Saturday, January 2, 2010

ကွယ်ရာတွင်သာ လက်ဖွာသူ

ကျွန်တော်တို့ ရင်ခုန်ခဲ့ကြရဲ့ လား။ ဒီမေးခွန်းသည် ယခုအချိန်တွင် ရယ်စရာ ဟာသ တစ်ခုဖြစ်နေပေမည်။ ရင်ခုန် မှန်း မသိ ခုန်ခဲ့ကြခြင်းဖြစ်နိုင်ပါသည်။ ဖွေးဖွေးလှုပ်အောင်ဖြူနေတဲ့ ပတ်ဝန်းကျင်မှာ နှင်းခါးတွေကလည်း မင်း မူ ကျွန်တော့် ရင်ထဲမှာတော့ ကန္တာရ တစ်ခုရဲ့ အထီးကျန်မှုမျိုးက နေရာယူ။ နေ့ ပင်မဟုတ် ညချည်းသက်သက် သာ။ အလင်းတွေကလည်း ကင်းမဲ့လိုနေလေသည်။ ဟာသဇာတ်လမ်းတစ်ပုဒ် ကြည့်နေပေမယ့် ရယ်သွမ်းဖို့ မေ့ လျော့ နေတဲ့ သူ၊ လွမ်းစရာဇာတ်ထုတ်ကို ကြည့်နေပေမယ့် သက်ပြင်းဖွဖွပင် မချမိသူ။ ဒီလို လူ တစ်ယောက် တည်း ကျန် ခဲ့တာလည်း ဆန်းတော့ မဆန်းလှ။ ခါးသက်တဲ့ အရသာ တစ်ခုကတော့ ကျွန်တော်နဲ့  အတော်ရင်း နှီး ကျွမ်း ဝင်နေ ပါသည်။

အနားမှာ ဗုံးတစ်လုံးပေါက်ကွဲသွားသည် ဆိုကြပါစို့ ။ ကျွန်တော့် နားတွေကလည်းအူ အမြင်တွေကလည်း ဝေဝါး အသိတွေကလည်း ထွေပြားနေချိန်မှာ တစ်စုံတစ်ယောက်က မေးသော မေးခွန်းကို ကျွန်တော်ဖြေနိုင် ကြားနိုင် မည် မဟုတ်ပေ။ ထို့ အတူ ကျွန်တော့် ဦးနှောက်ကလည်း တုန့် ပြန်နိုင်မည်မဟုတ်ပေ။ ဒီလို ခံစားချက်မျိုးဖြစ် မည်။ သူနဲ့ နောက်ဆုံး စကားပြောသောနေ့ က ကျွန်တော့် တစ်ကိုယ်လုံး ထူပူလို့ နေသည်။ သူ့ စကားတွေက လည်း နီးလိုက် ဝေးလိုက် ဖြစ်နေ ခဲ့သည်။ ကျွန်တော့် ရင်ပင် မှန်မှန် ခုန်နေခဲ့ရဲ့ လားကျွန်တော်မသိ။ ဆုံးရှုံးရ တော့ မည် ဟူသော အသိက လူ ကို ထူအ သွားစေခဲ့သလားမဆိုနိုင်ပေ။

“နင်တော်တော် နေနိုင်တာပဲ ” လို့ ပြောတဲ့သူ့ ကို ကျွန်တော် ငေး၍သာကြည့်နေမိသည်။ ဆင်ခြေလည်းမပေးမိ ဝန်လဲမခံမိ။ ဘယ်လို လူလဲ။ သူ လည်း မချိတင်ကဲ ဖြစ်နေခဲ့မည်သာဖြစ်သည်။ ကျွန်တော့်ကို တစ်စစီ ချိုးဖဲ့ ပြစ် ချင်နေ ခဲ့မည်သာဖြစ်သည်။ သူ့ ရဲ့ ဝေခွဲ မရဖြစ်နေသော မျက်ဝန်းညိုညိုတွေကိုသာ အဓိပ္ပါယ်မဲ့စွာ ငေးကြည့် နေ မိပြန်သည်။ မိန်းမတစ်ယောက်သည် ယောက်ျားတစ်ယောက်ကို ဘယ်လောက်ထိ ပွင့်လင်းနိုင်မည်နည်း။ တစ်သက်လုံး အတူ သိခဲ့ကျွမ်းခဲ့သမျှ သူ သည် ရိုးသားစွာပွင့်လင်းသော မိန်းကလေးတစ် ယောက်ဖြစ် ပါသည်။ သို့ သော် “နင်ငါ့ကို ချစ်လားဟင်” ဆိုပြီး မေးမည့် မိန်းကလေးတစ်ယောက် တော့ မဟုတ်ပေ။ ဒါ့ ကြောင့် လည်း ကျွန်တော်နဲ့ သူမ ထိုမျှ ကြာရှည်စွာ ရင်းနှီးခဲ့ခြင်း ဖြစ်နိုင်ပါသည်။

ကျွန်တော် တစ်ခုခု ပြောခဲ့ဖို့ ကောင်းသည်။ ကျွန်တော်သည် ကွယ်ရာတွင်သာ လက်ဖွာဖွာနှင့်စာရေးတတ်သူ တစ်ယောက်ဖြစ်သည်။ ရှေ့ တွင်တော့ တေမိလက်သစ် ဖြစ်နေလေသည်။ ကျွန်တော့် စကားတွေသည် မှင်တံ ဖျားမှသာ ကြွေကျရိုး ဖြစ်ဟန်တူပါသည်။ သုတ်ကနဲ ဝင်တိုက်လာသောလေက သူမ၏ ဆံနွယ်စတွေကို ထိုးဖွ သွား သည်။ ကျွန်တော့ နှာဖျားတွင် ရင်းနှီးပြီးသား ရနံ တစ်ခု သင်းပျံ့ သွားသည်။ ကျွန်တော့် ရှေ့ တွင် ဒေါသ ဖြစ်ခဲ့ သမျှ အံကြိတ်ခဲ့ ရသမျှ ဖွင့်ဟကာ ငိုကြွေးခဲ့သော်လည်း ထိုနေက သူ့ မျက်ဝန်းမှာ မျက်ရည်စစ ပင် မမြင် ရခဲ့ပါ။ ကျွန်တော် ဤမျှ ကြောင်ပါသည်။ သူ မျက်ရည်ကျတော့ကော ဒီသံမဏိ အသည်းက ငိုပွဲ ဆင်မည်တဲ့လား။ သူသည် နူးညံ့သော်လည်း ပျော့ညံ့သူ တစ်ယောက် မဟုတ်ခဲ့ပါ။သူ ကျွန်တော့်ကို တစ်လ တိတိ အချိန်ပေးခဲ့ပါ သည်။ ကျွန်တော် သူ့ ကို ချစ်ကြောင်းပြောဖို့ တစ်လ တိတိ ပြင်ဆင်ခွင့်ရခဲ့ပါသည်။ သို့ သော် ဆယ်နှစ်လုံးလုံး အိပ်နေတဲ့ ကျွန်တော့်အတွက် တစ်လ ဟူသော ကာလသည် အိပ်ချင်မူးတူး ဖြစ်ယုံမျှသာ နိုး ထလာခဲ့ဟန် တူပါ သည်။

တစ်ခုခု ကို ဆုံးရှုံးလုနီးလူတစ်ယောက်သည် အရူးအမူး နှမြောတသ ဖြစ်ချင်ဖြစ်မည်။ ငိုကြွေးချင်ငိုကြွေး ပေါက် ကွဲချင် ပေါက်ကွဲမည်။ တုံနိဘာဝေဆိတ်ဆိတ် နေခြင်းကတော့ သာမန် လူတစ်ယောက် အတွက် သဘာဝ မကျ လှ။ သို ကြောင့် “ အသည်းနှလုံး မရှိတဲ့လူ” ဟုသော သူ့  ကင်ပွန်းတပ်ခြင်းကို ငြိမ်သက်စွာခံခဲ့မိခြင်းဖြစ် မည်။ သံ ယောဇဉ်ကြိုးတွေ လွန်းတင်တုန်းက အမှုမဲ့အမှတ်မဲ့ ရှိနေခဲ့ပေမယ့် လွတ်လပ်စွာ တွေ့ ဆုံခြင်း အပြစ်မဲ့တဲ့ တွေ့ ဆုံခြင်းတို့ နိဂုံးတိုင် ချိန်တွင်တော့ အိပ်ပျော်နေလျှင်လည်း နိုးထဖို့ ကောင်းပြီ။ အိပ်ချင်ယောင်ဆောင်နေရင် လည်း နိုးသင့်ပြီ။ သို့ သော် ကျွန်တော် ဆက်အိပ်နေခဲ့မိသည်။ လူပေ ဆိုတာ ကျွန်တော်ဖြစ်မည်။ နေပါစေ ဘာ ဖြစ်ဖြစ် ပေခံမယ် ဆိုတဲ့ လူမျိုး ဖြစ်သည်။

ဒါပေမယ့် ကိုယ့်ရဲ့ ပေတေမှုကို ကိုယ်တိုင်လွတ်လပ်စွာ ခံယူခွင့်ရှိသော်လည်း အဖော်အပေါင်းတော့ ခေါ်မသွားခဲ့ သင့်ပေ။ သူ သည် ကျွန်တော့် “ပေ” မှု၏ တစ်နည်းအားဖြင့် “ခေါင်းမာမှု” ၏ ဘေးထွက်ဆိုးကျိုး ကို ကျွန်တော်နှင့်အတူ ခံစားခဲ့ရရှာသည်။ တရားမျှတမှုမရှိခဲ့၍ ကျွန်တော့်ကိုယ် ကျွန်တော် အလွန်ရှက်ရွံ့ မိပါသည်။ ဝမ်း နည်းနေရပါသည်။ ကျွန်တော် စိတ်မကောင်းဖြစ်မှုသည် နောင်တနှင့်အတူ ကျွန်တော့ ပေတေသော နှလုံး သားကို တအားဝင်လို့ ဆောင့်ခဲ့ပါပြီ။ ဆင်ခြေတစ်ခု ပေးမိသည်။ “ငါ့မှာ နှလုံးသား ရှိတယ်” ဒီစကား သူ ကြား ရင် ဒါမှ မဟုတ် ဒီစာကို သူများဖတ်မိရင် ဟားတိုက်ပြီး ရယ်လိုက်မည့်အဖြစ်ကို မြင်ယောင်မိသည်။ ရယ်လို က ရယ် ပေတော့ လှောင်လိုက လှောင်ပေတော့။ အချစ်ဆိုတာ ဒီလို ခါးသက်သက် ရှတတ ခံစားချက်မျိုး ဖြစ်၏ ထင် သည်။ ကျွန်တော့်၏ ရေသာခိုမှုသည် ရှက်ရွံ့ မှုများနှင့်သာ အဆုံးသတ်ခဲ့ရပြီ။ ကျွန်တော် သိတော့သိခဲ့လိမ့်မည်။ သို့ သော် ကျွန်တော် တန်ဖိုးမထားခဲ့ခြင်းကတော့ ငြင်းမရပေ။

ကျွန်တော့်လို လူမျိုးသည် သူ့ လို မိန်းကလေးမျိုးကိုမှ ချစ်သူအဖြစ်မရလျှင် ဇနီးအဖြစ် မပေါင်းသင်းရလျှင် ဘယ် တော့မှ ရည်းစားကိုလည်းကောင်း ဇနီးကိုလည်းကောင်း ရတော့မည့် လူစားမျိုးမဟုတ်ချေ။ အဘယ့်ကြောင့် နည်း။ ရှင်းလှပါသည် သူ သည် ကျွန်တော့ကို ကျွန်တော့်ထက်ပင် နားလည်သော မိန်းမတစ်ယောက်ဖြစ်သော ကြောင့် တည်း။ ကျွန်တော့်စီးပိုးမှုတွေ ကလေးဆန်မှုတွေ ရက်စက်မှုတွေကို ချစ်စိတ် .... (ကျွန်တော့် အထင်) တစ်မျိုး တည်းနဲ့  သည်းခံခွင့်လွှတ်ပေးခဲ့သည်။ နားလည်ပေးခဲ့သည်။ သူဟာ ဘယ်လို မိန်းမလည်းဆိုတာ ကျွန် တော်သိရက်နဲ့ ဒီလို ပေနေခဲ့ခြင်းဖြစ်သည်။ “လူမိုက်” မှန်ပါသည် ကျွန်တော် လူပေ တစ်ဖြစ်လည်း လူမိုက်တစ် ယောက် ဖြစ်ပါသည်။ သူ့ ကို အလွယ်တကူ လက်လျော့ခဲ့သည့်အတွက် ဘယ်မျှ ဒေါသဖြစ်လိုက်မည်နည်း။ သောကတွေဝေ ရတက်တွေပွေ လိုက်မည်နည်း။ နူးညံ့ သလောက် ( အတွင်းစိတ်တွင် လဲပြိုနေသည့်တိုင်) မာန ကို ထိခိုက်ခံမည့်သူ မဟုတ်သော ကြောင့် ကျွန်တော့် ရှေ့ တွင်တော့ အပြုံးစစနဲ့  ထွက်ခွါသွားခဲ့ပါသည်။

ကျွန်တော်သူ့ ကို မပြောလိုက်ရသော စကားတွေ ရှိနေပါသေးသည်။ ဆိုခဲ့ပြီးသည့်အတိုင်း ကျွန်တော်သည် ကွယ် ရာ တွင် လက်ဖွာတတ်သော သူတစ်ယောက်ဖြစ်ပါသည်။ ကျွန်တော့်ကိုယ် ကျွန်တော် မဝေခွဲနိုင်ဘဲနဲ့ ကိုယ်မနိုင်တဲ့ ဝန်ကို မထမ်းလိုလှပေ။ ထို့ အတူ ကျွန်တော့်ကြောင့်သူ မနာကျင်ရစေချင် တစ်ခါ နာကျင်ခြင်းဖြင့် သူ့  ကို ကျွန် တော့် အနားမှ ထွက်ခွာသွားခြင်းသည် အကြိမ်ကြိမ်နာကျင်ရခြင်းထက် များစွာသက်သာပေလိမ့် မည်။ ကျွန်တော့် နှစ်သိမ့်မှု မပါပဲ သူသွားမည့် ခရီးလမ်းကို လည်း ဖြောင့်ဖြူးစေချင်သည်။ သူတွဲ သည့် လက်တွေလည်း မြဲစေချင် သည်။ သူ့ ထီးကလေးကလည်း ဘဝ၏နေလေပြင်းတို့ ဒဏ်မှ လုံခြုံအောင် ကာကွယ် ပေးစေချင်သည်။ သူ့ အရိပ် ရှင်သည် သူ ပင်ပန်းစဉ် ချွေးစတိတ်အောင် အေးငြိမ်းနိုင်စေချင်သည်။ သူ့ အငို တွေ တိတ်အောင် အချော့တေး ကို ညည်း တတ်စေချင်သည်။ သူ ပျော်နေချိန်သောအခါ အသောညီအောင် ရောကာ ရယ်တတ်စေချင်သည်။ သူ အားနည်း ချိန် အားငယ်နေချိန်တွင် သူ့ ရဲ့ မှီခိုရာ အားထားရာ ဖြစ်စေချင်သည်။ ဘဝဖော်သည် သူ့ ကို ဦးဆောင် သူ တစ် ယောက်ဖြစ်စေချင်သည်ဟူသော သူ့ ဆန္ဒပြည့်ဝစေချင်သည်။

ကျွန်တော့ သံယောဇဉ်က မပြတ်သေးပါ။ နှစ်ကူးမို့ အချစ်တွေ မြူးသံကြားရချိန်တွင် ချစ်ခဲ့ဖူးသော သူ့ ကို ... ကျွန်တော့်ရဲ့  တစ်ဦးတည်းသော အချစ်ဦးကို.... သတိရကြောင်း ကျွန်တော်ဝန်ခံပါသည်။ ကျွန်တော့်ကို သူခိုး ပြေးမှ ထိုးကွင်းထ ဟု ကဲ့ရဲ့ ကြပေမည်။ သို့ သော် ကျွန်တော့်လို ပေပေတေတေ မိုက်မိုက်ရဲရဲ လူတစ်ယောက် အ တွက် ထိုသို့ ကဲ့ရဲ့ သည်မှာ ဘာများ ထူးမည်နည်း။ ကျွန်တော် ကွယ်ရာမှာ လက်ဖွာမိပြန်လေပြီ။ ချစ်ခဲ့ဖူးသူ တစ် ယောက် နှစ်သစ် ကူး အခါသမယတွင် အိုးအိမ် အသစ်မှာ အစိုးရိမ်ကင်းကင်း ကြောင့်ကြ ကင်းကင်းနဲ့  ချစ်ချင်း ကို ပိုင်ဆိုင် နိုင်ပါစေလို့ ဆုတောင်းလိုက်မိပါသည်။

စာဖတ်လည်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ
ရန်ကုန်သား :)

11 comments:

မိုးစက်အိမ် said...

အင်း ကိုရန်ကုန်လည်း ခုမှ ခံစားနေရပုံဘဲဗျာ
ဒါပေမဲ့  ဒါကပြောရခက်တယ်ဗျ ချစ်တာနဲ့  သံယောဇဉ်
ရှိတာ တူမလို နဲ့  မတူဘူးဗျ ချစ်လို့ သံယောဇဉ်ဖြစ်တာ
နဲ့  သံယောဇဉ်ရှိလို့  ချစ်တာ ဒါလည်းတူသလိုနဲ့ မတူ
ပြန်ဘူးဗျ . . . အဲ အသေချာဆုံးက တော့ နှလုံးသားက
ဖြေတာ အမှန်ဆုံးဖြစ်ပါလိမ့်မယ် . . . အခုချိန်မှာ အမှန်
တကယ်သ၀န်တို အကြီးအကျယ် ခံစားနေရတယ်ဆိုရင်
တော့ ဒါဟာ ချစ်လို့ ဘဲ ဖြစ်ပါလိမ့် မယ် . . .ခင်မင်လျက်

hmwe said...

ပိုင်ဆိုင်မှုမရှိပေမယ့်  သူ့အနားမှာ သူငယ်ချင်းကောင်း တယောက်အနေနဲ့  ဘဝမှာ သူလိုတာကို ကူညီနိုင်ပါသေးတယ် လေ
ဒါလဲ အချစ်ပါပဲ

အရေးအသား ကောင်းလွန်းလို့  တကယ့်အဖြစ်အပျက်လို့ တောင် ထင်သွားရတယ် ။

သက်တန့်ချို said...

အင်း နှစ်သစ်မှာ အချစ်ဟောင်းလေးကို လွမ်းလွမ်းဆွေးဆွေးနဲ့ မေတ္တာထားတာပေါ့လေ... အချစ်ဆိုတာ ...ကျွန်တော့်ခံယူချက်ကတော့ ပေါင်းရတယ် မပေါင်းရဘူး နဲ့ သိပ်မဆိုင်ဘူး သူ့ကို ချစ်နေတယ် ချစ်တယ် ရင်ခုန်တယ် အဲဒီအသိတစ်ခုလေးနဲ့တင် တစ်သံသရာလုံးလုံလောက်ပါတယ်..း)

နေ့အိပ်မက် said...

မပြောဖြစ်တာ ပြောချင်စိတ် မထက်သန်လို့နေမှာပါ... ခံစားချက်ကို ဗုံးပေါက်တာနဲ့နှိုင်းပြထားတာ တအားကြိုက်တယ်.. အရေးအသားကောင်းတယ်လို့က အထူးပြောစရာမလိုတော့ဘူးထင်တယ် :)

မြစ်ကျိုးအင်း said...

ဝေးသွားမှပဲတမ်းတမိတယ် လွန်နေတာက ကိုယ့်ဘက်ကကွယ် အချိန်လေးများ နှောင်းပြီ ထင်တယ်။

ဒီအက်ဆေးလေးဖတ်ပြီးတော့ အဲဒီသီချင်း စာသားလေး စိတ်ထဲ ရောက်လာတယ် ရန်ကုန်သားရေ

နှစ်သစ်မှာ ပျော်ရွှင်ပါစေ

ရွှေပြည်သူ said...

“ကျွန်တော်သည် ကွယ်ရာတွင်သာ လက်ဖွာဖွာနှင့်စာရေးတတ်သူ တစ်ယောက်ဖြစ်သည်။” အဲဒီစာကြောင်းလေး အကြိုက်ဆုံးပါပဲ။ မောင်လေးရဲ့ အဖွဲ့တွေကတော့ ပြောစရာမလိုအောင် အမြဲကောင်းနေတာပါပဲ။ အလုပ်များပြီး မဖတ်ရသေးတဲ့ စာကြွေးတွေလည်း သေချာလာဖတ်ပါဦးမယ်...

WWKM said...

အင်းးး ဒါကြောင့် ကျနော်နောက်ထပ်၃ နှစ် ကျောင်းဆက်တက်ဖို့ ကြိုးစားဦးမယ်လို့ ပြောတာကိုး..
ကြိုးစားပါ မောင်မျိုးရေ..
ဒါပေမယ့် ရင်ထဲမှာ အချစ်ရှိနေရင် ပူလောင်နေမလားလို့
လေ။မပိုင်ဆိုင်သေးတဲ့ အချစ်ပေါ့နော်.. ပိုင်ဆိုင်ပြီးသား
အချစ်ဆိုရင်တော့လည်း တမျိုးဖြစ်မလား မသိဘူး..
အစ်မက အားမပေးပါဘူးနော်..ပြောပြတာ..တော်ကြာ
မကြီးဝါ မြောက်ပြောလို့ ရည်းစားထားလိုက်မိတယ်ဖြစ်
နေဦးမယ်.း)))
ကိုယ့်ရည်မှန်းချက် အောင်မြင်အောင် အရင်ကြိုးစားလိုက်ဦးပေါ့လေ.. ချစ်သူကပေါမှာပါ။
အစ်မတွေ့တဲ့ မောင်ငယ်တွေက မာနမင်းသားတွေပါပဲ
လား...ကောင်းတယ်..ပွေတဲ့ ရှုတ်တဲ့သူတွေဆို အစ်မက
အထင်လည်းမကြီးဘူး..ကြည့်လည်းမရဘူး။လေးစားတယ်...ကြိုးစားကြ။
ခေါင်းမာတာ အစ်မထက်မှသာရဲ့လား..ဦးဥာဏ်က အစ်မကိုပြောတယ် ခေါင်းမာတာမှ တူနဲ့ထုရင်တောင် ကွဲမှာမဟုတ်ဖူးတဲ့. ha haa :D

ပညာတတ်ကြီးဖြစ်ပါစေ.

မကြီးဝါ

Lay said...

အဖြစ်မှန်ဇာတ်လမ်းလေးဖြစ်ခဲ့၇င်လဲ သူနားလည် ခွင့်လွတ်ပါလိမ့်မယ်.. ဘာဖြစ်လို့လဲဆိုတော့ သိကျွမ်းခဲ့တဲ့အချိန်က နည်းတာမှမဟုတ်တာ.. အချိန်ကကုစားသွားပါလိမ့်မယ်.. ဒါပင်မဲ့နောက်ယောက်ကြ၇င် အဲဒီလိုမဖြစ်စေနဲ့နော်.. :)

jr.lwinoo said...

ကျွန်တော့် စကားတွေသည် မှင်တံ ဖျားမှသာ ကြွေကျရိုး ဖြစ်ဟန်တူပါသည်။
...
nice!
ltns bro.
have a nice day!

Maribel Artaste said...

Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog

yangonthar said...
This comment has been removed by the author.