Friday, August 28, 2009

ခြားနားရင်ခွင်



“ရန်ကုန်သားရဲ့  ရင်ခွင်တစ်ခုဖန်ဆင်းခြင်း တစ်လပြည့်မွေးနေ့ ”

မင်္ဂလာပါ ခင်ဗျာ စာရှုလည်လာ မိတ်သဟာများ အေးမြသာယာရှိကြပါစေ ..... ဒီကနေ့  ကျွန်တော့် ရဲ့  “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေး အသက်တစ်လ ပြည့်ပါတယ် လွန်ခဲ့တဲ့ တစ်လက ... ကျွန်တော် ရန်ကုန်သား ဒီအိမ်ကလေးကို တည်ဆောက်ခဲ့ပါတယ် .... ခုတော့ ချစ်ခင်လေးစားရပါသော စာဖတ်သူများ .... ဘလောဂါ ညီအစ်ကို မောင်နှမများရဲ့  နွေးထွေးတဲ့ ကြိုဆိုမှု နဲ့ အတူ ကျွန်တော့် ဘလော့လေး အသက်ဝင် လာခဲ့ပါပြီ ... အဲဒီအတွက် စာဖတ်သူများနှင့်တကွ အစ်ကို အစ်မ ညီ ညီမ များအားလုံးကို အထူး ပင် ကျေးဇူး ဥပကာရ တင်ရှိပါတယ် ခင်ဗျာ .... မကြီးဝါသူငယ်ချင်းချစ်ခြင်းခြေရာညီငယ်ဧရာသား နဲ့ ညီဇော် တို့ ရဲ့ အကူ အညီတွေ မပါခဲ့ ရင် ရန်ကုန်သားဆိုတာ ဖြစ်မလာနိုင်ပါဘူး ..... ကျေးဇူးအရမ်းတင်ပါတယ် ကျွန်တော့် ကို ပိုစ့် အသစ်တွေတင်တိုင်း ရှည်လျားထွေပြားစွာရေးထားသော ပွရောင်းရောင်းနဲ့ ကျွန်တော့်စာတွေကို အားပေး ဖတ်ရှုရင်း ကွန့် မန့် တွေ ရေးပေးသွားကြတဲ့ ဘလောဂါ မောင်နှမတွေ အားလုံးကို လည်း ပြောမပြနိုင် လောက် အောင် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အထူးအားဖြင့် မာရသွန်ပြေးနေတဲ့ ကျွန်တော့်ကို ညီငယ် တစ်ယောက်လို သတိပေး ဆုံးမ ပေးခဲ့တဲ့ အစ်ကိုမြစ်ကျိုးအင်း ကို လေးစားကျေးဇူးတင်ပါရစေ .....တစ်လသား ရှိပြီဖြစ်တဲ့ ကျွန် တော်ရန်ကုန်သားရဲ့ ဒီအိမ်လေးမှာ တင်ပြီးလေသမျှသော ပိုစ့်တိုင်း စာတိုင်း၌ အမှားအယွင်း တစ်စုံတစ်ရာများ ရှိခဲ့ရင်၊ အိမ်လာ လည်အခိုက် ဧည့်ဝတ်မကျေတာများရှိခဲ့ရင်၊ အစ်ကို အစ်မ ညီ ညီမတို့ အိမ်လေးများထံ ကျွန်တော် အလည်ရောက်ခဲ့စဉ်မှာ တစ်စုံတစ်ရာ ပြောမှား ဆိုမှား (အိမ်ရှင်ကို နာမည်အခေါ်မှားတာများ :D ) များ ရှိခဲ့ ပါရင် ခွင့်လွှတ်ပေးပါလို့  အနူးညွတ် တောင်းပန်ပါရစေ ....

တဆက်တည်းပဲ ဒီကနေ့ တင်မယ့် ပိုစ့်လေးအကြောင်း နည်းနည်း ပြောပါရစေ (လျှာရှည်ခြင်းဖြစ်ပါသည် ... :D ) မကြာခင်က တင်ဖြစ်ခဲ့တဲ့ “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း ” ပိုစ့်လေး နဲ့ ဆက်စပ် နေတဲ့ ဒီ “ခြားနားရင်ခွင် ဝတ္တုလေး ကို http://www.planet.com.mm/bookplanet/index.cfm/linkpage/read_story/id/692 မှာ ဂျူလိုင်လ ၂၉ ရက်နေ့ ကနေ ယနေ့ အထိ ရန်ကုန်သား အမည်နဲ့ တင်ထားခဲ့ပါတယ်။ ရေးထားတာတော့ “ရင်ခွင်တစ်ခုဖန်ဆင်းခြင်း” နဲ့ မရှေး မနှောင်းပါ ..... ကိုယ့်အိမ်မှာ တင်ဖြစ်ဖို့ လည်းတော်တော်လေး စဉ်းစားခဲ့ရပါတယ်။ မတင်ခင်မှာလည်း ခုတ်ထစ်ဖြတ်တောက်တာ လိုတာလေးတွေ ဖြည့်ချင် စွက်ချင်တာလေး တွေ ထပ်ဖြည့် ထားတာတွေ ရှိတဲ့ အတွက် planet.com.mm က “ ခြားနားရင်ခွင် ” နဲ့  နည်းနည်းလေး ကွဲနေပါတယ် ... ရေးနေမကျတဲ့ ပုံစံဖြစ်လို့  ရယ်စရာဖြစ်နေရင် ခွင့်လွှတ်ပေးပါ လိုတာရှိရင် အားမနာတမ်း ဝေဖန်ပေးပါလို့  ပြောချင်ပါတယ် အဲဒီအတွက် ကျေးဇူးအရမ်းတင်နေမှာပါ ... အိမ်ကလေး တစ်လပြည့်တဲ့ အထိမ်းအမှတ် အမှတ်တရ လေးအဖြစ်ပါ။ ဧည့်ခံစရာ အစားအစာလည်း မရှိတဲ့ အတွက် ဒီဝတ္တုလေးနဲ့ ပဲ ဧည့်ခံ လိုက်ရပါတယ် .... အဲဒီအတွက် ခွင့်လွှတ်ပါ :D (ကပ်စေးနဲတာရော ဟို သယ်ချင်း ဖြူစင်ကြီး လို ချက်ပေးမယ့် သူ မရှိတာရော :D ... မကြီးဝါကို လည်း အားနာလို့ အပူမကပ်ရဲပါ ... သူက ပန်းတစ်ပွင့်နဲ့ ရန်ဖြစ်နေတာလည်း ပါပါတယ် :D... ငဇော် ကတော့ သိတဲ့ အတိုင်း ... ထင်းခွဲ ရေခပ် ပဲရတယ် .... ဧရာသားကတော့ ဘီယာ ဘီယာနဲ့ အော်တယ် .. နောက်ဆုံးတော့ စာတစ်ပုဒ်နဲ့ ပဲ ဧည့်ခံလိုက်ရပါတယ် ... အစ်မဂျာမုန်းအိမ်တို့ အစ်မရိုစ့် အိမ်မှာတော့ ကျွေးသမျှ အကုန်စားပြီးမှ ပြန်တာ ... ကိုယုယကြီး နဲ့ တောင် လုစားလာရသေးတယ် :D ... )

လေးစားခင်မင်လျှက် ရန်ကုန်သား

“ ခြားနားရင်ခွင်”



ကျွန်မ အိပ်ပျော်နေရာမှ နိုးသည်လည်းမဟုတ်။ အိပ်ပျော်နေသည် လည်းမဟုတ်။ အိပ်ယာ နိုးခါနီး မသိတသိ အချိန်ကလေးမှာ ပါးပြင်က နူးညံ့တဲ့ အထိအတွေ့ တစ်ခုကို ခံစားရင်းက သာယာကြည်နူးနေမိသည်။ မောင့်ရင် ခွင်မှာ ကျွန်မပါးလေးအပ်ထားရတဲ့ အရသာဟာ တ ကယ့်ကို ရစ်မူးဖွယ်ရာဖြစ်လို့ နေသည်။ မောင့် ရင်ခွင်မှာ မှိန်းနေရင်းက မျက်လုံး လေး အသာလှန်ပြီးကြည့်လိုက်ရင် မောင့် မျက်နှာ၏ တစ်စိတ်တစ်ပိုင်း နှင့် မောင့် မေးစေ့ သွယ် ဝိုင်းဝိုင်းကို တွေ့ ရမည်။

အဲဒီလိုအချိန်မှာ မောင်များနိုးနေရင် ကျွန်မကိုပြုံးပြီး ကြည့်ကောင်းကြည့်နေမည်။ အဲဒီ နောက် မောင်ကျွန်မနဖူး ကို နူးညံ့စွာ နမ်းရှိုက်မည်။ မောင်က ကျွန်မ ကိုတင်းတင်း ကြပ် ကြပ် ပွေ့ ဖက်လိုက်တဲ့ အခါ ကျွန်မ ကလည်း မောင့်ရင်ခွင်ကို အသာနမ်းလျှက် မောင့်ကို ပြန်ပြီးဖက်တွယ်မိမည်။ မောင့်ရင်ခွင်ဟာ ကျွန်မအတွက် ဆွတ်ပျံ့  ကြည်နူးမှုတွေ တမ်းတ မက်မောမှုတွေနဲ့ ပြည့်နှက်လို့ နေသည်။

ကျွန်မ မျက်လုံးကိုအသာဖွင့်ပြီး မော့ကြည့်လိုက်သည်။ ကျွန်မ နှလုံးသားသည် ရုတ်တရက် ဒိန်းကနဲ့ မြည်ကာ ကြောက်မက်ဖွယ်ရာ တုန်ခါသွားပါသည်။ ကျွန်မမျက်လုံးကို အသာလေး ပြန်မှိတ်ထား လိုက်ရသည်။ ကျွန်မရင်ခုန်သံကို ကျွန်မ ထိတ်လန့် ဖွယ်ရာ ကြားနေရသည်။ ကျွန်မ ရှက်ရွံ့ မှုတွေ သိမ်ငယ်မှုတွေ အပြင် အပြစ်တစ်ခုကို ကျူးလွန်လိုက်တဲ့ အခါမှာ ခံစားရ တဲ့ စိုးရိမ် ပူပန်မှုတွေကိုပါ ရောထွေးပြီး ခံစားလိုက်ရသည်။ ကျွန်မမျက်နှာတစ်ခုလုံး တရှိန်းရှိန်း နဲ့  ပင်ပူလာ သည်။

ကိုဦး သည် ကျွန်မကို ညင်သာစွာပွေ့ ဖက်လျှက် အိပ်ပျော်နေစဲဖြစ်သည်။ ကိုဦး၏ အသက် ရှူသံကို တိုးသက် ညင်သာစွာ ကျွန်မကြားနေရသည်။ ကျွန်မ နဖူးပြင်ကို ကိုဦး၏ ဝင်လေ ထွက်လေများက ညံ့ညံ့သဲ့သဲ့ တိုးခတ် နေသည်။ ကျွန်မသည် နွေးထွေးလှသော ကိုဦး၏ ရင်ခွင်တွင် တခိုက်ခိုက်တုန်အောင်ပင် ချမ်းစိမ့်လာသလို ခံ စားနေရလေသည်။ ကျွန်မ ကိုဦး ကို စိတ်ထဲမှပင် အကြိမ်များစွာ တောင်းပန်နေမိသည်။

ကိုဦးနဲ့ ကျွန်မတို့ အိမ်ထောင်သက် မကြာသေးပါ။ ကျွန်မ မူးဝေစွာ နိုးထလာချိန်တွင် ဤ သို့ သော ရှက်ရွံ့ ဖွယ် ရာခံစားမှုတွေ ကျွန်မရဲ့ မသိစိတ်က မောင့်အပေါ် စွဲလမ်း တွယ်တာ မှု တွေ သည်ယနေ့ ထက်တိုင်ကြွင်းကျန်နေ စဲ။ ကျွန်မ သက်ပြင်းကို မသိမသာလေး ခိုးပြီးချ လိုက်ရသည်။ ကျွန်မရင်တွေ လေးလံလို့ နေသည်။ ကျွန်မရှူ ထုတ်လိုက်သော လေသည် အထစ်အငေါ့များစွာဖြင့်၊ ကျွန်မ ရင်တွေကလည်း လှိုက်လှိုက်ခါခါဖြင့် တုန်လို့  နေလေ သည်။

ကျွန်မချစ်သူ မောင်သည် ဆယ်ကျော်သက်ဘဝမှသည် ကိုဦးနှင့်ကျွန်မ လက်မထပ်မီ တစ် နှစ်အလို အချိန်အထိ ကျွန် မနဲ့ အတူ အရိပ်လိုရှိနေခဲ့သူဖြစ်သည်။ ကျွန်မနှင့်မောင်သည် ခွဲလို့ ခွာလို့  မရတဲ့ စုံတွဲ ရယ် လို့  အပေါင်းအသင်း သူငယ်ချင်းများကပင် ငြူစူရလောက် အောင် တတွဲတွဲနှင့် မခွဲနိုင်မခွာရက် ချစ်ခဲ့ ကြ သူ များ ဖြစ်ခဲ့ လေသည်။

“အချိုမြိန်ဆုံးပျော်ရွှင်မှု ကို အချစ်ဖြင့်ရရှိနိုင်သည် .....”

ကျွန်မ မောင့်၏ ပျော့အိညိုမောင်သောဆံပင်တွေကို ချစ်သည်။ မောင့်ရဲ့ လည်ဂုတ်နား ရောက်နေသော ဆံပင် ညိုညိုတွေ ဖြီးပေးတဲ့ အခါ မောင့်ဆံပင်တွေဟာ ဘီးနောက်သို့ မလိုက်ချင်သလို ရုန်းထွက်သွားတတ်သည်။ မောင့် မျက်ဝန်းတွေကို ကျွန်မကြည့်မိရင် မောင့်ရဲ့  အဲ ဒီအကြည့်တွေ ခေါ်ရာနောက်ကို ကျွန်မ မျက်စိစုံမိတ်ကာ လိုက် သွားမိမည်ဖြစ်သည်။ မောင်ရယ် သွေးလိုက်ရင် တော့ ကျွန်မ ရင်ထဲမှာပင် လှိုက်ကနဲ မြူးသွားတတ်သည်။

ကျွန်မ ခင်ပွန်းကိုဦး တွင်တော့ မောင့်မှာလို ညိုမှောင်သောဆံပင်တွေထက် မဆိုသ လောက် ကြမ်းရှသော၊ အ နည်းငယ်ရှည်လာပါက အဖျားတွင် တွန့် ခေါက်သွားတတ်သော ဆံပင်းမျိုးသာရှိသည်။ ကျွန်မ ကိုဦးကို ခေါင်း လျှော်ပေးတဲ့ အခါ ကိုဦးက မောင့်လို ဘယ် နားလေးကို တော့ နှိပ်ပေး၊ ဒီနားတော့ယားတယ်၊ ဆံပင်တွေ ကို အတင်းကြီးမဖြီးနဲ့ နော် လို့  ကျွန်မကို ဆရာ မလုပ်ပဲ အသာလေးငြိမ်သက်နေတတ်သည်။ ကိုဦးဆံပင်တွေကို ဖြီး ပေးတဲ့ အခါ သူ့ ဆံပင်တွေဟာ ဘီးနောက်ကိုလိုက်မည်ထက် ဘီးကိုကျစ်လိမ်၍ ဆွဲထား တတ်သော ဆံပင်မျိုး ဖြစ်လေသည်။

ကိုဦး၏ နက်မှောင်သောမျက်ဝန်းတွေသည် ကျွန်မမျက်ဝန်းမှသည် ရင်ထဲအထိ ထိုးဖောက် မြင်နိုင်သောမျက်လုံး မျိုးဖြစ်သည်။ သို့ သော် တည်ကြည်၍ ကြင်နာတတ်သော ဒီမျက်ဝန်း ပိုင်ရှင်တို့ သည် သူတို့ ရင်ထဲ ခံစားချက်တွေ ကို တစ်ပါးသူမသိမြင်အောင် ဟန်ဆောင်ဖုံး ကွယ်ထားနိုင်လွန်းကြသည်။

မောင့် မျက်နှာသည် ကိုဦးလို ယောက်ျားဆန်လွန်းသောမျက်နှာ မျိုးမဟုတ်။ မောင့်မျက်နှာ သည် မုတ်ဆိတ် ပသိုင်းကင်းစင်လျက် နုညက်သည်။ ကိုဦး၏ မျက်နှာကတော့ ဒေါင့်ချိုး တိုင်းတွင် မုတ်ဆိတ်မွှေးပသိုင်းမွှေး တို့  ကိုစနစ်တကျ ရိတ်ပယ် ထားသဖြင့် စိမ်းစိုလို့ နေ သည်။ ကိုဦးမျက်နှာက မောင့်မျက်နှာလို မချိုပေမယ့် ကိုဦးရဲ့  တည်ကြည်မှုတွေက ကျွန်မ ရင်ထဲ မှာ ယုံကြည့်အားကိုးမှုတွေကို ပေါက်ပွားလာစေသည်။

ကျွန်မလေ မောင့်ချစ်သူဘဝမှာ မောင့်ရဲ့ချောမောလှပမှုကြောင့် ကျွန်မရင်ခွင်ထဲကနေ မောင်ထွက်သွားမှာ ကျွန် မကိုထားခဲ့ ပြီ မောင် တခြားသော မိန်းမတစ်ယောက်ရဲ့ ရင်ခွင် ကိုရောက်သွားမှာ ရူးသွပ်မတတ် ပူပင်ခဲ့ ရသည်။ မောင်ရဲ့  ဖော်ရွေမှုတွေကြောင့် ကျွန်မနဲ့ မောင် အကြိမ်ပေါင်းများစွာ ရန်ဖြစ်ခဲ့ ရသည်။ မောင့်ရင်ခွင်မှာ ရှိစဉ်က မောင့် အချစ်တွေ ထက် မောင့်ကိုဆုံးရှုံးရမှာကို စိုးရိမ်ရတဲ့ ခံစားမှုတွေနဲ့ ပဲ ကျွန်မစိုးရွ့ံထိတ်လန့် နေခဲ့ရ သည်။

မောင့်နှုတ်ခမ်းတွေသည် ယောကျာ်းတစ်ယောက် အတွက်ပါးလျလွန်း သည်။ သို့ သော် ကျွန်မ အဲဒီမောင့် နှုတ်ခမ်းရဲ့ အနမ်းချိုချိုတွေအောက်တွင် အသိပျောက်လုမတတ် ရူးသွပ် မိန်းမောခဲ့ ရသည်ပဲလေ။ မောင့်ရဲ့ ဖြူနွဲ့  တဲ့ ဟန်ပန်တွေ ၊ ပူနွေးချိုမြတဲ့ အနမ်းတွေ၊ ကဗျာ ဆန်တဲ့ မောင့်စကားတွေ၊ မောင်ရယ်မောလိုက်ရင် ကျွန်မ ဘဝကြီး တစ်ခုလုံး ပြုံးပျော်သွား သလို တောင်ခံစားခဲ့ ရပါသည်။

ကိုဦးက မောင့်လို မနူးညံ့ပါ။ မောင်ဆိုပြသောသီချင်းတွေ မဆိုထားနှင့် သူအလွန်ကြိုက်နှစ် သက်ပါသည် ဆို သော သီချင်းတစ်ပုဒ်ကိုပင် ဖြောင့်အောင်ဆိုပြတတ်သူမဟုတ်။ ဂီတာတီး ၍ သီချင်းဆိုပြ ဖို့ ဆိုသည်မှာတော့ ကိုဦး ဘဝတွင် တွေးတောင်တွေးဖူးမည်မဟုတ်ဟု ကျွန်မထင်သည်။ မောင် ဂီတာတီးပြီးသီချင်းဆိုလိုက် ရင် ကျွန်မ မောင့်အသံနောက်သို့ စီး မျော၍ပါသွားတတ်သည်။ မောင့်ဂီတာတီးသော လက်သွယ်သွယ်တွေသည် ကျွန်မ မျက် လုံး ထဲတွင် ညင်သာစွာကခုန်နေတဲ့ ကချေသည်တွေလို။

မောင်မျက်လုံးလေး မှေးစင်းလျက် သီချင်းညည်းနေ ပုံသည် ကျွန်မမျက်လုံးထဲမတော့ အ ပြစ် ကင်းသော က လေးတစ်ယောက်လို။ သို့ သော် ကိုဦးရင်ခွင်ကိုမှီနွဲ့ ရင်း ဗီစီဒီကာရာ အိုကေတွေနားထောင် ရတဲ့အခါကျပြန် တော့ ကိုဦးက ကျွန်မဆံပင်တွေကို ညင်ညင်သာ သာ ပွတ်သပ်ပေးနေတတ်ပါသည်။ ကျွန်မသည် ကိုဦး၏ အ ကြင်နာ တွေ အောက်တွင် အပြစ် ကင်းသော ကလေးတစ်ယောက်လို အိပ်ပျော်ချင်ခဲ့ ပါသည်။

“ကျွန်မရဲ့ အသည်းနှလုံးက မီးပုံပေါ်မှာ.......
မီးစတောက်ခါစက အင်မတန်လှပသလောက်....
အရှိန်ကောင်းလာတော့ လောင်မြိုက်လာပြီ.......
သူ့ ရဲ့ ရက်စက်မှုတွေကို ပြင်းပြ ပူလောင်စွာခံစားရပြီ.....”


ကျွန်မ ရူးမတတ် ချစ်လှပါသော မောင့်ကို ထားပြီး ကိုဦးရဲ့ ရင်ခွင်ကို ဘာလို့ များ ကျွန်မခို ဝင်ခဲ့ ပါသနည်း။ ကျွန် မသူငယ်ချင်းအားလုံးက ဘာဖြစ်လို့ လဲ ဟူသောမေးခွန်းကိုမေး တိုင်း ကျွန်မ ရင်တွေနာကျင်ခဲ့ ရသည်။ ကျွန်မ မောင့်ကို အရာအားလုံးထက် ပိုပြီးချစ်ခဲ့ပါ သည်။ မောင့်မျက်လုံးတွေကိုချစ်သည်။ မောင့်အနမ်းတွေကို ချစ်သည်။ မောင့် ရင်ခွင်ကို စွဲလမ်းမိခဲ့သည်။ မောင့် ဂီတတွေ မောင့်သီချင်းတွေနဲ့ အတူ ကျွန်မ မောင့်ရင်ခွင်မှာ မှေး စက် ခဲ့  ဖူးသည်။

မောင် ဟာကျွန်မဘဝမှာ အလိုအပ်ဆုံးလူ၊ မောင်ရှိရင် ကျွန်မ တွင်အရာရာပြီးပြည့်စုံသည်။ ကျွန်မဘဝမှာ မောင် မရှိရင် မဖြစ်တော့ပါဘူးလို့ ကျွန်မသိလိုက်ချိန်မှာ ကျွန်မကို လက် ထပ်ဖို့  တောင်းဆိုခဲ့ သည်။ မောင် ကျွန်မရင် ခွင်ကနေ ထွက်သွားခဲ့ ရင်ဟူသော စိုးရိမ်မှုတွေကြောင့် ကျွန်မအနားမှာ မောင် အမြဲရှိနေအောင် မောင့် တစ် မျက်နှာ ကို ကြည့် ပြီး လက်ထပ်ဖို့ ကျွန်မဆုံးဖြတ်ခဲ့သည်။

ဒါပေမယ့် ကျွန်မ မောင့်ကို အကဲခတ်မှားခဲ့ ပါသည်။ ကျွန်မ ကိုလက်ထပ်ပါလို့ မောင့်ကို တောင်းဆိုချိန်မှာ မောင် ဘက်က ငြင်းဆိုမှုဆိုတာကို ကျွန်မထည့် မတွက်ခဲ့ဘူးပေ။ မောင် ကသူ့ ကိုအချိန်ပေးပါလို့ ပြောခဲ့ ရင်တောင် ကျွန်မ ခွင့်ပြုလိုက်ဖို့ ပြင်ဆင်ခဲ့ ပြီးပြီ။ ကျွန်မ အထင်တွေ လွဲမှားခဲ့ ရသည်။ မောင်သည် ကျွန်မနဲ့ အတူ ပျော်ရွှင် ခဲ့ သည် မှလွဲ၍ ကျွန်မ ကို လက်ထပ်ပေါင်းသင်းဖို့ အသင့်ဖြစ်မနေခဲ့။

ကျွန်မရင်တွေ ကို တစ်စစီ ဆွဲစုတ်ပစ်လိုက်သလိုပင်ခံစားခဲ့ ရပါသည်။ မောင့် မျက်လုံးတွေ က တောင်းပန်မှုတွေ နဲ့ စိုးထိတ်နေပေမယ့် ကျွန်မ မောင့်ကို အားကိုးတဲ့ စိတ်တွေကတော့ ပြိုကျပျက်ဆီးလို့ ကုန်သည်။ ကျွန်မ အ သက်နှစ်ဆယ့်ရှစ်နှစ်ရှိခဲ့ပြီ။ မိဘတွေရဲ့ ပူပန်မှု တွေ၊ ကျွန်မဘဝအတွက် လိုအပ်နေသော လုံခြုံမှုတွေ၊ မောင်နှင့် အတူ ဖဝါးခြေထပ် အတူ ရှိနေခဲ့ တဲ့ အချိန်ကတွေက ကျွန်မကို လက်ထပ်ဖို့ တွန်းပို့ လာခဲ့ ပြီလေ။

“အဆိုးရွားဆုံး ဝမ်းနည်းကြေကွဲရမှုဟာလည်း
အချစ်ကပင် ပေးထားခဲ့ ခြင်းဖြစ်သည် ..... ”


မောင့်မှာ ကျွန်မကို ချစ်တဲ့ အချစ်တွေကလွဲရင် ဘာမှကိုမရှိတာပါလား။ အနည်းဆုံးတော့ ကျွန်မ ယုံကြည် အောင်ပဲဖြစ်ဖြစ် မောင်ကြိုးစားခဲ့ သင့်သည်။ ကျွန်မ မောင့်ကို ထားပစ်ခဲ့ ပါသည်။ နောက်ဆုံးအချိန်မှာ ကျွန်မ မောင့်မျက်နှာကို မကြည့်ဖြစ်ခဲ့ ။ မောင့်မျက်ဝန်းတွေ ကို မြင်လိုက်ရရင် မောင့်ရဲ့ ကြေကွဲ မှုတွေကို ရင်ဆိုင်လိုက် ရရင် ကျွန်မရဲ့ ဆုံးဖြတ်ချက် တံတိုင်းကြီး တဝုန်းဝုန်း ပြိုလဲကုန်မှာကို သိနေခဲ့ ၍ ဖြစ်ပါသည်။

“ ပန်းဆု ချစ်တဲ့ သူတစ်ယောက်ကို မေ့ပစ်ဖို့ ဆိုတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ကိုယ်နားလည်ပါ တယ်။ စိတ်မှာ ကြိမ်ဖန်များစွာ စွဲလန်းခဲ့ တဲ့ ခံစားချက်တွေကို ဖျောက်ဖျက် ပြစ်ရမယ် လို့ ကိုမပြောပါဘူး။ ပန်းဆု ကို နဲ့ လက် ထပ်လိုက် ရင် ပန်းဆုကို့ ကိုချစ် လာဖို့ ကကို့ တာဝန်ပဲ။ အတိတ်က ဖြစ်ခဲ့ တာတွေကို ပန်း ဆု မေ့သွား အောင် အချိန် ယူပြီး ကို ကြိုးစားမယ်။ ပြီးတော့ ပန်းဆုကို ရော ပန်းဆုရဲ့ ဂုဏ်သိက္ခာကိုပါ ကို ယုံကြည် တယ်။ အဲတာတစ်ခု တည်းနဲ့ ပန်းဆုကို ကိုလက်ထပ်ဖို့ ဆုံးဖြတ်လိုက်တာ။”

ကိုဦး မျက်လုံးတွေက မောင့်မျက်ဝန်းတွေနဲ့ ခြားနားစွာ ယုံကြည့်မှုတွေနဲ့ တောက်ပနေ ခဲ့ သည်။ကျွန်မနဲ့ မောင် ပတ်သက်ခဲ့သည်တို့ ကို ကိုဦးက လျစ်လျူရှုပေးနိုင်ခဲ့သည်။ ကိုဦး နှင့် လက်မထပ်မီ တစ်နှစ်တာသည် မောင့် ရင်ခွင်မှ ပြေးထွက်လာသော ကျွန်မအတွက် မုန်တိုင်းထန်ထန် လေထန်ထန်နဲ့ အရူးတစ်ပိုင်းဖြစ်ခဲ့ ရသော နေ့  ရက်များဖြစ်ခဲ့သည်။ မောင့်ကို သတိရစိတ်တမ်းတစိတ်တွေနဲ့  လမ်းခုလတ်ကနေ ပြန်လှည့်သွားရန် ကျွန်မ အကြိမ်ကြိမ် စိတ်ကူးခဲ့ မိသည်။

သို့ သော် ကိုဦး သည် ပါရမီကောင်းသော ပန်းပုဆရာတစ်ယောက်လို ကျွန်မကို ထုဆစ် ပေးခဲ့ သည်။ ကျွန်မ နွမ်းနယ်နေချိန်တွင် ကိုဦးသည်အားဆေးတစ်ခွက်ဖြစ်ခဲ့ သလို၊ ကြေ ကွဲ နာကျင်နေချိန်တွင် ကျွန်မ အယောင် ယောင်အမှားမှားနဲ့  ခေါင်းထားငိုရှိုက်ခဲ့ ရသော ရင်ခွင်ကိုလည်း ပေးခဲ့သည်။ ကျွန်မ မောင့်ရင်ခွင် ကထွက် ခွာလာအပြီး တစ်နှစ်အကြာ တွင် ကိုဦးနှင့်လက်ထပ်ခဲ့ ပါသည်။

ခေါင်းလောင်းဆိုတာ မထိုးမချင်း ခေါင်းလောင်းလို့ မမည်ဘူး.....
သီချင်းဆိုတာ မဆိုမချင်း သီချင်းရယ်လို့ မမည်ဘူး.....

အချစ်ဆိုတာ မပေးဆပ်ရင် အချစ်ရယ်လို့ မမည်ဘူး .....
( Oscar Hammerstein --American Song Writer-- )

ကျွန်မ၏ မင်္ဂလာဦးနေ့ ရက်များသည် ဘယ်တော့မှ ပြန်မလိုချင်လောက်အောင် ခါးသီးနာ ကျင်မှုများနှင့် ပြည့်သိပ်လို့ နေသည်။ သို့ သော် ကိုဦး ၏ ရင်ခွင်သည် ကျွန်မ အတွက် အာ ဟာရဖြစ်စရာ ပျားသကာတွေ၊ ကျွန်မအမောပြေ သောက်သုံးစရာ ရေချိုအေးတွေနဲ့ ၊ နွေး ထွေးလုံခြုံမှုတွေ အေးမြသာယာမှုတွေဖြင့် ပြည့်နှက် နေခဲ့သည်။

“ကို လေ ဒီတစ်သက်မှာ တစ်ခါမှ မချစ်ခဲ့ ဖူးဘူး။ ပန်းဆုကို မေမေ စိတ်ချမ်းသာရင်ပြီးရော ဆိုပြီး လက်ထပ်ဖို့ ခေါင်ငြိမ့်ခဲ့တယ် ဆိုတာကိုယ်ဝန်ခံပါတယ်.....ဒါပေမယ့် ပန်းဆုကို တွေ့ ရတော့ ကိုယ့်ဘဝကို အလှဆင်ပေးမယ့် ပန်းလေးတစ်ပွင့်ကို တွေ့ လိုက်ရသလိုပဲ .... ကို ပျော်နေခဲ့တယ် သိလား ပန်းဆု .... ပန်းဆုဟာ ကို့ အတွက် အဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်တစ်ခုပါ ... ပန်းဆုကို စတွေ့ လိုက်ရတဲ့ နေ့ ကတည်းက ပန်းဆုကို ကို ချစ်မိသွားတယ်ထင်ပါရဲ့  ...

ကိုဦးရဲ့ ကမ္ဘာမှာ ကျွန်မပျော်လာပါသည်။ ကျွန်မ ဟာပန်းတစ်ပွင့်ဖြစ်တယ်ဆိုရင် ကိုဦးဟာ ဥယျာဉ်မှူးတစ် ယောက် လို ပန်းတွေကို ပွင့်လန်းစေသူဖြစ်သည်။ မောင့်ရဲ့ ရင်ခုန် လှိုက် မော ဖွယ်ရာ ရင်ခွင်တွင် ကျွန်မပျော် ရွှင် ခဲ့ သလို ကိုဦး၏ နွေးထွေးလုံခြုံသောရင်ခွင်တွင် ကျွန်မပြုံးလာနိုင်ခဲ့ ပြီ။ ဒါပေမယ် ကျွန်မကို ခွင့်လွှတ်ဖို့ ကိုဦးကို တောင်းပန်ရဦးမည်။မိုးလင်းတိုင်း အိပ်ရာနိုးတိုင်း ကျွန်မသတိရ သင့်သည့်သူမှာ ကိုဦး ဖြစ်နေသင့် ပါလျှက်နဲ့ ကိုဦးရင်ခွင်မှာ အိပ်စက် လျှက် တစ်ပါး ယောက်ျားတစ်ယောက်၏ ရင်ခွင်ကို (မသိစိတ်နဲ့ ဖြစ်စေ)တမ်းတ လွမ်းဆွတ်နေသော ကျွန်မသည် ကိုဦး၏ ရင့်ကျက်တည်ကြည်မှု နား လည်ခွင့်လွှတ်မှု များ အောက်တွင် သိမ်ငယ်နေမိသည်။ ဗုဒ္ဓဘာသာ မြန်မာမိန်းမတစ် ယောက် အနေဖြင့် တစ်ပါးသော ယေက်ျားကို ကာမပိုင်ရှိလျှက်က အိပ်မက် မက်ခြင်းသည် ပင် အပြစ်ကား ကြီးမားလှပြီဖြစ်သည်။ ကိုဦး ခွင့်လွှတ်နေပါစေ ဦးတော့ ကျွန်မ ကို ကျွန်မ ခွင့်မလွှတ်နိုင်။

“ ကို ကအသစ်အဆန်း လုပ်ရတာ သဘောကျတယ် ပန်းဆုရဲ့ ။ ကိုလေ လွန်ခဲ့ တဲ့ တစ်နှစ် လောက်က ဥယျာဉ်တစ်ခု စပြီးစိုက်ပျိုးခဲ့ တယ်။ ကိုစိုက်ပျိုးတဲ့ ဥယျာဉ်က အသီး အပွင့် တွေ နဲ့ ဝေဝေဆာဆာ ဖြစ်လာမယ်ဆိုတာ ကိုယုံ ကြည်ခဲ့တယ်။ ကို ကလေ ဖြူစင်နေတဲ့ ပန်းတစ်ပွင့်ကို ခူးရမှာထက်၊ လှပလွန်းလို့ ခူးဆွတ်သွားပြီဖြစ်တဲ့ ပန်းလေးကို ကိုယ့် ရင်ခွင်မှာ ဘယ်လိုလန်းဆန်းစေမလဲဆိုတာကိုပဲ စိတ်ကူးရင်ခဲ့တာ ..... အဲ့ဒါ အချစ်ဖြစ်မယ် ပန်းဆုရဲ့ ... ကို့  ရဲ့ အချစ်တွေ ကို ပန်းဆုရဲ့ အင်အားတွေပဲ ဖြစ်စေချင်တယ် .... ကို့ ကို ပန်းဆု ချစ်လာတဲ့ တစ်နေ့ မှာ ကို သတ္တိတွေ အရင်ကထက် ပိုပြီးကောင်းလာမယ် ထင်တယ်ဗျာ ..... ”

အချစ်မှာ ဝန်ထုပ်ဝန်ပိုး ဆိုတာ မရှိ....၊
ဘယ်တော့မှလည်း ဒုက္ခတစ်ခုဖြစ်တယ်လို့ မသတ်မှတ်....၊

သူ့ ရဲ့ ချစ်အင်အားတွေ ဘယ်လို တိုးပွား ခိုင်မာလာမလဲဆိုတာ ကိုပဲ သူကြိုးစားနေတာ.....။
မဖြစ်နိုင်ဘူးဆိုတဲ့ ဆင်ခြေတွေနဲ့ လဲ အယူခံမဝင်တတ်ဘူး .....
ဒါကြောင့်မို့ အချစ်ဟာ အရာတိုင်းကို မြုပ်နှံသဂြို င်္လ်လိုက်နိုင်တာ ...။ (- Thomas A. Kempis - )

ကိုဦး ၏ခွင့်လွှတ်နားလည်သော၊ နေရောင်ကြောင့် နွမ်းနယ်နေသော ပန်းလို ကျွန်မကို၊ လရောင်လိုအေးမြ သာ ယာမှုတွေပေးခဲ့သော၊ အကြင်နာတွေကြောင့် မောင့်ကို တမ်းတ စိတ်တွေသည် တဖြည်းဖြည်း မှေး မိန်လာပါပြီ။ ဒါပေမယ့် မောင်ရယ် မောင့်ကို လမ်းခွဲ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တုန်းက ပြောရတာလွယ်ကူ သ လောက် မောင့် ကို မေ့ဖို့ က တော့ ကိုဦး သာ ဒီလောက် နားလည်မပေးခဲ့ ရင်ကျွန်မ သေပင်သေသွားနိုင် လောက် အောင် ခက်ခဲ လေးလံခဲ့ပါတယ်။

ကျွန်မ ကိုဦး ရင်ခွင်မှာ (ကိုဦးရင်ခွင်ပါလားဟူသော အသိစိတ်ဖြင့်) ကိုဦး၏ စိမ်းညိုညိုမေး ဖျားကို အသာနမ်း လိုက် မိပါသည်။ ကျွန်မ နှုတ်ခမ်း၏ အထိအတွေ့ ကြောင့် ပြုံးရွှင်စွာ နိုး ထလာသော ကိုဦးက ကျွန်မကို အထူး တဆန်း ငုံ့ ကြည့်သည်။ သူ့ ဇနီး ကျွန်မ ဒီကနေ့ ထူးခြားနေတယ်ဆိုတာ ကိုဦးသိသည်ပေါ့။ ကျွန်မ ရှက်ရွံ့ စွာ ကိုဦးရင် ထဲသို့ ခေါင်းထိုးခါ ကျွန်မပါးနှင့် ထိကပ်လိုက်မိသည်။ ကိုဦး ရင်က နွေးထွေးနေသည်။ ကိုဦးရင်ခုန် သံ က တိုးသက်သက် မှန်စွာကြားနေရသည်။ ကိုဦးရင်ခွင် ၏ နွေးထွေးမှုက ကျွန်မပါးပြင်မှသည် တစ်ကိုယ်လုံး သို့  ပျံ့ နှံ့ သွားလေသည်။

ကိုဦး ကကျွန်မကို ခပ်တင်းတင်းဖက်တွယ်လိုက်ပြီး လှိုက်ဖိုစွာရယ်မောလိုက်သည်။ ကျွန်မ ရယ်သံတွေက လည်း ကိုဦး ရယ်သံနဲ့ အတူစည်းချက်ကျစွာ ထွက်ပေါ်လာသည်။ ကိုဦးကို ကျော်၍ ပြတင်းတံခါးဆီမှ ဝင်လာသော နေရောင်ခြည်နွေးနွေး တွေသည် ကိုဦး ရင်ခွင်နှင့် အပြိုင် တောက်ပနွေးထွေးလို့ နေသည်။ ကျွန်မနဖူးကို ကိုဦးက ညင်သာစွာ နမ်းရှိုက်လိုက် သည်။ ထွက်ပေါ်လာသော နေခြည်နုနုနဲ့ အတူ ကိုဦး၏ ပျော်ရွှင်မှုတွေသည် ကျွန်မရဲ့  ပျော် ရွှင်မှုများ ဖြစ်လာခဲ့ပါသည်။ ကျွန်မ မောင့်ကို တောင့်တမိခဲ့သော နံနက်ခင်းအချိန်များသည် ဤ နံနက် ခင်းတွင် ဆုံးခန်းသို့ တိုင်ခဲ့ လေပြီတည်း။

****************

ကျွန်တော့်ရဲ့  “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူးတင်ပါတယ်....ကျွန်တော့်ရဲ့ မတတ်တ တတ်နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင်တော့....အတိုင်းထက်လွန်ပါပဲဗျာ....ပြောမပြနိုင်အောင်ပဲ ကျေးဇူးတင်ပါတယ်.....
(ရန်ကုန်သား)

29 comments:

Sein Lyan Tun said...

ခံစားရပါလား ကိုကို ရန်ကုန်သားရယ်


ချစ်တဲ့

ဖိုးစိန်

Sein Lyan Tun said...

တစ်လပြည့်ကနေ တစ်နှစ်

တစ်နှစ်ပြည့်က နေ နှစ်များစွာတိုင်



အောင်မြင်ခြင်း ပျော်ရွှင်ခြင်းများနဲ့ ခရီးဆက်....


ပျော်ရွှင်ပါစေ


ချစ်တဲ့


ဖိုးစိန်

Sein Lyan Tun said...

“အဆိုးရွားဆုံး ဝမ်းနည်းကြေကွဲရမှုဟာလည်း
အချစ်ကပင် ပေးထားခဲ့ ခြင်းဖြစ်သည် ..... ”




“အချိုမြိန်ဆုံးပျော်ရွှင်မှု ကို အချစ်ဖြင့်ရရှိနိုင်သည် .....”


တကယ်တော့ အချစ်ဆိုတာက ပြာအောက်က မီးခဲ ရဲရဲတွေလိုပါပဲ....


ပေးဆပ်ရတဲ့ အချစ်အတွက် တန်ပြန်သက်ရောက်မှုက.....


ထင်တာတွေ စိတ်ကူးတည့်ရာတွေ ဝင်တွေးသွားတယ်...

စိတ်မဆိုးဘူးလို့ထင်ပါတယ်....

း)))


ချစ်တဲ့

ဖိုးစိန်

Angel Shaper said...

အနမ်းလေးတွေနဲ့ မင်္ဂလာနံနက်ခင်းလေးတွေကို အဆုံးသတ်ပေးလို့ ခံစားကြည်နူးရပါတယ်ဟာ။။။
အိမ်လေး တစ်လမှ နှစ်ပေါင်းများစွာ နင်အသက်ရှုတဲ့ထိပေါ့ အောင်မြင်ပါစေ။
အသက်မရှုတော့တဲ့အချိန်မှာလဲ လူတစ်ယောက်ယောက်ရဲ့ နှုတ်ဖျားမှာ သယ်ရင်းရဲ့ ပိုစ့်လေးက ပညာသားပါတဲ့ စကားလေး၊ စာလေးတွေ အမှတ်မထင် ကျန်ရစ်နိုင်ပါစေဟာ။ ငါ့ရင်ထဲကစကားနော်။
ဘာမှမကျွေးတဲ့ ကပ်စီးကုတ်ကို တွေ့ မှ အပြတ်ကျွေးခိုင်းမယ်။ မုန့် မုန့် မုန့်။ ဟဲဟဲ ပျော်ရွှင်ပါစေ ရကောက်ရေ.....

Unknown said...

ကိုရန်ကုန်ကြီး...စောစောလာတာလည်း နောက်ကျသွားတာပဲ...လက်ဆိပ်ရှိတဲ့သူတွေကတော့ ဘာပဲ ရေးရေး ကောင်းနေတာပဲနော်... စာရေးစရာလုပ်လို့ ရနေပြီ...အင်း ကိုရန်ကုန်ရဲ့ ခြေဖျားတောင် မမီသေးဘူး... အများကြီးလေ့လာရဦးမယ်...

ကာရံဆူး said...

ကိုရန်ကုန်သားရေ...နေကောင်းပါလား...စာလေးတွေက ဖတ်လို့ ကောင်းတယ်...အရမ်းကို လှတယ်...စာရေးဆရာ ဖြစ်နိုင်နေပြီ...ကိုရန်ကုန်ဆီက လေ့လာတုယူစရာတွေ အများကြီးပဲ..

မေဇင် said...

တကယ့် အဖြစ်လေးများလား...ထင်မိပါရဲ့ စာရေး တော်တော်ကောင်းပါတယ်... ။ နောက်ထပ် ရေးလာမယ့် စာများကိုလဲ စောင့်မျှော်နေပါ့မယ်..။

Anonymous said...

ကိုရန်ကုန်သားရေ

နှုတ်ခမ်းပါးလေးနဲ့လို့ ဒါပေမယ့် နှုတ်ခမ်းပါးလေးကို ချစ်တယ်လို့ ချွဲချွဲနွဲ့နွဲ့ ပြောတတ်တဲ့သူကို မြင်ယောင်လာမိစေတယ်။
ဆံပင်ညိုတွေက ပါးလိုက်တာဆိုပြီး လက်ကလေးနဲ့ ဆံညိုမျှင်လေးတွေကို ဆော့နေတဲ့သူကို လွမ်းစေမိတယ်။
ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြင်ပဖြစ်ရပ်တစ်ခုပါပဲ။
အပြစ်ကင်းတဲ့ချစ်ခြင်းတွေ ချစ်သူနဲ့ကြင်သူထပ်တူညီဖို့အရေး ဆုတောင်းပေးပါတယ်
ချမ်းမြေ့ပျော်ရွှင်ပါစေခင်ဗျာ

တစ်လပြည့်မှသည် နှစ်တစ်ရာတိုင်ဆီသို့............

ငှက်ငယ်လေး said...

မတက်တစ်တက်မို့ ပါပဲအကိုရန်ကုန်သားရယ်...

ဇတ်လမ်းထဲမှာမြောသွားတယ်...စာရေးချင်စိတ်တွေပါပေါ်လာတယ်...

ခေါင်းလောင်းဆိုတာ မထိုးမချင်း ခေါင်းလောင်းလို့ မမည်ဘူး.....
သီချင်းဆိုတာ မဆိုမချင်း သီချင်းရယ်လို့ မမည်ဘူး.....
အချစ်ဆိုတာ မပေးဆပ်ရင် အချစ်ရယ်လို့ မမည်ဘူး .....

အဲစကားလေးတွေကိုထောက်ခံတယ်နော်း)

အနော် said...

အဆိုးရွားဆုံး ဝမ်းနည်းကြေကွဲရမှုဟာလည်း
အချစ်ကပင် ပေးထားခဲ့ ခြင်းဖြစ်သည် .....
ဒါလေးကို အကြိုက်ဆုံးပဲ
ခင်ပွန်းသည်ရဲ့ ရင်ခွင်ကနေ မောင့်ကို သတိရနေမှုကို ဖယ်ခွာလိုက်နိုင်တဲ့ ပန်းဆုကို တကယ်ကို လေးစားမိပါတယ်
အပြစ်ကင်းတဲ့ချစ်ခြင်းတွေသာ ဖန်တီးနိုင်ပါစေနော်
တစ်လသား ဘလော့လေး ကိုရန်ကုန်သား ဒီထက် ဒီထက် ပို့စ်ပေါင်းများစွာကို ထပ်ဖန်တီးနိုင်ပါစေနော်
တစ်လသားဆိုပေမဲ့လဲ အကို ရန်ကုန်သားရဲ့လက်က တကယ့် စာရေးဆရာ ဝါရင့်တစ်ယောက်ရဲ့ လက်လို
အားကျ အတုယူဖို့ကောင်းတယ်ဗျာ
အနော်တော့ အကို့ကို အားကျလို့ ဝတ္ထုတိုတွေ လိုက်ရေးကြည့်နေမိတယ် :P

may16 said...

တစ်လပြည့်နှင့်အတူ အမြဲရှင်သန်နိုင်ပါစေ ရှငိ

မယ့်ကိုး said...

ရင်ခွင်တစ်ခု ဖန်ဆင်းခြင်းရဲ့ ပန်းဆုဖက်မှ မြင်ကြည့်ခြင်းပေါ့....
နှစ်ခုစလုံးကောင်းတယ်ဆိုတာ အထူးပြောစရာမလိုတော့ဘူး ထင်ပါတယ်။
မောင်ဆိုတဲ့ လူဖက်ကကော ရေးဦးမှာလား။

WWKM said...

အင်းးး ဖတ်လို့တော့ ကောင်းပြီးသားပဲ.
မဝေဖန်လိုတော့ပါဘူး. ကောင်းပြီးရင်း ကောင်းနေပါတယ်..
မြန်မာပြည်ပြန်ရောက်ရင် စာရေးဆရာပဲလုပ်ပေတော့ ။း)
မောင်ချစ်ခြင်းက အဆိုတော်လုပ်လိမ့်မယ်။
ဟိုကောင်လေး အလှတရားကတော့ ဘာသာပြန်စာရေး
ဆရာကြီး လှသန်းတင့် ပေါ့. ဟဟ
တော်ကြပါပေတယ်..တစ်ယောက်တစ်မျိုး. ;)

တစ်လပြည့်မွေးနေ့မှသည် ရေးချင်တဲ့အထိ ပျော်ရွှင်ချမ်း
မြေ့ အနှောက်အယှက်ကင်းစွာ စာတွေအများကြီး ဆက်
လက်ရေးသားနိုင်ပါစေလေ။

မကြီးဝါ

ဝက်ဝံလေး said...

အင်းးးးးးး ရေးတတ်လိုက်ထှာ မိန်းကလေး နေရာက ရော ပထမတပိုင်းက ယောက်ျားလေး နေရာ (ကိုဦးနေရာ) ကရော ရေးထားတာ ညက်နေတာပဲ ဘာမှပြောစရာမရှိ အမှတ်အပြည့်ပေးလိုက်သည်

ဘိုင် တာ့တာ

အော် ဆုပေးဖို့မေ့နေတယ် ဒါကြောင့်ပြောတာ ဇာတ်လမ်းမှာတင် မြောသွားပါတယ်ဆိုမှ

တလပြည့်မှသည် နောက်နှစ်ပေါင်း များစွာတိုင် ဘလော့ဂ်ကို ပျော်ရွှင်စွာ ဂင်းနိုင်ပါစေ

sweety said...

ရှုထောင့် ၂ ခုစလုံးကရေးထားတာအရမ်းကောင်းပါတယ်ဗျာ..မိန်ကလေးဘက် ကခံစားပြီးရေးတာ ကိုပိုသဘောကျတယ်..ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း ဘလော့လေး ၁ လပြည့်မှသည် နှစ်ပေါင်းများစွာ အောင်မြင်မှုရပါစေ...

Yu Ya said...

ကိုရန်ကုန်သားရဲ့ တစ်လသားဘလော့လေးမှသည် ရင်ခွင်လေးတစ်ခု ဖန်ဆင်းနိုင်တဲ့အထိ ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာနေ့ရက်များကို ဖြတ်ကျော်နိုင်ပါစေလို့

ဆန္ဒမွန်ဖြင့်
yu ya

rose of sharon said...

ဖတ်လို့သိပ်ကောင်းတဲ့အရေးအသားလေးပါ... တစ်လသားနဲ့လဲမတူဘူး... (ဆရာကြီး)နဲ့ဘဲတူတယ်း)

ကြည်ဖြူပိုင် said...

စာအရေးအသားတော်လိုက်တာ ....တကယ့်ဆရာကြီးအတိုင်း

ဧရာဝတီသား said...

အစ်ကိုရေ ဒီဝတ္ထုတိုလေးနဲ့ ပက်သတ်လို့တော့ ဘာမှ ပြောစရာ မရှိပါဘူး၊ facebook မှာတည်းက comments တွေ အများကြီးရခဲ့ တဲ့ ပိုစ့်လေ။ Planet မှာ လည်းတင်ပြီးသွားပြီ ဆိုတယ့် အတွက် အရေး အသားပိုင်းရော၊ အယူအဆပိုင်းရော ဆွေးနွေးစရာ မလိုတော့ လောက်အောင် ကောင်းပြီးသားပဲနော့။ ဒီဝတ္ထုလေး မှာ မိန်းကလေး ဘက်ကနေရေးပြပြီး ကလောင်စွမ်းပြ သွားတာကို အားလုံးလည်း မြင်နေကြပါပြီ။

ဘလော့လေးက တစ်လပြည့်ရုံပဲ ရှိသေးတယ် ဆိုပေမယ့် အစ်ကို့စာတွေကတော့ တကယ့်ကို ၀ါရင့်လက် ပါပဲ။ အစ်ကိုဘလော့ စရေးတဲ့ အချိန်မှာ အစ်ကို့ဘလော့ကို ကြေညာပေးရတဲ့ အတွက် ကျွန်တော့်မှာ အများကြီးကျေးဇူးတင်ခံရပါတယ်။ အခုလို ဘလော့ကောင်းလေ တစ်ခုကို မျှဝေပေးတဲ့ အတွက်ပါတဲ့။ အဲဒီ့လို ပြန်လာပြောကြတိုင်းလည်း ၀မ်းသာဂုဏ်ယူမိပါတယ်။ (ကျွန်တော် သိနေတယ်လေ၊ အခုမှ စတယ့် ဘလော့ အသစ်ဆိုပေမယ့် ဖတ်မိလိုက်တာနဲ့ အားလုံးနှစ်ခြိုက် ကြလိမ့်ဆိုတာ။)

တစ်လပြည့် မှသည် စာကောင်းပေမွန်လေးများ များစွာဆက်လက် ရေးသားနိုင်ပါစေ အစ်ကိုရေ။

ကျွန်တော်တစ်ခါ ပြောဖူးသလိုပဲ အစ်ကို မပြန်ခင် ဒေါက်တာရဲနိုင် ရဲ့ "အနောက်ကိုရွေ့ အရှေ့ကိုမျှော်" လို masterpiece တစ်ခုလောက် ဖန်တီးသွားပါဦးလို့ တိုက်တွန်းပါရစေ ခင်ဗျာ။ ( ကုန်ကြမ်း မရှိသေးရင်တော့ ရှာပေါ့နော် အစ်ကို၊ ကျွန်တော့် အစ်ကိုက ရုပ်ဖြောင့်ပြီးသားပဲ ...ဟဲဟဲ)

အပေါ်မှာ အစ်မမယ်ကိုး ပြောသွားသလို မောင်ဆိုတဲ့ လူနေရာက ခံစားပြီး တစ်ပုဒ်လောက်ထပ်ရေးရင် ကောင်းမယ် ထင်တယ်နော် အစ်ကို။ ကျွန်တော် ဟိုတခါတောင်းဆိုထားတဲ့ "သူလေး" အကြောင်းလည်း မျှော်နေမယ်နော။

အဲ ... အစ်ကိုရေ၊ မမေ့မလျော့ အော်သွားပါတယ် ဘီယာ ...ဘီယာ ...ဘီယာ .. ဟဲဟဲ :)

မေလေး said...

ကိုရန်ကုန်သားရေ
နာ့လာဖတ်တာ ဒါနဲ့ဆို ၃ ကြိမ်မြောက်ဘဲ ။ နင်ရေးတတ်လိုက်တာဟယ်။ မျက်လုံးထဲ ကွင်းကွင်းကွက်ကွက် ပေါ်အောင်ရေးတတ်တယ်။
တစ်ခါတစ်လေ ချစ်သူကို သိပ်ချစ်ပေမဲ့ လက်ထပ်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေတွေ ရှိသေးတာကိုဟယ်။

ဘာပြောပြော နင်ဝတ္တူလေးတွေ အရမ်းကောင်းတယ် သိလား။

ပျော်ရွှင်ပါစေ။
အားပေးနေမယ်။

စူး said...

အရမ်းကို ကောင်းလွန်းလို့..ကော်မန့်မပေးတတ်ပါကြောင်းး

ရွှေပြည်သူ (ShwePyiThu) said...

ဘလော့လေး တစ်လပြည့်အတွက် ဝမ်းသာပါတယ် မောင်လေးရေ။ “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” နဲ့ “ခြားနားရင်ခွင်” နှစ်ခုစလုံးကို ဖတ်အပြီးမှာ ပိုပြီးပြည့်စုံသွားပါတယ်။ မောင်လေးရဲ့ အရေးအသား ဘယ်လောက်ကောင်းတယ် ဆိုတာကိုလည်း အတိုင်းသား မြင်နိုင်တဲ့ ဝတ္ထုတိုတွေပါ။ ရသသိပ်မြောက်တဲ့ စာကောင်းတွေ ဖတ်ရလို့ ကျေးဇူးတင်သလို တလပြည့်ကနေ နောင်နှစ်ပေါင်းများစွာ အခုလို စာကောင်းပေမွန်တွေ ဆက်ရေးနိုင်ပါစေ မောင်လေး ရန်ကုန်သားရေ...

မြစ်ကျိုးအင်း said...

စာမူခမရဘူး အွန်လိုင်းပေါ်မှာ ရေးတယ်ဆိုပေမယ့်
စာမှာ အသံ ရှိတယ်ဆိုတာ သတိပြုစေချင်ပါတယ်။
ဘယ်လိုအသံလဲဆိုရင် ကိုယ်ရေးတဲ့စာတွေက ကိုယ်ဟာ ဘယ်လိုလူမျိုးဖြစ်တယ် ဘယ်လိုစရိုက်မျိုး ရှိတယ်ဆိုတာ စာဖတ်သူအလိုလိုသိစေတဲ့ အသံပေါ့။
ငါကဘာလုပ်ပါတယ်လို့ကြေငြာနေစရာမလိုဘဲ စာဖတ်တဲ့သူတွေက စာရေးသူရဲ့ စရိုက်ကို ခန့်မှန်းလို့ ရတာမျိုးပေါ့....။

ငါရေးရင်ဖတ်ကြမှာပဲဆိုပြီး ဒေါသသင့်တဲ့အရေးအသား ရေးတဲ့သူတွေကိုလည်း စာဖတ်သူက ဘယ်လို အဆင့်အတန်းမျိုးရှိတယ်ဆိုတာ သိသွားကြတာပါပဲ။

စာတပုဒ်တိုင်း ဘာဒေါသမှ မပါဘဲသေသေသပ်သပ်ရေး
တတ်တဲ့သူငယ်ချင်းအတွက် ဂုဏ်ယူပါတယ်။

အဓိကက ပို့စ်များများ တင်တာထက် စာကောင်းကောင်း လေးတွေတင်တာ ပိုကောင်းတယ်လို့ ထင်မိပါတယ်...။

ကောင်းတာလေးတွေ များများ တင်နိင်ရင်တော့ အကောင်းဆုံးပေါ့။ရေရှည်မှာ မှတ်ကျောက်အတင်ခံ နိင်တဲ့ လက်ရာမျိုးပါ...။အားပေးပါတယ်။

ကိုလူထွေး said...

"ပါရမီကောင်းသော ပန်းပုဆရာတယောက်လို ထုဆစ်ပေးခဲ့တယ်" တဲ့။ အလွန်ထိမိသော အသုံးအနှုံးပေပဲ။

အောက်ဆုံးမှာ အမြဲရေးလေ့ရှိတဲ့ "မတတ်တတတ်" ဆိုတဲ့ စကားလုံးကို ဖြုတ်ပစ်လိုက်စေချင်ပြီ။ ဘာလို့ဆိုတော့ ...

းဝ)

ကိုလူထွေး said...

ဒီတလဆိုတဲ့ ခရီးကို ဖြတ်သန်းဖို့ ရန်ကုန်သားတယောက် ဘဝတွေ ဘယ်နှစ်ကြိမ် ဖြတ်သန်းလာခဲ့ပြီးပြီလဲဆိုတာ ခန့်မှန်းလို့ရပါတယ်...

နောက်ထပ်လဲ ဆထက်တိုးလို့ အောင်မြင်ပါစေ...

းဝ)

Unknown said...

ရန်ကုန်သားရေ...
ရင်ခွင်တစ်ခုဖန်ဆင်းခြင်းတစ်လ ပြည့်မှစ၍
နောင် ...................... များစွာအထိ
စာပေခရီးလမ်းကို သာယာဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်ပါစေလို့
ဆုမွန်ကောင်းတောင်းအပ်ပါတယ်...။

ခင်မင်မှုများစွာဖြင့်
နှင်းဟေမာ

ဂျာမုန်းဒန် said...

ဟေ့....ရန်ကုန်သားလေးရေ။
အစ်မတော့အမြဲနောက်ကျနေတယ်ဒါပေမယ်စာတော့အချိန်မှီလာဖတ်နိုင်တယ်။
မောင်းလေးရန်ကုန်သားကတစ်လသာဆိုပေမယ့်
အရေးအသားကတစ်လနဲ့ကိုမတူဘူး။
အရင်ကလည်းရေးခဲ့ဘူးတယ်ထင်တယ်။
အရေအသားကအရမ်းကိုကောင်းတယ်။ရသစုံတယ်။
ပုံဖော်လို့ရအောင်ရေးတတ်တယ်။
အစ်မတော့အမြဲအားပေးနေမယ်။
လေးစားနေမယ်ရှင်။
ခင်မင်လေးစားလျှင်
အစ်မဂျာမုန်း

ဇော် said...

နောက်ဆုံးကရေရင် တစ်မို့ ဘာမှ မပြောတော့ဘူးနော်။ ကိုလေးဧရာက ကျနော်ပြောချင်တာတွေကို ရှည်ရှည်ဝေးဝေး ပြောသွားပြီကိုး ကိုရန်ကုန်ရ။ =)

ကောင်းလိုက်တာ .. ဆိုတာထက် ပိုတဲ့စကားရှိရင် ကျနော် ခနလောက် ငှားလိုက်ချင်တယ်။ ကိုရန်ကုန်အတွက်ပါ။ =]

စည်သူ said...

ကိုရန်ကုန်သားရေ..
အရေးအသားကတော့
တကယ်ပါဗျာ.. တစ်လလို့သာပြောတယ်..

အပေါ်က သွေးချင်းညီကိုတွေ ညီမ အမတွေရဲ့
ဝေဖန်ချက်ကလေးကိုပဲ ကြည့်လေ..

အားရကျေနပ်စရာလေးပါ..

တကယ်ကောင်းပါတယ်..

ဖတ်ရင်းနဲ့လည်း.. တကယ်ကို ကျေနပ်မိပါတယ်...

ရုပ်လုံးပေါ်အောင်လည်း ရေးတတ်တယ်..

အစဉ်အားပေးလျက်

ခင်မင်စွာဖြင့်
စည်သူ။