Sunday, August 9, 2009

မင်္ဂလာရှိသော ယောက်ျား


လေးတွဲ့ နေသော နေ့ နှင့် အတူ လေးညှို့ ရှင်လက်ဖက်ရည်ဆိုင်သည် တိတ်ဆိတ်ငြိမ်သက် နေလေသည်။ ရှမ်း လမ်း ပေါ် တွင် ကားတွေက ဆန့်ကျင်ရာ အရပ်နှစ်ခုသို့  ဥဒဟိုသွားလာနေကြသည်။ ကျဲကျဲတောက် ပူလောင် နေ သော ကတ္တရာ လမ်းမသည် နေရောင်ကြောင့် ဖွေးလက်နေ၏။ လူရှင်းခဲလှသော ဤလေးညှို့ ရှင် သို့ သူ ဘာ လို့  ထွက် လာခဲ့မိလဲ မသိ။ သူ သတိကောင်းကောင်း ထားမိတော့ သူ့ မျက်စိအောက် စားပွဲပေါ်တွင် ကျစိမ့် လက် ဖက် ရည်တစ် ခွက်ကသူ့ ကို မော့ကြည့်နေသည်ကို တွေ့ ရသည်။ သူ စိတ်တွေ ရှုတ်နေသည်။ နားမလည်သော ပုစ္ဆာ တစ်ပုဒ်ကို သူ အဖြေရှာရန်ကြိုးစားနေမိသည်။

“ဇော် …. နင်ငါ့ကို နားမလည်ပါဘူးဟာ …. နင်သာ င့ါကို နားလည် ရင် ငါဒီစကားတွေ ပြောစရာတောင် မလို ဘူး …… တစ်ခါတစ်လေ တော့ ငါ အရမ်းခံစားရတယ် ….. နင်ကတော့ ပြောလိုက်ရင် ဘာမှ မသိတဲ့  မျက်နှာ နဲ့ ငါ့ကို ပြန်ပြန်ကြည့်တယ် …. နင်ငါ့ကို ချစ်ကော ချစ်ရဲ့ လား ဟင်… ဇော်…. ပြောစမ်းပါ……”

စုလေးအပေါ်သူ ဘာများပျက်ကွက်ခဲ့မိသလဲ။ ချစ်သူဘဝ ကရော လင်မယားတွေဖြစ်တဲ့ အချိန်ထိပါ စုလေး အ လိုကျ အကုန်ပြီးစေ ဖြစ်စေခဲ့သည်ပဲလေ။ သူက စုလေးကို မချစ်ဘဲ နားမလည်ဘဲ လက်ထပ်ခဲ့ပါ့မလား။ ယောက်ျားတစ် ယောက် ရဲ့  အချစ်စိတ်တွေ အထွတ်အထိပ်ကို ရောက်ရှိတဲ့  အချိန်၊ သူ မရှိရင်တော့ ငါ့ ဘဝ မ ဖြစ်တော့ ဘူးဆိုတဲ့အ ချိန်မှာ အဲဒီယောက်ျား ဟာ သူ့ ချစ်သူ မိန်းကလေးနဲ့  လက်ထပ်ခြင်းကို အသက်သွင်း ဖို့  မီးကုန်ယမ်းကုန် ကြိုးစား တတ်ကြသည်ပဲလေ။ သူ့ အချစ်ဟာ ကောက်ရိုးမီးမဟုတ် ခုထိ တဟုန်း ဟုန်းနဲ့  သူ့ ရင်ထဲမှာ အရှိန်ကောင်းနေစဲပင် ဖြစ်သည်။

စုလေးလို တော့ သူစကားမတတ်။ စုလေးကို ချစ်တယ် ဆိုတဲ့ စကားထက် လည်း ဖွဲ့ နွဲ့ ပြီး မပြောတတ်။ ဒါပေ မယ့် သူ့ အချစ်ဆုံးသူဟာ ဆုလေး ဖြစ်တယ်ဆိုတာကိုတော့ သူ အသေအချာ သိပါသည်။ သူ စုလေးကို ဘာ များ သူ နား မလည်မိလဲ။ မရှိဘူး သူ့ စိတ်ထဲက စုလေးနဲ့ ပတ်သက်ပြီး အားလုံးနားလည်သည်။ ဒါပေမယ့် စု လေး က ဘာလို့ သူ့ ကိုနားမလည်ဘူးလို့ ထင်နေရတာလဲ။

“ဟေ့ကောင် အာ လက်ဖက်ရည်ခွက် ကြီးကြည့်ပြီး ဘာလုပ်နေတာလဲ … ဟဟ…. ”

သူ့ အတွေးစတွေ လွင့်ပြယ်သွားသည်။ သူ မော့ကြည့်လိုက်တော့ မြတ်သူ ကို တွေ့ လိုက်ရသည်။ မြတ်သူ က သူ့ ထက် အိမ်ထောင် အရင်စောကျသည်။ မတွေ့ တာကြာ၍ ဒီကောင် နည်းနည်း ဝလာသည်ဟု ထင်မိသည်။

“အာ… လာထိုင်ဟေ့ကောင် ဘာသောက်မလဲ…..”

“ကျစိမ့်ပေါ့ကွာ ထုံးစံအတိုင်း မင်းက အလိုက်ကို မသိဘူး ……. ”

လာပြန်ပြီတစ်ယောက်။ “ဘာသောက်မလဲ ”လို့ မေးတာ က အလိုက်မသိတာလား။

“သိဘူးလေ ကွာ မင်းက ဘာသောက်ချင်မှန်း ….. ညီလေး ကျစိမ့်တစ်ခွက် ဂိတ်သာဆုံးလိုက်…..”

မြတ်သူ က ရယ်သာရယ်နေသည်။ သူနဲ့  မြတ်သူက တက္ကသိုလ်ရောက်မှ ခင်ကြပေမယ့် ငယ်ပေါင်း တွေလို ရင်း နှီးသည်။ သူ့ တက္ကသိုလ်ကျောင်းသားဘဝ သည် စုလေး၊ မြတ်သူ နဲ့ သူ့  မိန်းမ မလိုင်( လှိုင်လှိုင် သင်း ကို မလှိုင် မလှိုင် ဟု ခေါ်ရာက မလိုင်ဖြစ်သွားခြင်းဖြစ်သည်။) တခြား မိန်းကလေး သူငယ်ချင်း နှစ် ယောက် တို့ ဖြင့် အလွန် တရာ ပျော်စ ရာကောင်းသော နေ့ ရက်များဖြစ်ခဲ့သည်။

“အင်း ဘာတွေ များဒီလောက် တွေးနေတာလဲ စုလေးကို မေးတော့လဲ မင်း ဘယ်ထွက်သွားမှန်း မသိဘူးတဲ့  ငါလည်း ရှမ်းလမ်းဘက် ထွက်လာလို့ တော်သေးတယ် ကျွန်းတောလမ်းဘက်သာဆို လွဲဦးမယ် မင်းက ရုံး ပိတ်ရက် မိန်းမနား မနေဘဲ ဒီမှာ လာမှိုင်နေရအောင် ဘာတွေ ဖြစ်နေလဲ ပြော စမ်းပါဦး …..”

ရှေးမစွက သူတွေးနေသော ပုစ္ဆာက ခေါင်းထဲ ပြန်ရောက်လာပြန်သည်။ သူငယ်ချင်းကို တွေ့ ၍ပေါ့ပါးမည် ကြံနေသော စိတ်များ ပြန်ပြီးလေးတွဲ့ သွားသည်။ မြတ်သူက သူ့ မျက်နှာကို အကဲခတ်ရင်း စူးစမ်းနေသည်။

“ရန်ဖြစ်လာတာ …. ဟင်း ….. စုလေးက တစ်မျိုးကွ သူခံစားနေရတာတွေ ကို ငါ့ကိုမပြောဘူး။ ပြီးတော့ ငါ ကသူ့ ကို နားမလည်ဘူးတဲ့  ချစ်ကော ချစ်ရဲ့ လားတဲ့ …… မင်းကွာ စဉ်းစားကြည့် ငါသူ့ ကို ဘယ်လောက် ချစ်တယ်ဆိုတာ မင်းသိပါတယ် ….. ခု လင်မယားပဲ ဖြစ်နေပြီ ….. အမြဲကွာ ဒီပြဿနာပဲ …. ခဏခဏ။ ..... သူမပြောဘဲ ငါဘယ်လို သိနိုင်မလဲကွာ …….”

သူ့ စကားကြောင့် မြတ်သူက တဟဲဟဲ ရယ်သည်။ မြတ်သူ ကို သူနားမလည်စွာ ကြည့်လိုက်မိသည်။ မြတ်သူ က လန်ဒန် တစ်လိပ်ကို မီးခြစ်ပေါ် တင်ခေါက်ရင်း ဟန်ပါပါနှင့် နှုတ်ခမ်းဒေါင့်တွင် အသာတပ်လိုက်သည်။

“ဘာရယ်တာလဲ မင်းက …..”

“အင်...အင်း မရယ်ပါဘူး ကွာ… ငါသဘောကျလို့ ပါ …. မိုးဇော် မင်း ပြောမှ သိ ထိမှ နာ သာမှနေ သေမှ ခင်ဆိုတဲ့ စကားကြားဖူးလား ……….. ”

“အင်းကြားဖူးတာပေါ့ အဲ့တာက ငါနဲ့ စုလေး ကြားက ပြဿနာနဲ့  ဘာဆိုင်လို့ လဲ ….”

“ဆိုင်တာပေါ့ ….. ပြောမှသိတယ်ဆိုတာ မကောင်းဘူးပေါ့ကွာ …. ခုပဲကြည့်လေ ငါက ကျစိမ့်ကြိုက်တာ မင်းသိ သားပဲ ….. ဘာလို့ ငါ ဘာသောက်မလဲလို့  မင်းမေးတာလဲ ……”

“ ဟာ မင်းကျစိမ့်ကြိုက်တာ ငါသိတာပေါ့ ဒါပေမယ့် ခုမင်း ဘာသောက် ချင်မှန်းမှ ငါမသိဘဲ … အဲဒါကြောင့် မေးတာ ပေါ့ ဟ ….. ”

“ ဟား …. ဟား …. အဲတာကို က မင်းမှားတာ မင်းနဲ့ ငါက သူငယ်ချင်း ဆိုတော့ ပြဿနာ မဟုတ်ဘူး ဘာမှ လည်း မဖြစ်ဘူး ဒါတောင် မင်းကို ငါ မသိတတ်ဘူးလို့  ပြောတာ ခံလိုက်ရသေးတယ် မလား …..”

သူ မြတ်သူစကားကို နားထောင်ရင်နဲ့ ရှုတ်လာသည်။ သူ့ အူကြောင်ကြောင်မျက်နှာကို မြတ်သူ က ပြုံးဖြဲဖြဲ နှင့် ကြည့်နေသည်။

“မင်း က ငါ့ကို ဟေ့ကောင် မြတ်သူ ထုံးစံအတိုင်း ကျစိမ့်ပဲမလား လို့ မေးရမှာ …. အဲတော့ ငါက ထင်မယ် အင်း ဒီကောင် ငါကျစိမ့် ကြိုက်တာ မင်းမှတ်မိသားပဲဆိုပြီး ကျေနပ်သွားမယ်။ ငါ့ဟာ ငါ မသောက် ချင်လို့  တခြား ဟာ ပြောင်းသောက်ချင် သောက်မယ် မင်းမေးသင့်တာ အဲဒီစကားပဲ …. နားလည်လား ငါပြောတာ … မင်းနဲ့ ငါ နဲ့ က ဘာဖြစ်မှာလဲ သူငယ်ချင်း အရင်းကြီး။ မင်းက သူများ ဆန္ဒကို ဦးစားပေးတဲ့ သဘော ။ ဒါပေမယ့် တဖက် လူ ကကျ တော့ မင်းလို တွေးချင်မှ တွေးမှာပေါ။ ဟုတ်ဘူးလား …. ”

မြတ်သူပြောတော့လည်း ဟုတ်သလိုလို ပဲ။ စကားများ နှစ်လုံးတည်းဖြင့် ရှုတ်သည်။ ကျစိမ့်သောက်မလား ကျစိမ့်ပဲမလား။ သူ့ အတွက်တော့ ဘာမှ မထူးအတူတူသာဖြစ်သည်။ မြတ်သူက သူ့ ထက် နှစ်နှစ်စော ပြီး အိမ်ထောင်ကျသည် ဆိုတော့ ဘာပဲပြောပြော စီနီယာတော့ ကျသည်။ အတွေ့ အကြုံလည်း ပို ရှိမည်ဟု ယူဆရသည်။

“အင်း မင်းပြောတော့ ဟုတ်သလို လိုပဲ …..” သူ အား မချစ်ဘူးဟု စွပ်စွဲသော စုလေးအကြောင်းကို မြတ်သူ အား ပြောပြလိုက်သည်။

“ အင်း ငါနားလည်ပါတယ် ဖြစ်တတ်ပါတယ်ကွာ …. သိတတ်ဖို့ လိုတယ်ဆိုတာ အဲဒါပေါ့ သူ့ ကို သိမှ မင်းသူ့  ကို နားလည်မှာပေါ့ မင်းသူ့ ကို တကယ်မသိ သေးပါဘူး ဒါကြောင့် မိစုပြောတာ သူ့ ကို မင်းနားမလည်ဘူးလို့  မင်း ကသူ့ ကိုနားလည် ပေးတယ်လို့ မင်းကိုယ်မင်း တွေးနေထင်နေပေမယ့်လေ အေး ခုန စကားပြန်ကောက်ရ အောင် ….. ပြောမှသိတယ် ဆိုတာ သာမန် မိတ်ဆွေ တွေ အတွက်ကတော့  ပြဿနာ မရှိသေးဘူး နောက်ဆုံး ကွာ ငါ့အတွက်လည်း ပြဿနာ မရှိဘူး ….. ငါက မင်းအကြောင်းသိနေတာ ပဲ။ တစိမ်းနဲ့ လည်း ပြဿနာ မရှိ ဘူး ….. ပြဿနာက မင်းနားက မင်းကို ချစ်တဲ့ သူတွေ မင်းက ချစ်ရတဲ့ သူတွေ နဲ့  ကပြဿနာ ….. ”

မြတ်သူက အလေး အနက် ပြောလာသည်။ သူ့ အိမ်ထောင်ရေး ဒဿနကို နားထောင်ရပေဦးမည်။

“ လူဆိုတာ ချစ်တာ လွယ်ပေမယ့် ချစ်တတ်ဖို့ လိုတယ် ….. နေဦး မိန်းမရပြီးမှ ငါ့ဒီစကားတွေ ပြောနေတယ် ဆိုပြီး တမျိုးမထင်နဲ့ … ငါပြောတာ နားထောင်ဦး …..”

“အင်း ပြောပါဦး … နားထောင်နေတာပဲ ….”

“ သမီးရည်းစား ဘဝမှာ ချစ်တယ်ဆိုတာနဲ့  လုံလောက်ချင် လုံလောက်နိုင်ပေမယ့် အိမ်ထောင်ကျပြီး ရင်တော့ ချစ်တယ်ဆိုတဲ့ စကားနဲ့ မလုံလောက်တော့ဘူးကွ …. ငါ့အယူအဆကို ပြောပါတယ် …. သိတတ်ဖို့ လိုတယ် မိုးဇော် …. စကားကြီးက စာစကားကြီးလိုပဲ တောင့်တောင့်ကြီး ဒါပေမယ့် သိတတ် တဲ့ သူနားနေရတဲ့ လူတွေ ဟာ အင်မတန် စိတ်ချမ်းသာကြတယ် …. ဆိုပါတော့ကွာ မင်းက ပင်ပင် ပန်းပန်းနဲ့ အလုပ်က ပြန်လာတယ် သာမန်ရက်တွေ ထက်ပိုပင်ပန်းတယ် အိမ်ပြန်ရောက်တော့ မိစုက မင်းကို ဆီးဟောက်တယ် ဇော် နင်ဘာ လို့ နောက်ကျတာလဲ ဘယ်အချိန်ရှိပြီလဲ ဘာညာ ….. မင်းတော့ မပြောတတ်ဘူး မင်းနေရာမှာ ငါဆိုရင်တော့ ဒေါသထွက်မှာပဲ ဒီမိန်းမ မသိတတ် ရကောင်းလားဆိုပြီး….. ငါက သဘောပြောတာပါ ပြီးတော့  မင်းနားထဲ ရှင်းသွားအောင် မိစုက အဲလို မဟုတ် ဘူးဆိုတာ ငါသိတာပေါ့ ….. ”

မြတ်သူက အိမ်ထောင်ရေးသုခုမပညာ ရှိကြီး အသွင်ဖြင့် ဆေးလိပ်ကို ရှိုက်ဖွာရင်း နောက်စကား ဆက်ရန်ပြင် သည်။

“ခု မိန်းမဘက်ကပြောမယ်ကွာ …. မသိတတ်ပုံကို …. ခုမင်းဖြစ်တဲ့ ပြဿနာပေါ့ ….. မိစုက နေမကောင်းဘူး ကွာ မျက်နှာလေးက ညိုးနေတယ် မင်းအလုပ်က ပြန်လာတော့ သူက မင်းကို ချွဲချင်တယ် ဇော်ရယ် ငါနေ မ ကောင်းဘူးဘာညာ ပါးစပ်က ထုတ်တော့မပြောဘူးနော်ဆရာ အိပ်ယာထဲခွေနေချင်နေမယ် လုပ်နေကျ အလုပ်တွေ မလုပ်ဘဲ နေချင်နေမယ် …… သူက မင်းဘယ်လောက် သူ့ ကို ဂရုစိုက်သလဲ ဆိုတာ သိချင်တာ ဒါမိန်းမတွေ မွေးကတည်းက တတ်တဲ့ အရည်အချင်း ….. မင်းက မသိလိုက် မသိဖာသာ နဲ့ နေလိုက်မယ် ဆို ရင် ပြဿနာတက်ပြီ သူ နေမကောင်းတာတောင် မသိဘူးလား ….. ဒါလေးတောင် မရိပ်မိဘူးလား ဘာ ညာ ပေါ့ကွာ ….. သူက မင်းဘယ်လောက် ဂရုစိုက်လဲဆိုတာ သိချင်တာ …. သိပြီးရင်လဲ ထပ်ထပ်ပြီး မင်းကို Check တဲ့ သဘောနဲ့  အခါအားလျှော်စွာ လုပ်နေမှာပဲ ….. အေး မင်းက မသိတတ်ဘူး ဆိုရင်တော့ မင်းကို ကွိုင်ရှာပြီ သာမှတ်… ဟုတ်တယ်မလား …….. အဲဒါမင်းတို့ ကြားက ပြဿနာမလား …..”



စုလေးက များသောအားဖြင့် အိမ်ကို စောပြီးပြန်ရောက်တတ်သည်။ သူနေမကောင်းသော ရက်များတွင် မြတ် သူ ပြောသလို အိပ်ရာထဲ ခွေနေတတ်သည်။ သူက စုလေး ပင်ပန်းလွန်း၍ ခဏ နားသည်ဟုထင်သည်။ သို့  ကြောင့် မနှိုးပဲ အသာလေး နေလိုက်သည်။ သူ့ ကြောင့် စုလေး အနှောက် အယှက် ဖြစ်မည်စိုးသည်။ သို့ သော် စုလေး နေပြန်ကောင်းသွားလျှင် သူတို့ လင်မယား အကြောင်းတစ်ခုမ ဟုတ်တစ်ခုနဲ့  စကားများတော့မည်။ သို့ သော် စုလေး ပါးစပ်က ဘာအကြောင်းရယ်တော့  ဘယ်တော့မှ မပြော။ မြတ်သူပြောမှ စုလေး ပြဿနာ ရှာတဲ့ အကြောင်းတွေက ဒီလိုပါလားဆိုတာ နားလည်လိုက်ရသည်။

“ငါ လဲ လှိုင်နဲ့ ခဏ ခဏ စကားများခဲ့တာပေါ့ အဲဒီပြဿနာပဲ နောက်တော့ ငါပါးသွားပြီ ….. အိပ်ယာထဲ ခွေနေ လို့ ကတော့ ဂရုစိုက်ပြပေတော့ သက်သက်ပဲ မူမူ တကယ်ပဲ နေမကောင်းကောင်း လှိုင် မျက်နှာလဲ မကောင်းပါ လား ဘာဖြစ်တာလဲ နေမကောင်းဘူး လား အလုပ်မှာ ဘာဖြစ်လာလို့ လဲ ….. မေးခွန်းတွေ ဆင့်မေးလိုက်… ငါမငြင်းပါဘူး … မိစု ဘာဖြစ်တယ် ဆိုတာ မင်းဘယ်သိနိုင်မလဲ .. … ဒါပေမယ့် မင်းဒီလိုမေးလာရင် သူတို့  ပြောလိမ့်မယ် …. အစကတည်းက ပြောချင်လို့ မူနေတာ လေ ….. မင်းက မမေးတော မူရတဲ့ သူက ဒေါသ ထွက် တာပေါ့….. ပြောချင်ပါတယ်ဆိုမှ မမေးတော့ ခက်ရော …. ငါ့မိန်းမ လှိုင်တို့  မင်းမိန်းမမိစု တို့ က တစ် ချိုး တည်း တစ် ဖြတ်တည်း မောင်… မင်း မမေးလို့ ကတော့ သေသာသေ သွားမယ် ပြောမယ့် မိန်းမတွေ မ ဟုတ် ဘူး …. ဟ ဟား .. … မြတ်သူတို့ ကတော့ မရဘူး ပါးနေပြီ ….. မိန်းမ တဂျီဂျီ လုပ်ရင် သိပ်စိတ် ညစ်ရ တယ် ကွ …. ခုတော့ ပိစ်ပဲ ငါတို့ နှစ်ယောက် ….. ဟဟ”

သူ မိန်းမ ကျမ်းတွေ မကြေသေးပါလား။ တစ်သက်လုံး ရည်းစားလေး တစ်ယောက် ထား။ အဲဒီ တစ်ယောက် ကို ချစ်လွန်းလို့ မရရအောင်ယူ။ သူ့ ကို များ ချစ်မှ ချစ်သေးရဲ့ လား နားမှနားလည်ရဲ့ လားလို့ မေးလာရင် ရင် ထဲကို အောင့်အောင့်သွားတတ်သည်။

“နောက် ပြောရဦးမယ် မင်းပို ရှင်းသွားအောင် …… မသိတတ်ဘူးဆို တာ မိသားစု အသိုင်းအဝိုင်းနဲ့ လဲ ဆိုင် တယ် သားသမီးလည်း သူ့ ဖာသာနေ မိဘလည်း သူ့ ဖာသာ နေတဲ့ မိသားစု ကပေါက်ပွားလာတဲ့  လူက သိ တတ် တယ်ဆိုတာကို သိပ်နားလည်မှာ မဟုတ်ဘူး တချို့ ကျပြန်တော့ သူ့ ကိုယ်၌ကိုက အဲလို နေတတ်တာ သိပ်မသိဘူး သူများဘာဖြစ်နေတယ်ဆိုတာ …… နောက် အထင်တွေ မှားနေကြတာ မင်းက အိပ်ချင်လို့ ပင် ပန်းလို အိပ်နေတာ နိုးသွားမှာစိုးလို့ မနှိုးဘူး။ သူက မင်းကို နှိုးပြီးမေးစေချင်တာ ဂရုအစိုက် ခံချင်တာ … မင်း ကအဲလို မလုပ်တဲ့ အတွက် သူ့ ကို မသိတတ်ဘူး သူ့ မျက်နှာကို မဖတ်တတ်ဘူး ဖြစ်ကော ……. ဒီတော့  မင်းထင်တစ်လုံး မဆုံးဖြတ်နဲ့  …….. ”

မြတ်သူ စကားတွေက သူ နှင့် ပို၍ အံဝင်ခွင်ကျဖြစ်လာသည်။ မြတ်သူ ဒီအသိတွေ ဘယ်ကနေရပါလိမ့်။ သူ့  ထက်အိမ်ထောင်သက် ပိုကြာလို့ လား။ ဒါမှ မဟုတ် မြတ်သူက သိတတ်တဲ့ ယောက်ျားဖြစ်နေလို့ လား။ သူက မသိတတ်တဲ့ ယောက်ျားဖြစ်နေပြီ။

“ဒါတွေမင်းဘယ်က သိလဲ …. ဘယ်လိုသိတာလဲ …. မလိုင်ပြောပြလို့ လား ….. ”

“လှိုင်က ပြောမယ်ထင်လို့ လား …. ဒီလိုပဲ ငါလည်း နည်းလမ်းတွေ ရှာရင်းရှာရင်းက အံကျသွားတာ အစက တော့မင်းလိုပဲ ငါလည်း တော်တော်စိတ်ညစ်တယ်။ ဘာမှမဟုတ်ပဲ စကားများရန်ဖြစ်နေရတာ။ ခုကျတောလဲ အိုကေနေတာပဲ ငါက မနက် မိန်းမကို ထမင်းကြော်ကျွေးတယ် … ဟဲဟဲ …… ချစ်လို့ ချစ်လို့ သိတတ်နေတာ မင်းကောင် ….. ဟဟ …..ငါမကြော်နိုင်ရင် လှိုင်ရေ မောင် မကြော်နိုင် တော့ဘူးကွာ ဘာညာ ပြောသွားလိုက် တယ် ဒီအတိုင်းကြီး ထားမသွားဘူး။ သူကလည်း ကျေနပ်တယ် ။ နောက် သူ ထမင်းချက် ဟင်းချက်နေတုန်း ဆိုရင် လှိုင်ရေ မောင်ဘာလုပ်ပေးရမလဲ ကြက်သွန်နွှာပေးရမလား ငရုတ်သီးထောင်းပေးရမလား ပန်းကန်ဆေး ရမလား ဘာညာပေါ့။ သူမခိုင်းလဲ ကိုအားတယ်ဆိုရင် တတ်နိုင်တာ လေးဝင်လုပ်ပေးလိုက်တာပေါ့။ နောက်ဆုံး ဘာ မှလုပ်ဖို့ မလိုရင် ဘေးနားထိုင်ပြီး စကားပြောနေလိုက်တယ်။ ငါတို့ အကူအညီတကယ် လိုအပ်တဲ့  အချိန် တွေ တော့ရှိပါတယ် ဒါပေမယ့် သူတို့ လိုချင်တာ ငါတို့ ရဲ့ သိတတ် မှုလေးပဲ ….. သူများကြားရင်တော့ အပိုတွေ ပါကွာ ရေးကြီးခွင်ကျယ်လုပ်ပြောနေတယ်လို့ ပြောရင်ပြောမယ် အနည်းဆုံးတော့ လှိုင်နဲ့ ငါ့အတွက် တော့ မှန် တယ် …… ”

လိုရင်ပြောမှာပဲဆိုပြီး စုလေး မီးဖိုထဲအလုပ်ရှုတ်နေချိန် သူသွား၍ပင်မမေးခဲ့ ။ စုလေးကလည်း အိမ်ထောင်သက် တစ်လျှောက် သူ့ ကို မီးဖိုထဲက ကိစ္စတွေ မခိုင်းခဲ့ဖူးပေ။ မြတ်သူပြောသလို စုလေးကို စကားတောင်သူသွား မ ပြောဖြစ် ခဲ့။ အလုပ်က မျက်နှာညိုး၍ပြန်လာသော စုလေးကို သူ ဘာဖြစ်လာတာလဲ လို့ မမေးမိခဲ့။ ဘာမှမဖြစ် လို့ မပြောတာ ဖြစ်မည်။ အနည်းငယ် ပင်ပန်း ၍သာဖြစ်မည်ဟုထင်ကာ မမေးဘဲနေလိုက်သည်က များသည်။

“လင်မယား ဖြစ်လာတော့ သူဘာပြောင်းလဲနေလဲဆိုတာ သိသင့်ပါတယ်ကွာ ဒါမှလဲ လင်မယားပီသတော့  မ ပေါ့။ နောက် သူတို့ ဆုံးဖြတ်ရခက်လို့ မေးလာရင် သဘော သဘော ဆိုပြီး လုပ်မပြစ်နဲ့ ။ အဲတာ က အချိန် တိုင်း မကောင်းဘူး မမှန်ဘူး။ သူက မင်းကိုဆုံးဖြတ်စေချင်လို့ မေးတာ။ အဲတာကို မင်းက သဘောသဘော လို့  ပြောလိုက် ပြန်ရင်လည်း သူတို့ ကမကြိုက်ကြပြန်ဘူး ….. မိန်းမတွေက နားလည်ရခက်ပါတယ်ကွာ …. မင်း က တော့ မိစုကို နားလည်တယ် နားလည်တယ် ဆိုပြီး ခွင့်ပြုထားတာ သူ့ ဘက်က ကြည့်တော့ တစ်မျိုး ဖြစ် နေမှာ ပေါ့။ သူတို့ နေရာပေးရင် အလိုက်သင့်လေး ဝင်ယူလိုက်။ ကိုယ့်ထင်မြင်ယူဆချက်လေး ကို နားလည် အောင် အေးအေးဆေးဆေး ပြောပြလိုက်။ ဒါဆို အိုကေနေမှာပဲ …… Flexible ဖြစ်ရမယ်ပေါ့ကွာ …. ”

“စုလေးက ဟန်ဆောင်ကောင်းတယ်ကွ သူဘာဖြစ်နေတယ်ဆိုတာ ဘယ်တော့မှ မပြောဘူး ….. အဲလိုကြီး ကျတော့ မပွင့်လင်းရာ မကျဘူးလား ….. ငါ့ကို ပြောလိုက်ရင် ပိုမကောင်းဘူးလား ….. ”

“သူက မပြောဘူးဆိုတာက မင်းကို သူမပြောဘဲ သိစေချင်လို့ ပေါ့ ငါ့သိသလောက်တော့ သူတို့ က ငါတို့ ရဲ့  ဂရုစိုက် မှုကို သိပ်လိုချင်ကြတယ် ကိုချစ်တဲ့ ယောက်ျားမူပျက်ရင် အဲဒီမှာပေါ်တာပဲ သူတို့ ကအရိပ်လို ကြည့်နေ ကြတာကိုး ငါတို့ ယောက်ျားတွေကသာ ဖာသိဖာသာ နေတတ်တာ သူပြောတော့မှ မင်းကသိတယ်ဆိုရင် သူ့  ကို အလေး မထားဘူး ဂရုမစိုက်ဘူးလို့ သူတို့ ယူဆကြလိမ့်မယ် ……. ”

သူ ငြိမ်သွားသည်။ အလွန်ပင်ပန်းလှသော Forwarding service company တစ်ခုတွင် စုလေးကို အလုပ် မ လုပ် စေချင် ခဲ့။ သို့ သော် စုလေးက သိပ်ဆန္ဒ ပြင်းပြ နေသောကြောင့် သူခွင့်ပြုလိုက်သည်။ သူ့ ဆန္ဒကို ထုတ် မပြောခဲ့ ။ သူ့  ကြောင့် စုလေး စိတ်မချမ်းမသာမဖြစ်စေရ။ သူ ဟာမပွင့်လင်းတဲ့ သူတစ်ယောက်ဖြစ်လို့ သွား သည်။ စုလေးက သွင့်ရဲ့ မပွင့်လင်းမှုကို သိ၍ဖြစ်မည်။ သူ့ ရဲ့ မသိတတ်မှုတွေကြောင့် စုလေး စိတ်ဆင်းရဲနေရ သည်ဆိုတာကို သူနားလည်သွားမိသည်။

“လူတစ်ယောက် ရဲ့ စိတ်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာကို တခြားလူတစ်ယောက် က တပ်အပ်ကြီးတော့ ဘယ် သိနိုင်ပါ့မလဲ…… သူတို့ ခံစားရတာတွေ ပြောလာအောင် မင်းက လမ်းခင်းပေးရမယ် အဲဒီလို ဆိုရင် အော် ငါ့ ယောက်ျားက ငါ့မျက်နှာရိပ် မျက်နှာကဲ သိပ်သိတာပဲ ငါ့ကို နားလည်တာပဲ ငါကို ချစ်တာပဲဆိုပြီးလေ။ မသိတတ် တဲ့ မိန်းမဆိုရင်တောင် မင်းအပေါ်သိတတ်လာလိမ့်မယ်။ သူတို့ ခံစားရတာတွေ ကို ထုတ်မပြော တတ်တဲ့  မိန်း မဆိုရင်တောင် မင်းက ကြင်ကြင်နာနာနဲ့ မေးပါများတဲ့ အခါ ပြောပြတတ်လာလိမ့်မယ် ဒီလို ပဲပေါ့ နှစ်ယောက် အပြန်အလှန် နားလည်မှုတွေရ အိုကို ကေး….. လို့ …..”

မြတ်သူ ပြောသမျှ သူ ငြိမ်ပြီးနားထောင်နေရသည်။ သူ အဲတာတွေကို တစ်ခုမှ မသိပါ။ သူ စုလေးကို ချစ်သည်။ စုလေး ဘာဖြစ်ချင်ချင် ဘာလုပ်ချင်ချင် ခွင်ပြုခဲ့သည်။ ဖြစ်အောင်လုပ်ပေးခဲ့ သည်။

“အဲတော့ မင်းသူ့ ကို ဖတ်တတ် ဖို့ လိုတယ် မင်းပြောသလို သူပြောမှ မင်း သိနိုင်မယ်လို့ မင်းထင်ရင် သူပြော လာ အောင်မင်းက ပညာသားပါပါနဲ့  လုပ်ယူရမယ်။ လင်မယားဆိုတာ တစ်ယောက် မျက်နှာရိပ် မျက်နှာကဲ သိ ကို သိရမယ် မိုးဇော် …… သိလည်း သိသင့်တယ်။ အတူနေရက်နဲ့  ဝေးနေတာမကောင်းဘူး။ တလက်စတည်း ငါ့အ ယူ အဆကို ပြောပြချင်သေးတယ်။ တကယ်တော့ သိတတ်ရုံနဲ့ မပြီးသေးဘူးကွ ….. သူ့ ရဲ့ သိတတ်မှုတွေ သူ့  ရဲ့  ဂရုစိုက်မှုတွေကို မင်းကနားလည်ရမယ် နောက် တစ်ပြိုင်တည်းမှာ အသိ အမှတ်ပြုရမယ် …… နားရှုတ် ပြန် ပလား …. မင်းက တဖြောင့်တည်း တွေးတတ်တာ ခက်တယ် ….. ကဲ ငါပြောမယ် … ဥပမာကွာ …….”

“သိတတ် ရမယ် နားလည်ရမယ် အသိအမှတ်ပြုရမယ် ” သူ စုလေးကို မသိတတ်တာ ကတော့ ထားပါ။ နားလည် ရမယ်ဆိုတော့ ခုသူက နားမလည်သေးဘူးပေါ့။ မြတ်သူရဲ့ ဥပမာက လက်ဖက်ရည် ကို အာစွတ်ရုံ တစ်ခေါက်သောက် ဆေးလိပ်ကို သုံးခါလောက် ရှိုက်ပြီးမှ ထွက်လာသည်။ ……. မြတ်သူပေး သော ဥပမာ သိပ်ကောင်းသည် ဟု သူလက်ခံလိုက်ရသည်။

“ မင်း ခြေအိတ်ကပေါက်နေတယ် ငါတို့ ကလည်း သိတဲ့ အတိုင်း ပေါက်တာကို ချုပ်ဖို့ ဆိုတာ စဉ်းတောင် စဉ်းစား တဲ့ ကောင်တွေ မဟုတ်ဘူးလေကွာ ……. အဲတော့ မိစုက မင်းမသိတဲ့ အချိန်မှာ ချုပ်ထားပေးတယ် သူ ကမင်း ကို ချစ်လို့  သိ တတ်လို့  လုပ်ပေးတာလေ ဒါကို မင်းက နားမလည်ဘူးဆိုရင် တစ်ခါကောင်းတယ် နှစ်ခါကောင်း တယ် သုံးခါကျ ရင် မင်းခြေအိတ် ပေါက်နေရာက ပြဲသာသွားမယ် သူလုပ်ပေးမှာ မဟုတ်တော့ဘူး လုပ်ပေး သည့် တိုင် သူ စိတ်ထဲ ဝတ်ကျေ တန်းကျေလုပ်ရသလို ဖြစ်နေမယ်…. ဒီတော့ မင်း က သတိထားမိရ မယ် စု လေး ရေ ကိုယ့်ခြေအိတ် ကလေး ချုပ်ပေးထားတာလား ငါ့မိန်းမကတော့ ကွာ တ ကယ် သိ တတ်တယ် ဒါ ကြောင့် ချစ်ရ တာ ကြည့်စမ်း ချုပ် ထားတာ ကသပ်ရပ်နေတာပဲ ဘယ်သို့  ဘယ်ချမ်းသာ ပေါ့ ဒါ သူ့  ရဲ့ သိတတ်မှုဟာ ထင်ရှားသွားတယ် အသိ အမှတ် ပြုခံ လိုက် ရတယ် သူ သိပ်ကြေနပ်သွားလိမ့်မယ် ….. ဒါက ဥပမာပြောတာနော် နောက် ဒီလို ဟာမျိုးလေးတွေ အများ ကြီးရှိသေးတယ် မင်းပြန်စဉ်းစားကြည့်ပေါ့ ဆိုလိုတာကကွာ သိတတ်တာကို အသိအမှတ်ပြုရမယ် နားလည်ရမယ် ဒါပဲ ….. ကိုက သိတတ် ရုံနဲ့ မပြီးသေး ဘူး ……. သူတို့ က ကိုယ့်ကို ကြင်နာချင်တာ ဂရိုစိုက်ချင်တာတွကို လည်း လိုက်လိုက် လျော လျောနဲ့ ခွင့်ပြုရမယ် ချိးကျူးသင့်တဲ့ အခါ ချီးကျူးရမယ် အသိအမှတ်ပြုရမယ် လူဆိုတာ အသိအမှတ် အပြုခံချင်တဲ့  လူ ချည်းပဲ မိစုမှ လှိုင်တို့ ရယ်မှ မဟုတ်ဘူး ........ ”

မြတ်သူ ရဲ့ ဥပမာက သူ့ နားထဲ ရိုးရိုးလေးနဲ့ ရှင်းသွားသည်။ စုလေး ရဲ့ အချစ်တွေ ကိုသူ အသိအမှတ် မပြုမိ ခဲ့  ခြင်း အတွက် သူ စိတ်မကောင်းဖြစ်မိသည်။ အိမ်ထောင်ရေးသည် ဂီတတစ်ခုဟုဆိုလျှင် သူဟာ စည်းနဲ့ ဝါး တောင် ကောင်းကောင်းမသိတဲ့ သူဖြစ်ပေလိမ့်မည်။ တကယ်တော့ အိမ်ထောင်တစ်ခုကို တည်မြဲအောင် အမြဲ တစေ ချမ်းမြေ့သာယာအောင် လုပ်ဖို့ ဆိုသည်မှာ ဤမျှရိုးရှင်းလှသည်ကို သူမသိခဲ့ပါ။ ထို့ အတွက် သူ မြတ်သူ ကိုကျေးဇူးတင်ရမည်။


သူ့ ၏ငြိမ်သက်ခြင်းကို ခွင့်ပြုလျှက် မြတ်သူက တတိယမြောက် ဆေးလိပ်ကို ထုတ်ကာ ဆေးကျစ်အောင် မီးခြစ် တွင်ခေါက်ပြီး စောင့်နေသည်။ နေအနည်းငယ်စောင်းသွားသည် စူးလက်တောက်ပနေသော နေရောင်သည် အ နည်းငယ် ဖျော့တော့၍ သွား၏။

“မင်းကို ကြွားရဦးမယ် …… ဟိုတလောက ပြောတယ် … ဟားဟား …. ငါ့ရင်ထဲမှာ ဘယ်လိုကြီးလဲမသိ ဘူးကွာ မြောက်သွားတာလား လှိုင့်ကို ပိုချစ်သွားတာလား မပြောတတ်ဘူး ငါ အရမ်းပျော်သွားတာတော့ သေချာတယ် ”

မြတ်သူ မျက်နှာက ထူးခြားစွာတောက်ပလာသည်။ သူ့ မျက်လုံးတွေက ကျေနပ်မှုပီတိ တွေ၊ ပျော်ရွှင်မှုတွေ အချစ်ရိပ်တွေနဲ့ ဝင်းလက်နေသည်ဟု သူထင်သည်။ ထို့ ပြင် မြတ်သူ အပြုံးက ယုံကြည့်မှုတွေနဲ့ ပြည့်ဝနေ သည်။

“ မောင်တဲ့  …… ငါနင့်ကို လည်းချစ်တယ် ………… နင်ချစ်တာကိုလည်း ခံချင်တယ် ……………ငါချစ်တာ ကိုလည်း နင်သိစေ ချင်တယ်တဲ့ ……. ပြီးတော့ နင်ချစ်တာ ငါ့ကိုယ်ငါလည်း သိနေချင်တယ် ….. နင်က ငါ့ကို ချစ်ရုံတင်မကဘူး ငါ့ကို အမြဲတမ်း သိတတ် နားလည်ပြီး ငါ့ဘက်က အမြဲတွေးပေး စဉ်းစားပေးသေးတယ် တဲ့  ငါနင့်ကို ချစ်သူလိုလည်း အရမ်းချစ်ခဲ့တယ် ခုနင့်ကို ငါ့ရဲ့ ယောက်ျားတစ်ယောက် အနေနဲ့ လည်း ပိုပြီးချစ်ချစ် လာတယ် တကယ်တော့ နင်က ငါ့ရဲ့  မင်္ဂလာရှိတဲ့ ယောက်ျား ပါမောင်ရယ် ….တဲ့  …..

……. မင်းဆိုဘယ်လိုနေမလဲ ….. ငါတော့ တစိမ့်စိမ့်တွေးလေ ငါ့ရင်ထဲ ပျော်လေ ကျေနပ် လေ ပီတိတွေဖြစ်ရ လေ ဘယ်လို ကြီးလဲမသိဘူးကွာ ငါလှိုင့်ကို တအားချစ်သွားတယ် ငါတို့ နှစ်ယောက်ဟာ နေ့ တိုင်း အချစ်တွေ ကို လက်ဆောင် အ ဖြစ်နဲ့ တစ်ယောက်နဲ့  တစ်ယောက် အပြန်အလှန် ပေးနေသလို ခံစားလိုက်ရတယ် သိတတ် မှုတွေ အသိအမှတ် ပြုမှုတွေ နဲ့  တစ်ယောက်ကို တစ်ယောက် နားလည်ပြီး သာယာနေတယ် အေးချမ်းနေတယ် အိမ်ထောင် သက် လေးနှစ်ထဲ ရောက်နေ ပြီ အဲဒီနေ့ ကလောက် ဘယ်တုန်းက မှ ငါမ ပျော် ဖူးဘူး ….. မိုးဇော် တကယ် ပြောတာ …..ငါတော့ အချစ် …. အချစ်….. ချစ်တိုင်းချစ်၍….. ချစ်လေ….. ချစ်လေ ……. ချစ်မပြေ တည်း ( http://ko-thitsar.blogspot.com/ ) ဆိုသလို ဖြစ်နေပြီ မိုးဇော်ရေ့ ဟားဟား …….”

မင်္ဂလာ ရှိသော ယောက်ျား .... မင်္ဂလာရှိသော ယောက်ျား ..... သူ့ နားထဲတွင် မြတ်သူ စကားက ပဲ့တင်ထပ်နေသည်။ သူ့  ချစ်သူငယ်ချင်း ကို သူ ပြုံးပြလိုက်သည်။ သူ့ အပြုံးသည် အလွန် အသက် ပါနေ လိမ့်မည်ဟုသူ ထင်သည်။ စုလေးအတွက် သူသည် များမကြာသော ကာလ အတွင်း မင်္ဂလာရှိသော ယောက်ျား တစ်ယောက် ဖြစ်လာစေရမည်။ သူ နှင့် ပတ်သက် ၍စုလေး အမြဲစိတ်ချမ်းသာနေစေရမည် ကျေနပ်နေစေရမည်။ သူ စုလေး အပေါ်၌ မသိတတ်သော ယောက်ျား တစ်ယောက်ဖြစ်ချင်ဖြစ်ခဲ့မည် သို့ သော် စုလေးကို သူ မြတ်မြတ် နိုးနိုးနဲ့ ချစ်ခဲ့ပါသည်။ သူ စုလေးမျက်နှာကို မြင်ယောင် ရင်း အချစ်အိမ်လေးဆီသို့ ပြန်ဖို့  မြတ်သူကို နှုတ်ဆက် လိုက် လေသည်။

**********
ကျွန်တော့်ရဲ့  “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူးတင်ပါတယ်....ကျွန်တော့်ရဲ့ မတတ် တတတ်နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင်တော့....အတိုင်းထက်လွန်ပါပဲဗျာ....ပြောမပြနိုင်အောင်ပဲ ကျေးဇူးတင်ပါတယ်.....
(ရန်ကုန်သား)

10 comments:

WWKM said...

အိမ်ထောင်ရေးဇာတ်လမ်းလေး အရမ်းကောင်းပါတယ်.
ဟုတ်ပါတယ် အိမ်ထောင်သည်တွေမှာလည်း တစ်ဦးနဲ့
တစ်ဦးအပြန်အလှန်လေးစားမှု ၊နားလည်မှုလေးတွေရှိ
ကြပါမှ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်လေး
တစ်ခုဖြစ်နိုင်မှာပါ။ အိမ်ထောင်ကျသွားပြီးရင် မိန်းကလေးတွေကလည်း ကိုယ့်အမျိုးသားရဲ့ ဂရုစိုက်မှု
ကိုလိုချင်ကြတယ်.. ချစ်သူဘ၀တုန်းကလိုပဲ ဂရုတစိုက်
ချစ်စေခြင်ကြတာပဲလေ... တစ်ခါတလေ အချစ်ခံရလွန်း
ရင်လည်း အိုက်တင်ခံကြပြန်ရော၊ အစ်မလိုပေါ့..ကိုယ့်
အမျိုးသားက ဂရုစိုက်လွန်းတော့ ကိုယ်ကမချစ်သလို
နေပြတယ်..တကယ်တော့ အရမ်းချစ်တာလေ..သူက စိတ်ကောက်ပြီး ကိုယ့်ကို မခေါ်ရင်လည်း မနေတတ်ပြန်
ဘူး..ဟဟား..ကိုယ်ကအရင် ပြန်ခေါ်တာပေါ့ ဘယ်ရမလဲ.း))))

မောင်ချစ်ခြင်းကိုရောသင်ပေးလိုက်ပါဦး. သူ့မှာ သူများ
တွေလို ပြောစရာမရှိရှာသေးဘူး။
ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်ကြိုက်တာရှာယူဆိုတာကို
အစ်မတွေက အားမကိုးရဘူးတဲ့...လုပ်ပုံလေ..
သူ့မျက်နှာကြောကို အရင်လျှော့ခိုင်းမှ ရမယ်။သူကြိုက်
တာ သူရှာယူမှ သူအလျှော့ပေးမှာပေါ့နော်..မဟုတ်ရင်
မာနကြီးကြီး သူ့ပုံစံနဲ့ အစ်မရှာပေးလည်း မြဲမှာမဟုတ်ဖူး....... :D

မင်္ဂလာရှိတဲ့ယောကျာင်္းတွေဖြစ်နိုင်ကြပါစေ။

မယ်ကိုး said...

ဒါဟာ မတတ်တတ်နဲ့ ရေးထားတဲ့ စာ လုံးဝမဟုတ်ပါဘူး။
လူမှုပြုပြင်ရေးဆရာကြီးထင်ပါတယ်။ :)...ရသပိုင်းအနေနဲ့ လည်း ပြောစရာမရှိလို့  အထူးကြိုက်မိပါတယ်။

ဇော် said...

အောင်မြတ်ငေးးးးး
အီဖေကိုယ် ၃ ကိုအမြန်ယူမှ။
ဘုရားဘုရား... ၃လေးတော့ မှီပါစေ။ ဘယ်သူမှ ဦးသူမရှိပါစေနဲ့။

ဇော် said...

ဝေးဟေးဟေး။ ဒန်တန်တန်။
အီဖေကိုယ် ငဇော် ၃ပါခင်ဗျာ။ ဟဲဟဲဟဲ။

တစ်ခါတည်း ကြိုပြောလိုက်မယ်နော်။ ဒီစာလဲ ဖောဝက်ပါတယ်ဆိုတဲ့အကြောင်း။ ဟိဟိ။

အနော် said...

ဖွင့်ဟပြောတဲ့အချစ်မှပဲ တန်ဖိုးကြီးတာပေါ့ အကိုရေ
ပြောနေကျအတိုင်းပဲ ဝတ္ထုတိုလေးက အရမ်းကောင်းပါတယ် အကိုရေ

Unknown said...

မျိုးရေ မင်းကို ကျေးဇူးတင်တယ်ကွာ... ငါလဲ မိုးဇော်လို ကောင်ဖြစ်နေတယ် ... မင်းစာလေးတွေ ဖတ်ရတာ ငါ့ အတွက် ရသပေးရုံမကဘူး သုတတွေပါ တော်တော်များနေတယ် သူငယ်ချင်း... ငါ့သူငယ်ချင်းကိုတော့ ငါအမြဲ လေးစားလျှက်ပါဘဲ.....

ဖိုးဥာဏ် said...

သူငယ်ချင်းရေ ဘာမှကိုပြောစရာမရှိအောင်ကောင်းပါတယ်။
ပညာလည်းရတယ်။
ရသလည်းပေးနိုင်တယ်။
တော်တော့်ကိုသဘောကျပါတယ်

ရွှေပြည်သူ (ShwePyiThu) said...

အရေးအသား သိပ်ကိုကောင်းပါတယ်။ ရသတင်မကဘဲ ဘဝတစ်ခုကို အတူတည်ထောင်ထားတဲ့ အိမ်ထောင်သည်တွေ နားလည်သင့်တဲ့ အကြောင်းအရာလေးတွေကို ပါ သမမျှတစွာနဲ့ ရောမွှေထားလို့ တကယ်ကို စာကောင်းတစ်ပုဒ်ပါ။ နောင်လည်း အများကြီး ရေးနိုင်ပါစေ မောင်လေးရန်ကုန်သားရေ...

Angel Shaper said...

ကိုရန်ကုန်သား ဒါလုံးဝမမှန်ကန်ပါဘူး။ မကျေနပ်ဘူး။ လက်မခံဘူးနော်။ မတတ်တတ်နဲ့ ရေးထားတဲ့စာ ဆိုတာကို ဖြုတ်ပေးပါ။
အဲလောက်ဖတ်လို့ ကောင်းအောင်ရေးထားတဲ့အပြင် တွေးစရာ၊ ဆင်ခြင်စရာတွေလဲ ထည့်ပေးထားတာ။
ဟွန်းးးးးး ဘာမှ မပြောတော့ဘူး။
ပြန်ဖြုတ်ပေးနော်။ ဒါပဲ။

တလနွန် said...

မင်္ဂလာရှိသော ယောက်ျား ဆိုတဲ့ ဒီဝတ္ထုတိုလေးက အရမ်းကောင်းပါတယ်။ အိမ်ထောင်ကျတဲ့အခါကျရင် သာယာချမ်းမြေ့ တဲ့ ဘဝတစ်ခု ဖြစ်ဖို့ ကို ရသသုတ
အပြည့်ဖြင့် ရေးသွားတာကို တွေ့ ရပါတယ်။