန်တော်ဖြင့် အသည်းတွေတောင် ယားတယ်။ တကယ် ပဲ ဗျာ။ မမ လက်ကို ကိုင်ဖို့ တော့ဝေးရော။ အဲဒါနဲ့ ပဲ ဘောင်းဘီအိပ်ကပ်ထဲ အသာထည့်လိုက်ရတယ်။ မမ က ကျွန်တော့ကို ကြည့်ပြီး ပြုံးလို့ ။ကျွန်တော် မမ ရှေ့ မှာ အဲလို အနေရခက်နေရင် မမဘာလို့ ပြုံးတာလဲဟင်။


မမ .. ကျွန်တော်တို့ အဲဒီနေ့ ကရိုက်ထားတဲ့ ဓါတ်ပုံ ကျွန်တော့်အိပ်ယာဘေးမှာ အမြဲထားတယ်။ မမ က နေ ကာမျက်မှန်အကြီးကြီးကို အကျီ င်္မှာချိတ်လို့ ။ မျက်နှာက ပြုံးနေတာပဲ။ မမ မျက်လုံးတွေကတော့ နည်းနည်း ရှက်နေသလိုပဲ။ ကျွန်တော့ကို ဓါတ်ပုံရိုက်ရင် ပြုံးတတ်အောင်သင်ပေးတဲ့ မမကို ကျွန်တော် ဘယ်လိုလုပ်မေ့ နိုင်မှာ လဲလေ။ ကျွန်တော့ တစ်သက်လုံး မှုန်ကုပ်ကုပ်ဖြစ်နေတဲ့ မျက်နှာ က မမကြောင့် ပြုံးရယ်တတ်လာ ရတာပါဗျာ။


ဟိုး..မျှော်စင်ပေါ်ကဆင်းလာတော့… မမက ရေငတ်လို့ အအေးသောက်ချင်တယ်။ ကျွန်တော်က မျှော်စင် အောက်ကဆိုင်မှာ အအေးဝယ်ရင်း ပိုက်ဆံအန်းတာကြာနေ လို့ မမ စိတ်မရှည်တာလေ။ ကလေးလေး ကျနေ တာပဲ။ ဒါပေမယ့် ကျွန်တော့မျက်လုံးထဲမတော့ သိပ်ကြည့်လို့ ကောင်းတယ်ဗျာ။ အအေးကို သောက်တာ ကျွန် တော့် ကိုတောင် တိုက်ဖော်မရဘူး။ မမ အအေး သောက်နေတဲ့ ပုံကလေ အရမ်းချစ်ဖို့ ကောင်းတယ်သိလား။


တစ်ချိန်လုံး မမဘေးမှာ စကားတွေပြောနေတဲ့ ကျွန်တော့်ကို မမ သတိမှရပါ့မလား။ အနည်းဆုံးတော့ မမပျင်း တဲ့ အခါပေါ့။ ကျွန်တော်က ပုံပြောကောင်းတယ်လို့ မမပြောတယ်လေ။ မမ ကပုံပြင်နားထောင်တာ သဘော ကျတော့ ကျွန်တော်ကလည်း ပုံအပြောကောင်းရ တော့တာပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်ပုံပြောပြီးရင် မေးတဲ့  မမရဲ့ မေးခွန်းတွေကတော့ ကျွန်တော် ခေါင်းပူအောင်အမြဲစဉ်းစားရတယ်။ ကျွန်တော်အဲလို စဉ်းစားရကြပ် ရင် မမက ကျွန်တော့ကို ပြုံးပြီးကြည့်နေပြန်ရော။ မမ….အဲ လိုကြည့်ကြည့်ပြီးမပြုံးစမ်းပါနဲ့ ဗျာ။ အနေရခက် လွန်း လို့ ပါ။ မမရဲ့ အဲဒီပြုံးနေတဲ့ နှုတ်ခမ်းတွေကို ကျွန်တော် စိတ်ကူးနဲ့ နမ်းမိတာ ဘယ်နှစ်ခါမှန်းတောင်မသိဘူးဗျ။ မမ သိရင်စိတ်များဆိုးမလား မသိဘူးနော်။


တကယ်တော့ မမနဲ့ ကျွန်တော်က အဲဒီအချိန်တွေကတည်းက အရာအားလုံးဆန့် ကျင်ဘက်တွေချည်းပဲ။ ပြီး တော့ ကျွန်တော် ကအဖြူဆို မမက နည်းနည်းလေးတော့ ဝါလိုက်ရမှ။ ကျွန်တော်က ကော်ဖီဆို နို့ ဆီနဲ့ သ ကြားနဲ့ မှ၊ မမက ကော်ဖီဆို သကြားနဲနဲမှ ပါတာမကြိုက်ဘူး။ မမ ကလည်းနော် ဘာလို့ များ ဒီသကြားမပါတဲ့  ကော်ဖီ ထဲ သံပုရာသီး ညှစ်သောက်ရတာကိုကြိုက်ရတာလဲ။ ကျွန်တော်ဖြင့်အဲလို အရသာကြီး မကြိုက်ပါဘူး။


ခါးသက်တဲ့ အရသာကို ကျွန်တော်သိပ်မုန်းတယ်။ မမ နဲ့ အတူရှိနေတဲ့ အချိန်တွေမှာ ကျွန်တော့ အတွက် အရာ တိုင်းက ချိုမြိန်နေတယ်။ မမ ကဘာလို့ အစိမ်းရောင်ကို ကြိုက်ရတာလဲ။ ကျွန်တော်တော့ အစိမ်းရောင်ကို လုံးဝ ကိုမကြိုက်တာ။ ဒါပေမယ့် မမ အစိမ်းရောင်ဝတ်လာတဲ့ နေ့  မှာ အပင်စိမ်းစိမ်းတွေနဲ့ အတူ အပြိုင်လှနေပြန်တာ ပဲလေ။ မမ နဲ့ တွေ့ မှအစိမ်းရောင်ရဲ့ သာယာအေးမြမှုကို ကျွန်တော်ခံစားတတ်လာတယ်။


သီချင်းတွေနားထောင်တော့လည်း ဘာထူးလဲဗျာ။ မမက သီချင်းအဟောင်းတွေ ဆိုပြန်နားမထောင်ချင်ဘူး။ ကျွန်တော်က တော့သီချင်းတွေဟာ ဟောင်းပေမယ့်ကိုယ်နဲ့ များတိုက်ဆိုင်ရင်၊ကိုယ်ကြိုက်ရင်ပေါ့ဗျာ ဘယ်နှစ် ခါပဲဖြစ်ဖြစ် ပြန်နားထောင်ဖြစ်တာပဲ။ အသစ်တွေ ဘယ်လိုပဲကောင်းကောင်း အဟောင်းတွေကတော့တလည် လည် ပေါ့ဗျာ။


မမ ကျွန်တော့်ကို ပေးနားထောင်တဲ့ သီချင်းလေးတစ်ပုဒ်ကိုမှတ်မိလား။ ကျွန်တော်နဲ့ မမ နားကြပ် တစ်ယောက် တစ်ဖက် တတ်ပြီးနားထောင်ခဲ့ တာလေ။ “ငါ့ ကို မနှုတ်ဆက် ပါနဲ့ ” ဆိုတာလေ။ သီချင်းနား ထောင် ရင်း မမ ကိုကျွန်တော်စောင်းငဲ့ကြည့်တော့ မမ ကကျွန်တော့်ကို ဘာလို့ ရီ ဝေဝေနဲ့ ကြည့်ပြီး ပြုံးနေ ရ တာလဲ။ ကျွန် တော် မမ မျက်လုံးထဲက အကြည့်တွေကိုလေ ချစ်လိုက်တာဗျာ။ ကျွန်တော့်ကို ကြင်ကြင်နာနာနဲ့ ကြည့်နေတဲ့  ချစ်ရည်ရွှန်းတဲ့ မျက်ဝန်းတွေကိုပေါ့။


မမ ကျွန်တော့်ကို စိတ်ကောက်ဖူးတယ်နော်။ ကျွန်တော်လေ မမစိတ်ဆိုးပြီး ကျွန်တော့ကို တစ်ချက်ကလေး တောင်လှည့်မကြည့်ဘဲ ထွက်သွားတော့ ကျွန်တော့် ရင်ထဲ မှာ ပူပူဆာဆာကြီးကို ခံစားလိုက်ရတာဗျ။ ကျွန် တော် မမနောက်ကိုလည်း မလိုက်ရဲဘူး။ မမ ရဲ့ ကျောပြင်ကို ကြည့်ပြီး ကျွန်တော်ဖြင့် စိတ်ထဲလည်း မကောင်း၊ မမ ကို စိတ်ဆိုးအောင်လုပ်ခဲ့မိတဲ့ အတွက် ကိုယ့်ကိုကိုယ်လည်းသတ်ချင်လောက်အောင် မုန်းတီးမိတယ်။ ရင်ထဲ မှာလဲဟာလို့ ။ ကျွန်တော့ တစ်ကိုယ်လုံး မီးတွေလောင်နေ သ လိုပဲ ဗျာသိလားမမ။ ပူလိုက်တဲ့ ရင်။ မမ များ ကျွန်တော့ နားမှာမရှိရင် ဆိုတဲ့မေးခွန်းကို ကျွန်တော့် ကိုယ်ကျွန်တော် ထပ်မေးစရာမလိုတော့ပါဘူး။ ကျွန်တော် သေများ သေသွားမလားပဲဗျာ။


မမ ကလေ ကျွန်တော်ချစ်အောင်သိပ်နေတတ်တာ။ တကယ်တန်း ကျတော့ စိတ်ကောက်နေတဲ့ မမကို ကျွန် တော်မချော့တတ်ဘူးနော်။ နှစ်ယောက်သားတွေ့ တော့လည်း ကျွန်တော်က မမကို စကားတောင်မပြောရဲဘူး။ မမ ကတော့ ပြုံးနေနိုင်တယ်နော်။ ကျွန်တော့မျက်နှာ ငယ်ငယ်လေးကို ကြည့်ပြီး “ အပြစ်လုပ်တာက မင်းလေ၊ မမ မှမဟုတ်တာ၊ မမကို ဘာလို့ စကားမပြောတာလဲ….” ပြောတော့ မမ အသံတွေက ကျွန်တော့်ရင်က အပူမီး တွေကို ဟုတ်ကနဲ ငြိမ်းသွားလောက်အောင် အေးမြချိုသာနေတာပါပဲ မမရယ်။


မမ ကိုကျေးဇူးတင်လိုက်တာ။ မမ ကျွန်တော့အကြောင်းကို ကောင်းကောင်းသိတာပဲနော်။ မမ အိတ်ထဲက ပန်း သီးစိမ်းလေးကို ထုတ်ပြီး မမကိုယ်တိုင် လှီးပေးတော့ ကျွန်တော်ဖြင့်ပျော်လိုက်တာ။ “ဘယ်လို ကောင်လေးလဲ မသိဘူး။ စိတ်တော့ဆိုးအောင် လုပ်တတ်တယ်။ စိတ်ဆိုးပြေအောင် မချော့တဲ့ အပြင် မမက ပန်းသီးတောင် လှီး ကျွေးလိုက်ရသေးတယ်…” ဟုတ်ပါတယ်လေ။ မမစိတ်ဆိုးရင် ကျွန်တော် တကယ်မချော့တတ်တာဗျ။ မမ ကျွေး တဲ့ ပန်းသီးလေးလေ သိပ်ချိုတာပဲ။ မမ မျက်နှာက ပိုလို့ တောင်ချိုသေတယ်။ ကျွန်တော်လေ အဲဒီပန်းသီးလေး ကို မမလှီးမကျွေးပဲ ဒီအတိုင်းပေးရင် မစားရက်ပဲ သိမ်းထားဖြစ်မှာ အသေချာပဲ။ အဲဒီနေ့ က ကောင်ကင်ကြီး က လည်းချို၊ သစ်ပင်တွေကလည်း ချို ၊ ဟော ကန်ရေပြင်ကြီးကလည်းချို အကုန်လုံးကို ချိုနေခဲ့တာပါပဲဗျာ။


မမ ခရီလေး သုံးလေးညသွားတာတောင် ကျွန်တော်ဖြင့် လွမ်းလွန်းလို့ နေလို့ လည်းမထိ၊ ထိုင်လို့ လဲမသာ နဲ့ ။နေရခက်လိုက်တာ။ အဲဒီနေ့ ရက်တွေများ ကောင်ကင် ကြီးကလည်း ညိုလို့ ၊ ပန်းတွေကလည်း နွမ်းလို့ ၊ ကျွန် တော် စိတ်ထဲမှာလည်း မမ ကိုလွမ်းလို့ ရင်ခုန်သံတွေတောင် အားပျော့လာတယ်ဗျာ။ မမ ကိုကျွန်တော် အဲဒီ လောက်ထိချစ်တာ။ ခုတော့လည်းမမရယ် မျှော်လင့်ချက်တွေကင်းမဲ့တဲ့  မမ မရှိတဲ့ ကျွန်တော့ဘဝကြီးမှာ နေလို့ လဲမပျော်တော့ပါဘူး။


ကျွန်တော့်ကို နှုတ်ဆက်ပြီးထွက်သွားတဲ့ နေ က မမ မျက်လုံးတွေထဲမှာ အလွမ်းရိပ်ကလေး တစ်စွန်းတစ်စ များ တွေ့ မလားလို့ ကျွန်တော်ရှာကြည့်သေးတယ်။ မမ က အဲဒီအချိန်ထိ ပြုံးနေနိုင်သေးတယ်နော်။ ဟောဟို အပင် တန်းက ငိုနေသံတွေကို မမကြားလား။ ဟိုမှာကြည့်စမ်းပါ ကုက္ကိုပင်အိုကြီးကို။ သူတို့ မမကို လွမ်းနေကြတာ။ သိကျွမ်း ခင်မင်ဖို့ လွယ်ကူသလောက်၊ လမ်းခွဲထွက်ခွါဖို့ ခက်တယ်ဆိုတာကျွန်တော်သိပါတယ်လေ။ ဒါပေမယ့် မမ ကျွန်တော့် ကိုခွဲသွားတော့ ကျွန်တော်ထင်တာထက် ပိုခက်နေတယ်ဗျာ။


ပြန်ဆုံဖို့ မသေချာမရေရာတဲ့ အခြေအနေတစ်ခုမှာ ကျွန်တော်မမ ကိုဘယ်လိုစောင့်နေရမှာလဲဗျာ။ ကျွန်တော်တို့ တကယ် ပြန်ဆုံကြမှာလား။ မမ ကကော ကျွန်တော့ကို အတူရှိနေခဲ့တဲ့ အချိန်တွေမှာလို ကြင်နာနေဦးမှာလား။ ကျွန်တော့်ကို မျှော်လင့်ချက်တွေ ပေးပြီးတော့ ထားမသွားပါနဲ့ ဗျာ။ ဒီက မောင်က အရူးတစ်ပိုင်းဖြစ်နေပြီဗျ။ မမ ကျွန်တော့်အပေါ်ထားတဲ့  အကြင်နာတွေက ခဏတော့မဟုတ်ဘူး မဟုတ်လားဟင်။


ဒီမြို့ တစ်မြို့ လုံးက စိန်ပန်းပြာတွေဘယ်လောက်ပဲလှလှ မမ မရှိတော့ သူတို့ လှနေတာတွေ ကကျွန်တော့် ကို လှောင်ပြောင်နေသလိုပဲ။ ဟောဒီစိမ်းလန်းလန်းနဲ့ ပတ်ဝန်း ကျင်ကလည်း တိတ်ဆိတ်ခြောက်ကပ်နေတယ်။ နွေ တေးဆိုတဲ့ ဥသြငှက် ငယ်တွေရဲ့ အသံများကလည်း ဆွေးဆွေးမြေ့မြေ့ကို ရှိလွန်းလှပါတယ်လေ။ မမ ကျွန် တော့်ကို မေ့များသွားပြီလားဗျာ။


မမ ပေးခဲ့တဲ့ အိပ်မက်တွေကတော့ ဒီနေ့ ထိတိုင်ကျွန်တော့်ကို ဆွတ်ပျံ့ ကြည်နူးမှုတွေပေးနေဆဲပါ။ အေးမြမြ တိုက်ခတ်လာတဲ့ လေနုလေးတွေထဲမှာ သင်းပျံ့ ပျံ့  မွှေးရနံ့ တစ်ခုကို ကျွန်တော် ရှူရှိုက်လိုက်မိသလိုပဲ။ မမ များလား…..ပတ်ဝန်းကျင်ကို မမ ကိုများတွေ့ လေမလားဆိုတဲ့ မျှော်လင့်ချက် လေးနဲ့ ကျွန်တော်လိုက်ရှာနေမိ တယ်။ ခက်တယ်ဗျာ။ နေရာတိုင်း အရပ်တိုင်းမှာ မမရဲ့ အရိပ်တွေ ထုံအီမွှေးတဲ့ မမ ရဲ့ ကိုယ်သင်းရနံ့ တွေနဲ့  ချည်းပါပဲလား။ ကျွန်တော် မရူးသေးပါဘူးနော် မမ။ ဒါပေမယ့် ကျွန် တော် ရူးသွားရင်တောင် မမ မမ လို အော် နေတဲ့ အရူးပဲဖြစ်ချင်တယ်။ ကျွန်တော်လေ မမ ကို ဟောဒီ ရင်ခွင်ရဲ့ ဟိုးအနက်ရှိုင်းဆုံးနေရာကနေ လှိုက် လှိုက် လှဲလှဲကို ချစ်တာ ဗျ။


ဟင်း… မင်းတို့ လှထားကြပေါ့ကွာ…စိန်ပန်းပြာတွေရာ…ငါ့ မမ ပြန်လာရင်.. မင်းတို့ အလှတွေပြဖို့ အခွင့် အရေး တော့မှာ မဟုတ်ဘူး…..ဒါပေမယ့်…… မမ မရှိတဲ့ အချိန်မှာ ငါ့ကို အဖော်ပြုပေးတဲ့ မင်းတို့ ကို ငါ ကျေးဇူး တင်ပါ တယ် လေ…….

မမ ပေးခဲ့ တဲ့ အိပ်မက်လှလှတွေ အတွက် မမ ကိုကျွန်တော် သိပ်ကျေးဇူးတင်ပါတယ်ဗျာ……

************

ကျွန်တော့်ရဲ့  “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူး တင်ပါတယ်..... ကျွန်တာ့်ရဲ့ မတတ် တတတ် နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင်တော့ အတိုင်းထက် လွန်ပါပဲဗျာ ....ပြောမပြနိုင်အောင်ပဲ ကျေးဇူးတင်ပါတယ်........
(ရန်ကုန်သား)

2 comments:

Anonymous said...

ကောင်လေးသနားပါတယ်ဟာ...

မမ ကလဲ...ထားသွားရက်တယ်..။

ဆုံဆည်းတဲ့ ဝတ္တုလေးများလဲ ရေးပေးပါဦးးးး

မြတ်နိုး

Yu Ya said...

ဒီမှာလေ.. မမ.မမ ဖြစ်နေပြီ...
ဟေး..ဟေ.. မမ..ဒေါက်တာတွေ လက်လျော့ရမယ့် ရောဂါလား...အိုး..အို..မမ ဝေဒနာ..

ဦးချစ်ကောင်း သီချင်းလေး ဆိုကြည့်လိုက်တယ်ဗျာ..။

တစ်ပုဒ်လုံးဖတ်ပြီး သီချင်းတစ်ပုဒ်ပါ ဆိုလိုက်တယ် ကိုရန်ကုန်သားရေ..။ ဇာတ်လမ်းလေး ကောင်းတယ်ဗျာ။

yu ya