Friday, August 7, 2009

စောဝေ (၁)


“ဟဲ့ ခင်လှဝေ ထမင်းအိုးတည်ပြီးပလား။ နင်ဘာလုပ်နေတာလဲဟင်။ ဘယ်ချိန်ရှိပြီလဲ။ ငါတောင် ဈေးသိမ်း ပြီး ပြန်လာပြီ။ နင်တို့ ဟာလေ ပြန်လာရင်အမောကိုဆို့ တယ်။ ခုထိထမင်းအိုးမတည်ရသေးတော့ ငါကဘယ်အ ချိန် သွားပြီး ဟင်းချက် ရ မှာလဲ။ နင်တော့သေတော့မှာပဲ ငါလုပ်ရရင်တော့”

စောဝေပြောရင်းဆိုရင်း အလေးချိန်ခွင်တို့ ထည့်ထားသော လင်ပန်းကို ပစ်ချပြီး အိမ်ထဲသို့ ဆောင့်ကြီးအောင့်ကြီး ဝင် လာသည်။ အမေလုပ်သူ အသံကြားတော့မှ အိမ်နောက်ခန်းတွင် ဝတ္တုစာအုပ်ခိုးဖတ်နေသော ခင်လှဝေ တစ် ယောက် ဖတ်လက်စ ဝတ္တုစာအုပ်ကို ချောင်တစ်ခုထဲထိုး လိုက်ပြီးခေါင်းကလေးပုကာ အိမ်ရှေ့ ထွက်လာ သည်။ ဝတ္တု က လည်းကောင်းခန်းရောက်နေသဖြင်ထမင်းအိုး တည်ရန်ပင် မေ့သွားသည်။ အမေပြန်ရောက်၍ အော်ငေါက် သံကြားရ သော အခါမှပင် ခင်လှဝေ သတိရတော့ သည်။

“ နင်ဘာလုပ်နေတာလဲ။ အောင်မယ်လေးတော် သမီးလေးမွေးထားလို့ အားကိုးရမလားအောက်မေ့ပါတယ်။ ဘာမှ နင် အသုံးမကျပါလား။ ဘာလုပ်နေတာလဲ အိမ်ထဲဝင်ပြီး။ ဝတ္တုတွေ ဖတ်ပြန်ပလား။ ဟင်းကြပ်ကြပ်သတိ ထားနော် ခင်လှဝေ။ ညည်းငါ့အကြောင်းသိတယ်နော်။ ဟင်းအရှက်ကွဲသွားမယ်ဘာအောက်မေ့လဲ။ မြန်မြန် လုပ် ထမင်းအိုး တည်ပြီး ဈေဗန်းဆေး ပြီးရင် နေပြထား။ တယ်ဒီကောင်မ ငါလုပ်လိုက်ရသေတော့မယ်။”

စောဝေ စကားမဆုံးခင်ပင် သမီးလုပ်သူ ခေါင်းကို ခွပ်ခနဲ နေအောင်ခေါက်လိုက်သည်။ ကိုယ့်အပြစ်နှင့်ကိုယ်မို့  ခင်လှဝေမှာ နာကျင်သော်လည်း ထမင်းအိုးကို ပြေးကောက်ကာ အမေ့ ရှေ့ မှအတင်းပြေးထွက်လာခဲ့ သည် စောဝေ ဈေးရောင်းက ပြန်လာ၍မောပန်းနေသည့်အထဲ သမီးလုပ်သူကို ဆူလိုက်ပူလိုက်ရသဖြင့် ပိုမောသွားဟန် တူသည်၊ အိမ်ရှေ့ ထမင်းချက် သောနေရာအနားတွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။

ဒီနေ့ တော့ ငါးရောင်း ကောင်းသည်။ စောဝေက အပျိုပေါက်ကတည်းက ငါးရောင်းလာ သည် မို့  ဈေး ရောင်း ဈေးဝယ် အင်မတန်ကျွမ်း ကျင်သည်။ သူ့ လက်ကလေး တစ်ချက်ကော့လိုက်တာနဲ့ ငါးဆယ်သားဆို ငါးကျပ် သား လောက်ကတော့ အသာလေးလျော့ သည်။ ကိုယ်မခိုးလည်းသူများခိုးတော့ အနည်းအများ တော့လုပ်ရ သည်ပဲ။ အိမ်မှာ လည်း ပါးစပ်ပေါက်ကများသည်ကိုး။

လင်လုပ်သူဆိုက္ကားနင်းတာလဲဘာရလို့ လဲ။ သူ့ အရက်ဖိုးနဲ့ တင်ကုန်တာ။ ဒါတောင်စောဝေကောင်း လို့  လက် ရှိနင်းနေ တဲ့ ဆိုက္ကားလေးအပိုင်ရတာ။ ပိုက်ဆံလေးရေတွက်ရင်း မနက်ဈေးအတွက်ရင်း ဖို့ ငွေကိုသပ်သပ် ဖယ်၊ အမြတ်ကလေး ကို ကြည့်ပြီး စောဝေကျေနပ်သွားသည်။ ကို သံချောင်း ဆိုက္ကား လေး ဝယ် လိုက် ပြီးက တည်းက ကြွေးမြည်လေး ကင်း သွားတော့ စောဝေအသက်ရှူ နည်းနည်း ချောင်သွားသည်။

အိမ်က ကလေး လေး ယောက်ကိုကျောင်းထားရသည်မှာ လွယ်သည်မဟုတ်။ တစ် ယောက် မှလည်း ဖြစ်ဖြစ် မြောက် မြောက်မရှိလှသည်မို့ စောဝေ ပင်ပန်းရကျိုးမနပ်လှ။ အကြီးအကောင် ထွန်းအောင်ကလည်း အချိန်ရှိ သရွေ့ ရွားရိုး ကိုးပေါက်သွား၊ စာခါနီးမှ အမေ့ အိမ်ပြန်လာ၊အချိန်တန် ပိုက်ဆံလက်ဖြန့် တောင်း၊ မနက်စောစော စောဝေ ငါးသွားကြို တုန်းဆိုက္ကားလေးနင်းပို့ တာလောက်သာရှိသည်။ သားသမီးဆိုတော့လည်း ကျွေးရမယ့် တာဝန်ကရှိ လေတော့၊ စောဝေ ပြောဆိုအော်ဟစ်နေပေမယ့် စိတ်ထဲကတော့ စေတနာအပြည့်ထားပါသည်။

ခင်လှဝေတစ်ယောက်ပဲ တစ်နှစ်တစ်တန်း မှန်မှန်အောင်လို့ ခုဆို ရှစ်တန်းတောင်ရောက်နေပြီ။ စောဝေတို့  တုန်းကလို အဖေဆုံးလို့ မိသားစုမှာ မောင်နမှတွေက များလေတော့ အမေ့ ကိုငဲ့ ပြီး ခင်လှဝေတို့ လိုအပျို ပေါက်စ မရှက်မ ကြောက် ပဲ ဈေးရောင်းခဲ့ ရသည်။ သို့ ပေမယ့် အမေ့ကို ကူညီရလို့ စောဝေကျေနပ်သည်။ သို့  ကြောင့် သမီးလုပ်သူကို ပညာ ကောင်းကောင်း သင်ပေးမည်ဟုစိတ်ကူးသည်။ ကိုယ့်လို သူ ဒုက္ခမခံစားရစေချင်။ စောဝေတို့ တုန်းက ပညာကလေး သုံးလေးတန်း လောက်သာ တတ်သည်။ ဈေးစရောင်းတော့ ပိုက်ဆံတောင် ကောင်းကောင်း မအမ်းတတ်။ ဒီလိုအဖြစ်မျိုး သမီးကို မခံစားရစေချင်။

ခင်လှဝေ အောက်သုံးရောက်ကျပြန်တော့ ယောင်္ကျားလေးကနှစ်ယောက် အောင်ကျော်နဲ့ အောင်ထွေး။ အ ငယ်ဆုံးလေး က ခုမှ သုံးနှစ်ရှိသေးသည်။ ဒီကလေးငါးယောက်နဲ့ စောဝေတို့ လင်မယားဘဝက တော်တော်ကြပ် တည်းခဲ့သည်။ ကိုသံချောင်း ဆိုက္ကားလေး ဝယ်ပြီးတဲ့နောက်၊ စားသောက်ပြီး ပိုတာလျှံတာလေးတွေ စုမိ ဆောင်းမိရှိလာသည်။ ဒီနှစ်အကုန်တော့ စုထားတာလေးတွေနဲ့ ကလေးတွေလည်း အိမ်မှာဖင်မြဲအောင် တီဗီအဟောင်း လေးတစ်လုံး ဝယ်မည် စိတ်ကူးသည်။ အဆင်ပြေတော့လည်း ဒါလေးတွေက စိတ်အပန်းဖြေစရာ လိုလာသည်ပဲလေ။

“ဟဲ့ ခင်လှဝေ အငယ်မလေး ဘယ်သူ ထိမ်းနေလဲ အောင်ကျော်လား။ အောင်ထွေးလား။”

“နှစ်ယောက်လုံးပဲအမေ။ ဦးကြွက်နီတို့ အိမ်မှာ တရုတ်သိုင်းကားသွားကြည့်နေတယ်။ အမေ ဘာခိုင်းမလို့ လဲ။”

“ခိုင်းပါဘူး။ နေပါစေထားလိုက်။ ဈေးဗန်းဆေးပြီးပလား။ ပြီးရင်လာစမ်းဒီမှာ ငရုတ်သီးထောင်းစမ်း။ ဟိုမှာကြက် သွန်ဥတွေ ကြည့်ထည့်။ ငါ ငါးကိုင်မလို့ ။ပြီးရင် ဘူးသီးလှီးထား ရေသေချာဆေး။ ကြက်သွန်ဖြူလေး လေးငါးဥ လောက်ခွာထား ဘူးသီးဟင်းခါးထဲထည့်ရအောင်။

သမီးဖြစ်သူကို ဇယ်ဆက်သလို မှာပြီး။ ငါးကိုင်ရန် အိမ်ရှေ့ သို့ ထွက်လာသည်။ အိမ်မှာစားဖို့ ဖယ်ထားသော ငါး ထုပ်ကိုယူလျက် ရေတိုင်ကီအပြတ်ထဲသို့ ကြည့်လိုက်သည်။ စောဝေဒေါသထွက်ရပြန်ပြီ……..

“ဟဲ့ ….. ခင်လှဝေ အောင်ကျော် ကို သွားခေါ်စမ်း သွား။ ရေမရှိပါလား ငါကဘာနဲ့ ဟင်းချက်ရမလဲ။ နင် က လဲလေ ထမင်းအိုးကို ဘယ်ကရေနဲ့ တည်တုန်း။ ဘာလို့ မပြောတာလဲငါ့ကို ..... တောက်......။ ငါမနက် ကတည်းကပြော တယ် ရေခပ်...... ထား။ ရေမလာရင် ရေစည်တွန်းလှည်း တွန်း ..... ထား။ နေပစေဦး သွားသွား။ သွားခေါ် အငယ်မလေး ကို အောင်ထွေးနဲ့ ထားခဲ့ ။ လာပစေဦး ဒင်းလာမှတွေ့ မယ်”

ခင်လှဝေ အပြေးတစ်ပိုင်းထွက်သွားသည်။ စောဝေကတော့ ဗျစ်တောက်ဗျစ်တောက်ပြောရင်းကျန် ခဲ့ သည်။ အမေခေါ် နေတယ်ဆို၍ အောင်ကျော်အပြေးအလွှား ရောက်လာသည်။ အမေ့ ဒေါသကိုသိသောအောင်ကျော် က ရေပုံးလေး ဆွဲကာထွက်သွားမည်ပြုတုန်း ... ဘုန်း... ဘုန်း ........ဟုအသံမြည်အောင် စောဝေက အောင်ကျော့်ကျော ကို တီးချ လိုက်သည်။

“ ရေခပ်ထားပါဆို တရုတ်သိုင်းကားသွားမော့နေတယ်။ေ--ချင်းဆိုးလေး နင်တို့ များ အဖေနဲ့ တစ်ဖြတ်တည်း။ ဗီဒီယို ကြည့်နေရရင် သားမေ့၊ မယားမေ့ ၊သွားရေခပ်ချေ ဘယ်လိုဟာလေးတွေလည်းမသိဘူး။ အမှတ်ကို မရှိ ဘူး။ ဘယ်လောက်ပြောပြော၊ ဘယ်လောက်ရိုက်ရိုက်အရေထူနေပြီ…. ဟဲ့ မြန်မြန်လာ နော်….”

အမေ့ လက်သံကိုသိသော အောင်ကျော်လည်း စောဝေ၏ တတိယမြောက် လက်ချက်မမိခင်ရေပုံးဆွဲလျက် ခပ် သွက် သွက် ပြေးထွက်သွားသည်။ အောင်ကျော်က တတိယကောင်။ စောဝေ လက်သံပြောင်လို့ လားမသိ အောင်ကျော်က ငယ်သေးပေမယ့် လူကောင်က ထွားသည်။ ပြန်မပြောနားမထောင်။ ခေါင်းကလည်းမာသည်။ ခြောက် တန်းရောက်တာနဲ့ ကျောင်းကဆက်မတက်ချင်တော့။ အမေလုပ်သူကိုကြောက်လို့ သာ ကျောင်းသွားနေ ရသည်။ ကျောင်းစာကို သိပ်စိတ်မ ဝင်စား။ အားတဲ့ အချိန် အဖေ့ ဆိုက္ကားမမှီ့ တမှီ တက်တက်နင်းရတာကို သ ဘောခွေ့ သူဖြသည်။

စောဝေက အောင်ကျော့်ကို စာပဲသင်စေချင်သည်။ ခင်လှဝေက မောင်လုပ်သူကို စာလေးဘာလေး ပြပေး တတ် တော့ ဘာပဲပြောပြော မောင်နှမနှစ်ယောက်အဖော်ရသည်။ ဟို နို့ ညှာကောင်က လေးတန်းပဲရှိသေးတော့ ဘာမှရေရေရာရာ သိသေး သည်မဟုတ်။ တကယ်တော့ စောဝေပင်ပန်းလာရင် မခိုင်းပဲနဲ့ စောဝေကို ညည နင်း ပေးနှိပ်ပေးတာက အောင် ကျော်။ အဝတ်အစားများဝယ်ပေးစရာရှိရင် မိန်းကလေးမို့ ခင်လှဝေကတော့ ပထမ ပေါ့။ ပြီးရင်တော့ စောဝေက အောင် ကျော့်ကို ကျသည်။ အငယ်တွေက မသိပေမယ့် အကြီးကောင် ထွန်းအောင် ကတော့ တစ်ခါတစ်ခါ ပြောတတ်သည်။

“အမေတို့ များသားသမီးချင်းတောင် မျက်နှာလိုက်တယ်။သားတို့ များ ကျတော့ ပုဆိုး ကရေစီး ကြောင်း လိုက် နေပြီ။ ပုဆိုးလေးဝယ်ပေးပါ ဆိုတာကိုနေ့ ရွှေ့ ညရွှေ့ နဲ့ ။အောင်ကျော့်ဆိုရင် အမေက ပိုကိုကျတယ်။”

ထိုအခါ စောဝေက “ ဟုတ်တယ် ကျတယ် ကျတယ်။ နင်ကဘာအသုံးကျလို့ လဲ။ ဆိုက္ကားစပေါ်တင်ပေးမယ် ဆိုက္ကား လေးနင်းပါဆိုတော့ ရူးသလို နှမ်းသလို လုပ်နေတယ်။ ကျောင်းတက်ဆိုတော့လည်း အဖြစ်ကမရှိဘူး။ လောင်းကစား လုပ်မယ်။ အရွယ်မရောက်သေးဘူး အရည်ကသောက်ချင်သေးတယ်။ နင့်ဟာနင် နင့်ပိုက်ဆံရှာ ပါ့လား။ ငါတစ်သက်လုံး လုပ်ကျွေးလာတာ။ အမေ ကိုမသနားဘူး။ ညောင်းလို့ ညာလို တောင် နင်းပေးနှိပ်ပေး ဖော်မရတဲ့ အကောင်ကို ငါက ကျစရာလား။”

ဒါက အောင်ကျော့်ကွယ်ရာမို့ ပြောတဲ့ စကား။ အောင်ကျော့်ရှေ့ တော့ဒီလိုပြောလို့ မဖြစ်ဘူး။ ဒီကောင် ရောင့် တက်မှာ စိုးရသေးတယ်။ ထွန်းအောင်က ပြောသာပြောတယ်။ ညီလုပ်သူ ကိုတော့ ဘာမှမပြောရှာပါဘူး။ တစ်ခါ တစ်လေ အောင်ကျော်ကိုဆိုက္ကားပေါ်တင်တင်ပြီး နင်းသွားတတ်သေးတာ။ ဘယ်သွားတယ်တတ်တော့ စော ဝေမသိ။ စောဝေ သားသမီးတွေက ညီအစ်ကို မောင်နှမချင်းတော့ ချစ်ကြသည်။

ဟင်းချက်ဖို့ ရေခပ်ခိုင်းပေမယ့် ချက်ပြုတ်ပြီးအမေလုပ်သူရေချိုးတတ်တာကိုသိသော အောင်ကျော်က တိုင်ကီ ပြတ်နှစ် လုံးအပြည့် ရေဖြည့်ပေးသည်။ စောဝေကတော့ စိတ်ထဲကနေ အောင်ကျော့်အလိုက်သိတတ်ပုံကို ကြိတ်ပြီး ပီတိ ဖြစ်နေ မိသည်။ ဒီကောင်က အမေကိုချစ်တာလား မျက်နှာလိုမျက်နှာရ လုပ်တာလားတော့မသိ။ ဘယ်လိုပဲဖြစ် ဖြစ် စောဝေက တော့ အောင်ကျော့်ကို အမြင်ကြည်သည်ပေါ့။ သို့ ပေမယ့် စောဝေဒေါသထွက်လာရင်တော့ အောင်ကျော်ပဲ ဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် လက်သံကတော့ ပြောင်မြဲ ဖြစ်သည်။

“ ဟဲ့ စောဝေ ဘာတွေ ချက်နေတုန်းမွှေးလို့ ကြိုင်လို့ ပါလား။”

အိမ်ရှေ့ လမ်းပေါ်ကဖြတ်လျှောက်သွားသော၊စောဝေ၏ ဈေးဝယ်ဖောက်သည် ဒေါ်အေးစိန်က လှမ်းမေးသဖြင့် ဟင်း အိုး ဖွင့်ကာမြည်းရန်လုပ်နေရာက စောဝေ ခေါင်းလှည့်ကာ ပြန်နှုတ်ဆက်လိုက်သည်။

“အော် အန်တီ စိန်ပါလား။ ဒီမှာလေ မနက်က ငါးဇင်ရိုင်းတွေ ကြီးလို့ ငါးဆယ်သားလောက် ချန်ထားတာလေး အိမ်စားဖို့ ချက်နေတာ။ မန်ကျည်းသီးလေးနဲ့ ပင်စိမ်းလေးအုပ်တယ်အန်တီစိန်ရဲ့ ။ စားပြီးပလား။ဘယ်တုန်း”

“ဟဲ့ စားပြီးပြီပေါ့။ နေတောင်အတော်မြင့်နေပြီ။ ညည်းတို့ မလည်းနောက် ကျတယ် နော်။ အေးအေး ကောင်း တယ်လုပ်လုပ် ။ ငါဈေးဘက်သွားပြီး ထန်းလျက်လေး၊ကြံသကာလေး သွားဝယ်မလားလို့ ။”

“အောင်မယ်လေး အန်တီရယ်မပြောချင်ပါဘူး။ သိတယ်ဟလား အိမ်ကဟာတွေက ဘာမှ ကူဖော်ရတာမဟုတ် ဘူး။ ကျွန်မပြန်လာမှ အော်ဟစ်ပြီးခိုင်းရတာ။ ဒီလိုပါပဲ ကျွန်မတို့ က နေ့ လည်စာဆို တစ်ချက်နှစ်ချက်မှ ပုံမှန်ပါ ပဲ။”

“အေးအေး သွားဦးမယ်ဟယ်။ မနက် ငါးရံ့ လေးလတ်ရင် ချန်ထားပေးဦး ...... သိလား။ သွားပြီအေ။”

“ဟုတ်ကဲ့ .... ဟုတ်ကဲ့ ……စိတ်ချ....အန်တီစိန် ..... စိတ်ချ။ ဖယ်ထားပေးမယ် .....”

ထမင်းကျက်၊ဟင်းကျက်ပြီမို့ ဟင်းခါးအိုးလေးတင်ထားပြီး ခင်လှဝေကို အငယ်နှစ်ယောက် အခေါ်ခိုင်းလိုက် သည်။ အငယ်နှစ်ကောင်ရေချိုးပြီးရင်တော့ စောဝေ ရေမိုးချိုးရဦးမည်။ တစ်ကိုယ်လုံးလည်း ငါးအကြေးခွံတွေ ညှီနံတွေနှင့် နံစော်နေပြီ။ အိမ်နောက်ဖေး ခဏဝင်ပြီး ပြန်ထွက်လာတော့ အိမ်ရှေ့ ရေကပြင်တွင် ရေပုန်းကို မှောက် ကာ တက်ထိုင်နေသော အောင်ကျော့်ကို့ တွေ့ ရသည်။

“ဟဲ့ အောင်ကျော် နင်ဘာလုပ်နေတာလဲ။ ရေလေးမိုးလေးချိုးလေ။ ဘယ်ချိန်ရှိပတုန်း။ ငါရေချိုးပြီး ထမင်းစာ မယ် လေ။ သွားရေချိုးချေတော့ ရေကန်မှာ။”

“ မချိုးသေးဘူး။ အမေ ရေချိုးပြီးရေဖြည့်ထားဦးမယ်။ ညနေကျ အမေရေတစ်ခါချိုးတော့ အဆင်သင့်ဖြစ် အောင်။”

စောဝေ ရင်ထဲက ပီတိဖြစ်ရသည်။ ဒီကောင်တစ်ကောင်ပဲသူ့ အပေါ်သိတတ်သည်။ သို့ သော် ဝသီကပါနေ သော စောဝေဖြစ်သည့်အတွက်

“ ဟဲ့ ခပ်မယ်ဆိုလဲ။ နေရိပ်ထဲဝင်နေပါ့လား။ ရေပုန်းကြီးမှောက်ထိုင်မနေ နဲ့ ။ ပေါက်သွားမှဖြင့်အသစ် ဝယ်နေရ ဦးမယ်။ မနေတတ် မထိုင်တတ်နဲ့  ......”

စောဝေပြောသော်လည်း အောင်ကျော်က မထသဖြင့် ဆက်မပြောတော့။ စိတ်ကလေးကောင်းနေတုန်းမို့ အောင်ကျော် သက်သာသွားခြင်းဖြစ်သည်။ နို့ မဟုတ်ရင်တော့ ကျောကော့အောင် တီးထည့်လိုက်ဦးမှသေချာသည်။ အငယ်နှစ် ယောက်ရောက်လာတော့ နို့ ညှာကောင် ကိုအရင်ရေချိုးပေးရသည်။ ဒီကောင်ချိုးတတ်မှန်းတော့ သိသည်။ ဟို တစ်လောက အောင်ကျော်နဲ့ ရေအချိုးလွှတ်လိုက်တာ ဆော့ရင်း ကစားရင်းနဲ့ ရေကန်ထဲ ကျမလို ဖြစ်ပြီးပြီ။ အရပ်ထဲက လူတစ်ယောက်က ဆွဲလိုက်လို့ သာ ကံကောင်းလို့ မသေခြင်းဖြစ်သည်။ အဲဒီနောက် နို့ ညှာကောင် အောင်ထွေးကိုသူ ပဲရေချိုး ပေးတော့သည်။

“ဟဲ့ ခင်လှဝေ သနပ်ခါးသွေးစမ်း။ ပြီးရင် အောင်ထွေးကိုလိမ်းပေး။ ဟိုဗီဒိုအောက်ထပ်မှာ အကျီ င်္အသစ် လဲပေးလိုက် ကြည့်ဦးနင့်မောင်ကို စုတ်ပြတ်ညစ်ပတ်ပေရေ နေတာပဲ။ အကျီ င်္ကအရောင်တောင်မရှိဘူး။ ဖုန်အလိမ်းလိမ်းနဲ့ ။ပြီးရင် အငယ်မနဲ့ ငါ့အတွက် တစ်ပြင်လောက်ထပ်သွေး။ ဟို ခြေလက်လိမ်းတဲ့ သနပ်ခါးခဲကော ကျန် သေးတယ်မလား။”

ခင်လှဝေကိုလှည့်စကားပြောနေတုန်း အငယ်မလေးက ရေကပျဉ်ကနေ မြေကြီးပေါ်ဆင်းကာ ဗွက်တောထဲ ရောက်သွား ပြီးဆော့နေသည်။ အောင်ထွေးကို ချေးတွန်းပေးနေတုန်း စောဝေရဲ့  ဒေါသက ထွက်လာပြန်သည်။

“အော် ဒီကမလေးကတော့ ဗွက်လူးနေပြန်ပြီ လာဟဲ့ဒီကို”

ပြောပြောဆိုဆိုလက်ထဲကရေခွက်နှင့် ခွပ်ခနဲ့ တီး လိုက်ပြန် သည်။ ကလေးက “၀ါး” ဆိုငိုတော့သည်။ ရေကပျဉ်တွင် အငယ်မလေးငိုသံဖြင့်ဆူညံလို့ သွားသည်။ အောင်ထွေးကတော့အတီးခံရမှာကြောက်လို့ ထင်သည် စောဝေ ရေချိုးပေး တာကို အသာငြိမ်ခံနေသည်။ ထို့  နောက် ငိုနေသော အငယ်မလေးကို ရေချိုးပေးသည်။ အမေ့ လက်ထဲ ရောက်သွား တော့လည်း ကလေးက တ ခစ်ခစ်ရယ်နေပြန်သည်။

“ အောင်မယ်လေး ငါ့သမီးအလှလေး။ အင်း .....ဟောရေအေးအေးလေး ချိုးရအောင်နော်။ အောင်မယ်လေးတော် ဟားဟားဟား..... ဟော...... ဟော ရေသရဲမ ရေနဲ့ များတွေ့ ရင်..... ဟီလာကို ထနေတာ….ဟင်းဟင်း…..”

သမီးကိုမြူလိုက် ရေချိုးပေးလိုက်နှင့် တတ်လည်းတတ်နိုင်တဲ့ စောဝေ။ ခုနက သူ့ သမီးခေါင်းကို ရေခွက်နှင့် ခေါက်သူမှာ သူမဟုတ်သလိုပင်။ စောဝေ ရေမိုးချိုး အဝတ်အစားလဲ သနပ်ခါးကို ခြေဆုံးခေါင်းဆုံး လိမ်းပြီး တော့ ကိုသံ ချာင်း ဆိုက္ကား ရောက်လာသည်။ အိမ်ရှေ့ တစ်ချက်လှမ်းကြည့်ပြီး ထမင်းပွဲပြင်ဖို့ လုပ်ရသည်။ ကို သံချောင်းက တော့ အငယ်မ ကို ချီလျှက် အလွမ်းသယ်နေသည်။ ရေချိုးပြီး ပြန်ရောက်လာသော အောင်ကျော်က အဖေလုပ်သူ ဆိုက္ကားပေါ်တက်၍ နင်းနေသည်။

“ ကိုသံချောင်း ထွန်းအောင်ရှင့်ဆီလာသေးလား။ေ--နာကျ မနက်ကတည်းကပျောက်သွားတာ။ထမင်းစားချိန် တောင် ပြန်မလာသေးဘူး။ ဟဲ့.... အောင်ကျော် ဆိုက္ကားပေါ်တက်ပြီး ကမြင်းမနေနဲ့ လာထမင်းစားမယ်။”

“လာတယ် မနက်စောစောက ပိုက်ဆံတောင်းလို့ ငါ ငါးရာပေးလိုက်တယ်။ မနက်က ကုန်လေးတင်လိုက် ရလို့  ပိုက်ဆံလေးရတာနဲ့ ။”

“အေး ..... ပေးပေး ရှင်နဲ့ ရှင့်သားကတော့ လိုက်တယ်။ နောက်ရှင်နဲ့ အရက်ပါ တူတူသောက်မယ့် အကောင် ဟွန်း ကျုပ် အိမ်ပေါ်တော့ သောက်မယ်မကြံနဲ့ ။ အဖေကော သားကော ဓါးနဲ့ လိုက်ခုတ်မယ်။”

ကိုသံချောင်းက စောဝေကို ခပ်တင်းတင်းကြည့်ရင်း လက်ဆေးနေသည်။ စောဝေလေကို သိသဖြင့် ဘာမှမပြောဘဲ ငြိမ် နေလိုက်သည်။ နောက်မို့ ဆိုရင်ထမင်းကောင်းကောင်း စားရမည်မဟုတ်။ စောဝေက စားထားတဲ့ထမင်း ပြန်ထွက် အောင်ပြောတတ်တာကို စောဝေ၏ ငယ်ပေါင်းလင်ပီပီ သိလေသည်။

(မယဉ်ကျေးသော အသုံးအနှုန်းများ အတွက် အထူးတလည် တောင်းပန်ပါရစေ .....ထို စကားလုံးများ အားလုံးကို ဖြုတ် ထားခဲ့ချင် ပေမယ့် ဇာတ်ကောင် စရိုက်လေး မပေါ်လွင်မှာစိုး၍ အနည်း ငယ် ချန်ထား ခဲ့မိပါ သည်။ ခွင့် လွှတ် နားလည်ပေး ဖို့ တောင်းပန် အပ်ပါသည်။)
ကျန်ရှိနေသေးသော ဇာတ်သိမ်းပိုင်းလေးကို စောင့်မျှော်ဖတ်ရှုကြပါဦးခင်ဗျာ.........


***********

ကျွန်တော့်ရဲ့  “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူးတင်ပါတယ်....ကျွန်တော့်ရဲ့ မတတ် တတတ်နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင်တော့....အတိုင်းထက်လွန်ပါပဲဗျာ....ပြောမပြနိုင်အောင်ပဲ ကျေးဇူးတင်ပါတယ်.....
(ရန်ကုန်သား)

5 comments:

WWKM said...

ဖတ်သွားပါသည်။
မြ၀တီဇာတ်လမ်းတွဲလုပ်မလို့လား..း)
အဆင်ပြေပါစေ ရန်ကုန်သားရေ.

အစ်မ၀ါ

တလနွန် said...

အပိုင်း(၂) မျှော်ပေါ့ဗျာ။ ကောင်း၏

အနော် said...

စာရေးတာ အရမ်းကောင်းတယ် အကိုရေ
ရေးပုံက သွက်လက်ပီး ကျစ်ကျစ်လျစ်လျစ်ရှိတယ်
ဖတ်ရတာ အရမ်းကောင်းတယ် အကိုရေ
ဇာတ်သိမ်းပိုင်းကို မျှော်နေပါတယ်

ဇော် said...

အာ
ဒီအကိုလဲ စာပေလောကကို နှိပ်စက်နေပြီ။
ခုပဲ ကိုဂျီးလူထွေးအိမ်မှာ အော်လာခဲ့တာ။ တရားစွဲမယ် ဘလော့ခုံရုံးတင်မယ်လို့။ ခုတော့ ဒီအကိုကိုလဲ အဲ့လို လုပ်မှ ဖြစ်တော့မယ်နဲ့တူတယ်။
အကို့စာထဲကလို ဓါးမနဲ့ ခုတ်မယ်လို့ ကြိမ်းလိုက်ရမလား။ လူကို ဖတ်လို့ကောင်းနေမှ ဆန့်ငင်ဆန့်ငင်လုပ်လို့။ ဟွင်း။

မယ်ကိုး said...

ဇာတ်လမ်းလေးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ အပိုင်း(၂)လည်း စောင့်နေပါတယ်။