Monday, December 7, 2009

ယုံကြည်မှု ဒဿန


“ဘဝမှာ မင်းဘာကို ယုံကြည်လဲ ....”

အောင်ဇော့် အမေးကြောင့်ကျွန်တော်ကြောင်စီစီဖြစ်သွားမိသည်။ ပြူးကြောင်ကြောင်ကြည့်နေသော ကျွန်တော့် ကို အော်ဇော်က စူးစမ်းသလိုကြည့်သည်။ ကျွန်တော် သူ မေးတာကို နားမလည်ကြောင်း အောင်ဇော်သဘော ပေါက် သွားဟန်တူသည်။

“မင်းက ဘာကို မေးတာလဲ အောင်ဇော်ရ ... အစမရှိအဆုံးမရှိနဲ့  ....”

“မင်းဘဝမှာ ဘာကို ယုံကြည်လည်း မင်းယုံကြည်တဲ့ ဒဿန တစ်ခု ကိုပြောတာ ....”

ကျွန်တော် ခေါင်းကို နည်းနည်း အလုပ်ပေးလိုက်ရသည်။ ဘဝမှာ ကိုယ်ယုံကြည်တဲ့ ဒဿန တစ်ခု ....။ စဉ်းစား သည် ဘာကို ယုံကြည်ပါလိမ့် ....။ ရုတ်တရက်ကျွန်တော် စဉ်းစားလို့ မရ ...။ အောင်ဇော်က ကျွန်တော့်အဖြေကို ငြိမ် သက်စွာထိုင်ပြီးစောင့်နေသည်။ ကျွန်တော် ဘာယုံကြည်သလဲ .... ။

“ အမှန်တရားကို ငါယုံတယ် ”

“မင်း အဖြေကတော်တော် ယေဘုယျကျလွန်းတယ် .... ”

“မင်း မေးတာကြီးကလည်း အဲလိုကြီးကိုကွ ငါက ဘယ်လို ဖြေရမှာလဲ ....”

“အိုကေ ဒါဆို မင်းကို တစ်ခုချင်းမေးမယ် ...”

အောင်ဇော်က ပညာရှိအသွင်နဲ့  မေးစေ့ပွတ် မျက်လုံးလေးစင်းပြီး သူ့ မေးခွန်းကို စသည်။ တစ်ခါတစ်ရံ ကျွန် တော် တို့ သူငယ်ချင်းတွေကြား အောင်ဇော့်ကို ပိဋကတ်အိုးကွဲဟု ခေါ်လေ့ရှိသည်။ သို့ သော် အောင်ဇော့်အတွေး ခေါ်လေးတွေကတော့ မဆိုးဟုပြောရမည်။

“ဘာသာရေးနဲ့ ပတ်သက်လို့ မေးမယ်ကွာ မင်းအယုံကြည်ဆုံး စကား ဒါမှမဟုတ် အယူအဆတစ်ခုပေါ့ အဲဒီအ ချက် ကြောင့်မင်းဟာ ဗုဒ္ဓဘာသာ ဖြစ်ရပါတယ်ဆိုတဲ့အကြောင်းအရင်စပြော ......”ဒီမေးခွန်းကတော့ သိပ်မဆိုး။ ကျွန်တော်ဖြေနိုင်လောက်သည်။

“အင်း .... ငါ မြတ်စွာဘုရားပြောတဲ့စကား တစ်ခု မှတ်သားဖူးတယ် .... “ငါဘုရားကို သိချင်ရင် ငါ ဘုရားဟောတဲ့ တရား ကို အရင်သိအောင်လုပ်ပါ ” တဲ့။ ဒီစကားကြောင့် ငါ ဗုဒ္ဓဝါဒကို ယုံကြည်တာ ....”

“ဆိုလိုတာက .....”

“ဒီလိုကွာ ...... မင်းကို တစ်ခု မေးမယ်။ ဥပမာ စပျစ်သီးချိုသလား ချဉ်သလား။ ဘယ်လိုအရသာ ရှိလဲ သိ ချင် ရင် မင်းဘာလုပ်မလဲ ....။” အောင်ဇော့်ကို ကျွန်တော်ပြန်မေးကြည့်လိုက်သည်။

“စားကြည့်မှာပေါ့ ....”

“အေးပေါ့ စားကြည့်မှာပေါ့ ...။ ဒီလိုပဲ ဗုဒ္ဓဝါဒ မှန်သလား မှားသလား သိချင်ရင် ဗုဒ္ဓပြောတဲ့အတိုင်း လုပ်ကြည့်ပေါ့ ....။ တကယ်အကျိုးရှိတယ်ဆိုတာ သိရင် ဆက်လုပ်။ အကျိုးမရှိဘူး ဆိုရင် မလုပ်နဲ့ မယုံနဲ့ ပေါ့ ....။ ငါဆိုလိုတာက ဒိပြင် အချက်တွေ တော့ရှိသေးတာပေါ့ကွာ။ နည်းလမ်းပြပေးမယ့်ဆရာတို့ ၊ အချိန်ကာလတို့ ....။ ဒါပေမယ့် ဒီ စကားဟာ သဘာဝကျတယ်။ လက်တွေ့ ကျတယ်။ ဘယ်သူ့ အပေါ်မှ အားမကိုးဘူး။ ကိုယ့်ဖာသာကိုယ် သိ အောင် လုပ်မယ် ကိုယ့်အားကိုယ် ကိုးမယ် ....။ ကိုယ်တိုင်သိမှ ယုံမယ် .....။ မြတ်စွာဘုရား ပြောတာ ဒီသဘောပဲ လို့ ငါယူဆတယ်။ ဒီစကားကြောင့် မြတ်စွာဘုရားကို ငါကြည်ညိုတယ်။ သူ့ ရဲ့  ကမ္မဝါဒကို ငါ လက်ခံတယ် ....”

အောင်ဇော် က ပြုံးသည်။ “မင်းက ဘာပြုံးတာလဲ ... ငါပြောတာ ကို လက်မခံလို့ လား ....”

“မဟုတ်ပါဘူး ငါသဘောကျပါတယ် ...။ အိုကေ ဒီတစ်ချက်ရပြီ နောက်တစ်ခု ငါဆက်မေးမယ် ....။ မင်းဘဝရဲ့ တိုး တက်ရာ တိုးတက်ကြောင်းနဲ့ ပတ်သက်ပြီးတော့ မင်းဘယ်လို ယုံကြည်လဲ ....ဘာကို ယုံကြည်လဲ မင်းရဲ့ ဘဝ ဒဿန လေးတစ်ခုခုပေါ့ကွာ ......”

ဘဝမှာ တိုးတက်ဖို့  အောင်မြင်ဖို့  ဘာကိုယုံကြည်လဲ .....။ ကျွန်တော် ယုံကြည်တာ ...။ လူတွေ က ကိုယ်ယုံကြည် ရာ ကိုယ်လုပ်နေကြသည် ဆိုသော်လည်း ဘာကို ယုံကြည်တာလဲ လို့ မေးလိုက်တဲ့အခါ ကျွန်တော့်လိုပဲ ဆွံ့ အ သွားမလား ဆိုတာ ကျွန်တော်သိချင်နေမိသည်။ ကျွန်တော် ရုတ်တရက်မဖြေနိုင်ပါ ....။ ဒီလို မေးခွန်းမျိုးကလည်း နေ့ တိုင်း မတွေးမိတာလဲ ပါမည်။ ကျွန်တော် အမှန်အတိုင်းဝန်ခံရလျှင် သင်ကြားခဲ့တဲ့ပညာ၊ လုပ်နေတဲ့အလုပ် ၊ ကျင်လည်နေတဲ့ ဘဝမှာ မူဝါဒ တစ်ခုကို ဆုပ်ကိုင်ပြီးလုပ်ဖို့ ဆိုသည်မှာ လက်တွေ့ ဘဝနဲ့ များနည်းနည်း ဝေးနေ မလား ဆိုတာကျွန်တော် သံသယဖြစ်မိသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်အပါအဝင် လူငယ်အများ သည် ယုံကြည်တာကို တစ်မျိုး လက်တွေ့ ဘဝတွင် ရှင်သန်နေထိုင်ဖို့ လုပ်ကိုင်နေရသည်က တစ်မျိုး ဖြစ်နေ လိမ့် မည်ဟု ထင်မိပါသည်။ ခုတော့ အောင်ဇော့်မေးခွန်းကို ဖြေရပေဦးမည်။

“လောကမှာ စင်းလုံးချောကောင်းတဲ့သူရယ်လို့ တော့မရှိဘူးလို့ ငါထင်တယ် .... လူတွေက ကိုယ်ယုံကြည်ရာ ကို လုပ်နေကြတာပဲမဟုတ်လား မင်းမေးသလို ကျစ်ကျစ်လစ်လစ်ကြီးတော့ဖြေဖို့ ခက်တာအမှန်ပဲ .... ဒီတော့ ကိုယ် ယုံကြည်တာ မှန်ကန်တယ်ဆိုတာကို ဘာနဲ့ တိုင်းတာမလဲ ... ရလာဒ်နဲ့ တိုင်းတာမလား ... လူကြိုက်များတာ လူ တွေ လက်ခံတာနဲ့ တိုင်းတာမလား .... အချိန်နဲ့ တိုင်းတာမလား .... ဒါတွေလည်းပါမှ ဖြစ်မယ်လေ ....”

“အင်း လုပ်ပါဦး ငါ့မေးခွန်းက တော်တော်တာသွားပါလား .... ”

“ဆိုပါတော့ကွာ ..... မင်းမေးခွန်းကို စကားတစ်ခွန်း စာတစ်ကြောင်းလေးနဲ့ တော့ ဖြေဖို့ ငါလည်း အဲဒီလောက် ပညာမရှိ ပါဘူး။ ငါ တွေးတတ်သလောက်ပေါ့ကွာ .....။ ဒီတော့ ငါလက်တွေ့ လုပ်နေတာနဲ့ လည်း အပ်ကျ မပ်ကျ တူမယ်လို့ လည်း မဆိုလိုဘူးနော် .... ”

“ဟုတ်ပါပြီ မင်းကလည်း ပြောစမ်းပါ ဘာပဲဖြစ်ဖြစ်ပေါ့ ..... တွေးစရာရတာပေါ့.....။ ” အောင်ဇော်ကို စိတ်မရှည် ဟန်ဖြင့် စကားဆိုသည်။

“အင်း ကြိုပြောထားတာ တော်ကြာ စောဒက တက်စရာဖြစ်မှာစိုးလို့ ပါ ..... ငါ မှန်တယ် လို့ ယုံကြည်လက်ခံတဲ့ အကြောင်းက မျှတခြင်းပဲ .... ငါ မျှတခြင်းမှာ ယုံကြည်တယ် .... ဘာကိုမျှတတာလဲ ဆိုရင် ဥပမာ .. အတ္တနဲ့ ပရ မျှတရမယ် ..... လောဘနဲ့ ရောင့်ရဲခြင်းမှာ လောဘလည်းမကြီးလွန်းရဘူး၊ ရောင့်ရဲ လွန်းလို့ မကြိုးစားဘဲနဲ့ ပျင်း၊ ဖျင်းနေတာမျိုးလည်း မဖြစ်ရဘူး ....။ နောက် မျှမျှ တတ တွေးတတ်ဖို့ လုပ်တတ်ဖို့ ပြောတတ်ဖို့  စသဖြင့်ပေါ့ကွာ ငါဒီ လောက်ပြောရင် မင်းသဘောပေါက်မှာပါ .....”

အောင်ဇော့်မျက်နှာက အသေအချာတွေးနေပုံရသည်။ ကျွန်တော့် ဒဿနရဲ့  အားနည်းချက်ကို အပြေးအလွှား လိုက်ရှာ နေသလားဟုမဆိုနိုင်။

“ထားပါလေ ငါ့မှာ မေးစရာတွေ တော့ရှိတယ် .... ဒါပေမယ့် မင်းအဖြေက ကျေနပ်စရာတော့ရှိပါတယ် .... ဒါပေ မယ့် မင်းက အလည်အလတ်သမားပဲ ....”

“အင်း ဟုတ်တယ် လူတိုင်းအောင်မြင်ချင်ကြတာ ပဲ ဒါပေမယ့် လူတိုင်းမရှုံးချင်ကြဘူးမလား ...။ ငါက သရဲဘော ကြောင်တယ် ပျော့ညံ့တယ် လို့ မင်းပြောချင်ပြောမယ်။ ဒါပေမယ့် ငါ့ဘဝကို ငါကျေနပ်တယ်။ အောင်မြင်မှုအ တွက် ပေးဆပ်ရတာတွေရှိတယ် ဆုံးရှုံးလိုက်ရတာတွေ ရှိတယ် ....။ ဒီတော့ ငါက အောင်မြင်တဲ့သူတစ်ယောက် တော့ ဖြစ်မှာမဟုတ်ဘူး။ ဒါပေမယ့် ငါ မကျရှုံးဘူးလို့ ယုံကြည်တယ် .....။ လူချင်းတူပေမယ့် အသက် ရှုကွဲတယ် မလား ကွာ။ ဒီတော့ ယုံကြည်မှု တွေလည်း အမျိုးမျိုးဖြစ်နေတာပဲမဟုတ်လား ...။ ဒါပေမယ့် ငါဆိုလိုတဲ့အထဲမှာ အခွင့်ရလို့ ကြိုးစားပြီးရုန်းကန်ဖို့ ငြင်းဆန်တာမျိုးကို ပြောတာမဟုတ်ဘူးနော် ...။”

“အင်း မင်းရဲ့ အတွေးအခေါ်က ဘာသာတရားဘက်များ နည်းနည်းနွယ်သလားလို့  .... ငါထင်တာပြောပါတယ် ”

“အေးကွ ငါတို့ ဘဝထဲကို ပထမဆုံး ရောက်လာတဲ့ အတွေးအခေါ်ဟာ ဘာသာတရားနဲ့ ပတ်သက်တဲ့ အတွေး အခေါ်တွေပဲမဟုတ်လား ..... ဘယ်ဘာသာဝင်မဆိုဒီလိုပဲဖြစ်လိမ့်မယ်လို့ ငါထင်တယ် .... ဒီတော့ လူတစ် ယောက် ရဲ့  အတွေး အခေါ်ကို ဘာသာရေးဆိုင်ရာ အတွေးအခေါ်တွေက လွှမ်းမိုးမှုအများဆုံးပဲမဟုတ်လား ....”

“အင်းနောက်မေးခွန်းတစ်ခုက ကွာ မင်းအနေနဲ့ မိတ်ဆွေ သူငယ်ချင်းအပေါင်းအသင်းတွေ နဲ့ ပတ်သက်ပြီး တော့ ကော ဘယ်လို အမြင်ရှိလဲ။ “မင်းသူငယ်ချင်းတွေ ဘယ်သူလဲပြောပါ၊ မင်းဘယ်လိုလူလဲ ဆိုတာ ပြောပြ မယ်”ဆိုတဲ့စကားရှိတယ်လေ ... အဲတော့မင်းရဲ့  မိတ်ဆွေ ဒဿနလေးကော ဘယ်လို ရှိလဲ။ မိတ်ဆွေ သူငယ်ချင်းဆိုတာကလည်း ဘဝမှာ တစ်ဒေါင့်တစ်နေရာမှာပါဝင်တယ်လေ။ တချို့ ဆို ဘဝတစ်ခုလုံးကိုတောင် အဆိုးအကောင်းပြောင်းလဲ သွားစေနိုင်တယ်မဟုတ်လား ....”

မိတ်ဆွေ ... ကျွန်တော့် မိတ်ဆွေတွေက ဘယ်သူတွေလည်း။ ဘယ်လို လူမျိုးတွေလည်း။ ကျွန်တော် မိတ်ဆွေ တွေ ကို ရွေးမပေါင်းခဲ့ဖူးပေ။ ကျွန်တော်သူတို့ အပေါ် ဘယ်လို ဆက်ဆံလဲ သူတို့ ကျွန်တော့်ကို ဘယ်လို ပေါင်း သင်း လဲ ဆိုတာတွေကသာ ထိုထိုသော သူတွေကို ကျွန်တော့်မိတ်ဆွေ အရင်းအခြာ တွေ ဖြစ်လာစေခဲ့ခြင်း ဖြစ် သည်။ ကျွန်တော့်တွင် သူငယ်ချင်းများစွာမရှိပါ။ သို့ သော် ကျွန်တော့်သူငယ်ချင်း လက်တစ်ဆုပ်စာသည် ကျွန် တော့်ကိုယ်ကို ထက်ပင်ယုံကြည်ရသော သူများဖြစ်သည်။ ထိုသည်မှာ ကျွန်တော် ကံကောင်း၍လည်း ဖြစ်ပါလိမ့် မည်။

“ လူကဲ ခတ်ရတာ အင်မတန်ခက်တယ်လေ ...ဒီတော့ သူတို့ ကောင်းမကောင်းဆိုတာသိဖို့ အချိန်လိုတယ် အခါ လိုတယ်မဟုတ်လား ....။ ဒါပေမယ့် ငါ့အနေနဲ့ တော့ ကိုယ်က အကောင်းဆုံးဖြစ်အောင် ဆက်ဆံဖို့ ပဲ လိုမယ်ထင် တယ်။ တကယ်တော့ ကိုယ့်စရိုက် နဲ့ မကိုက်တဲ့သူတွေနဲ့ က မင်းတို့ ငါတို့ မသိလိုက်ခင်မှာပဲ ဝေးသွားပြီလေ ...။ ငါကတော့ ငါ့သူငယ်ချင်းတွေကို မောင်နှမလိုပဲ သဘောထားတယ် .....။ ငါ့ဘက်က ခံစားမှုပဲဖြစ်ဖြစ် ယုံကြည်မှုပဲ ဖြစ်ဖြစ် အတတ်နိုင်ဆုံး ရိုးရိုးသားသား ဖြူဖြူစင်စင်ရှိအောင်နေသင့်တယ်လို့ ယုံကြည်တယ် ....။ သူတို့ ဆီက အ များကြီးမမျှော်လင့်နဲ့ ( လူဆိုတာကတော့ ကိုယ်ပေးရရင် အနည်းနဲ့ အများတော့ ပြန်ရဖို့ မျှော်လင့်ကြတာ သ ဘာဝပဲမဟုတ်လား ....။) ကိုယ်လုပ်ပေးနိုင်တာ ကူညီနိုင်တာရှိရင် လက်မတွန့် နဲ့  ...။”

“နောက်ဆုံးတစ်ခုက လူတစ်ယောက်ကို တခဏအမြင်နဲ့  မဆုံးဖြတ်နဲ့ ...။ ငါကတော့ မိတ်ဆွေသူငယ်ချင်းဆို ပေါင်းကြည့်တယ် .... အဆင်မပြေတဲ့အခါ သူ့ အလိုလို ဝေးသွားတာပဲ ...။ ဒီလို တဖြည်းဖြည်းဝေးသွားတာဟာ ငါ့ ကြောင့်မဖြစ်အောင်တော့ ငါအမြဲ ကြိုစားတယ် ...။ ဒါ ငါ့ဒဿနပဲ ....ငါ့ယုံကြည်မှုပဲ .....ဒီတော့ မင်းပြောတဲ့ စကား လို ငါ့သူငယ်ချင်းတွေ ကို ပဲကြည့်ပြီး ငါဘယ်သူလဲလို့ ပြောပြော၊ ငါဘယ်သူလဲလို့ ကြည့်ပြီး ငါ့သူငယ်ချင်းတွေ ဘာတွေလဲ လို့ ပြောပြော၊ ငါ့အတွက်တော့ ဘာမှ မထူးဘူး အတူတူပဲ ...။ ငါဆိုလိုတာ ချမ်းသာတာ ဆင်းရဲတာ အမျိုး နိမ့်တာ မြင့်တာ မပါဘူးနော် အောင်ဇော် ....”

“ငါမင်းကို မေးချင်သေးတယ် ဒါပေမယ့် ငါ့မှာ နောက်ဆုံး မေးခွန်းတစ်ခု ကျန်သေးလို့ ။ ဒါက တို့ လူငယ်တွေ အ တွက် အရေးကြီးတယ် .....ဒီတော့ ငါမေးချင်တာကို နောင် ကြုံ တော့မှ မင်းကို မေးဦးမယ် ....”

“ဟဟဟ ဟေ့ကောင် မင်းဘာမေးချင်လဲ ဆိုတာငါရိပ်မိပါတယ် .... တစ်ခါတစ်ရံမှာ သူငယ်ချင်းတွေ ကြားက ခံ စား မှုကို စကားလုံးတွေနဲ့  ဖော်ပြတာထက် ပိုပြီး အဓိပ္ပါယ် ပြည်စုံတဲ့ အရာတွေ အများကြီးရှိတယ် ...။ မင်းမေး စရာ မလိုပါဘူး သူငယ်ချင်းရာ။ အချိန်ကျတဲ့အခါ ဘယ်သူက ဘာလဲဆိုတာ သိလာမှာပဲ ....။ ဒါကြောင့် ငါက င့ါ ကိုယ်ငါ ယုံကြည်အောင် အမြဲကြိုစားတယ် ...။ ဒါပဲ ကိုယ် လုပ်လို့ ရတာလေ ....။ ကိုယ်သာ စိတ်ကောင်းကောင်း ထား ဖို့ ပဲ .... ။ ”

“ကဲ ဟုတ်ပါပြီကွာ .... ဒီတော့မင်းကို နောက်ဆုံးမေးချင်တာက အချစ်နဲ့ ပတ်သက်တာ အိမ်ထောင်ရေးနဲ့ ပတ် သက်တာပဲ .....။ မင်းအဲဒီအပေါ်မှာ ဘယ်လို သဘောထားလဲ ဘာကို ယုံကြည်လဲ မင်းဒဿန ကဘာလဲ ....။ ”
အချစ် ...။ အိမ်ထောင်ရေး ....။ ကျွန်တော့် ချစ်သူ ဘဝလက်တွဲဖော်အတွက် ကျွန်တော်ဘယ်လို လူမျိုးဖြစ်သလဲ။

“ ငါသဘောကျတဲ့ စကားတစ်ခွန်းရှိတယ် “မင်းက မင်းနဲ့ အတူနေနိုင်တဲ့ သူနဲ့ လက်ထပ်တာ မဟုတ်ဘူး။ သူ မရှိရင် မင်း မနေ နိုင်ပါဘူး ဆိုတဲ့ သူနဲ့ သာ လက်ထပ်တာဖြစ်တယ်။” ဒီစကားပဲ အချစ်ဆိုတဲ့စကားလုံးမပါဘူး။ ဒါပေမယ့် အချစ်ရဲ့  အဓိပ္ပါယ်တွေ အပြည့်ပါတယ်။ ဒါငါ့ဒဿနပဲ ကိုယ်ပိုင်တော့မဟုတ်ဘူးပေါ့ကွာ။ ဒါပေမယ့် ငါယုံကြည်မှု ကတော့ ငါချစ်တဲ့သူနဲ့  ငါလက်ထပ်ချင်တယ်။ သူ မရှိရင် ငါ့ဘဝကြီး ပက်ကြားတွေအက် ခြောက် သွေ့ နေရပါ့မယ်၊မုန်တိုင်းတွေ ထန်ပြီး အရာ ခပ်သိမ်းပြိုလဲ ပျက်စီးကုန်ရပါ့မယ် ပေါ့ကွာ ....။ ဒါက အချစ်နဲ့ ပတ် သက်တာ အိမ်ထောင်မှု ဘဝရဲ့ အစပေါ့ကွာ ။ အဲ အိမ်ထောင်ရေးမှာကတော့ ငါ့အထင်အရေးအကြီးဆုံးက ဟာမို နီဖြစ်ဖို့ ပဲ ။ အင်း အပေးအယူမျှဖို့ ပဲဆိုပါတော့ ....။ ငါတို့ ကယောက်ျားတွေ ဆိုပေမယ့် ငါယောက်ျားပဲ ဆိုပြီး သူ တလူ ငါတမင်း လုပ်ချင်တိုင်းလုပ်တာမျိုး ငါမကြိုက်ဘူးကွ။ အဆင်မပြေတာရှိ ညှိနှိုင်းယူမယ် နားလည်ပေးမယ်။”

“တစ်ခုတော့ ရှိတယ် ဒီလောက် ပြည့်စုံတဲ့အိမ်ထောင်ရေးတော့ ရှိကောင်းမှ ရှိမှာပေါ့။ ဒါပေမယ့် လိုအပ်ချက်တွေ ကို အချစ်နဲ့  မွမ်းမံမယ်ကွာ ....။ ငါ ချစ်တဲ့လူနဲ့ ယူမှ အဆင်မပြေမှု အနည်းနည်း အကျဉ်းရှိရင် ငါကိုယ်တိုင်လည်း နားလည်ခွင့်လွှတ်ပေးနိုင် မယ်မဟုတ်လား ....။ ဒီတော့ ငါ့မိန်းမမှာလည်း ဒီလို အမြင်မျိုးရှိလာအောင် လုပ်ဖို့ က တော့ ငါ့အစွမ်းအစ ဘယ်လောက်ရှိတယ်ဆ။ိုတာပေါ် မူတည်မှာပေါ့ ... နောက် ကံတရားကလည်း ရှိသေးတယ် လေ။”

“အင်း အိုကေ မင်းရဲ့ ယုံကြည်မှုတွေ ကို နားထောင်ရတာ ငါသဘောလည်းကျတယ်။ ကျေးဇူးလည်း တင် ပါ တယ်။ သူငယ်ချင်းချင်း ဒီစကားပြောလို့ မင်းမရယ်နဲ့ ကွ......။ ငါက နည်းနည်း အတွေးခေါင်တယ်။ ဒါကြောင့် ငါ နဲ့  ရင်းနှီး ဆုံးသူငယ်ချင်းက ဘယ်လို တွေးသလဲ။ ဘာတွေ ယုံကြည်သလဲ ဆိုတာ ငါသိချင်လာလို့ ပါ .....။ ဘဝ အကြောင်းတစေ့တစောင်းပေါ့ ...” အောင်ဇော်က ပြုံးပြုံးကြီးပြော၏။

“အေးပါ ငါလည်း ငါယုံကြည်တာတွေ ပြောရလို့ အားရပါတယ် .... ကဲ လစ်မယ်ကွာ .... ညီလေးရေ ရှင်းမယ်ဟေ့ ....!!!!”လက်ကျန် လက်ဖက်ရည်လေး မော့ပြီး သူငယ်ချင်းနှစ်ယောက် ဆိုင်မှ ထထွက်လာခဲ့သည်။

ဘဝ ထဲက တချို့ အကြောင်းအရာများသည် မျှော်လင့်ထားသလို ယုံကြည်ထားသလို ဖြစ်လာခဲသည်ကိုတော့ ကျွန်တော်တို့ နားလည်ပြီး ဖြစ်ပါသည်။ ရရှိလာသော အခြေအနေမည်သို့ ဖြစ်စေကာမူ လူတိုင်းသည် ကိုယ်ယုံ ကြည်ရာကို စွဲမြဲလုပ်ကိုင်နေကြသည်မဟုတ်ပါလား။ သို့ သော် ကိုယ့် အထင်ကိုယ့်အမြင်မှားယွင်းနေသည်ကို သိ သောအခါ လမ်းမှန်ပေါ်ရောက်အောင် တွေး ခေါ်ဖို့ ဘဝ ခရီးကို အမြင်တစ်မျိုး မူဝါဒ တစ်မျိုးဖြင့် လျှောက်လှမ်းရဲ ဖို့ သတ္တိရှိဖို့ တော့လိုပေလိမ့်မည်။ ဘဝနဲ့ ပတ်သက်သော ယုံကြည်မှုသည် ဘဝအပေါ်ထားသော လူသားတစ်ဦး ၏ အမြင်ဖြစ်သည်။ ထို့ အတူ ထိုလူသား ကောင်း၏ ဆိုး၏ ဟူသည်မှာလည်း သူ၏ ယုံကြည်မှုပေါ်တွင်များစွာ မူ တည်မည်ဖြစ်ပေတော့သည်။

စာဖတ်လည်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ
ရန်ကုန်သား

*****************

“အိပ်မက်များနဲ့ ရှင်သန်ခြင်း” ဘလော့ပိုင်ရှင် သူငယ်ချင်း နေ့ အိပ်မက် ရေ ... နောက်ကျလွန်းနေပြီဖြစ်တဲ့ တက်ဂ် ပို့ စ်လေးကို ကြိုးစားပြီး အဆင်ပြေအောင် ရေး ပြီးပါပြီ။ နောက်ကျသွားတဲ့ အတွက် စိတ်မရှိပါနဲ့ လို့ အနူးညွတ် တောင်းပန်ပါတယ်။ အဆင်မပြေတာ များ ရှိ ခဲ့ ရင်လည်းခွင့်လွှတ်ပါဦးဗျာ ...။ ခင်မင်ရင်းနှီးစွာနဲ့  တက်ဂ်တဲ့ အတွက် ကျေးဇူးတင်ပါတယ် ......။
(ခင်မင်လျှက် ရန်ကုန်သား)

15 comments:

WWKM said...

အင်း.. ရေးထားတာကတော့ရှယ်ပဲ.
အစ်မလည်း ဒီတက်ဂ်ကြွေးလေးတင်နေတာ
ရေးရဦးမယ်.ခုတလော စာမရေးချင်လို့ ယောင်
လည်လည်လုပ်နေတာ..
ဖတ်လို့ အရမ်းကောင်းပါတယ် မောင်ငယ်ရန်ကုန်သားရေ..
အားရင်စာတွေရေးပါဦး..မပြန်ခင်ဇာတ်လမ်း
ကောင်းတွေ ဖတ်ဖို့ စောင့်နေတယ်.း)

မကြီးဝါ

ဇော် said...

တက်ဂ်ပိုစ့်ပေါင်းများစွာကို ကျနော် ဖတ်ခဲ့ဖူးပါတယ်.. ကျနော်ကိုယ်တိုင်လဲ တက်ဂ်ပိုစ့်တွေ ရေးခဲ့ဖူးပါတယ် ..
ဒါပေမယ့် အခု ကိုဂျီးရေးခဲ့တဲ့ တက်ဂ်ပိုစ့်လောက် တန်ဖိုးရှိတာမျိုး မတွေ့မကြုံဖူးသေးဘူး ..
ကျနော့်အကိုဖြစ်ခွင့်ပေးတာကို ကျနော် ဂုဏ်ယူလာမိတယ် .. =)

Unknown said...

ကိုရန်ကုန်သားရေ...
လာရောက် အားပေးဖတ်ရှုသွားပါတယ်...
မတွေ့တာကြပြီ ...အလုပ်တွေရှုပ်နေလား
စာရေးကောင်းတဲ့ ကိုရန်ကုန်သားတစ်ယောက်
စာတွေအများကြီး ဆက်လက်ရေးသားနိုင်ပါစေ
ခင်မင်စွာဖြင့်
hninhaymar

မျှော်လင့်ခြင်း said...

အတွေးအခေါ်ကိုသဘောကျမိတယ်
ဘဝဆိုတာ အပြောလွယ်သလောက် လက်တွေ့ မှာ
မလွယ်တော့  ဒီလိုဘဲ ကိုယ့် ဘဝကို ဟန်ချက်ညီအောင် နေရတာပေါ့ ။

နေ့အိပ်မက် said...

အိုး... တဂ်တာကို ဒီလောက်ကောင်းအောင်ရေးပေးတာ ဘယ်လောက်ကြာကြာ စောင့်ရကျိုးနပ်တယ်.. ကိုရန်ကုန်သားက စာအပုဒ်တိုင်း အပုဒ်တိုင်းကို သေသေချာချာလေးရေးလို့လား မသိဘူးနော်.. တစ်ပုဒ်မကျန်ကို ဖတ်လို့ကောင်းနေတာ..
ကျေးဇူးအများကြီး တင်ပါတယ်.. သေသေချာချာရေးပေးတဲ့အတွက်...

သိင်္ဂါကျော် said...

Tag post လို့တောင် မထင်ရဘူး.. အရေးအသားရော ဒဿနတွေ ရော ဝါရင့် စာရေးဆရာတစ်ယောက်လိုပဲ တကယ်ကောင်းပါတယ်..

အနော် said...

အကိုရန်ကုန်သားရေ ယုံကြည်မှုဒဿနလေးတွေကို လာရောက်ဖတ်ရှုသွားပါတယ်
ယုံကြည်မှုအကြောင်း အခုတလော ခနခန တွေးတောနေမိတယ်
ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ခွင့်ရနေတဲ့အပေါ်မှာတော့ ကိုယ့်ကိုယ်ကို ကျေနပ်နေမိတယ် :)

libratun said...

ကောင်းတယ်ဟေ့။ ငါနဲ့ အားလုံးနီးပါးတူတယ်ကွ။ တစ်ခုပဲ၊ ငါက သူငယ်ချင်းရွေးတယ်။ ဒါပေမယ့် ကြုံတဲ့သူအားလုံးနဲ့ မေးထူးခေါ်ပြော အဆင့်လောက်တော့ ရှိပါတယ်။ ရှေ့ဆက်တက်ဖို့ကိုပဲ ရွေးတာ။ လူတွေကို ခန့်မှန်းရတာ ငါကြိုက်တယ်၊ ပြီးတော့ မှန်အောင်ဆုံးဖြတ်တတ်ဖို့ လေ့လာတာပါ။း)

အဆင်ပြေပါစေကွာ။ ငါတော့ စာရေးပျင်းနေတယ်။

rose of sharon said...

ဖတ်လို့ကောင်းတယ်... တဂ်ပို့စ်လို့တောင် မထင်မိဘူး.... နောက်ဆုံးမှဘဲသိတာ

မိုးစက်အိမ် said...

ွှအင်း သူငယ်ချင်းနှစ်ယောက်က ဒသနလေးတွေကို
ဆွေးနွေးပွဲ အသွင်ဆောင်ရေးသားသွားတာ တကယ်
ကောင်းတယ်ဗျာ . . . စကားလုံးလေးတွေ တန်ဖိုး
တကယ်ရှိတယ်ဗျာ . . .

NangNyi said...

တွေးသွားရပြီ... ..

“သူငယ်ချင်းတွေ ကြားက ခံ စား မှုကို စကားလုံးတွေနဲ့  ဖော်ပြတာထက် ပိုပြီး အဓိပ္ပါယ် ပြည်စုံတဲ့ အရာတွေ” .. သိပ်ဟုတ်တာပေါ့.. အများကြီးကိုရှိတယ်နော်..

ကိုလူထွေး said...

သူငယ်ချင်းတွေ လူငယ်ချင်း ပြောနေကြတဲ့ စကားတွေဆိုပေမယ့် ဒဿနသဘောတွေနဲ့ တွေးစရာ လိုက်နာစရာတွေ အများကြီးတွေ့လိုက်ရတယ်...

ကျေးဇူးတင်ပါတယ် ရန်ကုန်သားရေ...

းဝ)

သုခုမလေဒီ said...

ဖတ်ပြီးမှတဂ်ပိုစ့်မှန်းသိတယ်။ ဒဿနတွေအရမ်းကောင်း လွန်းလို့ ဖတ်ရင်းစာထဲမြောနေတာ။
ဗဟုသုတတွေလည်းရသွားတယ်။ အဆင်ပြေပျော်ရွှင်ပါစေ

မယ့်ကိုး said...

စာရေးတကယ်ကောင်းပါတယ်...
Happy New Year ပါ
ပျော်ရွှင်ဖွယ် နှစ်သစ်ကစ အစစ အရာရာ အဆင်ပြေ အောင်မြင်ပါစေ... စာကောင်းတွေလည်း အများကြီးရေးနိုင်ပါစေ။

ကြည်ဖြူပိုင် said...

happy new year ပါမောင်ငယ်