Thursday, July 30, 2009

ကျွန်တော်တို့ အိမ်ရဲ့ ရေချိုတွင်း




“ ကိုရေ ထမင်းစားမယ်လေ။ နောက်မှဖတ်တော့ လာလာ ...”

ဂျာနယ်ဖတ်နေသော အဖေ့ ကို အမေ ကလှမ်းခေါ်သည်။ ဒီကနေ့ တော့ အမေက ငါးကြင်းလေးကို ကြော်ပြီး၊ ငရုတ် သီး လေးနဲ့ ပြန် လှိမ့်ထားသည်။ ရာသီ ပေါ်မန်ကျည်းရွက်နဲ့ သေနပ်ရွက်ကို ငါးကြင်း ခေါင်းလေး ခပ်ထားသော ဟင်းချို ရယ်၊ အမေ ဖျော်ထား တဲ့ ငါးပိပန်ထွေဖျော်ရယ်နဲ့ ကျွန်တော် တို့ အိမ်ထမင်း ဝိုင်းလေးက စိုစိုပြေပြေရှိလှသည်။ သရက် သီး အကင်းလေး တထုတ်ထုတ် နဲ့ လွေးလိုက်တဲ့ ထမင်းများ လျှောကနဲ လျှော ကနဲ ဖြင့်အင်မတန်မြိန်လှတယ်။

အဖေကသားစုံသမီးစုံထမင်းစားတာကို အင်မတန် မက်မောသည်။ အလုပ်နားရက်မို့ ကျွန်တော်တို့ မိသားစု အမေ့ ထ မင်း ဝိုင်းမှာ မျက်နှာစုံညီစားကြတော့ အဖေက လည်းထမင်းပိုဝင်သသည်တဲ့ ။ အမေကလည်း ကျွန်တော်သွေးထား တဲ့  ရွှေဘို သနပ်ခါးအဖွေးသားနဲ့ မိန့် မိန့် ကြီးထိုင်လို့ ။ အဲလိုသနပ်ခါးလိမ်း ထား တဲ့ အမေ့ပါးများနမ်းလိုက်ရရင် ကျွန်တော့်ရင်ထဲအေး အေးသွားတာပဲ။ အမေကတော့ဆုတွေပေးရှာတယ်....


“ ငါ့သားကြီးဘုန်းကြီးလို့ အသက်ရှည်ပါစေတော်၊ မျက်နှာမြင်ချစ်ခင်ပါစေ၊ အသံကြားတော့သနားပါစေ၊ သွားလေရာ အရပ်ခလုတ်မထိလို့ ဆူးမငြိပါစေနဲ့ .. သာဓုတော် သာဓု...သာဓု...”


အဲလိုအမေကဆုပေးရင် အငယ်မက ချက်ပြုတ်ထားသော ပန်းကန်ခွက်ရောက်များဆေးရင်း ကလှမ်းအော်သည်။

“ အမေတို့ များသူ့ သားဆိုပေးလိုက်တဲ့ ဆုတွေ ဆုံးမဆုံးနိုင်ဘူး။ သမီးများကျတော့..ဟင်း.. မပြောချင်ဘူး....”


အမေက အငယ်မအဲလိုများပြောရင် မျက်လုံးလေးပြူးပြီး ကျွန်တော့်ကိုကြည့်ကာ ပြုံးပြသည်။ အငယ်မ မကြားအောင် “မနာလို ဖြစ်နေတာ မင်းညီမ...က” ဟုခပ်တိုးတိုးပြောတတ်သည်။ အဲနောက် မီးဖိုထဲက သမီးလုပ် သူ ကြားရလောက် အောင် လှမ်းပြီးဆုတွေ ပေးပြန်သည်။


“ အမလေးသမီးရယ် ငါသမီးသာမရှိရင် အမေတော့ မီးဖိုထဲခါးချိရချည်ရဲ့ ....အမေ့ကို ကူရလို့ ငါ့သမီးလေး လင် ကောင်း သားကောင်းရပါစေတော်.....”


အငယ်မက အမေ့အခန်းဝတွင်ဘွားကနဲ ပေါ်လာပြီး နှုတ်ခမ်းလေးစူကာ အမေ့ကိုခါးထောက်ပြီးရန်တွေ့ တော့သည်။

“တွေ့ လား အမေက သမီးကျတော့ ဘုန်းကြီးတာလဲ မပါဘူး... သက်ရှည်တာလည်း မပါဘူး ....လင်ပဲ အယူခိုင်း နေတော့ တာပဲ...”


“ အေးဟုတ်ပါရဲ့ သမီးရယ် အမေကလည်း နော် ဆုတွေပေးမိပေးရာတွေပေးနေတော့တာပဲ။ ကဲပါကဲပါ ငါ့သမီးလေး လည်း ဘုန်းကြီးပါစေသက်ရှည်ပါစေ။ ဒီထက်မက လှနိုင်ပါစေတော်...ဟင်း..ဟင်း”


အမေက ခြေသလုံးလေးဆန့် ကာ သနပ်ခါးရေကျဲလေး လိမ်းရင်းက ရယ်သွေးလျက်ဆုပြင်ပေးသည်။ ထိုအခါမှအငယ် မက ပြုံးစစနဲ့ အမေ့ကို ဖက်ကာနမ်း သည်။ အမေ့ကိုယ်များ အေးအေးစိမ့်စိမ့်နဲ့ သိပ်ဖက် လို့ ကောင်းတာပဲ။ အမေအ ဝတ် လဲတုန်း ကျွန်တော်က စားပွဲခင်း၊ အငယ်မက ထမင်းဟင်းခူးကြသည်။ အဖေ က ရေနွေးအိုး လက်ဖက် ခြောက် ခပ်ဖို့ အိမ်ရှေ့ မှ လှမ်းသတိပေးသည်။


“ ကို ဖြည်းဖြည်းစားပါ ဘယ်နှယ့် လူလိုက်တာကျနေတာပဲ။ ကျုပ်ဖြင့် ထမင်းတစ်ဝက်တောင်မကျိုး သေးဘူး...”


ထမင်းစားရင်ခပ်သွက်သွက်စားတတ်သော အဖေက ထမင်းဝိုင်း ဟင်းချိုခွက် မရောက်ခင်ပင် သုံးလေးလုပ် လောက် စား ပြီးနှင့်ပြီ။ သရက်သီးအကင်းလေးနဲ့ ပန်ထွေဖျော်ကို အဖေသိပ်ကြိုက်သည်။ ကျွန်တော်တောင် တခါတလေ အမေ့ ကို စသေးသည်...


“ အမေ က သရက်သီးတို့ စရာနဲ့ ပန်ထွေဖျော်ကို သားကြိုက်လို့ လုပ်ပေးတာလား။ အဖေကြိုက်လို့ လုပ်ပေးတာ လား”


“ မင်းကြိုက်လို့ ပေါ့သားရဲ့ ။ ငါ့သားကြိုက်လို့ အမေက ကိုယ်တိုင် လုပ်ထားတာ စားသား..စားကောင်းမှကောင်း ... မင်းတို့ များများစားမှ အမေက ချက်ရတာ အမောပြေတာ...စား...”


အဲလို အမေကပြောတော့ အဖေ က ကျွန်တော့်ကို ကြည့်ပြီး ရယ်သွေးသွေးပြောသည်။


“ မင်းအမေ က ငါ့ကို စေတနာ မရှိတော့ဘူးကွ ”.... ထိုအခါအမေက


“အလိုတော် ရှင်ဘယ့်နဲ့ တုန်း ကလေးတွေကို...တူတူပေါ့.. ကိုယ့်သားကိုပြောတာပဲကိုး...ကြည့်ပါလား.. စကားနာ လေးက ထိုးလိုက်ရမှ....”


ဒီလိုအချိန်များအကွက်ကောင်းစောင့်နေတဲ့ အငယ်မက ငါးတစ်တုံးခပ်ခါ အဖေ့ ပန်းကန်ထဲထည့်ပေးရင်း မျက်လုံးလေး မှေးပြီး

“ ကဲ အဖေ သမီးက အဖေ အတွက် ငါးကြင်းကြော်ထားတာ ဒီမှာလက်တွေကို ဆီပေါက်လို့ ။ ရော့ စားအဖေ.. သမီး တို့ သားအဖက တစ်ဖွဲ့ ပေါ့အဖေရာ .. စားအဖေ...”


အဖေက အငယ်မပြောတာနားထောင်ရင်း ထမင်းကိုဝါးရင်းက ပြုံးသည်။ အဖေက “ တွေ့ လား ငါ့သမီး ကငါ့ဖက်က..” ဟူသောသဘောဖြင့် မေးငေါ့ပြသည်။ အမေကတော့ ပြုံးပြုံးကြီးနဲ့ အဖေ့ကိုမျက်စောင်းထိုးသည်။ ကျွန်တော်ကတော့ ကျွန်တော်တို့ သားအမိသားအဖ တစ်တွေ ဒီလို ပျော်နေတာမြင်ရတာ သိပ် စိတ်ချမ်းသာသည်။


စားသောက်ပြီးလို့ ကျွန်တော်နဲ့ အငယ်မ ပန်းကန်ဆေးတုန်း အဖေနဲ့ အမေက အချိုလေးအခါးလေးသောက်ဖို့ ပြင် သည်။ အများအားဖြင့်တော့ အမေ ကြိုက်တဲ့ မုန့် ခြောက်ရယ် အဖေ ကြိုက်တဲ ဖရုံယိုရယ် ရေနွေးကျကျနှင့် မြည်း ဖြစ်ကြသည်။ တစ်ခါတစ်လေတော့ ပဲခူး သခွား(သခွားမွှေး) ကိုရေခဲလေး အုပ်ကာ ဖျော်သောက်ဖြစ်သည်။


သားအမိသားအဖတစ်တွေ စားသောက်ပြီးထွေရာလေးပါပြော ရေနွေးလေး သောက်ဖြင့် ထမင်းလုံးလေးစီ ကြသည်။ အမေကတော့ အကုန်အကျများတဲ့ အ ကြောင်း၊ သူ့ ဆွေမျိုးတွေက ဘယ်သို့ ဘယ်ချမ်းသာ စသ ဖြင့် ညည်း တတ်သည်။ အဖေကတော့ ထုံးစံအတိုင်း အမေ့ကို ဘုတောသည်။


“ ခင်ဗျားတို့ အမျိုးတွေ ဒီလိုပဲ။ သူများထက်နည်းနည်းကို ထက်ပိုတယ်။ ဘာဖြစ်လဲ ကလေးတွေ လည်းအရွယ်ရောက် ပြီပဲ သူ့ အန္တရာယ်သူသိတာပဲ။ အိမ်ကနေထိုင်ပြီးပူနေတာ။ ခင်ဗျားလည်းတူတူပဲ.. ဘယ့်နှယ်..အားအားနေ ပူပင်သော ကတွေ များနေတာငြိမ်းကိုမငြိမ်းချမ်းဘူး...”


ထိုအခါအမေက ဆွေမျိုးထိတော့မခံနိုင်ပဲ အဖေ့ ကိုပြန်ရန်တွေ့ သည်။


“ ဟုတ်တယ်..ရှင်တို့ ကတော့ အသည်းနှလုံးမှမရှိတာ...အေးချမ်းတာပေါ့..ကျုပ်တို့ ကတော့မအေးချမ်းဘူး တော်ရေ မအေးချမ်းဘူးပူတယ်ပူတယ်...ဖြစ်လာ တော့ကိုယ်ပဲစိတ်ဆင်းရဲရတာ..ရှင်တို့ ကတော့နေကိုး နေနိုင်လွန်းပါတယ်...”


အမေက အဖေ့ ကို စိတ်ကြည်လင်ရင်ပဲဖြစ်ဖြစ်၊လင်မယားနှစ်ယောက် ကျွန်တော်တို့ မောင်နှမအနားမရှိတုန်း စကား ပြောရင် ပဲဖြစ်ဖြစ် “ကို” ဟုခေါ်တတ်သည်။ သူစိတ်မကြည်တဲ့ အချိန်မျိုး ရန်ဖြစ်ကြတဲ့ အချိန်မျိုးဆိုလျင်တော့ အဖေ့ ကို “ရှင်က..ရှင်က” ဟုပြောတတ်သည်။ ကျွန်တော်မှတ်မိသလောက်တော့ ငယ်ငယ်ကတော့ အမေကသူ့ ကိုသူ “ဝင်း”ကလေဟုပြောတတ်တာ မကြာခဏကြားဖူးသည်။


အဖေကတော့ ကျွန်တော့်အထင် အမေ့ ကို “ခင်ဗျား” နဲ့ “ကျုပ်” ဟုသာမန်အချိန်တွင် ခေါ်ဝေါ်တတ်သလို စကားများ ၍ အဖေ စိတ်တို ရင်တော့ “နင် နဲ့ ငါ” ဟုပြောတတ်သည်။ အဖေနဲ့ အမေသည် ခဏခဏ စကားများကြသည်။ စကား များသော အကြောင်းအရာများကလည်း ဘာမှရေရေ ရာရာ မဟုတ်။ တစ်ခါတစ်ခါတော်တော်ရယ်ရသည်။


သူ တို့ တက္ကသိုလ်ကျောင်းသား၊ကျောင်းသူဘဝတုန်းက အကြောင်းပြောရင်းက တစ်ယောက်နဲ့ တစ်ယောက် စ ကား နိုင်လုရင်း ကစကားများကြသည် လည်း ရှိသည်။ ဆွေမျိုးတွေအကြောင်းပြောရင်းက အကောင်းကနေထပြီးစကား များ ကြသည်လည်းရှိသည်။ အမေကဈေးသွားရင်း မုန့် ဟင်းခါးစားလာ သောရက်၊ အဖေက အိမ်မှာအကြော်တွေ ဝယ်ပြီး ထမင်းကြမ်းစားဖို့ အမေ့ကိုစောင့်နေ....အမေပြန်လာတော့ ကျုပ်စားပြီးပြီ ..ရှင်ပဲစားတော့လို့ ပြောတော့ အဖေက စိတ်ဆိုးဆိုးဖြင့်စကားများကြပြန်သည်။ အမေ အိမ်မှာ ဝယ်မစားတာကို ဇာချဲ့ ပြီး အပြစ်တင်သည်။ အမေ ကလည်း မောမောပန်းပန်း ဈေးကပြန် လာလို့ သူ့ ကို ဆူရကောင်းလားဆိုပြီး အဖေ့ ကိုအပြစ်တင်သည်။ အဲလိုမနက်မျိုးဆို ကျွန် တော်တို့ အိမ်သည် အဖေ နဲ့ အမေ တို့ ငြင်းခုံစကားများသံ များနှင့်ဆူညံနေတတ်သည်။


တစ်ခါတစ်ခါကျပြန်တော့ အဖေ့ ကို နှိပ်ပေးတုန်း အမေညောင်းလာတဲ့ အခါ “ ဇိမ်ကလည်း ခံပါ့တော် ညောင်းလာပြီ လာကျုပ်တစ်ခါပြန်နှိပ်ပေး...”


“ ခင်ဗျားးအသားတွေက တင်းတင်းကြီးနှိပ်လို့ မကောင်းဘူး...” အဖေက အမေ့ကို လှဲရာ ကမထပဲပြောသည်။ အမေ က တဖျစ်တောက်တောက်နဲ့ အဖေ မနှိပ်နှိပ်အောင်စကားနာထိုးသည်။ တစ်ခါတစ်လေ တော့လည်းအဲလို ပြော ရင်းက စကားတွေ ထများတာလည်းရှိသည်။ တစ်ခါတစ်လေတော့လည်း အဖေက အရှုံးပေးပြီး အမေ့ကိုတစ် လှည့်ပြန် နှိပ်ပေး တဲ့ အခါလည်းရှိသည်။


ကျွန်တတော့အထင် အဖေနဲ့ အမေ့ တစ်နေ့ ကိုအနည်းဆုံး တစ်ခါတော့စကားများသည်ထင်သည်။ အငယ်မက ကျွန် တော့်ကို တစ်ခါတစ်ခါ ပြောရင်းသည်းတတ်သည်။


“ ကိုကြီးရယ် အမေ နဲ့ အဖေများ ခဏခဏကို ရန်ဖြစ်တယ်။ နားတွေလည်းသိပ်ငြီးတာပဲ။ ပြောလို့ လည်းမရဘူး။ ကလေးတွေကျနေတာပဲ။ အမေ ကလည်း အမေ အဖေ့ ကို ဧည့်တောင့်ခံတယ်။ အဖေကလည်း စိတ်က လက်တစ်ဆစ်။ ပြီးတော့ ရန်ဖြစ်ပါလေရော။”


အဖေနဲ့ အမေများရန်ဖြစ်စကားများပြီးလို့ တစ်ယောက်နဲ့ တစ်ယောက် စကားမပြောတော့ရင်ကျွန်တော်နဲ့ အငယ်မက ပုဏ္ဏားတိုင်ဖြစ်ရသည်။ အမေ က အဖေ့ ကိုစကားပြောချင်တဲ့ အခါ “သား... မင်းအဖေကိုမေးလိုက် မနက်ဘာဟင်း စားမလဲလို့ ”...အဖေကလည်း “သမီး... သမီးအမေကို ပြောလိုက်ဦး ဈေးဖိုး က ဖေ့ခေါင်းအုံးအောက်မှာလို့ ...”


တစ်နေ့ တစ်နေ့ ရန်မဖြစ်စကားမများပဲမနေ နိုင်ကြပေမယ့်၊ တစ်ယောက်ယောက်ကများနေမကောင်းဖြစ်ရင် အနားက ကို မထတော့ပဲ နဖူးလေးစမ်း လိုက် “ ခေါင်းသိပ်ကိုက် နေတာလား ...ဘာစားမလဲ ....ရေနွေးလေး သောက်မလား...” ဖြင့်ချစ်နေကြပြန်ရော။ ထိုအချိန်မျိုးဆို ကျွန်တော်နဲ့ အငယ်မက တစ် ယောက် နဲ့ တစ် ယောက် မျက်စပစ်ရင်း ကြိတ်ရယ် ကြရသည်။


ကျွန်တော်ကတော့ အငယ်မကို နားလည်အောင်ပြောပြရသည်။ အဖေနဲ့ အမေက မုန်းလို့ ရန်ဖြစ် နေတာမှ မဟုတ်ဘဲ လေ။ သူတို့ ချစ်နေတာတွေ ကျွန် တော်တို့ သိနေ၊ မြင်နေခံစားနေရသည်ပဲ။ ကျွန်တော်က


“ ငါကတော့ အမေ နဲ့ အဖေ တို့ စကားတွေများနေတာကို စိတ်ညစ်စရာလို့ မမြင်ဘူး... ပျော်စရာလို့ မြင်တာဟ...သူများမိသားစုတွေများ...ဒီလို အသံတွေ ကြားချင်လို့ တောင်မကြားရဘူး လေဟာ ...မနက်မိုးလင်း ကတည်း က အဖေ ကတစ်လမ်း၊ အမေကတစ် လမ်းသွားကြ၊ သားသမီးတွေကလည်း သူ့ ဖာသာ နေသာ သလို နေကြတယ်မဟုတ်လား။”


“ ငါတို့ မိသားစုဘယ်လောက်ပျော်စရာကောင်းလဲ။ အဖေနဲ့ အမေကလည်း စကားသာများရန်သာဖြစ်နေကြတာ သူတို့ အကျင့်ပါနေတာပါ။ နောက်တော့ လည်း “ကို ရယ် ဝင်း ရယ်နဲ့ ” ဟုတ်နေတာပဲမဟုတ်လား။ ငါတော့ အဖေ နဲ့ အမေ့ ကို သိပ်ကျေးဇူးတင်တာပဲ။ ငါတို့ အဖေ က အရက်မသောက်ဘူး။ အမေ့ နောက်ကွယ်မှာ အငယ်အနှောင်းမထားဘူး။ နေမဝင်ခင်ငါတို့ မိသားစုအမြဲထမင်းလက်စုံစားရတယ်။ အမေ ကလည်းအဖေ့ ကိုမမျှော်ရဘူး။ ငါတို့ လည်း စိတ် မညစ် ရဘူး။ တကယ်တော့ အဖေကငါတို့ အိမ်ရဲ့ ရေချိုတွင်းပါပဲဟာ။ နင်ဘာမှစိတ်မညစ်နဲ့ ။ သူတို့ ဘယ်လောက် စကားတွေများနေများနေ နင်နဲ့ ငါကဝင် ဖြေရင် ပြေတာပဲမဟုတ်လား။ စိတ်ထဲမထားပါနဲ့ ဟာ။ ပျော်စရာလို့ သာမှတ်”


အဖေ က ကျွန်တော်တို့ အိမ်ရဲ့ တကယ့်ရေချိုတွင်းပါ။ အဖေ အငယ်အနှောင်းထားလည်း အမေနဲ့ ကျွန်တော်တို့ ဘာ တတ်နိုင်မည်လဲ။ သူ ကအိမ်ရဲ့ ထုတ် တို့ ယက်မတို့ လိုပဲ။ တောင်းဆိုရင်လည်း အကွပ်လိုပါပဲလေ။ ပြီးတော့အဲဒီ ရေချိုတွင်း သာခမ်းသွားရင် ကျွန်တော်တို့ အဖေ့ မေတ္တာရေချိုတွေကို ငတ်နေရ တော့မပေါ့။ ကျွန်တော်တော့လေ ဒီအရွယ်ရောက် တဲ့ အထိ အမေ့ကို အိမ်ထောင်ရေးဒုက္ခတွေ မပေးတတ်တဲ့ ၊ကျွန်တော်တို့ အမြဲပျော်ရွှင်နေအောင်ထားတဲ့ အဖေ့ ကို သိပ်ကျေးဇူးတင်တာပဲ။


ကျွန်တော်တော့ အဖေ့ အိမ်က အမေ့ ထမင်းဝိုင်းမှာ အမေ၊အဖေတို့  နဲ့ တူတူ စားရတဲ့ အရသာကို ဘယ်တော့ မှ လည်း မမေ့နိုင်ဘူး။ ဘယ်တော့မှလည်း မေ့မှာမဟုတ်ဘူး။ ငါးပိရည်နဲ့ တို့ စရာသာပါဦးတော့ ငါးပိရည်တွေ က လည်း အမေ့ မေတ္တာနဲ့ ချိုလို့ တို့ စရာတွေတွေ က လည်း အဖေ့အရိပ်အောက်မှာ စိမ်းလို့ လမ်းလို့ နေဦး မှာပါလေ။ နေ့ ရှိ သရွေ့ အဖေနဲ့ အမေကို အသက်ရှည်ကျန်းမာဖို့ အရေးဆုတောင်းနေရန်သာ အငယ်မကို ပြော လိုက်မိပါသည်။


ကျေးဇူးရှင် အမေနဲ့ အဖေကို ဤစာဖြင့်ကန်တော့လျက်

*********** ********** ********** ********** ********** ********* *********** *****

ကျွန်တော့်ရဲ့  “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူး တင်ပါတယ်..... ကျွန်တော့် ရဲ့ မတတ်တတတ်နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင်တော့...... အတိုင်း ထက်လွန်ပါပဲဗျာ..... ပြောမပြနိုင်လောက်အောင်ပဲ ကျေးဇူး တင်ပါတယ်......

(ရန်ကုန်သား)


2 comments:

Anonymous said...

အရမ်းကောင်းတဲ့ မိသားစု အချစ်ရသလေးပဲ..။
တကယ်ကောင်းပါတယ်..။

ကြည်နူးမှုကို ခံစားရပါတယ်။

မြတ်နိုး

အနော် said...

အိမ်မှာ စားတဲ့ ထမင်းဝိုင်းလေးကို လွမ်းသွားတယ် အကိုရေ
မျက်ရည်တောင်လည်ပါတယ်
အဖေရယ် အမေရယ် မောင်နှမ ၆ ယောက် ထမင်း ဝိုင်းစားရင် လက်တွေက ပျံနေလို့ အဖေက ငါတို့ ထမင်းဝိုင်းတော့ မော်တော်ပီကယ်လိုပီဟေ့ ဆိုပီး.........
ငိုချင်သွားတယ် အကို
အခုတော့ တစ်ယောက်တည်း ခြောက်ကပ်ကပ် ထမင်းဝိုင်းနဲ့ပေါ့...