Saturday, August 1, 2009

အချစ်နဲ့ အတ္တ



“မိန်းမတစ်ယောက်ဟာ ယောင်္ကျားတစ် ယောက် ကို လက်ထပ် ပေါင်းသင်း လိုက် ရ လို့ သူတို့ ရဲ့ အတ္တတွေ ကို မြုပ်နှံသဂြိုင်္လ် လိုက်တာ မဟုတ် ပါဘူး။ အဲဒီ သူ ချစ် တဲ့ ယောင်္ကျားရဲ့ အတ္တနဲ့ သူ့ အတ္တကို ပေါင်း စည်း လိုက် ပြီးသူ့ ရဲ့  ချစ်ခြင်းကို သက် သေပြ လိုက်တာ ပါ ပဲ။ အဲဒီ အခါမှာ သူတို့ နောက်က ဖြစ်တည်လာတဲ့သူ တို့ မိ သား စု ဆိုတဲ့  အတ္တ အ သိုက်အ မြုံလေး ဟာ အင်မ တန် သာယာ ကြည်နူးစရာ ကောင်း သွားတာ ပါ လား လို့ ပဲ ကျွန် တော်နား လည်လိုက်ပါတယ်။”

****** ***** *****




“ချစ်တယ်ဆိုတာဘာလဲကွ။”

ကျွန်တော်ရုတ်တရက်ထမေးလိုက်သောကြောင့် အောင်မော်က ကျွန်တော့ကို ကြောင်စီစီပြန်ကြည့်သည်။ သူက ကျွန်တော့်ကို စေ့စေ့ကြည့်ပြီး

“ မင်းက ဘာအရူးထရ ပြန်တာလဲ ”ဟုပြန်မေးသည်။

ကျွန်တော်က အသာ ပြုံးပြီး “ ငါသိချင်လို့ပါ ”ဟုအောင်မော့်ကို ဖြေလိုက်သည်။

“မေလေးနဲ့ မင်းတွဲလာတာ နှစ်နှစ်တောင်ရှိနေမှ မင်းက အချစ်ဆိုတာ ဘာလဲလို့ ငါ့ လာမေးတော့ ငါက ဘာပြော ရမှာလဲ။”

“ဟ ဘာဆိုင်လဲကွ မင်းကလည်း။ မေလေးနဲ့ တွဲတာကတော့တွဲတာပဲလေ။ ငါလည်းသိတာပေါ့။ ဒါပေမယ့် စာ အုပ်တွေထဲ ဖတ်ရတဲ့ အချစ်ဆိုတာကို ငါကခံစားလို့ မရဘူးဖြစ်နေတာ။”

“တစ်မျိုးပါလားမင်းဟာက။ ကိုယ်စီးတဲ့ မြင်းအထီးမှန်းအမမှန်းမသိဆိုတာလို ဖြစ်နေပြီ။”

“မော်ကြီး ငါနောက်နေတာမဟုတ်ဘူး။ ငါတကယ်သိချင်တာ။ လုပ်စမ်းပါ မင်းဘယ်လိုနားလည်လဲဆိုတာ ငါသိ ချင်လို့ ။ ကျန်တဲ့ ကောင်တွေက ရွှတ်နောက်နောက်နဲ့ မို့ မင်းကိုမေးတာ။ ပြောစမ်းပါကွာ။ ငါတကယ် သိချင် လို့ ပါကွ။”

မော်ကြီးက ကျွန်တော့်ကို အသေအချာအကဲခတ်နေသည်။ ကျွန်တော့်ပါးစပ်ကလည်း ဒီလို တည်တည် ကြည် ကြည်စကားမျိုး ထွက်ခဲတယ်လေ။ ဒီတော့ ဒီကောင်ကြီး မယုံတာလဲ အပြစ်တော့မဟုတ်ပါဘူး။

“ငါ အကောင်းပြောတာပါကွာ။ ငါစဉ်းစား နေတာကြာပြီ။ ခုထိဘာမှန်းမသိလို့ ။ ငါ မေလေးကို အမြဲတွေ့ ချင် တယ်။ သူစိတ်ဆိုးမှာကို ငါကြောက်တယ်။ သူစိတ်ကောက်ပြီး ငါ့နဲ့ မတွေ့ တော့ရင်ငါဘာလုပ်ရမလဲဆိုတာ ငါမ သိတော့ဘူး။ သူ နဲ့ ဝေးရမှာကို တွေးကြည့်ရုံနဲ့ တင်ငါကြောက်တယ်။ ငါ ဘယ်လို မှ ခံစားနိုင်မှာ မဟုတ်ဘူး ကွ။ ဒါပေမယ့် အချစ်ဆိုတဲ့ စကားက ဒီလောက်နဲ့ တော့မလုံလောက်သေးဘူးလို့ ငါထင်တယ်”

မော်ကြီးက နှုတ်ခမ်းကွေးရုံပြုံးရင်း “မင်းနဲ့ ငါအပေါင်းအသင်းလုပ်လာတာကြာပြီ။ မင်းဆီက ဒီနေ့ မှ ကောက်ခါ ငင်ခါ အချစ် အကြောင်းတွေ ဘာတွေကြားတော့ ငါတော့ယုံရခက်ကြီးပဲ။ ”

“အဲ ခက်ပါလား။ လူတွေကငါပြောရင်ဘာလို့ မယုံကြတာပါလိမ့်” ကျွန်တော် စိတ်ပျက် လက်ပျက်ညည်း လိုက်မိ သည်။ မော်ကြီးက မျက်မှောင်ကြီးကျုံ့ ပြီး

“ဟေ့ကောင် လူတွေကမယုံတာမဟုတ်ဘူး။ မင်းက ဘယ်လိုကောင်လဲဆိုတာ မင်းသိသားနဲ့ ။ ဘယ်တော့မှ စကားကောင်းပြောတာမဟုတ်ဘူး။ ခုလည်း ဘာပြောချင်တယ်ဆိုတာငါမှမသိပဲ။ ငါက အမှန်အကန်ကြီးခံစား ပြီးပြောတော့မှ မင်းကရွှတ်နောက်နောက်လုပ်ပစ်ရင် ဖီးငုပ်တယ်ဟေ့ကောင်။”

ကျွန်တော် ဒီတစ်ကြိမ်တော့ တစ်ကယ်ကို ဟက်ဟက်ပက်ပက်ရယ်လိုက်မိသည်။
“အေးပါကွာ ငါမကောင်းတာပါ။ ငါက ပျော်တတ်တာပါ။ ဒါပေမယ့် ပျော်တတ်တယ် ဆိုတာနဲ့ ပဲ ငါပြောတဲ့  စ ကား တိုင်းက ဟာသတွေ ပေါက်တတ်ကရတွေ မှမဟုတ်တာပဲ ကိုကွာ။ ငါလည်းမင်းလို လူငယ်တစ်ယောက် ပဲ လေ။ ပြီးတော့ ငါတစ်ကယ်မသိလို့ မင်းကိုမေးတာပါ။ မင်းပြောတာမှန်ပါတယ်။ ကျန်တဲ့ ကောင်တွေသွား ပြော ရင် ငါ့ကို ဟားလွှတ်မှာကွ။ မင်းကျတော့အဲလိုမဟုတ်ဘူးလေကွာ။ အဲဒါကြောင့်ပါ ကွာ။”

မော်ကြီးက ညစ်တစ်တစ်ပြုံးပြီး ကျွန်တော့်ကိုကြည့်သည်။
“ဟင်း လာချုပ်မနေနဲ့ ဟေ့ကောင်။ မင်းအကြောင်းငါအသိဆုံး”

လေသံကို နားထောင်ရသလောက်တော့ ကျွန်တော့်ကို မော်ကြီးပြောတော့မည် ဟုယူဆရသည်။ ကျွန်တော် လည်း တကယ့် ကိုသိချင်နေတာပါ။ မေလေး သိရင်တော့ ပြဿနာ တော်တော်ရှင်းယူရမည်။

“မချုပ်ပါဘူးကွာ။ ငါတကယ်ပြောတာပါ။ မင်း အမြင်လေးပြောစမ်းပါဦး။ မင်းက အတွေးအခေါ်ကောင်းပါတယ်”

ဒါကတော့ တကယ်မြှောက်ပြောသောစကားဖြစ်သည်။ သို့ သော်မော်ကြီးက ကျွန်တော်တို့ သူငယ်ချင်းတွေထဲ မတော့ တည်တည်တန့် တန့် အရှိဆုံးဟုပြောရမည်။

“ ငါကလက်ရှိ ရည်းစားမရှိဘူးကွ။ သက်နဲ့ ငါခွါပြဲတာ မင်းလဲသိသားနဲ့ ။ အဲဒီတုန်း က တော့  မင်းပြောသလိုပေါ့ ကွာ။ ငါလည်း ရူးတာပေါ့။ ခုတော့ ငါလည်း တော်တော်လေး heal ဖြစ်နေပါပြီ။ ဒါပေမယ့်ငါတို့ တွဲခဲ့တာ တော် တော်ကြာတယ် သုံးနှစ် ကျော်လးနှစ်ဆိုတော့။ ဟင်း.....လွမ်းတာလားတော့ မသိဘူးကွ။ တစ်ခါတစ်ခါ တော့ တော်တော်သတိရတယ်။ တကယ်တော့ ငါလဲ အသေအချာ မပြောတတ်ပါဘူးကွာ။ ”

“ငါတို့ ကြည့်ဖူးတဲ့  ရုပ်ရှင် တွေထဲမှာ လူနှစ်ယောက်ချစ်မိကြရင် လက်ထပ်ဖို့ အတင်း ကြိုးစား ကြတာပဲ။ အင်း ... ငါ့အမြင်ပြောတာနော်...... တကယ့်လက်တွေ့ ဘဝမှာ ကျတော့ ငါတို့ ပြောပြောနေကြတဲ့  အချစ် ဆိုတာ က မိန်း မ နဲ့ ယောက်ျား ပေါင်းစပ်မိကြဖို့ အတွက် တစ်စိတ် တစ်ပိုင်းပဲ အရေးကြီးတယ် လို့ ငါထင်တယ်။

“ဆိုလို တာကကွာ မိန်းမကပဲဖြစ်ဖြစ် ယောက်ျားကပဲဖြစ်ဖြစ် တစ်ခါတစ်ရံကျရင် အဲဒီ သူတို့ ချစ်ပါတယ် ဆိုတဲ့ လူ တွေကို ထားခဲ့ ဖို့ သတ္တိတွေ ဘာလို့ ရှိနေလဲ။ ချစ်တယ်ဆိုရင် ဘာလို့  မယူကြတာလဲ။ အဲဒီ အချစ်က မစစ်မှန်လို့ လား။ ဒါမှ မဟုတ် လက်တွေ့ ဘဝက အချစ်တွေက ရုပ်ရှင်ထဲက အချစ်တွေလို အင်္ဂါမစုံလို့ လား။ ဒီတော့  ချစ် တယ်ဆိုတာ နောက်ဆုံးတော့ မုန့် လုံးစက္ကူကပ် ဂျာအေး သူ့ အမေရိုက်သလို ဘာမှန်းကို မသိဘူး လုံးလည် ချာ လည် လိုက်နေတာပါကွာ...... လူတစ်ယောက် ချင်းပေါ်မှာပဲ မူတည်တယ် ဘယ်သူက ဘယ်သူ့ ကို ဘယ်လောက် ချစ်တယ်ဆိုတာ။”

မော်ကြီးကစိတ်လိုလက်ရပြောလာသည်။ ဒီကောင်ကြီးလည်း ရည်းစားနဲ့ ကွဲပြီးကတည်းက ခုထိတစ်ယောက် တည်း ဆိုတော့အချစ်နဲ့ ပတ်သက်ပြီး အဆိုးအကောင်း တော်တော် နားလည်နေလောက်ပြီထင်သည်။ အေရိုးမား ကော်ဖီဆိုင်သည် နံနက်ခင်းမို့ လားမသိ လူရှင်းနေသေးသည်။ ခပ်လှမ်းလှမ်းမှ နိုင်ငံခြား သားတစ်ယောက်သာ သတင်းစာ ဖတ်ရင်းထိုင်နေသည်ကိုတွေ့ ရသည်။ မော်ကြီးစကားပြောတာကို နားထောင် ရင်း ကော်ဖီခွက်ကို အ ကြောင်းမဲ့ မွှေနေမိသည်။ မော်ကြီးမျက်နှာက ထူးထူးခြားခြား လေးနက်နေသည်ဟု ကျွန် တော်ထင်သည်။

“ ငါတို့  စတွဲတုန်းကတော့ သူငယ်ချင်းလိုပါပဲ။ နောက်ပိုင်း စိတ်တူတာလေးတွေ ရှိလာတယ်။ အမြင်ချင်းတူ တာ လေးတွေက သိပ်ပျော်စရာကောင်းတယ်။ အချိန် တော်တော်များများမှာ သူနဲ ငါနဲ့ တစ်ဖက်တည်းပဲ။ တော်တော် မိုက်တယ်ပေါ့ကွာ။ အဲဒီတုန်းကတော့ မတွေ့ ရမနေနိုင်တာတို့ ၊ သူနဲ့ စကားပြောချင်တာတို ကို အ ချစ်လို့ ငါတို့  ထင် ခဲ့ ကြတယ်။ သူလှတာကလည်း တစ်ကြောင်းပေါ့ကွာ။ သိတယ်မလား လူတွေကပြောတယ် ကွာ အာ--ရုပ် က အရေးမကြီးပါဘူး စိတ်ဓါတ်ကောင်းဖို့ နဲ့ ကိုယ့်ကို ချစ်ဖို့ အရေးကြီးပါတယ်ဘာညာ။”

တကယ်တော့ ကိုယ့်မျက်လုံးထဲ ကြည့်ကောင်းမှလည်း ယောင်္ကျားလေးတစ်ယောက်က မိန်းကလေး တစ် ယောက် ကိုစိတ်ဝင်စားဖို့ ဖြစ်လာနိုင်မည်သာဖြစ်သည်။ မော်ကြီး ကဆက်၍...........

“ ပြန်...လန်နေအောင် လှရမယ်တော့မဟုတ်ဘူးပေါ့ကွာ။ ဒါပေမယ့် လှတာတော့ကြိုက်တာပေါ့။ ကျန်တဲ့ စိတ်နေ သဘောထား ဆိုတာက မြင်ရတာမှမဟုတ်တာ။ အဲနောက်ပိုင်းချစ်သူတွေဖြစ်သွားကြတယ်ပေါ့ကွာ။ သူနဲ့ ငါနဲ့  ချစ် သူမဖြစ်ခင် တစ်နှစ် လောက်ဒီအတိုင်းပဲ တွဲနေခဲ့ တာမင်းအသိပဲလေ။ ချစ်သူ ဖြစ်သွားတော့ လည်း အဆင် ပြေတုန်းပဲ။ ဘယ်တော့မှ မမေ့ နိုင်တဲ့ အချိန်တွေပေါ့။ တစ်ယောက်ကို တစ်ယောက် မနာလို ဖြစ်ရ တာတွေ၊ ဂရုစိုက်ရတာတွေ၊ ကြင်နာရတာတွေ ပေါ့ကွာ.... တကယ်ပါ ငါဘယ်လို မှမမေ့ နိုင်ဘူး..... ”

မော်ကြီးပြောတာကို ကျွန်တော် နားထောင်နေသလောက်တော့ဒီအထိ သူနဲ့ ကျွန်တော် သိပ်မကွာလှသေး။ မေလေးနဲ့ ကျွန်တော်လည်းဘာထူးလဲ။ ဒီလိုပါပဲ။

“ပြဿနာက လက်ထပ်ဖို့ ပြောတာကနေ စတော့တာပဲ။ ငါက ကျောင်းပြီးပြီးချင်း လက်ထပ်ချင်တယ်။ ငါတတ် ထားတဲ့ ပညာနဲ့ သူ့ ကို တင့်တင့် တည်တည် ထားနိုင်ပါတယ်ကွာ။ သူ့ ဖာသာ ပြည့်စုံတာချမ်းသာတာငါ နဲ့ မဆိုင် ဘူးလေ။ နောက် မင်းမသိတာ ရှိသေးတယ်။ သူ က မိန်းမတွေ တတ်အပ်တဲ့ ချက်မှုပြုတ်မှု၊ တွေဘာတစ်ခုမှ မ တတ်ဘူးလေ။ ဒီအထိ ဘာမှ ပြဿနာမရှိ သေးဘူး။ အစတော့ နည်းနည်း ခက်မယ်ပေါ့ကွာ နောက်တော့လည်း ဒီလို ပဲဖြစ်သွားမှာပေါ့ ဆိုပြီးငါကအဲတာကို အရေးတကြီးလုပ်ပြီးပြောမနေတော့ဘူး။

ခက်တာက သူ ကငါ့ကို စောင့်ပါဦးတဲ့ ။ ပညာဆက်သင်ချင်သေးတယ်တဲ့ ။ အဲမှာငါနည်းနည်းတွေသွားတယ်။ ပညာတတ်တဲ့ မိန်းမငါ လည်းလိုချင်ပါတယ်။ ဒါပေမယ့် ပညာနောက်ချည်း လိုက်နေရင်တော့ငါတို့ အိမ်ထောင် ရေးဘယ်သာယာပါ့မလဲ။ မင်းကတော့ထင်မှာပေါ့ ပညာဆက်သင်ချင်တယ်ဆိုတာနဲ့ ပဲငါက တင်းရသလား မ ကြိုက်ရ သလားဆိုပြီး။ အဲလို မဟုတ်ဘူးကွ သက် က။ အဲဒီနောက်ကွာ ငါတို့ လက်ထပ်မယ့်အကြောင်းတွေ အ များကြီး ပြောဖြစ်တာပေါ့။ နောက်တော့ ငါသိလိုက်ရတာက သူ က ငါ့လုပ်စာ ထိုင်စားပြီး ငါ့တစ်မျက်နှာနဲ့ သူ့ ဘဝ ရပ်တည်ရမှာထက် ငါ့ ကို သူ့ ဘေးနားမှာ နေပေးရုံလောက်ပဲ လိုလားပါလားဆိုတာ ငါသိလိုက်ရတယ်။

မော်ကြီးက ခံစားမှု အပြည့်ဖြင့်ပြောနေသည်။ သူ ပြောတာတွေက တော်တော် သဘာဝကျသလို ယောင်္ကျား တစ် ယောက်ကို မိန်းမ တစ်ယောက်ကို လိုအပ်တဲ့ အခြေအနေတွေ ပါလာတော့ကျွန်တော် အတော် စိတ်ဝင် စား လာမိသည်။ ကျွန်တော်က မော်ကြီးကို “အချစ်ဆိုတာဘာလဲ ”လို့  မေးလိုက်တာကလည်း ကျွန်တော့် ဆီမှာစဉ်း စား စရာတွေရလာလို့ ပဲ ကိုးလေ။

သက်နဲ့ မော်ကြီး လမ်းခွဲခဲ့ တာကြာပေ မယ့် မော်ကြီးရင်ထဲကအနာက မကျက်သေးပါလားဆိုတာ ကျွန်တော် အံ့ သြတကြီးတွေ့ လိုက်သည်။ မော်ကြီး မျက်လုံးတွေထဲတွင် ချစ်သူဟောင်းကို သတိရ တမ်းတသော အရိပ်အ ရောင် တွေကို ကျွန်တော် မြင်နေရသည်။ ဒီကောင်ကြီး ရင်ထဲမှာ ခံစားနေရတာ မပြေသေးဘူးထင်ပါသည်။ ဒါဆို သူ သက် ကို တကယ်ချစ်ခဲ့ ၍များလား။ ကျွန်တော်လည်း မသိပေ။ ကျွန်တော်က ထိုမေးခွန်း၏ ဖြေကို သိချင်ခြင်း ဖြစ်သည်။

“ မောင် က သက်ကို ထမင်းချက် ကလေးထိန်း အိမ်စောင့်တဲ့  မိန်းမဖြစ်စေချင် လို့ လားတဲ့ ။ သက် ကတော့ အဲ လို ဘဝမျိုး တစ်ခါမှတောင် စိတ်ကူးမရင်ဘူးတဲ့ ။ ငါကလည်း မိန်းမတစ်ယောက် အတွက် ပညာတတ်တာ ကောင်း တယ်ဆိုတာကို သူနဲ့ ခဏခဏပြောဖြစ်ခဲ့ တော့ငါလည်း ငြိမ်နားထောင် နေရတာပေါ့ကွာ။ အစကတော့ အဲတာ က သိပ်အရေးမကြီးဘူး ထင်တာကိုး ကွ။ ဒါနဲ့ သက်က သူလို ချင်တဲ့ အိမ်ထောင်သည်ဘဝကို ပြောပြ တယ်။ တော်သေးတယ် နေဇော် ငါတို့ အဲဒီနေ့ က အဲဒီအကြောင်းကို ဆွေးနွေးဖြစ်ခဲ့ လို့ ”

မော်ကြီးက ပြီးခဲ့ သော အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ တဲ့ အတွက်သူ့ ဘဝ မှာဆုံးရှုံးမှုတွေ မဖြစ်လိုက်ရသော ကြောင့် ဝမ်းသာနေသော လေသံမျိုးဖြင့် ပြောသောအခါ ကျွန်တော် နားမလည်စွာ မေးမိသည်။

“ဘာဖြစ်လို့ လဲကွ သူ ကဘယ်လိုမိန်းမမျိုးမို့ လဲ”

“ အင်း သူ က ငါ့လိုမျိုးတွေးတာဟေ့ကောင် သူပညာတတ်ရင် ငါ့နဲ့ တူတူရင်ဘောင်တန်းပြီး ပိုက်ဆံရှာမယ်ပေါ့ ကွာ။ ပြီးတော့နိုင်ငံခြားသွားမယ်။ ဟိုမှာအခြေချပြီး စီးပွားရေးလုပ်ချင်သတဲ့ ။ ကလေးယူဖို့ ဆိုတာဝေလာဝေး။ ငါ့ကို နောက်ဆယ်စုနှစ် တစ်ခုလောက်တောင် သူက စောင့်ခိုင်းစေချင်သေးတာကွ။

လောကမှာ ဒီလိုမိန်းမလည်း ရှိသေးသကိုး။ ကျွန်တော် ရင်ထဲကပဲ မှတ်ချက်ချလိုက်ပါသည်။ မော်ကြီး ဟန်က သူ မြတ်နိုးသော အရာတစ်ခုကို ဆုံးရှုံးလိုက်ရသဖြင့်မချိတင်ကဲ ဖြစ်ကာနှမြောတသသ ဖြစ်နေပုံလည်း ပေါက်နေ ပြန် သည်။ ဒီကောင့် ရင်ထဲ ကခံစားချက်က အချစ်တော့မဟုတ်လောက်ပါဘူး။ ဟုတ်ချင်လည်းဟုတ်မှာပေါ့ ။ ဒါကြောင့် သက်နဲ့ ကွဲကတည်းက ဒီကောင် အသစ်မရှာတော့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

“ငါလို ချင်တဲ့ မိန်းမက အဲလို မဟုတ်ဘူးလေ။ သာယာတဲ့ အိမ်ထောင်တစ်ခုကို သက် လိုမိန်းမမျိုးနဲ့ ဘယ်လို တည်ဆောက်နိုင်ပါ့မလဲ။ အချိန်ရှိသရွေ့ ပိုက်ဆံရှာဖို့ ပညာရှာဖို့ စဉ်းစားတဲ့ မိန်းမက ငါ့မိသားစုကို စိတ်ခွန်အား ဆို တာတွေဘာတစ်ခု မှပေးနိုင်မှမဟုတ်ဘူးလေ။ ငါ့သားသမီးတွေကို ရင်ခွင်ထဲထည့်ပြီး သား ချော့တေး ဆိုနေ တဲ့ ငါ့အိပ်မက်ထဲက မိန်းမလို သက် ဖြစ်မလာနိုင်ဘူးဆိုတာ ငါသိရ တော့ တော်တော် စိတ်မကောင်းဘူး။ ငါ ဖန် တီး တဲ့ ငါတည်ဆောက်တဲ့ မိသားစုမှာ ငါ့မိန်းမက ငါပင်ပန်းတဲ့ အခါ ငါ့ကို ချွေးသုတ်ပေးရင်ပဲ ငါကျေနပ်ပြီ ကွာ။ ယောင်္ကျားတစ်ယောက်ရဲ့ အတ္တ ကိုအဲဒီမှာ ငါ စပြီးခံစားရတာပဲ။ မင်းကတော့ပြောချင်ပြောမှာပေါ့ ဟ ကိုယ် ပိုက် ဆံရှာရသက်သာနည်းလားလို့ လေ။ ပြောရ တော်တော်ခက် တယ်ကွ။ သေချာတာကတော့ ငါသက်ကို ချစ်ချင် ချစ်ခဲ့ လိမ့်မယ် ဒါပေမယ့် သူ ငါက ငါလိုချင်တဲ့ မိန်းမ တစ် ယောက်တော့ ဖြစ်လာမှာမဟုတ်ဘူး နေဇော်”

မော်ကြီးတွေးသလိုတော့ ကျွန်တော် တစ်ခါမှမတွေးဖူးပေ။ မိန်းမဆိုတာ ကျွန်တော့မေမေလို ဖေဖေ့လိုအပ်ချက် တွေကို အမြဲ လိုက်လံဖြည့်ဆည်းပေးနေသော ဖေဖေ စိတ်ညစ်တဲ့ အခါ အခက်အခဲတွေ ကြုံတဲ့အခါ ဖေဖေ့ နွမ်း နယ်မှုတွေကို မျှဝေခံစားတတ်သော၊ လင်သားနဲ့ သားသမီးတွေအပေါ်မှာ လစ်ဟင်းမှုမရှိရလေအောင် အမြဲအ ဆင်သင့် ဖြစ်နေတတ်သော သူတွေပဲလို့ သာနားလည် ထားသည်။

မော်ကြီးပြောသလိုဆို သက်က သူ့ ကို တကယ်မချစ်တာလား။ ဒါမှမဟုတ် သူမရဲ့ အတ္တကို အချစ် နဲ့ မလဲနိုင်တာ လား။ ဒါဆို မေမေ့ အတ္တတွေကို ကျွန်တော်ဘာလို့ များမတွေ့ ရတာ လဲ။ ဖေဖေ ပေးသမျှငွေနဲ့ အိမ်ထောင်အ တွက် အပြည့်စုံဆုံး ဖြစ်အောင်အမြဲစီမံဆောင်ရွက်ပေး၊ ဖေဖေ့ စကား ကို မြေဝယ်မကျနားထောင်၊ ဖေဖေ့ ကို လိုအပ်ချိန်မှာ အကြံကောင်း ဥာဏ်ကောင်းတွေ ပေါ်ထွက်လာအောင် ကူညီ စဉ်းစာအဖြေရှာပေး ဒါတွေက ဖေ ဖေ နဲ့ ကျွန်တော်တို့ သားသမီးတွေအတွက်ပဲ။ ဒါဆို မေမေ့ အတ္တက ဖေဖေနဲ့ ကျွန်တော်တို့  မောင်နှမ တတွေ လား။

မေလေးက ကော ကျွန်တော့်မေမေ က ဖေဖေ့ ကိုပေးဆပ်မှုမျိုးနဲ့ ချစ် နိုင်မှာလား။ မော်ကြီးချစ်သူ သက် ကတော့ သူ့ အတ္တကို ချစ်သူ အားမပေးဆပ်နိုင်သော မိန်းကလေး။ ဒါဆို ရင် အချစ်ဆိုတာကိုယ့်အတ္တတွေကို ကိုယ် ချစ်တဲ့ သူ ရဲ့ ခွန်အားတွေ အဖြစ်ပြောင်းလဲ ပေးလိုက်တဲ့ ၊ ပြောင်းလဲစေခဲ့  တဲ့ စွန့် လွှတ်ခြင်းတစ်မျိုးလား။ တွေးရင်းက ကျွန် တော် ခေါင်းနည်းနည်းရှုပ် လာသည်။ တဝက်ကျိုးနေသော ကပါချီနိုကို အသာမော့ရင်း မော် ကြီးကို ကြည့်လိုက် တော့။ သူ့ ရှေ့ ရှိ ကော်ဖီ ခွက်ထဲတွင် သူ့ ချစ်သူ သက်ရဲ့ မျက်နှာကို တွေ့ နေရသကဲ့ သို့  ခေါင်းငုံ့ ကာ ကြည့်နေ သည်ကိုတွေ့ ရသည်။

“မင်းခု ဘယ်လိုခံစားရလဲ။ ၀မ်းနည်းနေ လား နောင်တရနေလား”

ကျွန်တော့မေးခွန်းကြောင့် မော်ကြီးပစ္စုပ္ပန်ကို ပြန်ရောက်လာသည်။ ပြီးတော့ဒီကောင် ရီဝေဝေပြုံးရင်း

“အင်းဘယ်လို ပြောမလဲ သူ့ ကိုငါချစ်ပါတယ် ခုထိမေ့ မရသေးဘူး ဒါပေမယ့် ချစ်တာတစ်ခုတည်းနဲ့  ငါတို့ နှစ် ယောက် လက်ထပ်လို့ မဖြစ်ဘူး နေဇော်။ ငါတခြားသူ တွေအတွက် မပြောလို ပါဘူး။ ငါ့ခံယူချက်ကို ပြောတာပါ။ ၀မ်းနည်းလား ဆိုတော့ ဝမ်းနည်းတာပေါ့ စိတ်မကောင်းလည်းဖြစ်တာပေါ့။ ”

“ဒါပေမယ့် နောင်တတော့မရဘူး။ ဘာ လို့ လဲဆိုတော့ မိန်းမတစ်ယောက်ဟာ လက်တွေ့ ဘဝ ကနေ သူ့ အိမ် မက်တွေကို အကောင်အထည် ဖော်ဖို့ ကြိုးစားတဲ့ အခါ ငါတို့ ယောင်္ကျားတွေထက်ပြတ်သား တယ်။ သူတို့က ငါတို့ လောက် စိတ်ကူးရင်မဆန်ဘူး။ သူတို့ အတ္တတည်မြဲဖို့ အတွက်သူ တို့ အချစ်ကိုလည်း စတေးရဲတယ်။ ဒါပေ မယ့် သူတို့ ဟာ အိမ်ရှင်မကောင်း ဖြစ်လာမှာမဟုတ်ဘူး။ မယားကောင်းလည်းဖြစ်လာမှာ မဟုတ်ဘူး။ နာမည် ကျော်ကြားတဲ့ သူ ချမ်းသာကြွယ်ဝတဲ့ သူတွေပဲ ဖြစ်လာလိမ့်မယ်။ အဲ ငါ လိုချင်တဲ့  မိန်းမမျိုးတော့ ဖြစ်လာမှာ မ ဟုတ်ဘူး နေဇော်။ အဲဒီအတွက် နောင်တမရဘူး။ ဒါပေမယ့် ငါ့ချစ်သူဟာ ငါ့ဇနီးတစ်ယောက်ဖြစ်မလာ နိုင်တော့ တဲ့  အတွက် ငါဝမ်းနည်းတာပါ။ ”

ဒါပေါ့ကွာ လောကမှာ အချစ်နဲ့ အရာရာကို တည်ဆောက်လို့ ရကြစတမ်းဆို မိသားစုတိုင်းဟာ စိတ်ချမ်းမြေ့မှု တွေ၊သာယာမှုတွေကိုပဲ ရကုန်ကြမှာပေါ့။ မော်ကြီးကတော့ သူ့ ဒဏ်ရာနဲ့ သူမို့ အတွေးက တစ်ခြားရောက် ကောင်း ရောက်နေလိမ့်မည်။ ကျွန်တော်ကတော့ ကိုယ်မေးတဲ့ မေးခွန်းရဲ့ အဖြေကို မော်ကြီးဆီက သွယ်ဝိုက် သော အားဖြင့်ရရှိလိုက်ပြီ ဖြစ်လို့ နည်းနည်းကျေနပ်သွားမိသည်။ အဟောင်းတွေ အသစ်ဖြစ်ကုန်သော ဒီကောင် ကြီး အတွက်တော့ စိတ်မကောင်းပါ။

ကျွန်တော့်ရင်ကိုမှီနွဲ့ ရင်း ကျွန်တော်ပေးတဲ့ အမိုးအကာအောက်မှာ ကျွန်တော်ဖန်တီးမယ့် မိသားစုကို ခွန်အား တွေ၊ ပြည့်စုံမှုတွေ ပေးနိုင်မယ့်မိန်းမတစ်ယောက်ကိုပဲကျွန်တော်လက်ထပ်ပေါင်းသင်းချင်သည်။ အချိန် ရှိသရွေ့ လင်သားနဲ့ အပြိုင် စီးပွားရှာနေသော ကျော်ကြားထင်ရှား၍ အောင်မြင်နေသော မိန်းမထက်၊ ကျွန်တော့် အတ္တ တွေကို သူ့ အတ္တနဲ့ ပေါင်းစည်းလိုတဲ့  မိန်းမကိုပဲကျွန်တော်လိုချင်တယ်။

ကျွန်တော်ချစ်တဲ့ သူသာ အဲလို မိန်းကလေးမျိုးဖြစ်ခဲ့ ရင်တော့ ဖေဖေ့ လိုပဲ သိပ်ကံကောင်းတဲ့ ယောင်္ကျားဖြစ် မှာ ပေါ့လေ။ ဒါပေမယ့် ကျွန်တော့် သူငယ်ချင်းမော်ကြီးလိုတော့ ချစ်ပါလျက်နဲ့ ဝေးရတဲ့ အဖြစ်မျိုးတော့မဖြစ်ချင်ဘူး။

“မိန်းမတစ်ယောက်ဟာ ယောင်္ကျားတစ်ယောက်ကို လက်ထပ်ပေါင်းသင်းလိုက်ရလို့ သူတို့ ရဲ့ အတ္တတွေ ကို မြုပ်နှံ သင်္ဂြိုလ်လိုက်တာ မဟုတ်ပါဘူး။ အဲဒီသူချစ်တဲ့ ယောင်္ကျားရဲ့ အတ္တနဲ့ သူ့ အတ္တကို ပေါင်းစည်း လိုက် ပြီးသူ့ ရဲ့  ချစ်ခြင်းကို သက်သေပြလိုက်တာပါပဲ။ အဲဒီအခါမှာ သူတို့ နောက်က ဖြစ်တည်လာတဲ့ သူ တို့ မိသားစု ဆိုတဲ့  အတ္တ အ သိုက်အ မြုံလေး ဟာ အင်မတန်သာယာကြည်နူးစရာကောင်းသွားတာ ပါ လားလို့ ပဲကျွန်တော်နား လည်လိုက်ပါတယ်။”

ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် ကော်ဖီဆိုင်က ထလာတော့ ဒိုင်ရာနာ ရောစ်ရဲ့ “ When you tell me that you love me ” သီချင်းကို ခပ်သဲ့သဲ့ ကြားလိုက်ရသည်။ မော်ကြီးနှင့် ကျွန်တော် တစ်ယောက် မျက်နှာ တစ် ယောက် ကြည့်ပြီး ရယ်လိုက်မိကြသည်။ ကျွန်တော်တို့ အတ္တဟာ ချစ်သူအ တွက် နားခိုရာ ဖြစ်ရင် သိပ် ကောင်း မှာ ပဲလေ။ ဘာလို့ လဲဆိုတော့ ကျွန်တော်တို့ ယောင်္ကျားတွေဟာ တစ်ခါတစ် လေမှာ ချစ်သူအတွက် စွန့် စားချင်ကြ သည်ပဲကိုး။

*********** ********** ********* ********* ********* ********* ******** ******



ကျွန်တော့်ရဲ့  “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူးတင်ပါတယ်....ကျွန်တော့်ရဲ့ မတတ် တတတ်နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင်တော့....အတိုင်းထက်လွန်ပါပဲဗျာ....ပြောမပြနိုင်အောင်ပဲ ကျေးဇူးတင်ပါတယ်.....
(ရန်ကုန်သား)

15 comments:

အနော် said...

စကားလုံးလေးတွေ သုံးသွားတာ သိပ်လှတာပဲ တကယ်သဘောကျတယ်
အချစ်ဆိုတာကို ဘယ်လိုအဓိပါယ်ဖွင့်ဖွင့် နောက်ဆုံးတော့ အတ္တဆီပဲ ပြန်လည်သွားတယ်နော် အနော့်ရဲ့ထင်မြင်ချက်ပါ :P
အကိုရေးထားတာကို သဘောကျလို့ ဝတ္ထုတိုလေးတွေ ထပ်ရေးကြည့်ဦးမယ်ဗျို့.........

owl'slover said...

အစ်ကို ဒီဇာတ်လမ်းတိုလေးကို ကြိုက်တယ်....ကျနော်လည်း အဲဒါနဲ့ ပတ်
သက်ပြီး နဲနဲ သိချင်နေတာ...အခုတော့ ပို့စရာ တစ်ခုရသွားတာပေါ့..
လိုအပ်ရင် ကူးမယ် ဟဲဟဲ........ပို့ဖို့.......

ဧရာဝတီသား said...

လာဖတ်သွားပြီ အစ်ကို၊ တွေးစရာတွေ အများကြီးရပါတယ်။ ၀တ္ထုဖတ်ပြီးသွား ပေမယ့် တွေးလို့ မပြီးသေးဘူး။
ဆက်တွေးလိုက်ဦးမယ် :)

Anonymous said...

အချစ်သဘောကို အဓိပ္မါယ်တစ်မျိုး
ခံစားလိုက်ကတာ တော်တော်သဘောကျပါတယ်
အတ္တထဲက မထွက်သွားတာ သဘာဝကျပါတယ်

ဇော် said...

အကိုရေ ..
ကျနော့်ဘ၀မှာ သက်တမ်းတလျှောက် တစ်ခါမှ အီးမေးလ်ထဲကနေ သူများကို Forward mail မပို့ဖူးပါဘူး။ ဒါပေမယ့် ခုဒီ တစ်ကြိမ်တော့ အကို့ရဲ့ ပိုစ့်ကို ပထမဆုံး ဖောဝက်ပို့ပါရစေ။ ကျနော်တကယ်ကို နှစ်ခြိုက်မိလို့ပါ။ ကျနော့်ရဲ့ မေးလ်က latlatzaw@gmail.com ပါ။ ဒီမေးလ်နဲ့အတူ ကျနော့်ဆီက လူပေါင်း ၂၀၀ကျော်ဆီကို အကို့ပိုစ့်လေး ရောက်ရှိပါလိမ့်မယ်။ ကိုလေးဧရာဝတီသားဆီကိုရောပေါ့။
=)

တလနွန် said...

ဒီ ပိုစ့်ကို ဇော် Forwards message ကနေ ဖတ်ပြီး ကောင်းလွန်းလို့  လာကောမန့် ပေးတာပါ။ ယောက်ျားလေးတစ်ယောက်အနေနှင့် သက်လို မိန်းကလေးကို လက်ထပ်ဖို့ ဖြစ်လာမှာမဟုတ်ဖူးဆိုတာ အသေအချာပါပဲ။
ပိုစ့်တစ်ပုဒ်လုံး အနှစ်သာရကောင်းတယ်။

ခင်မင်ခြင်းနှင့်
တလနွန်

Anonymous said...

very good.
I'm always read ur post.
I had already linked ur website.

I hope u may allow.

really thanks for ur good post.

Myatnoe

နေဒေးသစ် said...

ဘလော့ မဖတ်တာ တော်တော်လေးတောင် ကြာပါပြီ ..
ညီမလေး ဇော်ဆီက Forward မေးလ်ရလို့ Forward mail ကို မဖတ်ပဲ ဘလော့ ကို လာဖတ်တာပါ .. မျှဝေပေးတဲ့ ညီမလေး ဇော်ကိုလည်း ကျေးဇူးတင်ပါတယ် ..
စာရေးသူကိုလည်း အရမ်းကျေးဇူးတင်ပါတယ် ..

ကျွန်တော် ဒီပို့စ်က အရေးအသားနဲ့ အတွေးအခေါ်ပိုင်း ဆိုင်ရာတွေ အားလုံး နီးပါး သဘောကျပါတယ် .. ယောကျာင်္းတစ်ယောက် မျှော်မှန်းထားတဲ့ အိမ်ထောင်မှု ဘဝ ပုံစံက ကျွန်တော် မျှော်မှန်းထားတာနဲ့လည်း တစ်ထပ်တည်း ကျပါတယ် .. ယောကျာင်္း အတန်းအစားများလို့ တစ်ယောက်နဲ့ တစ်ယောက် ခံယူချက်ခြင်းတော့ တူချင်မှ တူမှာပေါ့လေ ..
ဒါပေမယ့် ယောကျာင်္းအတော်များများ မျှော်မှန်းထားခဲ့ကြတဲ့ အိမ်ထောင်မှု ဘဝတစ်ခုကတော့ အတ္တနှစ်ခုကို ပေါင်းစည်းထားတဲ့ တွဲလက်မြဲမြံမယ့် အိမ်ထောင်မှု ဘဝ တစ်ခု ဖြစ်နိုင်လိမ့်မယ်ဆိုတာ ပိုသေချာပါတယ် ..

နေဒေးသစ်။

Anonymous said...

အကိုရေ ဟောဒီကမ္ဘာကြီး မှာ သက် တကယ် ရှိခဲ့ ပါတယ် ။

ချစ်စ ထုံးနှောင် ပျော်ရအောင်အတွက် လက်ထပ် ထိမ်းမြားခြင်းအနုပညာ ဟာ လျှောက်လှမ်းရမယ်.ဘ၀လမ်းမှာ အရေးပါနေပြန်
ပါရဲ့
မြိတ်ကလာတဲ့ငံပြာရည်

ballonlay said...

ဒီခေတ်ချိန်ခါမှာ အိမ်ထဲမှာပဲနေနေမဲ့ မိန်းကလေးတွေရှားသွားပါပြီ. ၂ဖက်လုံးမှာပါ ပြည့်စုံတဲ့ မိန်းကလေးမျိုးလဲရှိပါတယ်... တယောက်နဲ့တယောက် နားလည်ပေးပြီးညှိနှိုင်းယူရင် အဆင်ပြေမှာပါ.." အတ္တနှစ်ခုကို ပေါင်းစည်းထားတဲ့ တွဲလက်မြဲမြံမယ့် အိမ်ထောင်မှု ဘဝ တစ်ခု" ဆိုတာ မိန်းမတယောက်ရဲ့အိမ်မက်တွေကို လွင့်ပစ်ပြီး အိမ်ထောင်မှုထဲမှာပဲ သူ့ ဘ၀ကိုမြုပ်နှံလိုက်မှ ရမယ်ဆိုရင်.. သူ့အတွက်ကောစဉ်းစားပေးကြည့်ပါလား..

mgnge said...

တစ်ခါမှ မသိဘူး..။ တစ်ခါမှလည်းအရောက်ဖူးဘုး။။၊ မေလ်း ကနေ ဒီစာပိုဒ်လေး ရောက်လာလို့ ဖတ်ကြည့်ရင် သဘောကျတာနဲ့ ကျွန်တော်လိုက် လာတာ ပါ..။
ဒီထဲက စာသားတစ်ချို့ က ကျွန်တော်လိုချင်တဲ့ ကျွန်တော့ ဇနီးတစ်ယောက် ပုံစံမျိုး ပဲ...။ ဒီထဲက ဇါတ်ကောင် မော်ကြီးရဲ့ ကိုယ်လိုချင်တဲ့ ဇနီးတစ်ယောက် ရဲ့ပုံစံကို ဖော်ပြသွားတာ တကယ်မိတယ်..။ကျွန်တော်လိုချင်တာလည်း ဒီလို ပုံစံပဲဗျာ..။ တကယ်လေးစားရပါတယ်..။ မယ်တစ်ထမ်းမောင်တစ်ရွက် ဆိုပေ မယ့်...မောင်နိုင်အပြိုင်မယ်လိုက်ထမ်းနေလို့ တော့မဖြစ်ဘူးပေါ့..။သူများ တွေ ပြောကြသလို အခုခေတ် မှာ မိန်းကလေးတွေဟာ ယောကျာင်္းလေးတွေနဲ့ ရင် ဘောင်တန်း နေကြပြီဆိုပေမယ့်.. အိမ်ထောင်ဦးစီး အဖြစ်ခံယူထားတဲ့ ယောကျာင်္င်္းသားတို့ နဲ့ တော့ အပြိုင် အတ္တ ကိုဦးစား ပေးပြီးလိုက်နေလို့ တော့ ဘယ်ဖြစ်မလဲ..။အိမ်ထောင်ရေးထဲမှာပဲ နှစ်မြှုပ် မထားနိုင်တာ မှန်ပါတယ်..။ ဒါပေမယ့် ဇနီးမယားတစ်ယောက်ဖြစ်လာရင်တော့ အိမ်ရှင်မကောင်း တစ်ယောက် မိခင်ကောင်းတစ်ယောက် တော့ဖြစ်လာဖို့ လို တာပေါ့..။ ဒါကို မှ ကိုယ်အတ္တ ကိုယ် ရှေ့ တန်း တင်လွန်းတဲ့မိန်းမဆိုရင်တော့ အကိုစာထဲက လို ပဲ.. သူ ဌေး.သူကြွယ်.. နာမည်ကျော်ကျားတဲ့ မိန်းမတစ်ယောက် ဖြစ်လာနိုင် ပေမယ့် အိမ်ရှင်မကောင်း မိခင်ကောင်းတော့ မဖြစ်လာနိုင်တာသေချာ ပါတယ်....။

လေးစားလျက်
Mgnge

Dream said...

ဖော်ဝပ်မေးလ်ထဲကနေ တွေ့လို့ လိုက်လာတာပါ....စာအရေးအသားက စာရေးဆရာကောင်း တစ်ယောက်အတိုင်းပါ။ လူကိုဆွဲဆောင်သွားပါတယ်။

ဒီပို့စ်လေး ဖတ်ပြီး မက်မက် တို့လဲ သတိပြုစရာ
အချက်လေး ရသွားပါတယ်။ ကိုယ့်ချစ်သူရဲ့ အတ္တနဲ့ ကိုယ့်အတ္တ ကိုထပ်တူပြု နိုင်အောင် ကြိုးစားရင်း ဒီလိုပို့စ်ကောင်းလေးကို ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ် နော်.......

အားပေးပါတယ်။း)
နောက်ကိုလဲလာလည်ဖတ်ပါဦးမယ်နော့်

sweety said...

ကိုရန်ကုန်သား..အရမ်းဆွဲဆောင်မှုရှိတယ်..ဟုတ်ပါတယ်..အခုခေတ်မိန်းကလေးတွေတော်တော်များများ(ကျွန်တော်အပါအ၀င်)မော်ကြီးလိုချင်တဲ့မိန်းမမျိုးဖြစ်ချင်ပေမဲ့ သက်လိုမိန်းမမျိုးဖြစ်နေကြပြီဗျ..အဲဒီမှာတင် ညှိလို့မရတော့ဘူး..ဘယ်လိုလုပ်ကြမလဲ?

Unknown said...

ယောကျာင်္း တွေဟာ မိန်းကလေးတယောက် ကို ထားခဲ့ဖို့  ကြောင်းပြချက်ရှာတာလှပါတယ်

ဒါဖြင့် ကိုယ့်ကို ၁၀၀% မှီခိုတဲ့  မိန်းမတယောက်ကို
ပြစ်ပြီး နောက်မိန်းမယူသွားတဲ့ယောကျာင်္း တွေရဲ့ အတ္တက ဘယ်လိုရှိနိုင်မလဲ
မှီလွန်းလို့  စိတ်ညစ်သွားတယ်လို့  ပြောမယ်နဲ့ တူတယ်

Unknown said...

where is love and understanding?What I found out from this post is only selfishness of the guys.Pls go to the following link and read the article written by Lu Htu U Sein Win.
http://khunmyahlaing.blogspot.com/