Sunday, September 6, 2009

“မာန သင့်တဲ့ ပန်း ”


“နင်က ငါ့သူငယ်ချင်းမဟုတ်ဘူး ….. နင်ကငါ့ရဲ့ သေဖော်သေဖက် ….”

အဖြူရောင်သူငယ်ချင်းတွေ ဘယ်လောက်ထိ ရိုးသားနိုင်ကြမလဲ။ တစ်ယောက်အတွက် တခြားတစ်ယောက် ဟာ မရှိမဖြစ် လိုအပ်နေခဲ့တယ် ဆိုရင် သူငယ်ချင်းအဖြစ်နဲ့ တစ်ဘဝလုံးလက်တွဲသွားလို့ ဖြစ်နိုင်ပါ့မလား။ ချစ် သူမကျ
သူငယ်ချင်းမကျတဲ့ ဘဝမှာ ဘယ်လောက်ထိ သူ ရိုးသားနိုင်ပါ့မလဲ ….။ သူဘယ်တုန်းက မှမရိုးသား ခဲ့ ဘူးလို့ ပြောရင် သူမက သူ့ ကို မုန်းသွားမလားပဲ။ သူမ နားမှာရှိနေတဲ့ သူမရဲ့ ဖြူဖြူစုတ်စုတ် သူငယ်ချင်း တစ် ယောက် က ဟန်ဆောင်ကောင်းခဲ့တယ် ဆိုတာကိုလေ။

တိတ်ဆိတ်တဲ့ ည သူမအိပ်မပျော်တဲ့အခါ အတူစကား ပြော ဖော်ဖြစ်ခဲ့ရတယ်။ သူမ ရင်ထဲက ပူသောစကား ချို သောစကား တွေကို သူ ကျောက်ရုပ်တစ်ရုပ်လို နား ထောင် နေခဲ့တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲလေ …. သူ့ ရင်ထဲမှာ ခပ်လေးလေး ခုန် နေတဲ့ အ သည်းနှလုံး ရှိတာပဲ ….. ။ သူမရဲ့ ဂရုစိုက်မှုတွေ ကရော၊ သူ့ အနားမှာ အမြဲတစေ ရှိနေ၍ သူ့ ဘဝ ပြည့်စုံနေ တယ်လို့ ခံစားနေရတဲ့ ယောကျာ်းတစ်ယောက် ရဲ့  ခံ စားချက်တွေကကော၊ သူတော် စင်မှ မဟုတ်ပဲ။ ချစ်တတ် တဲ့ နှောင်ဖွဲ့ တတ်တဲ့ အသည်းနှလုံး ကြီးနဲ့  လူ လေ။ အကြင်နာကို မခံစားတတ်တဲ့ သူတောင် သာယာတယ် ဆိုတာလေးတော့ ပြောချင် ပြောမိမှာပေါ့။ ဘာပဲ ဖြစ်ဖြစ် သူက သူမရဲ့ သူငယ်ချင်းမဟုတ်တဲ့ သူငယ်ချင်းပဲလေ။

သူငယ်ချင်းတစ်ယောက် အဖြစ်နဲ့  သူမအတွက် သိပ် အရေးပါတဲ့ ဘဝကို သူ နှစ်ခြိုက်တယ် မြတ်နိုးတယ်။ သူ့  စကားတွေဟာ သူမအတွက် အားတွေဖြစ်စေတာကို ကျေနပ်ပီတိဖြစ်ရတယ်။ သူတို့ နှစ်ယောက်ရဲ့ ဘဝဟာ မေခ နဲ့ မလိခလို ပေါင်းစုံပြီး ဧရာဝတီအဖြစ်စီးဆင်းနိုင်ပါလိမ့်မယ်လို့  မျှော်လင့်မိခဲ့တယ် …..သူမ က သေဖော် သေ ဖက် ပါလို့  ပြောလာတဲ့ အခါ သူ သူမကို ငေးကြည့်ရင်းက ပြုံးလိုက်မိတယ်။ ဘာလို့  သူ့  ရင်ထဲမှာ အဲဒီ အ ချိန် က သိပ်လေးလံနေခဲ့တာလဲ။ သူငယ်ချင်းဆိုတာ အနှောင်အဖွဲ့ ကင်းမဲ့တဲ့ ဆက်ဆံရေး တစ် ခုပါ။ ဖြူစင်တယ် …. ကြံ့ခိုင်တယ် ပေါ့ပါးတယ်…. လွတ်လပ်တယ် …… မာနတွေက ဘေးကနေ ဒေါသတကြီး အော်ဟစ်နေပေမယ့် …… ချစ်တဲ့  သူငယ်ချင်းနှစ် ယောက် ရဲ့ အပြုံးတွေကို သူ မကျော်လွှားနိုင်ဘူးလေ။

“သူငယ်ချင်း တစ်ယောက် ဆီက ချစ်တယ်ဆိုတဲ့ စကား ကိုကြားရမှာ ငါသေမလောက်ကြောက်တယ် ဟာ”

သူမပြောခဲ့တဲ့ ဒီစကားဟာ သူ့ ရင်ထဲမှာ သံမိုစွဲသလို စွဲသွားတယ်။ ဒီစကားဟာ သူတို့ နှစ်ယောက်ရဲ့  ဇာတ် လမ်း မှာ အဓိကအကျဆုံး ဖြစ်ခဲ့တယ်။ ဒီစကားကြောင့် သူမရဲ့  သူငယ်ချင်း အဖြစ်က လူသိရှင်ကြား အနားယူဖို ကြံ စည်နေတဲ့ သူ ….. ပလန်တွေ ဆွဲ နေခဲ့တဲ့ သူ ….. အိပ်မက်တွေ မက်နေခဲ့တဲ့ သူ ……. ကြည်နူးနေခဲ့တဲ့သူ ……. သူငယ်ချင်းအဖြစ်က တိတ် တ ဆိတ်နဲ့  အနားယူလိုက်ရတယ် ….. ။ သူမ မသိဘူးလို့ လည်း ထင်ခဲ့တယ်။ မသိ အောင် လည်းနေခဲ့တယ် …… ။ ရယ်စရာတော့ ကောင်းတယ်။ အချစ်နဲ့  ပတ်သက်လို့  စပ်စပ် ထိမခံ တဲ့ အလိမ်မ ခံနိုင်တဲ့ သူ့ ရင်ထဲက အသည်းနှလုံးကို သူက မေ့လျော့နေခဲ့တာ …..။

ဒါပေမယ့် မိန်းကလေးတစ်ယောက် နားမှာ အချိန်နှင့်အမျှ လူကိုယ်တိုင်မဟုတ်သော်မှ အသံကလေးအဖြစ် နဲ့  ရှိနေခဲ့တဲ့ ယောကျာ်းတစ်ယောက်ဟာ သူငယ်ချင်း မြူဖုံးလွှမ်းနေတဲ့ လက်တွေ့ ဘဝထဲမှာ ငိုချင်ရက်နဲ့  ရယ်နေ ခဲ့ရတယ်။ သူငယ်ချင်း ဆိုတဲ့ ကြိုးနဲ့  ခိုင်မာနေပြီဖြစ်တဲ့ သူတို့ နှစ်ယောက်တွင် သူကမှ စပြီး နောက်ထပ် သံ ယောဇဉ် ကြိုးတစ်ခုကို ချည်နှောင် ဖို့ မကြိုးစားခဲ့ရင် ….. ဒီလိုပဲ သူတို့ နှစ်ယောက်ဇတ်လမ်းက ဘယ်တော့ပြီး မယ်မှန်း မသိနိုင်တဲ့၊ သတိရမှ ထထ ရေး တဲ့ ပန်းချီကားတစ်ချပ်ဖြစ်နေမှာပေါ့။ သူမက သူငယ်ချင်းကို ချစ်သူ မလုပ်ချင်ပေမယ့် စက္ကန့်  မလပ် အကြင်နာတွေ ဂရုစိုက်မှုတွေနဲ့  တွေ့ နေရတဲ့ နှလုံးသားက သံမဏိနဲ့  လုပ် ထားတာမှ မဟုတ် တာ။ သာယာတာပေါ့ ….. ရင်ခုန်တာပေါ့ …. တမ်းတာတာပေါ့ ….. အဲဒီအကြင်နာတွေ ပျောက် ဆုံးသွားရင် ငိုကြွေးမှာ ပေါ့ …. အဲဒီအကြင် နာတွေ နဲ့ နီးနေရင် သူပျော်နေမှာပေါ့။

ဒါပေမယ့် မာန ဟာ မာန်နတ်တစ်ကောင်လို သူ့ ရင် ကို ဝင်မွှေသွားတယ်လေ။ ပါးစပ်ကြီးကို ပိတ်ထားတယ်။ ရင်ခုန်သံတွေကို အသံလုံပုံးတစ်ခုထဲ ထည့်သိမ်းထား ပစ်လိုက်တယ်။ သူ့ ကိုချစ်သူ တစ်ယောက်အဖြစ် မထိုက် တန်ဘူး သူမရဲ့ ချစ်သူ ဖြစ်မလာနိုင်ဘူးလို့ ပြောလိုက် သလို ခံစားလိုက်ရတယ်။ သူမဘဝမှာ အဲဒီ သေ ဖော်သေ ဖက် သူငယ်ချင်းနဲ့  သူမရဲ့ ချစ်သူဆိုတာနဲ့  ဘယ်လို အဆင့်အတန်း ခွဲခြားထားလဲဆိုတာ သူ မှ မသိ နိုင် ပဲလေ။ သူမရဲ့ ယုံကြည်ချက်တွေနဲ့ ပတ်သက်တဲ့အခါ သူမရဲ့ ဘဝကို ရင်ဆိုင်တဲ့ အားမာန်တွေကို အရောင် တောက်စေ တဲ့ အခါ သူမ ဝမ်းနည်းကြေကွဲနေတဲ့အခါ သူမရဲ့ ဘဝအပေါ်မြင်တဲ့ အမြင်တွေကို ဝေဖန် ကြ တဲ့အခါ သူမ ကို သူ ကောင်းကောင်း ကြီးနားလည်ခဲ့တာပေါ့။ ဒါပေ မယ့် သူ့ အပေါ်ထားတဲ့ သူမရဲ့  ချစ်ခြင်း ကို သာ သူ နားမလည် ခဲ့တာ …… ဟုတ်တယ်လေ သူငယ်ချင်းမှ မလုပ် ချင်တာပဲကို ….။

ဒီလိုပဲ သူ့ စိတ်တွေလည်း ပျော့တစ်ခါ မာတစ်လှည့်နဲ့  မျောမျောကြီးကို ဖြစ်လို့ ၊ သူမ၏ ချစ်သူဖြစ်ဖို့ ကြိုးစား ချင်စိတ်တွေဟာလည်း ယောင်ဝါးဝါးဖြစ်၊ အတ္တတွေကလည်း ကစဥ့်ကလျားဖြစ်နေတဲ့ တွယ်တာမှုတွေကြား မှာ ထောင်ထောင်လွှားနဲ့ …. သူငယ်ချင်းလိုပဲ မိန်းမောနေလိုက်တာကမှ အနားမှာရှိခွင့်ရဦးမယ် ချစ်တယ် လို့ ပြော လိုက်ရင် ရရှိလာမယ့် လှပတဲ့အဖြေတစ်ခုဟာ ရာခိုင်နှုန်းတွေသိပ်နည်းနေမယ်ထင်လျှက် သတ္တိတွေနည်း နည်း လာတယ်။ နောက် သူ ဆက်မခံစားနိုင်တော့ဘူး။ သူမရဲ့ စကားနဲ့ အတူ ချောလဲရင်းက ရောထိုင်ချလိုက် တော့ တယ်။

ပိုင်ဆိုင်လိုမှု …. ရယူလိုမှု …. အသိအမှတ်ပြုခံလိုမှု …. အချစ်ခံလိုမှု …. ။ လူတိုင်းဟာ လွတ်လပ်စွာချစ်ခွင့် ရှိ တယ် …..။ ဘယ်သူမှ တားဆီးလို့ လည်း မရသလို …. နှောက်ယှက်လို့ လည်း မရဘူးလေ …..။ ဒါပေမယ့် အချစ်ခံရဖို့ ဆိုတာကျတော့ ကိုယ့်အပိုင်းမဟုတ်ဘူး …… လွတ်လပ်စွာ အချစ်ခံပိုင်ခွင့်မရှိလို့ လေ။ လွတ်လပ် စွာအချစ်ခံ ရဖို့ ကြိုးစားပိုင်ခွင့်ပဲရှိတယ်။ ဒါပေမယ့် သူ့ အတွက် အဲဒီအခွင့်အရေးဟာ စကားတစ်ခွန်းတည်းနဲ့  ပျောက်ဆုံး သွား တယ်။

သူမ ချစ်သူဆိုတာကို တွေ့ သွားခဲ့တာလား အရွဲ့ တိုက်ခဲ့တာ လားတော့ မသိ ….. သူမ နှလုံးသားမှာ သူ့ အတွက် နေရာနည်းသွားတယ်။ သူလည်း သူ့ အိပ်မက်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက် ဆက်ပြီး အိပ် နေနိုင်ခဲ့တယ် …. သူ ဘာ သာ အပြန်မှားခဲ့တာဖြစ်မယ် အကြင်နာဆိုတာ အချစ်မှမဟုတ်တာ တွယ်တာ မှုဆို တာ အချစ်ရဲ့ အဖျား အနးသားတွေပဲလေ …. သူမရဲ့ အကြင်နာတွေက ဆင်းရဲမသွားပါဘူး … အဲဒါကို သူ နားမလည်တာ ….. ဘာဖြစ် လို့  ဝေးနေကြပေမယ့် သူမဟာ သူနဲ့ အတူ ရှိနေခဲ့ရတာလဲ …. ဝေး သွားပြီလေ …. ဝေးသွားကြပြီ ….. သူငယ် ချင်း အဖြစ်နဲ့ မဖြူစင်နိုင်တော့မယ့် အတူတူ ဝေးလိုက်ကြပါစို့ ရယ် …။

သူ သူမကို ပေးခဲ့တဲ့ နားလည်မှုတွေ၊ ကြင်နာမှုတွေ၊ နွေးထွေးမှုတွေကို သူမ ကိုယ်တိုင်ရွေးချယ်ထားတဲ့ ချစ်သူ က မပေးနိုင် ဘူးတဲ့လား မဖြစ်နိုင်တာ ….. ကိုယ့်အသက်ထက် ချစ်လို့  ချစ် သူတွေ ဖြစ်တာမဟုတ်လား …. No one else above you ” ဆိုတဲ့စကားက ကလေးကစားစရာ မှမဟုတ်တာ ….. အပိုပြောတဲ့ စကားတစ်ခု မဟုတ် ဘဲလေ ….။ ဟိုး အသည်းနှလုံးထဲက နေ အနှစ်နှစ်အလလ မွေးမြူထားပြီးမှ အထပ်ထပ်စစ်ဆေး မေး မြန်းထား ပြီးမှ ထွက်ပေါ်လာတာလေ။ ချစ်သူဆိုတာ ဟာ အဲဒီ မိန်းမ သို့ မဟုတ် ယောက်ျားတစ်ယောက် အ တွက် အားလုံး ထဲမှာ နံပါတ်တစ်ဖြစ်နေရမှာပဲ မဟုတ်လား …..။

မမေ့လျော့ပေမယ့် မေ့လျော့ချင်ယောင် ဆောင်နေခဲ့တဲ့ သူ ဟာ….. ဘယ်လောက်ပဲ ဝေးကွာနေပါစေ သူမ နဲ့ တွေ့ တဲ့အခါ အစိမ်းရောင်သမ်းတဲ့ မျက်နှာနဲ့ မကြည့်နိုင်ခဲ့ဘူး …. သူ့ နှလုံးသာက သူမ နဲ့ အတူ နေသားကျ နေခဲ့ တယ်။ ဒါပေမယ့် သူ ချစ်တယ်ဆိုတဲ့စကား သူမကို ဘယ်လို ပြောနိုင်မှာလဲ …. အဓိပ္ပါယ်မှ မရှိတော့တာ သူမ ရယ်မောပစ်လိုက်ရင် …… သူ့ နှလုံးသားက ခံစားနိုင်မှာ မဟုတ်ဘူး ….. ။ မပြောလဲ မပြောသင့်တော့ ဘူး လို့ မာနက အမိန် ပေးထားတယ် ….. ရင်ထဲမှာ ရှိနေတာကတော့ ဝန်ခံပါတယ် …. မေ့လို့ မှ မရတာ။ ကြိုက် သလို အမည်တတ်နိုင်တယ် …. ခိုးပြီးချစ်နေရတဲ့ သူငယ်ချင်းတစ်ယောက် လို့ ပဲဖြစ်ဖြစ် … မာန ကြီးတဲ့  ယောက်ျား တစ် ယောက်လို ပဲဖြစ်ဖြစ် အတ္တကြီးတဲ့လူတစ်ယောက် လို့ ပဲဖြစ်ဖြစ် ……။ ဒါပေမယ့် အချစ်မရှိတဲ့ လူလို့ တော အပြောမခံ နိုင်ဘူး …။ ချစ်နေတာ သူ ကိုယ်တိုင်ပဲသိတယ် ….. ။

နှစ်တွေသာကြာ ညောင်းလာတယ် ဇာတ်လမ်းကြီးက အီလာတာပဲရှိတယ် အခြေအနေက ဒီအတိုင်းပဲ …. သူ သူမ ကို ခဏခဏ စိတ်ဆိုးအောင်လုပ်တယ် စိတ်နာအောင်လုပ်တယ် ထားပစ်ခဲ့တယ် ဒါပေမယ့် သူ နဲ့  သူမ တစ် နေရာရာမှာ အကြောင်းတစ်ခုခုနဲ့  ပြန်ဆုံကြရတဲ့အခါ သူက ပဲဖြစ်စေ သူမကပဲဖြစ်စေ အပြုံးတွေနဲ့ ဖြစ်နေ ကြပြန်တယ် ပျော်နေကြပြန်တယ် နှစ်ပေါင်းများစွာက အမည်တပ် လို့ မရတဲ့ ဆက်ဆံရေးမှာ ပြန်ပြီး နေသား ကျ သွားကြပြန်တယ် ….. ။ သူ တစ်ခုပဲသေသေချာချာ သိတယ် …. သေအောင်ချစ်နေပါစေ ဘယ်တော့မှ မပြော ဘူး …ချစ်တယ်လို့  ….။ ဒါပေမယ့် သူ ယိုင်နဲ့ ခဲ့ရပါတယ် … တွေဝေခဲ့ရပြန်ပါတယ်…. နှလုံးသားကို ချည်ထားတဲ့ မာနကြိုး နည်းနည်းလေး လျော့သွားတာနဲ့  အချစ်တွေက နှလုံးသွေးနဲ့ အတူ တရဟော ပြန်လည် စီးဆင်းလည် ပတ် နေခဲ့ရတယ် … သူမရဲ့ ဟောဒီ ကဗျာဆန်တဲ့ စကားလေး တစ်ခွန်းကြောင့်ပေါ့ .......

“ငါသေ သွားမယ်ဆိုရင်တောင် နင့်ကို အသက်ရှူတိုင်း လွမ်းတယ်လို့ တော့ နင်သိအောင် ပြောခဲ့ချင်တယ် ……”

မိန်းမတွေ လွမ်းပြရင် သူတို့ ချစ်သူ ယောက်ျားတွေ ဗိုင်းကနဲလဲပြီး အသက်ပါသွားလောက်တယ်လေ …။ ဒါပေ မယ့် သူက သူမ ချစ်သူမှ မဟုတ်ဘဲ။ တိတ်တဆိတ်ပဲ လဲပြိုလိုက်တော့မယ်။ သူ ဒီစကား တွေကို ရင်ထဲမှာ သိမ်း ထားလိုက်တယ် …. ဇာတ်မျောကြီးလည်း ဆုံးပါစေတော့ … သမုဒယ သံယောဇဉ်တွေ လည်း ပြေပါစေ တော့၊ မုန်းလိုကလည်း မုန်းပါစေတော့၊ ထားလိုကလည်း ထားသွားပါစေတော့ ….။ အိပ်ချင် ယောင်ဆောင် သူ ဟာအ နိုးရ ခက်တယ်။ ဟုတ်တယ် သူ အိပ်ပျော်နေတာမဟုတ်ဘူး ….။ အိပ်တစ်ဝက်နိုး တစ် ဝက်ကမက်နေ တဲ့  အိပ်မက် ကလေး ကွယ်ပျောက်သွားမှာစိုးရိမ်နေတာ …..။ အသိစိတ်နဲ့  ဆုံးဖြတ်လိုက်ရင် …. ရက်စက်တဲ့  အပြုံး တွေနဲ့ ပြုံးမိမှာစိုးရိမ်နေတာ ……။ သူမ သူ့ ကို အတ္တကြီးသူ တစ်ယောက် အဖြစ်ပဲ မြင်ပါ စေတော့ …… အချစ်ကို ရင်ထဲမှာ မျိုသိပ်ထားရတာဟာ ဖွင့်ပြောလိုက်လို့ ရရှိလာမယ့် ငြင်းဆိုမှုထက် ပိုပြီး နာကျင်ခံစား ရမယ်ဆိုတာ သိ ပေမယ့် အဲဒီလမ်းကိုပဲရွေးလိုက်တော့တယ် …… သူမ ပြောလာနိုင်တဲ့ စကား တွေကို ကြား ယောင်နေမိတယ် …

မာနကြီးတဲ့သူ....
သရဲဘောကြောင်တဲ့သူ......
မချစ်ရဲတဲ့ သူ (….. ဒီစကားဟာ သူ အနာကျင်ရဆုံးစကား ဖြစ်ပါလိမ့်မယ် …..)

*****************

မကြီးဝါရေ ..... ဒီမျှနဲ့ ပဲကျေနပ်ပါတော့နော် ...... ငယ်ကျိုးငယ်နာတွေလည်း ကုန်ပါတော့မယ် .... :D ဇာတ်လမ်း အရင်းကိုက ရှုပ်ရှုပ် ရှုပ်ရှုပ်မို့  မရှင်းမရှင်းနဲ့  ဖတ်လိုက်ရရင်တော့ (မကြီးနဲ့  စာဖတ်သူ မောင်နှမတွေအားလုံး) ခွင့်လွှတ်ပေးပါ။ တင်ပြပုံ ညံ့ဖျင်းတာလဲ ပါ ပါလိမ့်မယ် ...... တက်ဂ်တဲ့ အတွက် ကျေးဇူး မကြီး ....။ မကြီး ချမှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့  ကိုက်ညီပါတယ် ဆိုတဲ့အကြောင်း ဝန်ခံ ပါတယ် :D

ပုံလေးကို ဒီက ယူပါတယ် ......
ရန်ကုန်သား




28 comments:

မယ့်ကိုး said...

မရှုပ်မရှင်းမဟုတ်ပါဘူး။ဇာတ်ကလေး ကောင်းတယ်။ စာရေးလည်းကောင်းလို့ နားလည်ပါတယ်။ ခံစားရတယ်။
ကျွန်မ အဒေါ်တစ်ယောက်နဲ့ သူ့သူငယ်ချင်း ဦးလေးတစ်ယောက်ကိုလည်း သတိရမိပါတယ်။
တစ်ပုံစံတည်းပဲ။
တိုတောင်းလှတဲ့ ဘဝလေးထဲ မာနတွေနဲ့ .... ခက်တယ်....

စိမ်း... said...

ဟယ် ဒီလိုအဖြစ်မျိုးတွေရှိတယ်လား... စာရေးတတ်တဲ့သူများကျတော့လည်း မျက်စိထဲကိုပုံဖော်ပြီး မြင်အောင်တောင်ရေးတတ်သေးတယ် ဘာမဆိုင်ညာမဆိုင် မင်းမော်ကွန်းနဲ့ အိန္ဒြာကျော်ဇင်သွားမြင်မိလို့ ... :P

မေလေးညို said...

အမှတ်မထင်ရောက်လာပြီး ဖတ်လို့ကောင်းတဲ့စာလေးတွေကို နှစ်ခြိုက်စွာ ခံစားသွားပါတယ်။ ဇာတ်လမ်းလေးကို သဘောကျမိတယ်။ ကောင်မလေးကို သနားတယ်..ချစ်တယ်ဆိုတဲ့စကားကို မျှော်ရလို့ မောနေမှာပဲ.. :( :(

jr.lwinoo said...

စမ်းချောင်းသားရေ.. တဒ်တွေရေးရင်း ပေါ်ပေါ်ကုန်ဘီနော်..
း)
ခင်တဲ့
မဂျူ

rose of sharon said...

မိန်းကလေးမို့ ကောင်မလေးဖက်က လိုက်ခံစားမိတယ်.... ကာယကံရှင်ကိုတော့ အားနာလို့ မဝေဖန်တော့ပါဘူး...

အနော် said...

မိန်းကလေး တော်တော်များများမှာ အဲ့လိုမျိုး သူငယ်ချင်းကို ချစ်သူအဖြစ် လက်မခံနိုင်ဘူးဆိုတဲ့ အတွေးမျိုး ရှိကြတယ် ရှိတဲ့အတိုင်းလဲ သူတို့ရဲ့စိတ်ကို ပုံစံသွင်းထားတတ်ကြတယ် ဇာတ်လမ်းလေးဟာ ရင်ကွဲစရာပါပဲ ဒီလိုမျိုး အဖြစ်မျိုးတွေဟာ သူငယ်ချင်းတွေကြားထဲမှာ ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါတယ် အကိုရန်ကုန်သားရေ
ဇာတ်လမ်းအရင်းလေးထဲက မာနတွေနဲ့ တင်းခံထားတဲ့ ကောင်ကလေးရယ် ပြောမိလိုက်တဲ့ စကားတစ်ခွန်းအပေါ် တည်မြဲအောင် ကြိုးစားနေရတဲ့ ကောင်မလေးရယ် သူတို့ရဲ့ နှလုံးသားတွေ ကွဲကြေသွားခဲ့တာကိုတော့ အသေအချာ မြင်တွေ့လိုက်ရတယ်
စကားမစပ် ဟိဟိ
ဘာလို့များ အတွေးက တူနေရတာလား မသိ ဟီးဟီး
ဒီလိုပုံစံမျိုးလေး ဝတ္ထုရေးနေတာ တစ်ဝက်တစ်ပျက် ရှိနေပီဗျ အသည်းကွဲဝတ္ထုဒိုင်ကြောင်တွေချည်း ရေးနေသလိုဖြစ်နေလို့ နည်းနည်း အရှိန်သတ်နေတာ :)

poemflower said...

ဖတ်လို့ကောင်းတယ် တက်ကယ့်အဖြစ်အပျက်လား ရန်ကုန်သားရေ..:P

mirror said...

ပိုစ့်ခေါင်းစဉ်ကကိုက ထင်းခနဲ၊လင်းခနဲ..။
မိုက်တယ်ဗျာ။တကယ်..။နူးညံ့ညင်သာစွာ ဖြစ်တည်ခဲ့တဲ့
ဇာတ်လမ်းတစ်ခုပေါ့။

ဇောင်းလူ said...

ကျနော့်အတွက်တော့
သူကကျနော့်သူငယ်ချင်းမဟုတ်ပါ....
သူကကျနော့်ကိုသတ်တဲ့သူ.....
ကောင်းတယ်ကိုရန်ကုန်ရေ..........။

ဧရာဝတီသား said...

ဘာမှ မပြောတတ်တော့ ဘူး အစ်ကိုရေ။ ဇာတ်လမ်းလေးကို နားလည်ပါတယ်၊ ခံစားရတယ်။
အချစ်ကို ရင်ထဲမှာမျိုသိပ်ထားရတာ နာကျင်ခံစားရပါတယ်၊ ဒါပေမယ့် ဖွင့်ပြောလိုက်လို့ ရရှိလာမယ့် ငြင်းဆိုမှုကလည်း တော်တော်ဆိုးတာပဲ။ ဖွင့်ပြောဖြစ်လိုက်ရင် တော့ မချစ်ရဲတဲ့သူ ဆိုတဲ့ မှတ်ချက်က လွတ်မလားလို့ ... ( ဟီး ...ပြောတတ်တော့ဘူး )

အရေးအသားနဲ့ တင်ပြပုံကတော့ တကယ် ကောင်းပါတယ် အစ်ကိုရေ။

ဝက်ဝံလေး said...

အောင်မာ သူငယ်ချင်းကို ရည်းစားမလုပ်ဖို့ ဘယ်သူ စ ပြောခဲ့လဲ နင့်လမ်းမှာ ချနင်းဖို့ ငါ့ ဘဝကို ပုံအောခဲ့တယ် ဟိဟိ ဟို 9mm လေသံနဲ့ ဆိုကြည့်တာ တို့ကတော့ မထင်ပေါင်ဘူး သူငယ်ချင်းဆိုပြီး ရည်းစားမလုပ်ရဘူးလို့ ဘယ်သူပြောလဲလို့ ဟွင်းးးးးးးးး

ကဲပါလေ ဆက်မဝေဖန်တော့ပါဘူးရယ် ထားပါတော့ နော် ဟုတ်ပြီလား ဖတ်သွားတယ်နော်

သူများတွေ ပြောပြီးသားမို့ ထပ်မပြောတော့ဘူး နော် အရေးအသားကောင်းတယ်ဆိုတာ ဟိဟိ

Virgo said...

"မာနကြီးတဲ့သူက သူများတွေထက်ပိုပြီး ရှက်တတ်တယ်တ"ဲ့ .............ဒီလောက်ပေါင်းနေပြီဘဲ သူ.အကြောင်းကိုကောင်းကောင်း သိနေရောပေါ့ သူ့ ကိုပွင့်ပွင့်လင်းလင်းပြောလိုက်လေ သူ့ရင်ထဲမှာလည်းစကားတွေ ရှိနေပါလိမ်.မယ် "FIGHTING"

စည်သူ said...

ရှင်းပါတယ် ကိုရန်ကုန်သားရေ..

အင်း... ဟုတ်တယ်ဗျ..


မိန်းမတွေ လွမ်းပြရင် သူတို့ ချစ်သူ ယောက်ျားတွေ ဗိုင်းကနဲလဲပြီး အသက်ပါသွားလောက်တယ်လေ...
အဲဒီလွမ်းချင်းနဲ့ တိုးလို့ကတော့..
မပြောတော့ပါဘူး...။။

အချစ်ကို ရင်ထဲမှာ မျိုသိပ်ထားရတာဟာ ဖွင့်ပြောလိုက်လို့ ရရှိလာမယ့် ငြင်းဆိုမှုထက် ပိုပြီး နာကျင်ခံစား ရမယ်..

တစ်ဖက်သတ်များ.. ချစ်နေခဲ့မိလို့လားဗျာ..။။

Unknown said...

တစ်ခါတစ်ရံမှာ ခံစားချက်တွေအကြား... စည်းမျဉ်းတွေ ကလာကာ ခြားတဲ့အခါ စကားလုံးတွေ ရင်နင့်သေဆုံးကြရတယ်ပေါ့...
တော်တော်တော့မောခဲ့မယ်ထင်ပ....

ငှက်ငယ်လေး said...

that so said....

သားကြီး said...

သူငယ်ချင်းအဖြစ်မဖြူစင်နိုင်တော့ရင်
တဆင့်တက်ဖို့ပဲကြိုးစားရတော့မှာပေါ့
ဝေးလိုက်ခြင်းက သိပ်မမိုက်ဘူးထင်တယ်
တခါတခါ မာနရဲ့အမိန့်ကို ဖီဆန်ပြီးလုပ်တာကောင်းပါတယ်
ငယ်ကျိုးငယ်နာတွေတောင်ကုန်တော့မယ်ဆို
တော့ ဒါဖြစ်ရပ်မှန်ပိုစ်ပဲပေါ့နော်

မိုးခါး said...

ကိုယ့်စိတ် ကိုယ်နိုင်ရင်တော့လည်း ပြီးတာပဲပေါ့နော် .. ချစ်နေရဲ့နဲ့ ဝေးနေတာတော့ မကောင်းပါဘူး ..း(

ကြည်ဖြူပိုင် said...

မောင်ရန်ကုန်သားရေ..အမှန်တော့လူ့ဘ၀က တိုတိုလေး..မာနနဲ့လဲတင်းခံမနေနဲ့တော့...
အားလုံးကိုပြေလည်စေချင်တယ်လေ။
ချစ်ရက်နဲ့ဝေးရတဲ့ဘ၀ဟာတော်တော်ဆိုးတယ်တဲ့
ကြားဖူးရယ်နားဝရှိခဲ့တယ်။

သိင်္ဂါကျော် said...

ယောင်္ကျားလေး ဘက်က စလိုက်ရင် ဇာတ်လမ်း က ပြေလည်နိုင်စရာ ရှိပါလျက်နဲ့ ဘာလို့ မာနကြီးရတာတုန်း ဗျာ...။

Dream said...

အော်..ခက်ပါ့...ချစ်ရင်ချစ်တယ်ပေါ့..ဟိဟိ..
နေရာချင်းလဲ ပြစ်လိုက်ချင်တယ်... အဟား....

ဦးဦးယန်တုန်တားလဲ အိပ်ချင်ယောင်မချောင်နဲ့နော်..ဒါပဲ..... ပေါချရာချိရင် ပေါချပလိုက်..... ဟိဟိ... တင်ပေးနေဒါနော်... :P :P

ဟူးးးးးးးးးးးးးမာန....မာန.....

Unknown said...

အလို ... နောက်ကျနေပါ့ပေါ့လား...........
ရန်ကုန်သားတို့အိမ်ကတော့ ဘယ်ချိန်ကြည့်လိုက်ကြည့်လိုက် စည်လို့ ကားလို့းp
စာရေးကလည်းကောင်းသကိုး.............

ခင်မင်မှုများဖြင့်
နှင်းဟေမာ

သီဟသစ် said...

ကိုရန်ကုန်သားရေ

ဖတ်ရတာ ကဗျာဆန်သလိုလိုပဲဗျ
ကျွန်တော်လည်း သူငယ်ချင်းအရင်းတွေဆို မရိုးသားစိတ်မထားချင်ဘူး
:D
ဒါကြောင့်မလှတဲ့သူတွေနဲ့ပဲပေါင်းတယ် :P

WWKM said...

စာအရေးအသားတွေကကောင်းလှချည်လားဆရာမျိုး
ရေ... စကားလုံးတွေကတော့ ရှယ်ပဲ။
တကယ်တော်တယ်..တကယ်ဖတ်လို့ကောင်းတယ်။
အင်းးး ဇာတ်လမ်းလေးဖတ်ပြီး တစ်ယောက်သောသူငယ်ချင်းကိုသတိရမိသွားပါတယ်။
ရေးပေးတာကျေးဇူးပါ မောင်မျိုးရေ။
ခေါင်းတွေပူနေလို့ စိတ်အေးလက်အေးမှလာဖတတ်သွားတာပါ။
စာတွေအများကြီးရေးနိုင်ပါစေ။

မကြီးဝါ

maylay said...

အင်း မာန မာန တော်တော်တော့ မောနေခဲ့မှာပဲနော်။ သူငယ်ချင်းဆို ဟုတ်တယ် ။ ကိုယ်လည်း ရိုးသားရတာ ပိုကြိုက်တယ်။ ဒါပေမယ့် ပြောခဲ့တာက မပြောတာထက် ပိုကောင်းမလားလို့နော်။ ဒိတိုင်းမဝေးခံနိုင်ပေါင် ။ စာရေးကောင်းတာက ပြောစရာမလိုဘူး ရန်ကုန်သားရေ။ ကျန်းမာပျော်ရွှင်ပါစေနော်

မြစ်ကျိုးအင်း said...

အချစ်နှစ်ခု တပေါင်းတစည်းတည်းဖြစ်သွားဘို့
ကြားခံထားတဲ့ အရာတွေ တော်တော်များတယ်
အဲဒီ့ထဲမှာ မာနဆိုတဲ့ အခိုးအငွေ့တမျိုးလည်း ပါတယ်။

sweety said...

ကိုရန်ကုန်သားရေ..ဘာလို့မာန နဲ့တင်းခံနေတာလဲ..ချစ်ရင်ချစ်ကြောင်းပြောလိုက်ပါဗျာ..ကိုယ်ချစ်တဲ့ သူကို ကိုယ်ချစ်နေတာသိစေပြီး ချစ်နေခွင့်ရနေတာက ကို အရမ်းကြည်းနူးဖို့ကောင်းနေပါပြီ..မိန်းကလေးဘက်ကနေခံစားပြီးကဗျာလေး ၁ ခုရေးမယ်နော်..
တဖက်သတ်လို့ ဟစ်ကြွေးကြေငြာ
တယောက်တည်းခံစား မင်းအတွက်အား
ချစ်ဖြေပေးချင် ကြင်နာချင်လည်း
မိန်းမသားမို့ မင်းဖွင့်အပြော
စောင့်မျှော်ရတာ ရင်မောတယ်ကွာ...
ကဲကဗျာထဲ ကအတိုင်းစောင့်နေရင် အချိန်တွေနှမြောဖို့ကောင်းပါတယ်ဗျာ..

မျှော်လင့်ခြင်း said...

ချစ်တယ်လို့ မပြောချင်ရင်
လက်ထပ်ခွင့်တောင်းလိုက်ရင်ကော ????

It must be difficult to let it go something so beautiful !!!!!!!!!

Angel Shaper said...

တစ်ယောက်နဲ့တစ်ယောက် မာနတရားတွေ တင်းခံပြီး ညှိနှိုင်းယူဖို့ ၊ ဖွင့်ပြောကြဖို့  မကြိုးစားခဲ့ကြတာ ဆုံဆည်းခွင့်မရှိလို့ ပဲနော်။ ဆုံဆည်းခွင့်မရှိဘူးဆိုရင်လဲ ဒါဟာ ကံကြမ္မာပေါ့။
အင်းးးးးးးး အတိတ်ဘ၀ဇာတ်လမ်းလေးကို လွမ်းမောသွားပါသည်။