Monday, September 28, 2009

ကျွန်တော်နှင့် ကဗျာဆန်သော


ကျွန်တော့်မှာ အသက်လို ချစ်ရတဲ့ မိန်းကလေးတစ်ယောက် ရှိပါတယ် ....။ သူ့ နာမည်က ဝေ တဲ့ ....။ ကျွန်တော် က ချစ်တဲ့ဝေရေ လို့ ခေါ်တာပေါ့။ တကယ်တော့ ဝေက နတ်သမီးရှုံးအောင် လည်း မလှပါဘူး။ ဒါပေမယ့် ကျွန် တော် ဝေ့ကို “ချစ်တဲ့ဝေရေ” လို့ ခေါ်လိုက်လို့  ဝေ မော့ကြည့်လိုက်တာနဲ့  ဝေက နတ်သမီးလေး ဖြစ်သွားတယ် လေ။

ဝေက တော့ ကျွန်တော် သူ့ ကို သူ ချစ်သလောက် မချစ်ဘူးလို့  အမြဲထင်နေတာ။ ကျွန်တော်က ဝေ့ကို ဘယ် လောက် ချစ်ပါတယ် ဆိုတာကို ဖွဲ့ နွဲ့ ပြီးပြောမှ မပြောတတ်တာ။ ဒါပေမယ့် ကျွန်တော် ဝေ့ကို ချစ်တာပဲလေ။ ဘယ် လောက် ချစ်လဲ ဆိုတော့ ..... ဘယ်လောက်ချစ်လဲ ကျွန်တော်မှ မသိတာကို။ ဝေက အဲလို ပြောရင် မျက် နှာလေး အိုအို သွားတယ်.... ။ ပြောတတ်မှ အချစ်လား ဝေရယ်လို့ ပဲ ကျွန်တော် အမြဲ ပြန်ပြန်ပြောခဲ့တာပေါ့။ ဝေ က အဲလိုပြောတော့ ပြုံးတယ်ဗျ။ ဘာလို့ ပြုံးတာလဲလို့ တော့ မေးလို့ လည်း မရဘူး ပြောလည်း မပြောဘူး။ တစ်ခါ တစ်ခါ ဝေ့ အပြုံးတွေကို ကျွန်တော် အဓိပ္ပါယ်ဖော်ရင်း မောနေခဲ့ရတယ်ဗျာ။

ဝေက စကားသိပ်တတ်တယ် ။ စကားတွေ အများကြီးတော့ မပြောတတ်ပါဘူး။ ဒါပေမယ့် ဝေပြောတဲ့စကားတွေ က ကဗျာဆန်တယ်။ တစ်ခါတစ်ခါ ဝေပြောတဲ့စကားတွေ ကျွန်တော် နားမလည်ဘူးလေ။ နားလည်တဲ့အခါကျ ပြန်တာ့ ကျွန်တော် ရယ်နေရတော့တာ။ အဲဒီအခါ ဝေ က သိပ်စိတ်ဆိုးတာ။ မောင်က ဝေပြောတဲ့ စကားတွေကို ရယ်ပစ်ရက်တယ် ဆိုပြီးလေ။ ဝေ စိတ်မဆိုးအောင် ရင်ထဲမှာပဲ ပြုံးရယ်လိုက်ရတယ်ပဲ ဆိုကြပါစို့ ။

ကျွန်တော့်မှာ စကားတွေ သိပ်ဆင်းရဲတာပဲ။ ရင်ထဲရှိတဲ့ ပြောချင်တဲ့ စကားတွေကို တန်ဆာမဆင်တတ်တာလဲ ကျွန်တော်ညံ့တာပဲဖြစ်မှာပါ။ ဝေက စကားလှလှတွေ ပြောတတ်တယ် ... ကျွန်တော် တွေးတွေးပြီး ရယ်ရတဲ့ စကားတွေ လည်း ပြောတတ်တယ် ... ခက်တာက ကျွန်တော် တွေးတွေးပြီးရယ်ရင် ဝေက စိတ်ကောက်သွားတာ အတော်ဂွကျတယ် .... ။

************

“ မောင်က ဝေ့ကို အသက်လောက်ချစ်တယ်လို့ ပြောတယ်နော် .... ဝေကတော့ မောင့်အသက်ကို ဝေ့ အသက် ထက် ပိုချစ်တာ ....သိလား မောင်”

ကျွန်တော်က သိပ်တုံးတယ်။ ဝေအဲလို ပြောတော့ “အင်း” လို့  တစ်လုံးပဲ ပြန် ဖြေခဲ့တာလေ။ ဝေက ကျွန်တော် တစ်ခုခုများပြောမလားရယ်လို့  စောင့်နေသေးတယ်။ ကျွန်တော်ဘာမှ မပြော ဖြစ်လိုက်ပါဘူး။ ဝေ သိပ်ချစ်တာ ကျွန်တော်သိနေတာပဲကို။ အရင့်အရင်က မကျေနပ်ချက်တွေရော အဲဒီနေ့ အတွက်ပါ ပေါင်းပြီး ရေခဲတုံးကြီးလို့  ဝေက ကျွန်တော့်ကို ခေါ်လိုက်ပါတယ်။ ကျွန်တော်က ဝေ့ရဲ့ ရေခဲတုံးကြီးပါ ...။

“မောင် ဟိုမှာ ကြည့်စမ်း ပန်းလေးတွေ လှလားဟင် .... ဝေကလေ ပန်းကလေးဖြစ်မယ်ဆိုရင်တောင် မောင် ရဲ့ ဥယျာဉ်ကြီးထဲက တစ်ပွင့်တည်းသော ပန်းလေးပဲဖြစ်ချင်တယ် .....”

“မောင့်မှာသာဥယျာဉ်ရှိရင် ပန်းတစ်ပွင့်ဘယ်ကမလဲ ... အများကြီးကို စိုက်ပစ်မှာ .....”

ကျွန်တော့်စိတ်ထဲ ရှိတာကို ပြောလိုက်ပေမယ့် ဝေက ဘာမှ မှတ်ချက်ပြန်မပေးဘူးလေ။ ကျွန်တော့်ကို မူကြိုကျောင်းသားလေး တစ်ယောက်ကို ကြည့်သလို ပြန်ကြည့်တယ်။ ကျွန်တော်က ဝေ ဘာဆက်ပြောမလဲလို့ စောင့်နေခဲ့တာ ....။

***********

“မောင် ငိုတဲ့အခါ ဝေ လည်းလိုက်ငိုချင်တယ် မောင်ရယ်တဲ့အခါ မောင့်အပြုံးလေးတွေ ဖြစ်ချင်တယ် သိလား ....” ဝေက စာရွက်ပိုင်းသေးသေးလေး တစ်ခုပေါ်မှာရေးပြတာ။ ကျွန်တော် မငိုတတ်ဘူးဆိုတာ ဝေမသိများ မသိလို့ လား။

“မောင် မှ မငိုတတ်တာ ယောက်ျားကြီးငိုတာ ကြည့်မကောင်းပါဘူးဝေရာ ...” ကျွန်တော် အဲလို ပြောတော့ ဝေ က ကျွတ်ဆိုပြီး ကျွန် တော့်ပခုံးပေါ်တင်ထားတဲ့ သူ့ ခေါင်းလေးကို ပြန်ဆွဲသွားတယ်။ နောက်ကျွန်တော့်ကို ကြည့် ပြီးရယ်တယ် ...

“မောင်ကလေ .... တင်စားပြီးပြောလို့ ပြောမှန်းလည်း မသိ ဟဟ ..ဟ.... တကယ်တကယ် တုံးချက်က ရင်နင့် စရာပဲ ....”

“ဟောဗျာ .... တင်စားပြီးပြောတာလား ....မောင်က မသိပါဘူး .... ဟဟ စောရီး ..... ဟုတ်တယ်နော် မောင်က တုံးလိုက်တာ ....”

အဲဒီ နေ့  က ကျွန်တော့်ကို ...ဦးကိုကိုဝေး ... လို့ ခေါ်ပြန်တယ်လေ .... ရေခဲတုံးကြီးဦးကိုကိုဝေး ဖြစ်သွားတာပေါ့။ ဟုတ်ပါတယ် ကျွန်တော်ကလည်း တကယ် ဝေးလွန်းပါတယ်လေ။

***********

“ကဲ တော်ပါတော့ မောင်ရယ် မောင့် နမ်းရ တာ ဒူးရင်းသီးကြီး နမ်းရသလိုပဲ ... ”

ဘယ့်နှယ် ဒူးရင်းသီး ဖြစ်သွားရတာလဲဆိုတော့ နှုတ်ခမ်းမွှေးစူးလို့ တဲ့။ ဝေ ပြောလိုက်ရင် စကားတွေက အဆန်း ချည်းပဲ။ ရယ်လည်းရယ်ရတယ်။ ဝေ့ကို ကျွန်တော်သိပ်ချစ်တာပဲ ....။ ကျွန်တော် အမြဲ နှုတ်ခမ်းမွှေးရိတ်ဖို့  မပျင်း တော့ ဘူးလေ။

ခရီးနှစ်ရက်လောက်သွားပြီး ပြန်လာတော့ ဝေက ကျွန်တော့ကို ပြောတယ် ... “မောင် ရယ် လွမ်းလိုက်တာ မျှော်ရလွန်းလို့ မောလှပြီ ....” တဲ့ ..။

“အော်ဝေရယ် မောင်ပြန်လာမှာပဲကို ဘာလို့ အမောခံပြီး မျှော်နေရတာလဲ .... ”

“ဟာ... မောင်နော် ... ဝေက အကောင်းပြောနေတာကို ....” ဝေ့ နှုတ်ခမ်းလေး စူးသွားပုံကို ကျွန်တော်ချစ် လိုက် တာ။

“ဟော ဘာဖြစ်ပြန်တာလဲ ဝေ မောမှာ စိုးလို့ ပါ မောင်က ပြန်လာမှာပဲလေ ... ”

“မောင်ဟာလေ ... ဝေ့ကို ဒီနှစ်ရက်မှာ ဘယ်လောက်လွမ်းတယ် သတိရတယ် ဆိုတာပြောဖို့ နေနေသာသာ ဝေ က ပြောတာတောင် အရူးလုပ်နေတယ် ကြည့် သိပ်အသည်းယားတာပဲ .... ” ဝေက သူ လွမ်းတဲ့ အကြောင်း ပြော ချင်တာကိုး။ ကျွန်တော်က ဝေမျှော်လို့ မောနေမှာစိုးတာပါ။

“တော်ပြီကွာ.... ပြောရတဲ့သူက ရှက်တောင် ရှက်တယ် သွား လူအကြီး ....” ဟော အ သွားပြန်ပြီ။ ချစ်လို့ အ သွားတာလို့ ပြောဖို့ ပဲ။ တော်ကြာ ရှင်းမရမှာစိုးလို့  ဝေ့ ပါးကိုပဲ ဖွဖွ နမ်း လိုက်မိတယ်။ ဝေ့ပါးက သိပ်နွေးတာပဲ။

“ဒါမျိုးကျတတ်တယ် မောင်ကလေ အိပ်ချင်ယောင် ဆောင်နေတာလည်းမဟုတ်။ အိပ်နေတာလည်းမဟုတ်။ နိုး နေရက်နဲ့  ဂယောင် ကတမ်းပြောနေတာသိလား .....”

“မသိဘူးကွာ။ ဝေ စိတ်ကောက်ရင် မောင်မှ မချော့တတ်တာ။ အဲဒီတော့ ဝေ့ပါးကို နမ်းလိုက်တာပေါ့ ရွှတ်ကနဲ ဆို။ ဝေစိတ်ပြေမလားလို့ လေ ....။ ဒါပေမယ့် နိုးနေတဲ့သူက ဘယ်လို ယောင်မှာလဲ ဝေရဲ့ ..... မောင် နားမလည် ဘူး အဲ ဒါဘာပြောတာလဲ ....”

ဝေ့ အပြုံးက အတော်လှတယ် ...။ ဝေက ကျွန်တော့်ပါးနှစ်ဖက်ကို အတင်းဆွဲတယ်။ ပြီးတော့ရှင်းလည်း မပြဘူး လေ။ “ဦးလူအကြီး .... ချစ်တယ် ...” ဝေ့ အနမ်းက ချိုသလိုပဲ အဲဒီနေ့ က။

***********

“မောင် ... ဝေ့ အပြင်တခြားကောင်မလေးတွေ မြင်ရင် မောင့်စိတ်ထဲ ဘယ်လို နေလဲ ဟင် ....” ကျွန်တော် ဝေ့ မျက်နှာအသေအချာကြည့်ရတယ်။ ဝေ စိတ်ဆိုးမှာကြောက်လို့ ပါ။ ဒါပေမယ့် ဝေက အမှန်အတိုင်း ဖြေစေချင် တယ်လေ။

“ အင်း .... လှတဲ့ကောင်မလေးတွေ ဆိုရင်တော့ ကြည့်တယ်လေ .... သူတို့ ကကြည့်ရင်လည်း ပြန်ကြည့်လိုက် တာ ပေါ့ .... မလှတဲ့ကောင်မလေးတွေ ကျတော့သတိမထားမိဘူးပေါ့ ... ”

“ဟာ .... မောင်က ဝေ့ အပြင် မိန်းမကလေးတွေကို လိုက်ကြည့်တယ် .... ဟာ” ဝေက မျက်မှောင်ကြီးကို တွန့် ပြီး ချိုးထားလိုက်တာ။ ကျွန်တော် မှားပြန်ပြီထင်တယ်။ အမှန်အတိုင်းပြောတာပါပဲလေ။

“အင်းလေ လိုက်ကြည့်တာတော့ ဘယ်ဟုတ်မလဲ .... ရှေ့ ရောက်လာလို့ ကြည့်တာပါ .... ဒါပေမယ့် မောင်ချစ်တာ က ဝေလေ ...” ဒါလဲ ဝေက စိတ်မပြေပါဘူး။ အကြာကြီး ငြိမ်နေတယ်။ ကျွန်တော်လည်း ကြောက်ကြောက်နဲ့  ငြိမ်
နေလိုက်တာပေါ့။ နောက်တော့ဝေငို ပါလေရော .....။

“ချော့ မလားလို့ ။ မူ နေတဲ့သူ ကိုမှ အားမနာ ဒီအတိုင်းထိုင်နေတယ် .... အီးဟီး .....” သေပြီဆရာ လို့ ပဲ ကြိတ်ပြီး အော်လိုက်ရတယ်။ သူ စိတ်ဆိုးသွားတာကိုး။ ကျွန်တော်က ဘာများပြောမလို့ စဉ်းစားနေတာအောက်မေ့တာ။ ကျွန် တော် ဝေ့ ပခုံးကို အသာထွေးပြီး ဝေ့ခေါင်းလေးကို ရင်ခွင်ထည့်ပြီး ဖက်ထားလိုက်တယ်။

“ ဟုတ်ပါဘူး မောင်က အမှန်အတိုင်းပြောတာ .... ဘယ်လောက်ကြည့်ကြည့်ပါ။ ဝေ့ ကိုပဲ မောင်ချစ်တာပဲလေ။ သူတို့ ဘေးက ကျော်သွားရင် မောင်မေ့သွားတာပဲ ....။” ဝေက ပိုပြီးတောင် ငိုသေးတယ်။ ဘယ်လို ချော့ရပါ့မလဲ။
ဝေက ကျွန်တော့်ရင်ဘတ်ကို တဘုန်းဘုန်း ထုတယ် ....။

“ကျတဲ့ မျက်ရည်တောင် အားနာ တယ် သိလား .... မောင် ရှင် ဟာလေ အလိုက်ကို မသိဘူး .... တကယ်ပဲ .... မောင့် အတွက် ဝေက အလှဆုံးပါလို့ ပြောရတယ် ဦးကိုကိုဝေးရဲ့  သိပြီလား သိပြီလား ....ဘယ်လို လူမှန်းကို မသိ ဘူး ဟင့်ဟင့် ဝေ့ ချစ်သူလုပ်ပြီး ဝေ ဘာကြိုက်တတ်တယ် ဆိုတာမသိဘူး ... လှတယ် အပြောခံရဖို့ မျက်ရည် ကျ ပြတာတောင် မကြားရဘူး ....” အဲတော့မှ ကျွန်တော်လည်း ရယ်နိုင်တော့တယ်။ ဝေ ငိုပြီးရင် မျက်လုံးတွေက စိုစို လက်လက်နဲ့ သိပ်လှတာပဲ။ ဒါပေမယ့် အဲဒီစကားပြောကောင်းလား ကျွန်တော်မှမသိပါပဲကို။ ဝေက မျက်ရည် တွေ ကြားမှာ ရယ်လို့ ။

***********

“မောင့်ကို လိုက်ချစ်ရတာ ဝေတော့မောပါတယ် တကယ်ပဲ ....။ မောင်ကလေ တစ်ခါတစ်လေ သိပ်အတာပဲ ....။ မောင်သိလား ဝေ တစ်ယောက်ထဲ လဲပြိုရတဲ့ညတွေ မနည်းတော့ဘူး အဲဒါမောင့်ကြောင့် ....။ ” ကျွန်တော် ရယ် တာ ပေါ့။

“ဟဟ .... မောင်လည်းချစ်တာပဲကို ဝေလေးကလည်း။ လဲပြိုရတဲ့ညတွေ ဟဟ ကဗျာထဲက အတိုင်းပဲ ...ဟဟ .....ဟ ” ကျွန်တော် မျက်လုံးပျောက်အောင်ရယ်မိတယ်။ ဝေက မျက်လုံး လေးပြူးပြီး ရန်တွေ့ ပြန်တာပေါ့ .... ။

“ဝေက သိပ်ကဗျာဆန်တယ်လို့ ပြောမလို့ ပါ ..... စိတ်မဆိုးနဲ့ နော် ..... မောင်က စတာ စတာ .....” ဝေ ရှက်သွား ရင် ချစ်စရာသိပ်ကောင်းတယ်။ ဝေ လဲပြိုစရာမလိုပါဘူးဝေရယ်။ မောင်က ဝေ့ အနားမှာ ဖေးမနေမှာပေါ့။

“မောင် ..... ကဗျာတွေ စာတွေ မဖတ်ဘူးလား ဟင် ... ”

“ အင်း ဖတ်တော့ ဖတ်တယ် ဖတ်ပြီးရင် မေ့သွားရော တချို့ ဟာတွေကျ မောင်သိပ်နားမလည်ဘူး ဝေရဲ့  .... ”

“ ဟုတ်မှာပါ .... အချစ် နဲ့ တွေ့ တဲ့အခါ ကဗျာဆရာတွေ ဖြစ်သွားကြတယ်တဲ့ .... မောင့်ကျတော့ ကဗျာဆရာဖြစ် ဖို့ နေနေသာသာ တင်စားပြီးပြောတာတောင် ပြောရတဲ့သူက လိုက်ရှင်းပြနေရတာနဲ့ တင် ဖီးငုပ်တယ် .....”

“ဟဟဟ အဲတာ မောင်လေ ဝေ့ရဲ့ ဦးလူအကြီးလေ .....”

“ သိပါတယ် သိပါတယ် မဏ္ဍပ်တိုင် တက်ပြမနေပါနဲ့  ....ဟွန်း ” ဝေ မျက်စောင်းထိုးတဲ့ အခါ ကျွန်တော့ရင်ထဲ လှုပ်သွားတယ်။ ဒီလို ခံစားချက်မျိုးကို ပါးစပ်ကပြောပြတာ ကို ကဗျာဆန်တယ်ခေါ်တာဖြစ်မယ်။

“ဝေ့ မျက်စောင်းလေးကို မောင်သိပ်ချစ်တာပဲ ....” ဒီတစ်ခါတော့ ဝေက ကျွန်တော့်ကို မျက်လုံးလေးပြူးပြီး ကြည့် တယ်။

“ဟဟဟ ကြည့်စမ်း ကြည့်စမ်း .... မောင်စကားတွေ တတ်လာပြီ .... ဟဟဟ ” .....

ဝေရယ်ရင် ကျွန်တော် ပြုံးတာ သဘာဝ ဖြစ်နေပါပြီလေ။ ကဗျာဆန် တတ်လာတယ်ပေါ့။ ဝေက ကျွန်တော့်ကို သင် ပေးလိုက်တယ်ပြောရမယ်။ ခံစားချက်တွေကို စာလုံးလေးတွေ စီစီပြီး လှလှလေးပြောတတ်အောင်လို့ လေ။ ချစ်သူ နှစ်ယောက်ရဲ့ ခံစားချက်တွေ အသည်းနှလုံးတံတားကနေ စီးကူးသွားတယ်ပဲပြောရမယ်။ ဝေ့စကားလှလှ တွေ ကျွန်တော့်စကားဖြစ်လာတယ်လေ။ ဒီစာကို ဖတ်နေကြတဲ့ အချိန်မှာ ကျွန်တော် စကားအတော်တတ်နေပြီ လို့  ထင်ကောင်း ထင်ကြမှာပါ။

ဝေ့ ရေခဲတုံးကြီး အရည်ပျော်ပြီး အချစ်ရည်ရွှန်းတဲ့ စကားလုံးလှလှတွေ အဖြစ် စီးဆင်းသွားတာ ဖြစ်ကောင်းဖြစ် မှာပေါ့။ တစ်ချိန်က တုံးအ ဖူး တယ်ဆိုတဲ့ အကြောင်း ပြောချင်တာရယ်ကြောင့်ပါ။ အချစ်ဟာ တုံးအခြင်းတွေကို အဆုံး သတ်စေတယ် .... အ ချစ်ဟာ ကဗျာတစ်ပုဒ်ကို အသက်သွင်းစေတယ် ဆိုရမလားပဲ.... ။ကျွန်တော့်ကို ဝေက သားလေး တစ်ယောက် လက်ဆောင် ပေးတယ်လေ .... ။ သား ဟာ ဝေနဲ့ ကျွန်တော့်အတွက် ကဗျာ တစ် ပုဒ် ဖြစ်နေပါပြီ ......။

ပုံလေးကို ဒီက ယူပါတယ် :D


စာဖတ်လည်လာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ
ရန်ကုန်သား


28 comments:

ဝက်ဝံလေး said...

ဟယ် ရန်ကုန်သားမှာ သားလေးရှိတယ် ဟုတ်လား ဟိဟိ သိပါဘူးဟယ်

ဖတ်ပြီးရီလိုက်တယ်သိလား ဘာလို့လဲတော့မမေးနဲ့ ဘယ်နေရာလဲ လဲ လာမမေးနဲ့နော် ဟိဟိ စာရေးလဲကောင်းပါ့ ရန်ကုန်သားရယ် ဝေ ရယ် သားလေးရယ် နဲ့ အသက်ထက်ဆုံး ပျော်ရွှင်နိုင်ပါစေ

ဟုတ်လားမသိဘူး ရမ်းသမ်း ဆုပေးသွားတယ် မဟုတ်လဲ လာပြောဦးနော် ဟိဟိ
ဘိုင် တာ့တာ

WWKM said...

ကျွန်တော်နဲ့ကဗျာဆန်သော ဖတ်သွားပါ၏။
ဒါနဲ့ သားလေး ဘယ်မှာထားခဲ့တုန်း ။ :P

မြတ်နိုး said...

ဇာတ်ကောင်ဟာ ဘယ်နည်းနဲ့မှ ၇န်ကုန်သားမဟုတ်

ရန်ကုန်သားဆို ဝေ့ထက် ကဗျာဆန်လိုက်မဲ့အမျိုးးး

အတော်ကောင်းတယ်

ကာရံဆူး said...

ဝေး ကိုရန်ကုန်...သားလေးကို ဘယ်မှာထားခဲ့လဲ...ကဗျာဆန်တဲ့ ကျွန်တော့်ရဲ့ သားလေးကို မြင်ချင်ပါတယ်ဗျို့ ...

ဧပရယ်လ်ပူး@ပူးတေ said...

ကျွန်တော်နှင့် ကဗျာဆန်သော လာဖတ်သွားပါတယ်နော်။ သားလေးရှိရင် သားလေးပုံလေး တင်ပါလား။ သားလေးကြည့်ချင်လို့။ momiji ပြောသလိုပဲ ရန်ကုန်သားဆို ကဗျာပိုဆန်မယ်ထင်တယ်။

Anonymous said...

အဟား အဲ့ဒီ့ရေခဲတုန်းကြီးက ကိုရန်ကုန်သားလားဗျ ဒါဆိုရင်တော့ ဒီလောက် ကဗျာ ဆန်ဆန် စကားအနုအလှတွေ ဖွဲ့တတ်တဲ့ ကိုရန်ကုန်သားက ဦးကိုကိုဝေး ကြီးမဖြစ်နိုင်တော့ဘူး...
ဒါနဲ့ သားလေးရှိတာ တကယ်လားဗျာ

တလနွန် said...

အခုတော့ ကဗျာတစ်ပုဒ်ဖြစ်နေတဲ့ သားလေးက ကိုရန်ကုန်သားတို့ ကြားမှာ ကာရန်တွေဖြစ်နေလောက်ပြီးပေါ့။ ပြောတာပြောရတာ ကိုရန်ကုန်သားက ဦးကိုကိုဝေးတော့ အစကတည်းက မဖြစ်လောက်ပါဘူး။ :)

ခင်မင်ခြင်းနှင့်
တလနွန်

စိမ်း... said...

သြော် တော်သေးတာပေါ့....

``အချစ်ဟာ တုံးအခြင်းတွေကို အဆုံး သတ်စေတယ် .... အ ချစ်ဟာ ကဗျာတစ်ပုဒ်ကို အသက်သွင်းစေတယ် ဆိုရမလားပဲ.... ။´´

ဟား ဟား နို့မို့ဆို ဝေတော့သနားစရာပဲ...
တစ်ချက်မက ပြုံးလိုက်ရလို့ တစ်ရက်မက အသက်ရှည်တော့မယ် ထင်ရဲ့....
:P

rose of sharon said...

စာလာဖတ်သွားတယ်...း)

အနော် said...

အချစ်ဟာ တုံးအမှုတွေကို အဆုံးသတ်စေတယ်ဆိုတာကို သိပ်လက်မခံချင်ပေမဲ့ အချစ်ဟာ ကဗျာတစ်ပုဒ်ကို အသက်သွင်းစေတယ်ဆိုရင်တော့ လက်ခံပါတယ် :P
ကဗျာဆန်သော ချစ်ခြင်းမှသည် အကိုရန်ကုန်သားအတွက် ချစ်ခြင်းတွေ ကဗျာဆန်ပါစေလို့
ဆုတောင်းပေးသွားပါတယ်နော်

Anonymous said...

အင်း .......... မောင်လေးရဲ့ ချစ်ခြင်းတွေ ထာဝရ ကဗျာဆန်ပါစေနော်။

နိုင်နိုင် said...

ရေးတတ်လိုက်တာ
စကနေဆုံးအကုန်လုံးကို
စက်ရှေ့ကမထဖတ်ရမှ။ ။

မယ့်ကိုး said...

သားလေးရှိတယ် ယုံတဲ့ဖက်ကနဲ့ မယုံတဲ့ဖက်က စိတ်ဝင်စားစရာပဲ။

စာအရေးအသားက ကောင်းလွန်းလို့လား မသိဘူး ကျွန်မတော့ သားလေးရှိတယ်ဆိုတဲ့ဖက်က မဲပေးချင်တယ်။(အရေးအသားတွေက ရဲရင့်လွန်းလို့ :P )

ဒါပေမယ့် ဆိုဒ်ဘားမှာ အမေပုံတင်ထားတော့လည်း မဲပေးရမှာ ခက်နေပြန်ရော =)

မချစ်ရ said...

မိသားစု
အသက်ထက်ဆုံးပျော်ရွှင်နိုင်ပါစေ
စာလေးဖတ်ပြီးပျော်ရွှင်သွားရပါတယ်

သံလွင် HeRo said...

ဟင်းဟင်း ... ဝေတဲ့လား...
နောက်တစ်ခါမိတ်ဆက်ပေးနော်
လမ်းမှာတွေ.ရင်နှုတ်ဆက်လို့ရအောင်... :)
အချစ်ကြောင့် ပျော်ကြပြီ...
ကဗျာတွေဆန်ကုန်ကြပြီ...
စကားတွေချိုကုန်ကြပြီ...
အော်...အချစ်...အချစ်...ခြစ်...
တက်လည်းတက်နိုင်သပါ့

maylay said...

ရေခဲတုံးကြီး ဦးကိုကိုဝေးက ရန်ကုန်သား ဟုတ်ပါရဲ့လား ဒွိဟ ဖြစ်သွားတယ် ။ စာက ကောင်းချက်နော်။ ရေးတတ်လိုက်တာ

မိုးစက်အိမ် said...

အစ်ကိုက စာရေးအား ကောင်းတာဘဲဗျ ... ၀တ္ထူတို လေးတွေ ရေးတာ တကယ်ကောင်းတယ်ဗျာ ... အရင်ကရော အစ်ကိုစားရေးသေးလား ခင်ဗျ ...
အားပေးလျက် ...

စည်သူ said...

ဟ.. ကိုရေခဲတုံးကြီးရေ..
အဲ... မှားလို့.. ကိုရန်ကုန်သားရေ

အဲဒါဆို ကိုရန်ကုန်သားရဲ့ “ဝေ” က
ချောစုခင်ကို သွားရန်မတွေ့ဘူးလားဗျ..

ချောစုခင်က စောင်းဆိုတာနေမှာဗျ.. အောင်မယ်လေးဗျာ..အိပ်ချင်မူးတူးနဲ့ ကောင်မလေးဆိုပြီး သွားနမ်းလိုက်တာ
ဒူး၇င်းသီးနဲ့ ညားသွားတယ်
နာလိုက်တာ.. ကျွတ်.. ကျွတ်

ခင်မင်စွာဖြင့်
စည်သူ။

သက်တန့်ချို said...

ကိုရန်ကုန်သားကိုလူပျိုမှတ်နေတာ ...ဟဟ (လျှိုထားတယ်)
ခင်မင်စွာဖြင့် :)

Ree Noe Mann said...

အ့ တာ အ တယ် ဒါမျိုးတော့ သိတယ်နော်။

ဒါ အ တယ်လို့ ဘယ်ခေါ်တော့မလဲ ညီရ။

ကဗျာလေး တစ်ပုဒ်တောင်း ဖန်းတီနိုင်တဲ့ စွမ်းအားပဲ။

အားပေးနေတယ် ညီ

ခင်တဲ့ ကိုရီနို

Angel Shaper said...

ဒူးရင်းသီးကြီးကို နမ်းတဲ့ ဝေ့သားလေး လာကြည့်တာ ဟိဟိ။
ဟော ဟော.... ပေါ်ပြီ။။။။။
ရကောက်က ကွယ်ရာမှာ ဇာတ်လမ်းတွေ ရှိခဲ့တာကိုးးးးးးးးးးးး ဟိုးးးးးးးဟိုးးးးးးးးး
ချစ်ခင်လို့ စသွားတယ်။

မျှော်လင့်ခြင်း said...

စာအရေးကောင်းလို့  မိတ်ဖွဲ့ တဲ့ ကောင်းမလေးတွေ များလာလို့  ဒီ post ကို ရေးတာပဲ ဖြစ်မယ်

သားရှိရှိမရှိရှိ အရေးအသားကောင်းလို့ 
အမြဲလာဖတ်ဖြစ်မှာပါ။

ချစ်သူကို လက်တွဲဖော်အဖြစ် လူတိုင်း ပိုင်ဆိုင်ခွင့်မရှိကြပါဘူး

Libratun said...

ဇွတ် :D

မြစ်ကျိုးအင်း said...

(ဟုတ်ရင်တော့ ပေါ်မှာပါပဲလေ)

အခုတော့ ရသ တပုဒ်အနေနဲ့ ဖတ်သွားတယ်။

ရန်ကုန်သားပေးချင်တဲ့ ရသ မျိုး အမှန်တကယ်ရပါတယ်

စာတပုဒ်ဖတ်ပြီးတိုင်း ကျေနပ်အားရတဲ့ ခံစားချက်မျိုး ဖြစ်လာရင် အဲဒီစာမှာ သေချာတယ် ရသတခု ရှိနေပြီ။

ဒီပို့စ်လေးဖတ်ပြီး ကျေနပ်မှုတခုရတယ်။

ဧရာဝတီသား said...

ဟဲဟဲ အစ်ကိုရေ ထင်ကြေးတွေ ပေးကုန်ပြီ ဖွလိုက်မှာနော် ...
အပေါ်က အစ်မမယ်ကိုးရဲ့ သုံးသပ်ချက်လေးက ကောင်းလိုက်တာ။
hmwe ရဲ့ comment လေးကလည်း ဖြစ်နိုင်တယ်။

ဟဲဟဲ သိချင်သူတွေတော့ ကျွန်တော့်ကို ဆက်သွယ်လိုက်ကြဗျာ ... တိုးတိုး တိတ်တိတ်ပြောပြမယ်။

စာ အရေးအသားကတော့ အစ်ကိုရေ ကိုမြစ်ကျိုးအင်း ပြောတဲ့ အတိုင်းတကယ် ရသ အပြည့်ပါပဲ။

ဟီးဟီး နောက်ကျမှ ရောက်လာတော့ အစ်ကို့စာကိုရော comment တွေကိုပါ ထပ်မန့်သွားတယ်။

အစ်ကို အမြန်နေကောင်းပါစေဗျာ ...

ခင်မင်လေးစားလျက်

ကိုလူထွေး said...

ရန်ကုန်သားရဲ့ မဒမ်က 60 တဲ့လား...း)

(ခင်လို့နောက်သွားတယ် ညီရေ့...)

းဝ)

မေဓာဝီ said...

ဖတ်လို့ကောင်းလိုက်တာ ... ရန်ကုန်သားရေ ... ။
ရေးလိုက်မှဖြင့် ကဗျာဆန်ဆန်လေးတွေချည်းပဲ။ ဖတ်ရတာ ကြည်နုးစရာလေး။
အချစ်နဲ့တွေ့ရင် လူတိုင်းဟာ ကဗျာဆရာ ဖြစ်ကုန်ကြတယ်တဲ့။ (ကြားဖူးတာပဲ)

ဒီလိုနဲ့ ကဗျာဆန်သူ ရန်ကုန်သားရဲ့ ကလောင်သွားကြောင့် ...
ဦးကိုကိုဝေးလဲ ကဗျာဆန် ...
ဒူးရင်းသီးကြီးလဲ ကဗျာဆန် ...
ဦးလူအကြီးလဲ ကဗျာဆန် ...
ရေခဲတုံးကြီးလဲ ကဗျာဆန် သွားလေရော့သတည်း ... ပေါ့နော်။
:)

ရွှေပြည်သူ (ShwePyiThu) said...

“ဒီလို ခံစားချက်မျိုးကို ပါးစပ်ကပြောပြတာ ကို ကဗျာဆန်တယ်ခေါ်တာဖြစ်မယ်။”

အဲဒီစကားလေး ကြိုက်လိုက်တာ။ အကြာကြီး ပြုံးသွားမိတယ်...း)