Thursday, December 3, 2009

နေရာဟောင်းသို့ အပြန်

အိမ်ဘေးကို ငဲ့ကြည့်လိုက်တော့ ပြောင်သလင်းခါနေသည်။ အိမ်ဘေးက ဗာဒံပင်ကြီးသုံးပင်မရှိတော့......။ ငေး ကြည့်နေသော ကျွန်တော့်ကို အိမ်ပေါ်ကို တက်မည်ပြင်နေသော အဖေက တွေ့ သည်။ တစ်သက်လုံး ရှိနေသော အဲဒီဗာဒံပင်ကြီးသုံးပင် .....။ ငယ်စဉ်က သူတို့ ဆီက ကြွေတဲ့ အသီးတွေ ကိုအုတ်နီခဲနဲ့ ထုပြီးစားတာ ....သူတို့ တွေ ရဲ့ အရိပ်အောက်မှာ ဆော့ကစားခဲ့တာတွေ တရေးရေးမြင်လာမိသည်။ အဖေက ပြုံးသည်။

“နာဂစ်စာ မိသွားတာလေကွာ .... ” ဒီလိုမြင်ကွင်း ပြောင်ပြောင် ရှင်းရှင်းကြီးက ကျွန်တော့စိတ်ကို ညစ်ညူးသွား စေသည်။ တစ်ခုခု ဟာသွားသလို။ မိတ်ဆွေဟောင်းတွေ ပျောက်ဆုံးသွားသလို ခံစားချက်မျိုးဖြစ်မည်။ ဒီအချိန် ဆို သူတို ဆီက အရွက်ဝါဝါတွေ ကြွေလို့ အဘိုးလုပ်သူက တဖျစ်တောက်တောက်ပြောပြီး အုန်းတံမြက်စည်း အ ရှည်ကြီးနဲ့ လှည်းမည်။ ဗာဒံရွက် ဝါဝါ ရော်ရော်ကြီးတွေကို အပင်ခြေရင်းမှာ သင့်သလို ပုံ ခြောက်သွားတဲ့အခါ မီး ခိုးတအူအူနဲ့  မီး ပုံရှို့ .....။ ဒီအလုပ်တွေကို ပြောပြောဆိုဆိုလုပ်နေတတ်သူ အဘိုးကလည်း မရှိတော့ .....။ ဗာဒံပင် သုံးပင်ကလည်း ထင်းဖြစ်လောက်ပြီ။ ပိန်ညှောင်ညှောင် အပင်လေးတွေ ပြန်စိုက်ထားသည်ကို တွေ့ ရသည်။ အ ဖေ့ အသံက အိမ်ပေါ်ကနေ လွင့် ပျံလာသည်။

“ခရေပင်ပေါက်လေးတွေကွာ။ ကိုတင်မောင်အေး တို့ ပေးတာနဲ့  ငါလည်းစိုက်ထားတာ ..... အဖေသာ ရှိရင် စိတ် မကောင်းဖြစ်နေဦးမှာ .... ပြောင်ပြောင်ကြီးထက်စာရင် ဒီအပင်လေးတွေ နဲ့ ဆိုတော့ တော်သေးတာပေါ့ ....။ ”

အဲဒီအပင်ကြီးသုံးပင်က ကျွန်တော့်ထက်တောင် အသက်ကြီးဦးမည်ထင်သည်။ ငယ်ငယ်ကတော့ ကျွန်တော် ဖက်လိုက်ရင် ဖက်လိုက်တဲ့ လက်နှစ်ဖက်က ကောင်းကောင်း မထိချင် ....။ ကျွန်တော်တို့ အိမ်က လမ်းဒေါင့်ဆုံး အိမ်ဖြစ်၍ လေ ပြင်းပြင်းကျ မိုးသည်းသည်းရွာချ လျှင် အိမ်ကို အဲဒီအပင်ကြီးတွေက လေမိုးဒဏ်က နေ ကာကွယ် ပေးတတ်သည်။ ဒါပေမယ့် ကျွန်တော်ကတော့ လေမိုးကျချိန်မှာ အိမ်မှာမရှိ .....။ သူတို့ က အိမ်ကို အကာအ ကွယ် ပေးပြီး တုံးလုံးပက်လက် လဲခဲ့ပြီ။

အိမ်ခေါင်းရင်းခန်းမှာလည်း ရှင်းရှင်းကြီးဖြစ်လို့ နေသည်။ ကျွဲကော်ကိုင်း မျက်မှန်ကြီးတပ် ကုလားထိုင်မှာ ခပ်ပြေ ပြေထိုင်ကာ သတင်းစာကို မျက်နှာနှင့်ထိလုမတတ် ကပ် ပြီးဖတ်နေတတ်သည်မှာ ကျွန်တော်ချစ်သော အဘိုး ဖြစ်သည်။ သူလည်း မရှိတော့ပြီ။ ကုလားထိုင်တွင်ထိုင်ပြီး အိမ်အမှုကိစ္စတွေ ကို ကောင်းသည် ဆိုးသည် သြဇာ ပေးတဲ့သူက အဲဒီအိမ်ရှေ့ ဘုရားစင်အောက်နားမှာပဲ ဟုတ်ကနဲ ဆိုသလိုပျောက်သွားခဲ့ပြီ။ ကျဲတောက်တောက် နေက အိမ်ခေါင်းရင်း ပြတင်းကို ဖြတ်ပြီး အဘိုးထိုင်နေကျ နေရာသို့ အသာထိုးကျနေသည်။ လျှာထိုး ပျဉ်းကတိုး သားတွေက အမေ့ အုံးခွံခြောက်တန်ခိုးဖြင့် ဖိတ်ဖိတ်တောက်စဲ။ အဘိုးကုလားထိုင်ကတော့ ဘုရားစင်အောက် တွင် ခပ်ယိုင်ယိုင် ထောင်လျှက်သားရှိနေသည်။

အဘိုးသောက်နေကျ ကြွေရည်သုပ် ရေနွေးခရားကြီးဘယ်ရောက်နေ သည်မသိ။ အမေက ဈေးက အုန်းတံမြက် စည်းများဝယ်လာလျှင် အိမ်ရှေ့ ခန်းက အဘိုးက အမြဲ ဆူလေ့ရှိသည်။ အရပ်ထဲက အုန်းပင် ခုတ်လျှင် အုန်းလက် တွေ ကို သွားတောင်းသည်။ အိမ်ဘေးတွင် အသာပုံထားပြီး ခြောက်တဲ့အခါ ဓါးပါးပါးနဲ့ သင်ပြီး ကိုယ်တိုင် တံမြက် စည်း လုပ်သည်။ ခုတော့ အဲဒီဓါးပါးပါးကို ဘုရားစင်အောက် နံရံတွင် အသာထိုးထားသည်။ သူ သခင်က နှုတ် ဆက် သွား ပြီဖြစ်သည်။ “ဟေ့ကောင်လေး ဟိုသွားစမ်း ဒီလာစမ်း ဒါမစမ်း ဟိုဟာကိုတော့ ဒီကိုယူလာစမ်း ” စသဖြင့် လေသံမာမာနဲ့ ခိုင်းတတ်သော အဘိုး၏အသံက နားထဲတွင် မြည်နေသည်။ အိမ်ရှေ့ ဝရံတာ အထွက် တွင် ကာထားသော အမေ့လက်ရာ လိုက်ကာ ဝါဝါတွေက လေထဲတွင် လူးလွန့် ကာ ယိမ်းနွဲ့ နေသည်။ ဒီအ ပြောင်း အလဲမှာ နေသားကျဖို့ အချိန်ယူရဦးမည်ဖြစ်သည်။

နေခင်းထမင်းစားပြီး ဂျာနယ်တစ်စောင်ကောက်ဖတ်နေတုန်း စိတ်ထဲ တစ်ခုခု လိုသလိုဖြစ်တာနဲ့ စဉ်းစားမိသည်။ City FM ရေဒီယို ....။ ခေါင်းရင်းအိမ်က ဦးလေး မောင်သောင်းလည်းဆုံးပြီ။ မြန်မာ့အသံ ရေဒီယို ခေတ်က မ နက် မိုးလင်း ရေခင်းသံကနေ ညကိုးနာရီ ထိုးတဲ့အထိ မနားမနေ ဖွင့်ထားတတ်သည်။ City FM ပေါ်လာတော့ လည်းသည်အတိုင်းမိုးလင်း မိုးချုပ် မရပ်တမ်းမနားတမ်းဖွင့်သည်။ အဲဒီရေဒီယိုသံ ပျောက်ဆုံးနေသည်။ ဦးလေး မောင်သောင်း က အိမ်က အဘိုးနှင့်ရှေ့ ဆင့်နောက်ဆင့်ဆုံးသည်။ နေ့ ခင်းဖက်များတွင် ရေဒီယိုသံ တိတ် ကျွန် တော်တို့ အိမ်ကြီးလည်း ဆိတ်နေသည်။ ငယ်ငယ်က ကျွန်တော်တို့ မောင်နှမတွေ မနက်ခင်းစောစော ဆိုလျှင် “ဂျိုးသိန်းဆိုတဲ့ ဆေးပေါ့ လိပ်ဟာ မြန်မာပြည်မှာ အကောင်းဆုံးပါ ဗျာ .... ” ဆိုတဲ့ ရေဒီယိုက ခေတ်ဦးကြော်ငြာ သီချင်းလေးနားထောင် အမေကြော်ပေးတဲ့ စားတော်ပဲ နိုင်းချင်း ပဲငံပြာရည်နံ့ သင်းသင်းနဲ့ ထမင်းကြော်ကို မြိန်မြိန်စားနေကျဖြစ်သည်။

အိမ့်မျက်စောင်းထိုးက ဓနိမိုးနဲ့  အကြော်တဲလေးလည်း မရှိတော့ပြီ။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ဒေါ်ညို့ ဆိုင်တွင်သာ အကြော် ဝယ်စားမြဲဖြစ်သည်။ ဒေါ်ညိုက နံမည်နဲ့ လိုက်အောင် ပိန်ပိန်ညိုညို ... ဆံပင်နီညိုညိုမှာ မုန့် နှစ်စတွေ ပေ နေတတ်သေးသည်။ သို့ သော် ဒေါ်ညို့ အကြော်က မနက်ကိုးနာရီဆို ကုန်လုပြီ။ အချဉ်ကောင်း ကောင်း သန့် သန့် နှင့် ဒေါ်ညို့ အကြော် ပူပူ မွှေးမွှေးသည် မနက်ခင်း ထမင်းကြမ်းနဲ့ လိုက်ဖက်သည်။ ခု ဒေါ်ညို က ဝဝဖိုင့်ဖိုင့် ... အိမ်ဘေး မှာ အဖီလေးထိုးလျက် ကုန်စုံဆိုင်လေးဖြစ်နေသည်။ ဆန်ဆီဆား ငရုတ်ကြက်သွန်တို့ ဖြင့် ဒေါ်ညို တစ်ယောက် မိုးလင်းမိုးချုပ် ငုတ်တုတ်ထိုင်ကာ ဈေးရောင်းနေတတ်သည်။ သားလုပ်သူတွေ သူ့ ပိုက် ဆံအိပ် နှိုက်တဲ့အခါ အသံစာစာအော်ပြီး တောင်းသမျှ ပေးနေမြဲတော့ဖြစ်သည်။ ဒေါ်ညို့ အကြော်မစားရတာ ဘယ်မျှကြာပြီနည်း။

အိမ်ပတ်ဝန်းကျင်မှ ပျဉ်ထောင်အိမ်ကြီးအိမ်ငယ်တို့ တွင် အချို့ တိုက်ခံအိမ်ဖြစ်ကုန်ကြသည် အချို့ က ကန်ထရိုက် တိုက် မြင့်မြင့်ကြီးတွေဖြစ်ကုန်ကြသည်။ မျက်နှာစိမ်းများ ရပ်ကွက်ထဲတွင် တိုးပွားလာသည်။ လမ်းမပေါ်တွင် ည နေခင်း နေကျတိုင်း ဘောလုံးကန်တဲ့ လူငယ်တွေ မတွေ့ ရ။ ရိုးရာ ကစားနည်းလေးတွေကို စုစု ရုံးရုံး ကစားနေ သော ကလေးတွေ မတွေ့ ရ .... တီဗီဂိမ်းဆိုင်ရောက်နေကြရော့ထင်သည်။ ကျွန်တော်တို့ တုန်းကတော့ လမ်းမီး တိုင်အားကိုးပြီး အတော်အရွယ်ရောက်သည်အထိ ညဦးပိုင်းတွင်ပင် ချွေးတလုံးလုံးဖြင့် ကစားနေကြတုန်းဖြစ် သည်။ ခုတော့ လမ်းမီးတိုင်ကလည်း မှိတ် ကလေးသံတွေ ကစားသံတွေကလည်း ဆိတ်လို့ နေပြန်သည်။ ကိုးရီး ယားကားတွေပဲကြည့်နေကြ လား ကျောင်းစာတွေပဲ ပိနေကြသလား ကျူရှင်မှာပဲ နေကြရသလားတော့ ကျွန် တော် လည်း တပ်အပ်မပြောနိုင်ပေ။

အိမ်ရှေ့ အိမ်က ခင်လေးငယ် တစ်ယောက်လည်း အရိပ်အရောင်မတွေ့ ။ ကျွန်တော်တို့ လူပျိုပေါက်အရွယ် ခင် လေးက လည်း သက်တူရွယ်တူ။ သူက အသက်ကြီးဟန်ပြုကာ အပျိုကြီးလို နေ .... စာကို အော်အော်ကျက် ... ရေဒီယို ကမာရွတ်ဟုပင် ကျွန်တော်တို့ နာမည်ပေးထားကြသည်။ ခင်လေးက လှလည်းလှသည်။ ပဲလည်း များ သည်။ စာလည်းတော်သည်။ သေချာပါသည် မာနကလည်း ခပ်ကြီးကြီးဖြစ်သည်။ ခင်လေးတို့ လမ်းသွားလျှင် တစ်ရပ်ကွက်လုံး သူ့ လုပ်စာစားနေသည့် မျက်နှာပေါက်မျိုးဖြစ်သည်။ သို့ သော် ခင်လေးက အပြောတော့ ချို သည်။ ခင်မင်ရင်းရှိသူတို့ က သဘောကောင်းရှာပါတယ် ဟု မှတ်ချက်ချတတ်၏။ သို့ သော် လူပျိုတွေကတော့ ရေဒီယိုကမာရွတ်ဟုစမြဲဖြစ်သည်။ မာနခဲဟု နောက်မြဲသာဖြစ်သည်။ ခင်လေးကလည်း လမ်းထွက်လျှင် မာန တစ်ခွဲသားဖြင့် လျှောက်မြဲသာဖြစ်သည်။ သူ့ မျက်နှာလှလှ နှင့်သူ အသံ သေးသေးလေးက မလိုက်ဖက်လှ။ ခင်လေး၏ စာကျက်သံလေးကို ကြားယောင်မိသည်။ ခုကော ခင်လေးတစ်ယောက် ဘယ်ရောက်နေပြီလဲ။

ဒေါက်တာမကြီးဖြစ်လောက်ရောပေါ့။ အိမ်ထောင်များကော ကျနေပြီလား။ ကျွန်တော် သ ဘော အကျဆုံး မှာ ခင်လေး၏ နက်မှောင်မှောင် ဆံနွယ်စတို့ ဖြစ်သည်။ သနပ်ခါးရောင်တောက်နေသော သူ့ အသား ဝါဝင်းဝင်း နှင့် ဆို .... ခင်လေးသည် ကျွန်တော့် အိပ်မက်နတ်သမီးဖြစ်ခဲ့ဖူးပါသည်။ ခင်လေး အကြောင်းအမေ့ကို မေးတော့ အမေက ပြုံးသည်။ မြစ်ကြီးနားတွင် တာဝန်ကျနေသည်ဟုဆိုသည်။ စစ်ဗိုလ်တစ်ယောက်နှင့် လက်ထပ်တော့ မည်ဟုလည်း အရပ်စကားနဲ့  သတင်းသိုးသိုး သန့် သန့် ကြားသည်ဟု ပြောသည်။ ဒေါက်တာမကြီးခင်လေး တစ် ယောက် ဘာပုံပေါက်နေပြီမသိ ... ကျွန်တော့်မျက်လုံးထဲမတော့ ခင်လေးရဲ့ ဝင်းဝင်း ဝါသော မာန မျက်နှားလေး ကိုသာ ပြေးမြင်မိသည်။

အရပ်ထဲလမ်းသွားတော့ ကျွန်တော့ကို သိသူတွေက အကြည့်တစ်မျိုးနဲ့ ကြည့်သည်။ တချို့ က ဒီမောင် ပုံစံပြောင်း သွားတယ် ဆိုတဲ့အကြည့်မျိုးနဲ့  တချို့ က ပြုံးချိုတဲ့ မျက်နှာတွေနဲ့  တချို့ က ခင်မင်ရင်းရှိလင့်ကစား အပြုံးတစ်ဝက် တစ် ပျက်နဲ့  .... မေးထူးခေါ်ပြောသာရှိခဲ့ဖူးသူတွေက ဖက်လှဲတကင်းနဲ့  ... မနှစ်မျို့ သူတွေက မျက်စောင်းတခဲခဲနဲ့  ... ရပ်ကွက်ထဲနောက်မှ ရောက်လာတဲ့သူတွေက ဘွားကနဲပေါ်လာတဲ့ ကျွန်တော့်ကို စူးစမ်းတဲ့အကြည့်နဲ့  ကြည့်ကြ သည်။ ဒီမောင် ဘယ်ကလဲ ဘယ်လိုလဲ ဆိုတာမျိုးဖြစ်ဟန်တူသည်။ နေဝင်လို့  မိုးချုပ်တော့ အိမ်ရှေ့ လမ်းမက တိတ်တိတ် ကျဲကျဲ .... ။ အိမ်များဆီမှ မီးရောင် ဖြူဖျောဖျော တို့ က နိုင်လွန်ကတ္တရာလမ်းပေါ်မှာ ပျင်းခြောက် ခြောက် နဲ့ ဖျာကျလို့ နေသည်။

ခေါင်းရင်းတစ်အိမ်ကျော် က ငယ်သူငယ်ချင်းကို ခေါ်ပြီး လက်ဖက်ရည်ဆိုင်သွားမည်ဟု ရည်ရွယ်ပြီး သူ့ အိမ်နား ရောက်သွားမိသည်။ သူငယ်ချင်း ထွန်းအောင်မော် က မဟေသီကို လက်ချိတ်ပြီး အိမ်ထဲမှ အကြော့သားထွက် လာ သည်။ သြော် ... ဂေါ်လီရိုက်ဖက် ကစားဖော်ကစားဖက် သူငယ်ချင်းတောင် အိမ်ထောင်ရက်သား ကျနေပြီ ကိုး။ အောင်မော် မိန်းမ ရတာသိသော်လည်း ဒီအချိန်မျိုး အားမည်ထင်၍ အခေါ်သွားခဲ့သော်လည်း ဘေးက သူ့ မိန်းမကို အားနာတာနဲ့ ပြုံးပြနှုတ်ဆက် ပြီး ခပ်ကြောင်ကြောင် တစ်ယောက်တည်း ဆက်လျှောက်လာခဲ့သည်။

ကျောင်းတုန်းက သူငယ်ချင်းဆီသွားဦးမှပဲဟု အတွေးပေါက်ကာ သီဟတို့ အိမ် ဘက် ထွက်ခဲ့သည်။ မတွေ့ တာ နှစ်တွေကြာပြီ။ ပပလှိုင်ကို ပိုးတုန်းက သီဟသာ မကူညီရင် ကျွန်တော်နဲ့ ပပ သမီးရည်းစားဖြစ်မည်မဟုတ်။ သီဟ တော့ အိမ်ထောင်မကျသေးဘူးဟု သိထားသည်။ သီဟတို့ အိမ်ရှေ့ ရောက်တော့ သူ့ အမေ အိမ်ထဲက ထွက် လာတာနဲ့ အရံသင့်တွေ့ သည်။ သီဟက အိမ်ထဲက မှုန်ကုတ်ကုတ်နဲ့ ထွက်လာသည်။ သူငယ်ချင်းနှစ် ယောက် အရင်ကလို ဟက်ဟက် ပက်ပက် မရှိကြတော့။ စကားတစ်ခွန်းနှင့် တစ်ခွန်းကြား ခြားလွန်းပြီး တိတ် ဆိတ် နေသည်က များသည်။ အတော်ကြာစကားပြောဖြစ်တော့ အခြေအနေကို ကျွန်တော် ခန့် မှန်းမိ၏။ သူ့ အတွေးကိုယ့်အတွေးတွေက ချော်နေသည်။ အမြင်တွေက လွဲနေသည်။ စကား လုံးတွေက တစိမ်းဆန် နေ သည်။နောက်ရက်တွေ ဆို သီဟကို လက်ဖက်ရည်သောက်ဖို့ ခေါ်ဖြစ်မည်မထင်။

သီဟ က ပပ အကြောင်းတော့ ပြောပြ ဖော် ရသည်။ ပပအိမ်ထောင်ကျခဲ့ပြီ။ ကလေးတစ်ယောက်ပင် ရနေပြီဟု ဆိုသည်။ လက်ဖက်ရည်ဆိုင်က ထ ကျွန်တော်ပူဆာလို့  ပပတို့ အိမ်ဖက် သီဟ ပေစောင်းစောင်းနဲ့ ပါလာသည်။ လမ်းတလျှောက်လုံး သူငယ်ချင်း အရင်းခေါက်ခေါက်တွေ နှုတ်တွေဆိတ်နေမိကြသည်။ ပပ တို့ အိမ်ရှေ့ ကို ကျွန် တော် နဲ့  သီ ဟ လျှောက်ပြန် သံပေးတိုင်း သွားဖြဲဖြဲရယ်ပြတတ်သော ပပ ဖေဖေ့ လေးဘီးကားလေးကို မတွေ့ ရ။ အနည်းငယ် မွမ်းမံထားပုံရသော ပပတို့ အိမ်ရှေ့ တွင် အရပ်မြင့်မြင့်ကားတစ်စီး က ကျွန်တော့်တို့ ကို နှုတ်ဆက် နေကျ လေးဘီးပြာပြာ လေး နေရာတွင် အစားရပ်နေသည်။ မီးရောင်အောက်တွင် ငုတ်တုတ်ထိုင်၍ စကား ပြော နေသော ပပ ဟု ထင်ရသော မိန်းမငယ်ကို တွေ့ ရသည်။ ထောင်ထောင် မောင်းမောင်းနဲ့ ပပ အဖေ ကြီးတော့ အရိပ်အရောင်မတွေ့ ရ ။

သူ့ ရဲ့ တစ်ဦးတည်းသော ချစ်သမီးကို အိပ်ဖန်စောင့်ရတဲ့ ကျွန်တော့် မတော်လိုက်ရတဲ့ ယောက္ခမကြီး ပေါ့။ ခါးကြီးထောက်ပြီး မျက်ထောင့်နီကြီးနဲ့ များကြည့်ရင် သီဟနဲ့ ကျွန်တော် ရောင်ပေပေ လုပ်ရာက တချိုးထဲ လစ်ပြေးကြရသည်။ ပပ ကို ကျွန်တော် ချစ်ပါသည်။ ပပ သည် ခင်လေးလောက်မလှပါ။ သို့ သော် ပပက ဖော်ရွေ သည် ချစ်စရာကောင်း သည်။ ခေတ်စကားနဲ့ ဆိုရလျှင် လန်းဆန်းသည်။ ပေါ့ပါးသည်။ ပပ ရယ်လျှင် ကြယ်တွေ တောင် ကြွေလောက် တယ် လို့  ကျွန်တော် ပြောခဲ့ဖူးသည်။ သီဟက ခွီးကနဲဆဲရေးခဲ့ဘူးသည်။ ပပက လှိုက် လှိုက်ကလေး ရယ်ခဲ့ဖူး သည်။ မှတ်မှတ်ရရ ပပ ခေါင်းလေး ကျွန်တော့ ပုခုံးပေါ်တင်ပြီး စကားတွေ ပြောခဲ့သည့် နေ့ ကဖြစ်သည်။ သမီးကို စိတ်မချလို့ ပပ အဖေကြီး နောက်ကလိုက်လာတဲ့အခါ အမေတကော ပြေးခဲ့ရ သေး သည်။ အဲဒီ အချိန် တုန်းကတော့ ပေါ့ပေါ့ပါး ပါး မောရင်း ရယ်ရင်း ပျော်ရင်းမြူးရင်း ကြည်နူးခဲ့မိပါ သည်။

ပပ မျက်နှာလေး အိုသွားတော့ ကျွန်တော့်မှာ သနားလိုက်သည့်ဖြစ်ချင်း။ သီဟကလည်း အဖြစ်သည်း သလေးဟု ဆဲလိုက်သည့်ဖြစ်ချင်း။ ခုတော့ ဒီအရာတွေအားလုံး တစ်ခမ်းရပ်ဇာတ်လို ပြီးဆုံးခဲ့လေပြီ။ ပပ ကျွန်တော့ကိုတွေ
့ဟန်မတူပါ သီဟကလည်း ဘေးမှ ခေါင်းငိုက်စိုက်နဲ့ လျှောက်လိုက်လာသည်။ ပပ အိမ်ထောင်ဖက်နဲ့ မှ ပျော်ရဲ့  လား ..... ကျွန်တော်သိချင်မိသည်။ ကျွန်တော့် ရင်ခွင်မှာတော့ မှေးစက်မည့်သူ ကင်းဝေးလို့ နေသည်။ ပပ နောက်တွင် တစ်ယောက် နှစ်ယောက် ရှိခဲ့သေးသော်လည်း ပပကို အရူးအမိုက် ကြိုက်ခဲ့မိသည် ဟု ကျွန်တော် ဝန်ခံပါသည်။

ပပသည် ကျွန်တော့် ဘဝဖြစ်ခဲ့သည်။ လက်တွေ့ ဘဝတွင် ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေကို သာ လုပ် ခွင့် ရှိသော ကျွန်တော့် လိုလူမျိုးအတွက် အချစ်နဲ့ အတူ ရူးခဲ့ရသော နေ့ ရက်တွေသည် ကြယ်တွေ ကြွေသလို တ ဖြုတ်ဖြုတ်ပျောက်ဆုံးခဲ့ရသည်။ ဒါပေမယ့် ကြယ်တွေ ကြွေတိုင်း ပပရဲ့ ရယ်သံလွင်လွင်ရယ် အပြုံးချိုချိုတွေ ရယ် ကို မြင်ယောင် နေမိစဲသာဖြစ်သည်။

သီဟနဲ့ လမ်းခွဲပြီး အိမ်ပြန်ခဲ့တဲ့နောက် မရင်းနှီးလှသော သူငယ်ချင်းတစ်ယောက် နှင့်တွေ့ သည်။ သီဟထက်စာ လျှင် ထိုသူ ငယ် ချင်းက စကားပြောရ ပိုအဆင်ပြေသည်။ ထိုသူငယ်ချင်းကို ကျွန်တော်အမှတ်တရ မရှိခဲ့ ပေ။ သို့ သော် သူက ကျွန်တော့်ကို ခင်မင်ရင်းရှိသည်။ ငယ်ငယ်က ဖြစ်ပျက်ခဲ့ဘူးသော အဖြစ်အပျက်တွေကို အမှတ် တရရှိ သည်။ သူသည်လည်း ကျွန်တော့ နောက်မှ ပပ ကို ပိုးခဲ့ဖူးကြောင်း ပေါ့ပေါ့ပါးပါး ရယ်ရင်းမောရင်း ပြော ဖြစ်ခဲ့ကြ သည်။ ပပ အကြောင်းကို သီဟထက် ထိုသူငယ်ချင်းထံမှ ပိုသိရ သည်။ တစ်ယောက်၏ အတွေး အခေါ်အယူအဆ ကို တစ်ယောက်က အပြည့်အဝ လက်မခံသော်ငြားလည်း ထိုသူငယ်ချင်း၏ လေသံ ထဲတွင် ရင့်ကျက်မှု ဆက်ဆံ ရေးပြေပြစ်မှု တို့ ကို တွေ့ ရသည်။ အမြင်ချင်းမတူသော်လည်း ဖလှယ်လို့ ရသည်။ သီဟနဲ့ လို တော့ ဖြောင့် ဖြောင့် ကြီးမဆန့် ကျင်။

လူနှစ်ယောက် စကားပြောကြည့်သည့်အခါတွင် တစ်ဦးအခြေအနေကို တစ်ဦး စူးစမ်းပုံလေ့လာပုံလေးတွေ ထို သူငယ်ချင်း ဆီမှ အတုယူရသည်။ ညက်ညောသော အပြောအဆို လေးနက်သောအတွေးအခေါ်တွေကို ကျွန် တော် လေးစား အားကျမိ သည်။ ကျွန်တော် မှတ်မိသလောက် ကျောင်းသားဘဝတွင် ကျွန်တော် အထင်ကြီးမိ သော ကျောင်း သား တွေထဲတွင် ထိုသူ ငယ်ချင်းမပါခဲ့။ သို့ သော်အချိန်က အရာရာကို ပြောင်းလဲသွားစေခဲ့ပြီ။ ဘဝသည် လူသား များကို သင့်တင့်လျောက်ပတ်အောင် တွေးခေါ်တတ်ဖို့  နေ့ စဉ်အမျှ သင်ကြားပေးနေသည်။ စာသင်ခန်းတစ်ခု တွင် ဆရာ က တပည့်များစွာကို တပြေးညီသင်ပေးခဲ့သော်လည်း သင်သမျှ ရပုံချင်း ကွဲတတ် သလို ဘဝက သင် ပေး သော သင်ခန်းစာတွေကိုလည်း ကျေညက်ပုံချင်း ကွာခြားလှသည်။

ဆင်ခြင်မျှော်တွေးမှုဆိုတာကို လေးလေးနက်နက် မတွေးခေါ်တဲ့သူဆီက နေ ကျွန်တော်တို့ မျှော်လင့်လို့ မရနိုင် ပေ။ ရုပ်ဝတ္တုပိုင်းဆိုင်ရာတွေ ပြောင်းလဲလာသည်။လူသားတွေလည်းပြောင်းလဲလာသည်။ အတွေးအမြင်တွေ လည်း ပြောင်းလဲလာသည်။ အသက်နည်းနည်းကြီးလာတာနဲ့ အမျှ ဘဝအပေါ် အမြင်ကလည်း ပြောင်းလဲလာ သည်။ အတွေးအခေါ်အကြောင်းတွေ ဘဝအကြောင်းတွေ ပြောချင်လာသည်။ ဘဝသင်ခန်းစာတွေကို ဆွေးနွေး ချင် လာသည်။ ကျွန်တော်တို့ နံဘေးမှာ ရှိနေသော သူများမှာလည်း ဆုတ်ယုတ်၍သော်လည်းကောင်း တိုး တက်၍သော် လည်းကောင်း ပြောင်းလဲ နေကြပေသည်။ ကျွန်တော်ကိုယ်တိုင်လည်း ဘယ်ပုံစံမျိုးဖြင့် ပြောင်း လဲ ခဲ့ပြီလဲ။

ကျွန် တော့် နေ့ စဉ်အမျှ ရင်းနှီးခဲ့ရသော ပတ်ဝန်းကျင်သည် ကျွန်တော်နေထိုင်ခဲ့သော ပတ်ဝန်းကျင်လောက် အံ ဝင်ဂွင်ကျမဖြစ်ချင်တော့။ ကျွန်တော်မွေးသော အရပ်ဒေသတွင်ပင် အံဝင်ဂွက်ကျမဖြစ်ခြင်းသည် ရယ်စရာ တော့ ကောင်း သည်။ သို့ သော် အများကလည်း ဒီမောင်ပြောင်းလဲသွားပြီဟု ပြောကောင်းပြောကြမည်။ မှတ်ချက်က အကောင်းအဆိုးမျိုးစုံဖြစ်နိုင်ပေသည်။ သို့ သော် မပြောင်းလဲ သော ပြောင်းလဲမှုများတွင် အံဝင်ဂွင်ကျ မဖြစ် သည်များ လည်း ရှိသည်၊ ဖြစ်သည်များလည်းရှိသည်။ အတတ်နိုင်ဆုံး အဆင်ပြေအောင်နေဖို့ သာရှိသည်။

အရာတိုင်းဟာ ပြောင်းလဲနေကြသည်ဟု နားလည်ခြင်းသည် အသားမကျသော ပတ်ဝန်းကျင်တစ်ခုတွင် ဆက် လက် အသက်ရှင်ရန် အကောင်းဆုံးအားပေးစကားဖြစ်မည်ဟု ကျွန်တော်ထင်ပါသည်။ ကျွန်တော့် အလုပ် အ ဟောင်းသို့ မနက်ဖြန် ပြန်သွားရပေဦးမည်။ နေသားကျနေသော ပတ်ဝန်းကျင်မှလာသော ကျွန်တော့အတွက် အလုပ်ဟောင်းနေရာသည်ပင် အသစ်လုံးလုံးဖြစ်ကောင်းဖြစ်နေမည်။ ကောင်းသည် ဖြစ်စေ ဆိုးသည်ဖြစ်စေ လက်ရှိနေသားကျ နေသော နေရာမှ အခြားနေရာတစ်ခုသို့ မည်သူမှ မသွားချင်လှပါ။ သို့ သော် မျှော်လင့်ချက် တွေ ဘဝရဲ့ လိုအပ်ချက်တွေကြောင့် အဲဒီနေ ရာသစ်ဆီကို သို့ ဝေးကွာနေခဲ့သော နေရာဟောင်းဆီသို့ လေးလေး အီအီနဲ့  သွားရပေဦးမည်။ ထိုနေရာတစ်ခု၌ မကြာခင် နေသားတကျဖြစ်ဖို့ သည် ကျွန်တော် ဘယ်လို လူဖြစ် သ လဲ ဆိုတာပေါ်သာ မူတည် မည်ဖြစ်ပေသည်။

စာဖတ်လည်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ
ရန်ကုန်သား

***************

ဘလော့ကို ပစ်ထား .... မိတ်ဆွေတွေဆီလည်း သာကြောင်းမာကြောင်းလေးတောင် အမေး မရောက်နိုင်ခဲ့ တဲ့ အတွက် ချစ်သော မောင်နှမများကို အနူးညွတ်တောင်းပန်ပါတယ်ဗျာ .....။ ခုတော့ စာလေး ပုံမှန်ရေးဖို့ ကြိုးစား နေပါတယ်။ C-box ထဲမှာ လာရောက်နှုတ်ဆက် ကြတဲ့ ချစ်သော မောင်နှမအားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန် တော် ချစ်တဲ့ ဒီရွာလေးနဲ့  မောင်နှမတွေကို နေ့ တိုင်းသတိတရ ရှိနေပါတယ် အားလုံး ကျန်းမာချမ်းသာကြပါစေ။ အစ်ကို အောင် သာငယ်နဲ့  နေ့ အိပ်မက်တို့ ကတော့ စိတ်များ ခုနေရော့သလားမသိဘူးဗျာ။ အကြွေးကို ကြိုးစား ပြီးဆပ်ပါ့ မယ် စိတ်မရှိကြပါနဲ့  .... ကျေးဇူးတင် လေးစားလျက် :) ရန်ကုန်သား

18 comments:

Chitpalonelay said...

အင်း ဖတ်လိုက်ရတာ တကယ်အနှစ်ပဲ ကိုရန်ကုန်သားရေ လူတွေ စရိုက်အစုံကို မျက်လုံးထဲမှာ သေသေချာချာကိုမြင်မိတယ်။ အိမ်ပြန်ချင်ပါတယ်ဆို အိမ်ပိုလွမ်းအောင် လုပ်လိုက်သလိုပဲ အရေးအသားကတော့ တကယ်ကိုပြောင်မြောက်ပါတယ် တော်တော်လည်းလေးစားအားကျတယ် ဒေါ်ညိုရဲ့အချဉ်ရေနဲ့ အကြော်လည်း စားချင်လိုက်တာ
“တောက်” သရေကျသံနော်။ ဌဲဌဲ။
ပျော်ရွှင်ပါစေ
ခင်မင်လေးစားအားကျလျှက်
ညီမလေး ပါးလုံး

Chitpalonelay said...

အင်း ဖတ်လိုက်ရတာ တကယ်အနှစ်ပဲ ကိုရန်ကုန်သားရေ လူတွေ စရိုက်အစုံကို မျက်လုံးထဲမှာ သေသေချာချာကိုမြင်မိတယ်။ အိမ်ပြန်ချင်ပါတယ်ဆို အိမ်ပိုလွမ်းအောင် လုပ်လိုက်သလိုပဲ အရေးအသားကတော့ တကယ်ကိုပြောင်မြောက်ပါတယ် တော်တော်လည်းလေးစားအားကျတယ် ဒေါ်ညိုရဲ့အချဉ်ရေနဲ့ အကြော်လည်း စားချင်လိုက်တာ
“တောက်” သရေကျသံနော်။ ဌဲဌဲ။
ပျော်ရွှင်ပါစေ
ခင်မင်လေးစားအားကျလျှက်
ညီမလေး ပါးလုံး

စည်သူ said...

စာသင်ခန်းတစ်ခု တွင် ဆရာ က တပည့်များစွာကို တပြေးညီသင်ပေးခဲ့သော်လည်း သင်သမျှ ရပုံချင်း ကွဲတတ် သလို ဘဝက သင် ပေး သော သင်ခန်းစာတွေကိုလည်း ကျေညက်ပုံချင်း ကွာခြားလှသည်။

အရမ်းကိုကောင်းတဲ့ စာသားတွေပါဗျာ..
ဘဝအကြောင်းတွေလည်း အတော်လေးကို ပါတယ်ဗျာ ပိုဆိုးတာက ကျွန်တော်လည်း အဲလိုနေရာမျိုးမှာ နေခဲ့ရ.. ကြီးပြင်းခဲ့ရတော့ အတော်လေးကို လွမ်းဆွတ် တမ်းတမိတယ်ဗျာ..
သိုပေသိ ပျော်ရာမှာမနေရ တော်ရာမှာနေရ ဆိုသလိုပေါ့ဗျာ.. တော်ရာမှာ နေထိုင်ရင်း မကုန်ခန်းနိုင်တဲ့ ဘဝပညာတွေကို သင်ယူနေရတာပေါ့

ဒီပိုစ်လေးကို ဖတ်ပြီး အတွေးတွေလည်း ရတယ်.. အတွေးလည်း ပေါက်တယ်.. လွမ်းလည်း လွမ်းတယ်..

မတွေ့တာကြာတော့ ဘယ်များရောက်သွားပြီလဲပေါ့..
ခုလိုစာပြန်ရေးတာ ကျေးဇူးတင်ပါတယ်.. ဝမ်းလည်းသာတယ်ဗျာ..

ပျော်ရွှင်ပါစေ ကိုရန်ကုန်သားရေ
ခင်မင်လေစားစွာဖြင့်
စည်သူ။

rose of sharon said...

လာဖတ်သွားပါတယ်... ပြန်ပေါ်လာလို့ ဝမ်းသာတယ်....

ဧပရယ်လ်ပူး@ပူးတေ said...

ဟုတ်တယ်ရန်ကုန်သားရေ...
၆တန်းတုန်းထဲက အခုထိ ပေါင်းခဲ့တဲ့ သူငယ်ချင်း ၆ ယောက်ရှိတာ ၁ ယောက်ပဲပြောလို့ဆိုလို့ကောင်း၊ ဆက်ဆံလို့ကောင်းတော့တယ်။ တယောက်နဲ့ ခံယူချက်တွေ အမြင်တွေ မတူကြတော့ဘူးလေ။ ငယ်ငယ်ကနဲ့ ခုနဲ့ အားလုံးကွာခြားကုန်ကြတာထင်တယ်။ ရန်ကုန်ပြန်ရင် သွားလည်စရာ သူငယ်ချင်းတောင်သိပ်မရှိတော့ဘူး။ တက္ကသိုလ်တုန်းက သူငယ်ချင်းတွေက အိမ်လည်တဲ့ အကျင့်မရှိဘူးလေ......
ဖတ်ရင်းနဲ့ လွန်ခဲ့တဲ့ ၉ နှစ် ၁၀နှစ် လောက်ကိုပြန်လွမ်းသွားတယ်။

WWKM said...

ဖတ်သွားပြီ ရန်ကုန်သားရေ.
စာတွေဆက်ရေးမယ်ဆိုလို့ ၀မ်းသာပါ၏။

မကြီးဝါ

မိုးခါး said...

ဖတ်ရတာ ကိုယ့်အဖြစ်နဲ့ပါ နှိုင်းယှဉ်ပြီး မြင်မိသွားတယ် ..း))
အချိန်တွေကုန်တာ မြန်တယ်နော် ...

**Winnie Pooh Gallery** said...
This comment has been removed by the author.
^^ရွှေ ယွန်း ဝါ^^ said...

လာအားပေးတယ်။
အိမ်ပြန်သွားတာလား ၊ ပျောက်နေတာကိုး။

aye said...

အကိုရန်ကုန်သားရေ အသစ်တွေ့လို့ အပြေးအလွှားလာတာ ဒီရောက်တော့မှ တော်တော်နောက်ကျနေပီ ဟီးဟီး
အိမ်ကိုပြန်ရောက်တဲ့အချိန် မြင်ကွင်းကို ရေးထားတာ မျက်စိထဲ ကွက်ကွက်ကွင်းကွင်းကို မြင်သာစေတယ်
အကြိုက်ဆုံး စကားလုံးက..
'ကျွန်တော်ကတော့ လေမိုးကျချိန်မှာ အိမ်မှာမရှိ .....။ သူတို့ က အိမ်ကို အကာအကွယ် ပေးပြီး တုံးလုံးပက်လက် လဲခဲ့ပြီ။..'
သူငယ်ချင်းတွေကတော့ သူတို့ရဲ့ အချိန်နဲ့ သူတို့ရဲ့နေရာလေးတွေမှာ ကန့်လန့်ကာချထားခဲ့တာ ပိုကောင်းပါလိမ့်မယ်..
အရင်တုန်းက ခင်မင်မှုတွေကို မပြောင်းလဲတန်ကောင်းရဲ့လို့ မျှော်လင့်လို့ မရတော့ဘူး...
အချိန်တွေ ပြောင်းလဲလာတာနဲ့အမျှ ပတ်ဝန်းကျင်အခြေအနေရော လူတွေရဲ့စိတ်တွေရော ဘဝတွေရော ပြောင်းလဲခဲ့ပီ :(

Nge Naing said...

မင်္ဂလာပါ။ စာလာဖတ်သွားပါတယ်။ စာရေးကောင်းလို့လား မသိဘူး ဖတ်လို့ သိပ်ကောင်းတယ်။ "အချိန်က အရာရာကို ပြောင်းလဲသွားစေခဲ့ပြီ။ ဘဝသည် လူသား များကို သင့်တင့်လျောက်ပတ်အောင် တွေးခေါ်တတ်ဖို့  နေ့ စဉ်အမျှ သင်ကြားပေးနေသည်" ဆိုတာ လုံးဝ လက်ခံပါတယ်။

ဇော် said...

အတော်ကိုကောင်းတဲ့ ဂန္တ၀င် ၀တ္တုတိုလို့ ကျနော်ပြောလိုက်ရင် လွန်မလားမသိဘူး ..
အရေးအသားကလေ .. တကယ့်ဝါရင့်ဆရာကြီးတွေနဲ့ တူတယ် .. ကျနော်မမြှောက်ပါဘူး။ အရှိကိုအရှိအတိုင်းပဲ ပြောတာပါဗျာ ..
နည်းနည်းတောင် ဂုဏ်ယူလာသလိုပဲ .. ဒီလိုအကိုတစ်ယောက်နဲ့ ငါ ခင်မင်ခွင့်ရထားတယ်ဟဆိုတဲ့အတွေးနဲ့လေ ..
CongratulationSS ပါ ကိုဂျီး..
ဝတ္တုကောင်းတစ်ပုဒ် ဖန်ဆင်းလိုက်နိုင်ပြန်ပြီနော် .. =)

hmwe said...

ပြောင်းလဲ သွားတဲ့  ပတ်ဝန်းကျင်ဟောင်း
ပြောင်းလဲသွားတဲ့ စိတ်တွေ ရှိသလို
အရောင်တွေ မပြောင်းဘဲ ကိုယ့် ကိုအိမ်အပြန် ကြိုမယ့်သူတွေ
အနည်းဆုံး တယောက်တော့ ရှိနိုင်မှာပါ

jr.lwinoo said...

စမ်းချောင်း ရပ်ကွက်လေးကို လွမ်းသွားတယ် မောင်ငယ်။ အမတို့ ငယ်ငယ်က ညဘက်ဆို လူတွေစုပြီး ကတ္တရာလမ်းမပေါ်မှာ ထုပ်ဆီးတိုး၊ ခို တမ်းဆော့နဲ့။ တအားကို ပျော်ဖို့ကောင်းတယ်။ ခုတော့ လူငယ်တွေလိုချင်တာတွေက တခြားဆီဖြစ်ကုန်ဘီ။း)

မြစ်ကျိုးအင်း said...

အချိန်ရယ် ဘ၀အတွေ့အကြုံရယ်က လူတွေရဲ့ စိတ်အတွေးတွေကို ပြောင်းလဲ ပေးလိုက်တာ ပါပဲ။ အရင်လိုမပြောင်းလဲဘဲ ကျန်ခဲ့တဲ့ သူအတွက် အရာရာဟာ ထင်မှတ်မထားတဲ့ အရာတွေ ဖြစ်နေတော့တယ်။

ကိုလူထွေး said...

တခါတခါ လူ့ဘဝဆိုတာ ကြိုးတန်းပေါ်မှာလမ်းလျှောက်ရတဲ့ လူလိုပါပဲ...

ဟန်ချက်မပျက်အောင် ကိုယ်ကိုကိုယ် ထိန်းနိုင်မှ တော်ကာကျတာပါ...

min said...

ကောင်းတယ်.....

july said...

အကိုရေ အကို့ ရဲ့ စာတွေဖတ်ရတဲ့ အတွက် အရမ်း
ကိုကျေးဇူးတင်ပါတယ် ။ ဆက်လက်ပြီး
အောင်မြင်မှုတွေ မြောက်များစွာရရှိပါစေလို့ လည်း
ဆုတောင်းပေးပါတယ်။
ပြန်ပြီးလည်း မျှဝေခွင့်ပြုပါလို့  ...
ခင်မင်လေးစားစွာဖြင့်  ..